ရိုတာဗိုင်းရပ်စ် (Rotavirus) သည် အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်းကို ဖြစ်စေသည့် ကူးစက်မြန်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ ၎င်းသည် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်ပြီး၊ အသက် (၁) နှစ်အောက် ကလေးများတွင် အများဆုံးတွေ့ရသည်။ အထူးသဖြင့် ဆောင်းရာသီနှင့် နွေဦးကာလများတွင် အဖြစ်များသည်။
အဆိုပါဗိုင်းရပ်စ်ပိုးသည် မစင်မှတစ်ဆင့် ပါးစပ်သို့ ကူးစက်သည့်နည်းလမ်း (Fecal-oral route) ဖြင့် ပျံ့နှံ့သည်။ လူတစ်ဦးမှတစ်ဦးသို့ တိုက်ရိုက်ကူးစက်နိုင်သကဲ့သို့ ပိုးမွှားများ ကပ်ငြိနေသော အသုံးအဆောင် ပစ္စည်းများမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။
ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါသည် သာမန်အားဖြင့် တစ်ပတ်အတွင်း သက်သာပျောက်ကင်းနိုင်သော်လည်း အချို့ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ်အတွင်း တက်သည့်လက္ခဏာများ ရှိနိုင်သကဲ့သို့ အချို့တွင် ရေဓာတ်အလွန်အမင်း ဆုံးရှုံး၍ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။ ယခုအခါ ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးများ ပေါ်ပေါက်နေပြီ ဖြစ်သောကြောင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ရောဂါဖြစ်ပွါးမှုနှင့် နောက်ဆက်တွဲပြဿနာများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရိုတာဗိုင်းရပ်စ်သည် ကလေးငယ်များတွင် ဖြစ်ပွါးတတ်သော အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ ၎င်းဗိုင်းရပ်စ်ကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ပါက စက်ဝိုင်းပုံ ဘီးပုံသဏ္ဌာန် မြင်တွေ့ရပြီး အုပ်စု (A)၊ (B) နှင့် (C) စသည်ဖြင့် အမျိုးအစား အမျိုးမျိုးရှိသည်။
- အုပ်စု (A) ရိုတာဗိုင်းရပ်စ် – တစ်ကမ္ဘာလုံးရှိ ရိုတာဗိုင်းရပ်စ်ကူးစက်မှုများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် အုပ်စု (A) ကြောင့်ဖြစ်ပြီး၊ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် အဓိကဖြစ်ပွါးသည်
- အုပ်စု (B) ရိုတာဗိုင်းရပ်စ် – ဤအုပ်စုသည် အဓိကအားဖြင့် လူကြီးများတွင် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေပြီး၊ တရုတ်နိုင်ငံကဲ့သို့ နိုင်ငံအချို့တွင် အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပွါးခဲ့ဖူးသည်
- အုပ်စု (C) ရိုတာဗိုင်းရပ်စ် – လေ့လာချက်များအရ အုပ်စု (C) သည် ကလေးကြီးများနှင့် လူကြီးများတွင် ပို၍ဖြစ်လေ့ရှိပြီး အုပ်စု (A) နှင့် (B) တို့လောက် ပြင်းထန်ခြင်း မရှိပေ၊ ၎င်းသည် အေးသောရာသီများတွင် ပို၍ဖြစ်ပေါ်တတ်သည်
ရောဂါကူးစက်ပုံ
ရိုတာဗိုင်းရပ်စ်ပိုးသည် လူနာ၏ မစင်ထဲတွင် ရှိနေပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းဖြစ်သည်။ ရောဂါပိုးကူးစက်ခံရပါက လက္ခဏာများမပြမီ ရက်အနည်းငယ်ကပင် လူနာ၏ မစင်ထဲတွင် ဗိုင်းရပ်စ်ပိုးများ ကိန်းအောင်းနေပြီးဖြစ်သည်။ ရောဂါလက္ခဏာများ စတင်ပြီးနောက် (၁၀) ရက်ခန့်ကြာသည်အထိ မစင်ထဲတွင် ဗိုင်းရပ်စ်ပိုးများ ဆက်လက်ပါရှိနေနိုင်သည်။
ကူးစက်နိုင်သည့် နည်းလမ်းများမှာ_
- ရောဂါပိုးပါရှိသည့် မသန့်ရှင်းသော ရေနှင့် အစားအသောက်များကို စားသုံးမိခြင်း
- ဗိုင်းရပ်စ်ပိုး ကပ်ငြိနေသော အရာဝတ္ထုများ သို့မဟုတ် မျက်နှာပြင်များကို ကိုင်တွယ်မိပြီးနောက် လက်ကို စနစ်တကျ မဆေးဘဲ ပါးစပ်ကို ထိကိုင်မိခြင်း
- မစင်နှင့်ထိတွေ့မိပြီးနောက် လက်ကို စင်ကြယ်စွာ ဆေးကြောခြင်း မရှိဘဲ ပါးစပ်သို့ ပိုးဝင်ခြင်း စသည်တို့ဖြစ်သည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
- နေ့ကလေးထိန်းကျောင်းများကဲ့သို့ ကလေးငယ်များစွာ စုဝေးနေသော နေရာတွင်ရှိသည့် ကလေးငယ်များ
- ကာကွယ်ဆေး မရရှိထားသော အသက် (၃)လ မှ (၃)နှစ်အတွင်းရှိ ကလေးငယ်များ
- ရိုတာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေသူများ
- အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ
- ကိုယ်ခံအားနည်းသည့် အခြေအနေရှိသော လူကြီးများဖြစ်သည်။
ရောဂါလက္ခဏာများ
လူကြီးများတွင် ရိုတာဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီးနောက် မည်သည့်လက္ခဏာမျှ မပြတတ်ခြင်း သို့မဟုတ် အနည်းငယ်သာ ခံစားရခြင်းမျိုး ရှိတတ်သည်။ သို့သော် ကလေးငယ်များတွင်မူ ပိုးဝင်ပြီး နှစ်ရက်ခန့်အကြာတွင် လက္ခဏာများ စတင်တတ်သည်။ ခံစားရသော လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်သော်လည်း အများအားဖြင့် အောက်ပါတို့ကို တွေ့ရတတ်သည်။
- ပျို့ခြင်းနှင့် အန်ခြင်း – အစောပိုင်းတွင် အန်ခြင်းကို အဓိက ခံစားရတတ်သည်
- ဝမ်းအရည်များသွားခြင်း – ဝမ်းသည် ရေကဲ့သို့ အရည်များစွာ သွားတတ်ပြီး (၃)ရက် မှ (၈)ရက်အထိ ကြာမြင့်နိုင်သည်
- ဗိုက်နာခြင်း – ဗိုက်ရစ်နာခြင်းနှင့် နေထိုင်မကောင်းဖြစ်ခြင်းတို့ကို ခံစားရနိုင်သည်
- ဖျားခြင်း – အဖျားတက်နိုင်သော်လည်း (၁)ရက် မှ (၂)ရက်အတွင်း ပြန်လည်သက်သာသွားလေ့ရှိသည်
နောက်ဆက်တွဲပြဿနာများ
ရိုတာဗိုင်းရပ်စ် ကူးစက်ခံရသူအများစုတွင် နောက်ဆက်တွဲပြဿနာ နည်းပါးသော်လည်း အကြိမ်ကြိမ် အန်ခြင်းနှင့် ဝမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်နှင့် ဆားဓာတ် (Electrolytes) များ ဆုံးရှုံးသွားတတ်သည်။ ၎င်းကို အချိန်မီ မကုသပါက ပြင်းထန်သော ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေပြီး အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် အသက်အန္တရာယ် ရှိနိုင်သည်။
ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများမှာ_
- နှုတ်ခမ်းနှင့် အာခေါင်များ ခြောက်သွေ့ခြင်း
- ရေအလွန်ငတ်ခြင်း
- ကလေးငယ်များတွင် ငယ်ထိပ်ချိုင့်ခြင်းနှင့် ငိုလျှင် မျက်ရည်မထွက်ခြင်း
- မျက်တွင်းချိုင့်ခြင်း
- မူးဝေခြင်း၊ နုံးချည့်ခြင်းနှင့် အလွန်အမင်း မှိန်းခြင်း
- သတိလစ်ခြင်း သို့မဟုတ် တက်ခြင်း
- ခြေလက်များ အေးစက်လာခြင်း
- သွေးပေါင်ကျခြင်း
- ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်ဆီယမ်ဓာတ်များ ပုံမမှန်ဖြစ်လာခြင်း (Electrolyte imbalance)
- ဆီးသွားအလွန်နည်းသွားခြင်း သို့မဟုတ် ဆီးလုံးဝမသွားခြင်း စသည်တို့ဖြစ်သည်။
အူစွပ်ခြင်း (Intussusception)
- ၎င်းသည် ရိုတာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်တတ်သည့် ရှားပါးသော်လည်း အလွန်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်
- အူအစိတ်အပိုင်းတစ်ခုအတွင်းသို့ ၎င်းနှင့်ကပ်လျက်ရှိသော အခြားအူအစိတ်အပိုင်းတစ်ခု ကျွံဝင်သွားခြင်းဖြစ်သည်
- ၎င်းသည် အူလမ်းကြောင်း ပိတ်ဆို့မှုကို ဖြစ်စေသည့် အရေးပေါ်အခြေအနေဖြစ်ပြီး အချိန်မီမကုသပါက အူပုပ်ခြင်း၊ အူပေါက်ခြင်းနှင့် ပိုးဆိပ်ပျံ့ခြင်းတို့ ဖြစ်နိုင်သည်
- တွေ့ရှိနိုင်သော လက္ခဏာများမှာ အလွန်ပြင်းထန်စွာ ဗိုက်နာခြင်း၊ အန်ခြင်းနှင့် ဝမ်းသွားသည့်အခါ ဂျယ်လီကဲ့သို့ အချွဲပါသည့် အနီရောင်ဝမ်း (red currant jelly stool) သွားခြင်းတို့ဖြစ်သည်၊ ထိုသို့ဖြစ်ပါက ဆေးကုသမှု ချက်ချင်းရယူရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အများစုသည် ဆေးရုံ၊ ဆေးခန်းသွားရန်မလိုဘဲ လိုအပ်သော ဓာတ်ဆား၊ အဖျားကျဆေးစသည်တို့ဖြင့် နေအိမ်တွင် စောင့်ကြည့်ကုသနိုင်သည်။ သို့ရာတွင်
- ကလေးသည် (၂၄) နာရီထက်ကျော်၍ ဝမ်းသွားနေလျှင်
- လူကြီးများတွင် (၂) ရက်နှင့်အထက် ဝမ်းသွားနေလျှင်၊ (၂၄) နာရီအတွင်း ဝမ်း (၆) ကြိမ်နှင့်အထက်သွားလျှင်
- အလွန်မှိန်းနေလျှင်
- မကြာခဏအန်နေလျှင်
- အစားအသောက် ကောင်းစွာမဝင်လျှင်
- ဝမ်းထဲတွင် သွေး သို့မဟုတ် ပြည်များ ပါလာလျှင်၊ ဝမ်းအမည်းရောင်သွားလျှင်
- အသက် (၃) လ အောက်ကလေးများတွင် အဖျား (၁၀၀.၄) ဒီဂရီဖာရင်ဟိုက် အထက်ရှိလျှင်
- အဖျား (၁၀၂) ဒီဂရီဖာရင်ဟိုက် အထက်ရှိလျှင်
- ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများရှိလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများ ပြင်းထန်ပါက အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်သည် ရောဂါလက္ခဏာများကို စစ်ဆေးခြင်းနှင့် ရောဂါရာဇဝင် မေးမြန်းခြင်းတို့ဖြင့် ရောဂါကို ရှာဖွေဖော်ထုတ်မည်ဖြစ်သည်။ အများအားဖြင့် ရောဂါလက္ခဏာများကို ကြည့်၍ ကုသမှုပေးနိုင်ပြီး သွေးစစ်ခြင်း သို့မဟုတ် ဝမ်းစစ်ခြင်းစသည့် ဓာတ်ခွဲစစ်ဆေးချက်များကို ပုံမှန်အားဖြင့် ပြုလုပ်ရန် မလိုပေ။
- ရာဇဝင်မေးမြန်းခြင်း
- ကူးစက်မှု ရာဇဝင် – နေ့ကလေးထိန်းကျောင်း သို့မဟုတ် ကလေးများစွာ စုဝေးရာနေရာများသို့ သွားရောက်ထားခြင်း ရှိမရှိ၊ အိမ်တွင် အလားတူ လက္ခဏာဖြစ်နေသူ ရှိမရှိ
- အစားအသောက် ရာဇဝင် – မသန့်ရှင်းသောရေ သို့မဟုတ် ပင်လယ်စာအစိမ်းများ စားသုံးထားခြင်း ရှိမရှိနှင့်
- ကာကွယ်ဆေး တိုက်ကျွေးထားခြင်း ရှိမရှိတို့ကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။
- စမ်းသပ်စစ်ဆေးခြင်း
- ကလေးငယ်များတွင် ရေဓာတ်ဆုံးရှုံးမှု ရှိမရှိကို အဓိကစစ်ဆေးမည်ဖြစ်သည်
ရောဂါပိုး ရှိမရှိ အတည်ပြုခြင်း (Confirmation)
အကယ်၍ ရောဂါလက္ခဏာများ ပြင်းထန်ခြင်း၊ အစုလိုက်အပြုံလိုက် ကူးစက်ခြင်း သို့မဟုတ် အခြားရောဂါများနှင့် ခွဲခြားရန် လိုအပ်ခြင်းတို့ ရှိပါက အောက်ပါအတိုင်း အတည်ပြုနိုင်သည်။
- ဝမ်းနမူနာ စစ်ဆေးခြင်း (Stool Test)
- လူနာ၏ ဝမ်းနမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့၍ ရိုတာဗိုင်းရပ်စ်၏ အစိတ်အပိုင်း (Antigens) များ ရှိမရှိကို Enzyme Immunoassay (EIA) နည်းလမ်းဖြင့် စစ်ဆေးခြင်းသည် အသုံးအများဆုံးနှင့် အမြန်ဆုံး အတည်ပြုနိုင်သည့် နည်းလမ်းဖြစ်သည်
- PCR နည်းလမ်းဖြင့် စစ်ဆေးခြင်း
- ပိုမိုတိကျသော ရလဒ်လိုအပ်ပါက ဗိုင်းရပ်စ်၏ မျိုးဗီဇကို ရှာဖွေသည့် RT-PCR နည်းလမ်းကို အသုံးပြုနိုင်သည်၊ ၎င်းသည် ဗိုင်းရပ်စ်ပမာဏ အနည်းငယ်သာ ရှိသော်လည်း ရှာဖွေတွေ့ရှိနိုင်သည့် စစ်ဆေးမှုဖြစ်သည်
ကုသခြင်း
ရိုတာဗိုင်းရပ်စ်ရောဂါအတွက် သီးသန့်ထုတ်လုပ်ထားသော ဗိုင်းရပ်စ်ပိုးသတ်ဆေး (Antiviral drug) မရှိသကဲ့သို့ ပုံမှန်ပဋိဇီဝပိုးသတ်ဆေး (Antibiotics) များဖြင့်လည်း ကုသ၍ မရနိုင်ပေ။ ရိုတာဗိုင်းရပ်စ်သည် အခြားဗိုင်းရပ်စ်ပိုးများကဲ့သို့ပင် ရက်အနည်းငယ်အတွင်း အလိုအလျောက် သက်သာသွားလေ့ရှိသောကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများကို သက်သာစေရန်နှင့် ရေဓာတ်မခမ်းခြောက်စေရန် အောက်ပါအတိုင်း ပြုစုကုသပေးသင့်သည်။
- နေအိမ်တွင် ပြုစုကုသခြင်း
- ရေဓာတ်နှင့် ဆားဓာတ် ဖြည့်တင်းခြင်း – ဓာတ်ဆားရည် (ORS) အပါအဝင် အာဟာရရှိသော အရည်များ (စွပ်ပြုတ်၊ ဆန်ပြုတ်ရည်၊ အုန်းရည် စသည်တို့) ကို မကြာခဏ သောက်ပေးရမည်၊ မိခင်နို့စို့နေသည့် ကလေးငယ်များတွင် မိခင်နို့ကို ပုံမှန်ထက် ပို၍ပင် တိုက်ကျွေးပေးသင့်သည်
- အစာစားခြင်း – ပျော့ပျောင်း၍ အစာကြေလွယ်သော အစားအစာများကို နည်းနည်းနှင့် အကြိမ်ရေများများ ခဏခဏ ခွဲကျွေးသင့်သည်
- အနားယူခြင်း – ခန္ဓာကိုယ်မှ နုံးချည့်မှု သက်သာစေရန် ကောင်းစွာ အနားယူစေရမည်
- ဆေးသောက်ခြင်း – ဖျားခြင်း၊ ကိုက်ခဲခြင်းများအတွက် ပါရာစီတမော (Paracetamol) ကဲ့သို့ အဖျားကျဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း တိုက်ကျွေးနိုင်သည်၊ ဇင့် (Zinc) ဓာတ်ဖြည့်စွက်ဆေးများသည် ဝမ်းပျက်ဝမ်းလျှောခြင်း၏ ပြင်းထန်မှုနှင့် ကြာချိန်ကို လျှော့ချပေးနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ တိုက်ကျွေးနိုင်သည်
- ရှောင်ကြဉ်ရမည့်အချက်များ
- အဆီများသော အစားအစာများ၊ အသီးဖျော်ရည်များ၊ သကြားဓာတ် များလွန်းသော အချိုရည်များနှင့် မုန့်များကို ရှောင်ကြဉ်ရမည်။ ၎င်းတို့သည် ဝမ်းလျှောခြင်းကို ပို၍ ဆိုးရွားစေနိုင်သည်
- ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဝမ်းပိတ်ဆေးများ (Anti-diarrheal medications) ကို မတိုက်ကျွေးသင့်ပေ
- ဆေးရုံတက်ရောက်ကုသခြင်း
- ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်သော လက္ခဏာများ ရှိပါက ဆေးရုံတက်ရောက်၍ သွေးကြောမှတစ်ဆင့် ဆေးရည်သွင်းခြင်း (IV fluids) ဖြင့် အရေးပေါ်ကုသမှု ခံယူရမည်ဖြစ်သည်
ကာကွယ်ခြင်း
တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ၊ အစားအသောက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်များကို သေချာစွာလိုက်နာခြင်း၊ ကာကွယ်ဆေးထိုးထားခြင်းများသည်သာ အဓိကကာကွယ်နိုင်သည့် နည်းလမ်းများဖြစ်သည်။
ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်း (Rota Vaccine)
ရိုတာဗိုင်းရပ်စ်ပိုးဝင်ခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေး တိုက်ကျွေးခြင်းပင် ဖြစ်သည်။ ကလေးအသက်တစ်နှစ်အောက်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးကို အကြိမ်ပြည့်တိုက်ကျွေးခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ဆေးရုံတက်ကုသခြင်းကို (၉၄%) မှ (၉၆%) ထိ ကာကွယ်ပေးသည်။ ထို့ပြင် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော မည်သည့်ရောဂါလက္ခဏာ ပြင်းထန်မှုကိုမဆို (၇၄%) ထိ ကာကွယ်ပေးနိုင်သည်။
ပထမဆုံးအကြိမ် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို အသက် (၁၅) ပတ်မတိုင်မီ ပြုလုပ်သင့်ပြီး ကာကွယ်ဆေး အကြိမ်အရေအတွက်အားလုံးကို အသက် (၈) လ မတိုင်မီတွင် တိုက်ကျွေးသင့်သည်။
ကာကွယ်ဆေးအမျိုးအစား (၂) မျိုးရှိသည်။
- RotaTeq – ဤအမျိုးအစားကို ကလေး အသက် (၂) လ၊ (၄) လ နှင့် (၆) လတို့တွင် တစ်ကြိမ်စီဖြင့် စုစုပေါင်း (၃) ကြိမ် တိုက်ကျွေးသင့်သည်
- Rotarix – ဤဆေးကို ကလေး အသက် (၂) လ နှင့် (၄) လ တွင် တစ်ကြိမ်စီဖြင့် စုစုပေါင်း (၂) ကြိမ် တိုက်ကျွေးရမည်
တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို လိုက်နာခြင်း
ရိုတာဗိုင်းရပ်စ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်စေသည့် အခြားသော ဗိုင်းရပ်စ်ပိုးများ၏ ကူးစက်ခံရခြင်းမှ ကင်းဝေးရန် အောက်ပါ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို စနစ်တကျ လိုက်နာလုပ်ဆောင်သင့်သည်။
- လက်ကိုစနစ်တကျ ဆေးကြောပါ
- လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန်လိုသည်
- အစာမစားမီ၊ ပြင်ဆင်ကိုင်တွယ်ခြင်းမပြုမီတိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ ကလေးအနှီး သို့မဟုတ် သေးခံများကို လဲလှယ်ပေးပြီးတိုင်း၊ ကလေးကို အိမ်သာတက်ရန် အကူအညီပေးပြီးနောက် အထက်ပါအတိုင်း လက်ဆေးရန်လိုသည်
- သတိပြုရန်မှာ အရက်ပြန်ပါဝင်သော လက်သန့်စင်ဆေးရည်များဖြင့် လက်ဆေးခြင်းသည် ရိုတာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်နိုင်ခြေ နည်းပါးသောကြောင့် ဆပ်ပြာနှင့်ရေကိုသာ အသုံးပြုရန် အကြံပြုထားသည်
- အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပါ
- အန်ဖတ် သို့မဟုတ် ဝမ်းသွားထားသည်များကို စွန့်ပစ်ခြင်း၊ ကိုင်တွယ်ခြင်းများ ပြုလုပ်ရာတွင် လက်အိတ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ရမည်
- ထို့နောက် လက်ကို သေချာစွာ စင်ကြယ်အောင် ပြန်လည်ဆေးကြောပါ
- ကောင်းစွာအနားယူပါ
- အဖျားတက်ခြင်း၊ အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းများ ရှိပါက ကျောင်း သို့မဟုတ် အလုပ်သို့ မသွားဘဲ ဆေးကုသမှု ခံယူရမည်
- ကူးစက်နိုင်ခြေရှိသူများကို သီးသန့်ခွဲထားပါ
- ရောဂါပိုးရှိသူများနှင့် ရောဂါလက္ခဏာမပြသော်လည်း ပိုးသယ်ဆောင်ထားသူများကို အစားအသောက် ကိုင်တွယ်ခြင်းမှလည်းကောင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများကို ပြုစုစောင့်ရှောက်ခြင်းမှလည်းကောင်း ခေတ္တရပ်နားထားရန် လိုအပ်သည်
အစားအသောက်သန့်ရှင်းရေးကို ဂရုစိုက်ခြင်း
- အစားအသောက် ဘေးကင်းလုံခြုံရေး သော့ချက် (၅) ချက်ကို လိုက်နာပါ
- ဘေးကင်း၍ စိတ်ချရသော ကုန်ကြမ်းများကို ရွေးချယ်ပါ
- လက်နှင့် အသုံးအဆောင်ပစ္စည်းများကို သန့်ရှင်းအောင်ထားပါ
- အသားအစိမ်းနှင့် ချက်ထားသောအသားများကို ခွဲခြားထားပါ
- အစားအသောက်များကို သေချာစွာ ကျက်အောင်ချက်ပါ
- အစားအသောက်ကို ဘေးကင်းသောအပူချိန်တွင် ထားပါ
- သေချာစွာကြိုချက်ထားသော ရေ သို့မဟုတ် ယုံကြည်စိတ်ချရသော ရေသန့်များကိုသာ သောက်သုံးပါ
- ယုံကြည်စိတ်ချရသော နေရာများမှသာ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကိုသာ ဝယ်ယူပါ
- အစားအသောက်များ (အထူးသဖြင့် ခရု၊ ကမာ အစရှိသော အခွံမာရေသတ္တဝါများကို) မစားသုံးမီ သေချာစွာ ကျက်အောင်ချက်ပါ
- ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစကလေးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနင့် ကိုယ်ခံအားနည်းသူများသည် အစိမ်းများ သို့မဟုတ် မကျက်တကျက် ချက်ပြုတ်ထားသော အစာများကို မစားသင့်ပါ
ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုခြင်း
- အိမ်တွင်း လေဝင်လေထွက် ကောင်းမွန်စေရန် ထားရှိပါ
- ကလေးကစားစရာများနှင့် စားပွဲခုံ၊ တံခါးလက်ကိုင်၊ မီးဖိုချောင်စသည့် မကြာခဏထိမိသော မျက်နှာပြင်များကို အစွန်းချွတ်ဆေးများဖြင့် ပုံမှန်ိပုးသတ်သန့်စင်ပါ၊ ၁၅မိနစ် မှ ၃၀မိနစ်အကြာတွင် ရေဖြင့် ပြန်ဆေးကာ ခြောက်အောင်ထားပါ။ သတ္တုမျက်နှာပြင်များကို (၇၀ %) အယ်လ်ကိုဟောဖြင့် ပိုးသတ်ပါ
- အန်ဖတ် သို့မဟုတ် ဝမ်းသွားထားသည်များကို သန့်ရှင်းရေးပြုလုပ်ပါက အစွန်းချွတ်ဆေးပါဝင်သည့် ဆေးရည်ကို အသုံးပြုပါ
- ကလေး သို့မဟုတ် သန့်ရှင်းရေးပြုလုပ်ပေးသူ၏ အဝတ်အစားများတွင် အန်ဖတ် သို့မဟုတ် ဝမ်းများပေသွားပါက ချက်ချင်းလျှော်ဖွတ်ဆေးကြောရမည်
- ရောဂါပိုးရှိသူ အသုံးပြုထားသော အိမ်သာနှင့် ညစ်ပေသွားသော နေရာများကို သေချာစွာ သန့်ရှင်းရေးပြုလုပ်ပါ
References:
- Mayo Clinic. (2025). Rotavirus: Symptoms and causes. Retrieved February 18, 2026, from https://www.mayoclinic.org/diseases-conditions/rotavirus/symptoms-causes/syc-20351300
- Cleveland Clinic. (2023). Rotavirus. Retrieved February 18, 2026, from https://my.clevelandclinic.org/health/diseases/8275-rotavirus
- Centre for Health Protection. (n.d.). Rotavirus infection. Retrieved February 18, 2026, from https://www.chp.gov.hk/en/healthtopics/content/24/38.html
- Centers for Disease Control and Prevention. (2024). About rotavirus. Retrieved February 18, 2026, from https://www.cdc.gov/rotavirus/about/index.html
- WebMD. (n.d.). Rotavirus. Retrieved February 18, 2026, from https://www.webmd.com/children/what-is-rotavirus
Published: 26 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.