အမီးဘားကပ်ပါးပိုး (Entamoeba histolytica) သည် လူ၏ကိုယ်ခန္ဓာရှိ အာဟာရများကို မှီခိုစားသောက်နေထိုင်သော ကပ်ပါးပိုးတစ်မျိုးဖြစ်ပြီး ကူးစက်ခံရပါက အူလမ်းကြောင်းကို အဓိကထိခိုက်စေကာ ဝမ်းကိုက်ဝမ်းလျှောရောဂါကို ဖြစ်စေရုံသာမက အခြားကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်စေနိုင်သည်။ ထိုပိုးသည် အဓိကအားဖြင့် မသန့်ရှင်းသော အစားအစာ၊ ရေ သို့မဟုတ် ပတ်ဝန်းကျင်မှတစ်ဆင့် ကူးစက်ခြင်း တနည်းအားဖြင့် မစင်မှတစ်ဆင့် ပါးစပ်သို့ ကူးစက်ခြင်း (Fecal-oral transmission) ဖြစ်သည်။
မစင်မှတစ်ဆင့် ပါးစပ်သို့ ကူးစက်ခြင်းဆိုသည်မှာ ရောဂါပိုးရှိသူ၏ မစင် (Feces) မှ ထွက်လာသော ရောဂါပိုးမွှားများသည် အခြားသူတစ်ဦး၏ ပါးစပ်ထဲသို့ နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိသွားပြီး ရောဂါကူးစက်မှုကို ဖြစ်စေခြင်းဖြစ်သည်။ ဤရောဂါသည် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကြောင့် အဓိကဖြစ်ပွါးခြင်း ဖြစ်သောကြောင့် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသော အပူပိုင်းဒေသများဖြစ်သည့် အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် အာဖရိကနိုင်ငံအချို့တွင် ဖြစ်ပွါးမှုနှုန်း ပိုမိုမြင့်မားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ကူးစက်ပုံ
Entamoeba histolytica ကပ်ပါးပိုးသည် ကပ်ပါးကောင်ငယ် (Trophozoite) နှင့် ပိုးဥ (Cyst) ဟူ၍ ပုံစံ (၂) မျိုးရှိသည်။ ကပ်ပါးကောင်ငယ်ပုံစံဖြင့် လူ၏ အူလမ်းကြောင်းအတွင်းနှင့် အခြားကိုယ်တွင်းအင်္ဂါများတွင် နေထိုင်ပြီး လူကိုယ်ခန္ဓာတွင်းရှိ အာဟာရများကို မှီခိုစားသောက်သည်။ ထိုကပ်ပါးကောင်ငယ်များသည် အူလမ်းကြောင်းအတွင်း၌ မျိုးဆက်ပြန့်ပွားပြီး ပိုးဥများကို ထုတ်လုပ်သည်။ ထိုပိုးဥများသည် စွန့်ထုတ်လိုက်သော မစင်နှင့်အတူ ပြင်ပပတ်ဝန်းကျင်သို့ ရောက်ရှိလာသည်။ ဝမ်းလျှောသော လူနာများ၏ မစင်တွင်မူ ကပ်ပါးကောင်ငယ်များကိုပါ တွေ့ရနိုင်သည်။
မစင်နှင့်အတူ ပါလာသော ပိုးဥများသည် အပြင်ဘက်တွင် ဖုံးအုပ်ထားသည့် အမြှေးပါးကြောင့် ပြင်ပပတ်ဝန်းကျင် အပူချိန်ဒဏ်ကို ခံနိုင်ပြီး ရက်သတ္တပတ်များစွာ အသက်ရှင်နေနိုင်သည်။ ထိုပိုးဥများသည် မစင်မှတစ်ဆင့် ပါးစပ်သို့ ကူးစက်ခြင်းနည်းလမ်းဖြင့် အခြားသူထံသို့ အလွယ်တကူ ရောက်ရှိနိုင်သည်။ ကူးစက်စေနိုင်သော အဓိကနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- မသန့်ရှင်းသောရေဖြင့် ဆေးကြောထားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားမိခြင်း
- မစင်များနှင့် ထိတွေ့ညစ်ညမ်းထားသည့် မသန့်ရှင်းသောရေကို သောက်သုံးမိခြင်း
- တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း (အထူးသဖြင့် အိမ်သာအထွက်နှင့် အစားအစာ မကိုင်တွယ်မီ လက်ကို စနစ်တကျ မဆေးကြောခြင်း)
- ယင်လုံအိမ်သာ အသုံးမပြုခြင်း (ယင်ကောင်များသည် မစင်ပေါ်တွင် နားပြီးနောက် ပိုးမွှားများနှင့် ပိုးဥများကို သယ်ဆောင်လာပြီး အစားအစာများပေါ်တွင် လာနားခြင်းဖြင့် သွယ်ဝိုက်သောနည်းဖြင့် ကူးစက်စေခြင်း)
ထိုနည်းလမ်းများမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသော ပိုးဥများသည် အစာအိမ်ကို ဖြတ်သန်းကာ အူသိမ်အတွင်း၌ ပိုးဥအဆင့်မှ ကပ်ပါးကောင်ငယ် (Trophozoite) အဖြစ်သို့ ပြောင်းလဲပြီး အူမကြီးဆီသို့ ဆက်လက်ရွှေ့ပြောင်းကြသည်။ ကပ်ပါးကောင်များကြောင့် ရောဂါအခြေအနေကို ပုံစံ (၃) မျိုး တွေ့ရနိုင်သည်။
- ရောဂါလက္ခဏာမပြဘဲ နေထိုင်ခြင်း (Noninvasive colonization) – ကပ်ပါးကောင်ငယ်များသည် အူလမ်းကြောင်းအတွင်း အန္တရာယ်မပေးဘဲ ပိုးဥများကိုသာ ပုံမှန်မစင်နှင့်အတူ စွန့်ထုတ်နေပြီး ထိုသူများတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြတတ်ပါ
- အူလမ်းကြောင်း ရောဂါဖြစ်ပွါးခြင်း (Intestinal disease) – အချို့အခြေအနေများ၌မူ ကပ်ပါးပိုးသည် အူနံရံများကို ကျူးကျော်ဝင်ရောက်ပြီး အူရောင်ရမ်းခြင်း၊ ပြင်းထန်ဝမ်းကိုက်ခြင်း သို့မဟုတ် နာတာရှည်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်သည်
- အူလမ်းကြောင်းပြင်ပ ရောဂါဖြစ်ပွါးခြင်း (Extraintestinal disease) – ကပ်ပါးကောင်များသည် အူနံရံအတွင်းရှိ သွေးကြောများမှတစ်ဆင့် အူလမ်းကြောင်းပြင်ပရှိ အသည်း၊ အဆုတ်၊ ဦးနှောက်နှင့် နှလုံးအမြှေးပါးများဆီသို့လည်း ပျံ့နှံ့သွားနိုင်ပြီး အသက်အန္တရာယ်ပေးနိုင်သော ပြည်တည်နာများကို ဖြစ်စေနိုင်သည်
ရောဂါဖြစ်နိုင်ခြေများသောအချက်များ
- အာဟာရချို့တဲ့သူများ
- ကိုယ်ခံအားကျဆင်းနေသူများ (ဥပမာ _ စတီးရွိုက်ဆေးသောက်နေရသူ၊ ကင်ဆာဝေဒနာရှင်)
- ကိုယ်ဝန်ဆောင်များ
- အရက်အလွန်အကျွံသောက်သူများ
- လူစုလူဝေးဖြင့် နေထိုင်ရသူများ
- ရောဂါဖြစ်ပွါးမှုများသော ဒေသများတွင် နေထိုင်ခြင်း၊ ထိုဒေသများသို့ ခရီးသွားခြင်း
ရောဂါလက္ခဏာများ
ကူးစက်ခံရသူအများစုတွင် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မပြတတ်ပါ။ အူနံရံအား ဖြတ်သန်းဝင်ရောက်သော အဆင့်နှင့် အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့သောအဆင့်တွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်သည်။ ပိုးနှင့်ထိတွေ့ပြီး ၇ရက် မှ ၂၈ရက်အတွင်း စတင်ဖြစ်ပေါ်တတ်သည်။
- အူလမ်းကြောင်းရောင်ရမ်းသော လက္ခဏာများ
- ဗိုက်ရစ်ခြင်း၊ ဗိုက်အောင့်ခြင်း
- ဝမ်းပျော့ပျော့သွားခြင်း (ချွဲပါခြင်း၊ တစ်ခါတစ်ရံ သွေးပါခြင်း)
- နုံးချည့်ခြင်း၊ ဗိုက်ပွခြင်း
- ဝမ်းသွားစဉ် စအိုမှ နာကျင်ခြင်း
- ဝမ်းသွားချင်စိတ်ဖြစ်သော်လည်း ဝမ်းမထွက်ခြင်း (Tenesmus)
- ပြင်းထန်လက္ခဏာများ
- ဗိုက်ကိုဖိလျှင် နာကျင်ခြင်း
- တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ သွေးဝမ်းသွားခြင်း
- ဖျားခြင်း၊ အလွန်အကျွံအန်ခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
နောက်ဆက်တွဲပြဿနာများ
အူလမ်းကြောင်း ပြင်းထန်စွာ ရောင်ရမ်းခြင်း၊ အခြားကိုယ်တွင်းအင်္ဂါများသို့ ပိုးပျံ့နှံ့ခြင်းကြောင့် အောက်ပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
- ရေဓာတ်အလွန်အကျွံခမ်းခြောက်ပြီး ရှော့ခ် (Shock) ရခြင်း
- အူအတက်ရောင်ခြင်း
- အူမကြီး ပြင်းထန်စွာ ရောင်ရမ်းခြင်း (Toxic megacolon)
- ဝမ်းဗိုက်မြှေးရောင်ခြင်း (Peritonitis)
- အသည်းနှင့် ဦးနှောက်တွင် ပြည်တည်နာများဖြစ်ခြင်း (Liver and brain abscess)
- အဆုတ်အမြှေးပါးအတွင်း ပြည်စုခြင်း (Empyema)
- နှလုံးအမြှေးပါး ရောင်ရမ်းခြင်း (Pericarditis)
ဆေးရုံ၊ ဆေးခန်းပြသရန်
ဝမ်းကိုက်လက္ခဏာများသည် တစ်ခါတစ်ရံ အလိုအလျောက် သက်သာသွားနိုင်သော်လည်း မခံမရပ်နိုင်အောင် ဗိုက်နာခြင်း၊ အဖျားကြီးခြင်း (၁၀၂ ဒီဂရီ နှင့် အထက်)၊ ရက်ရှည်ဝမ်းကိုက်ခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ ရေဓာတ်ခန်းခြောက်သော လက္ခဏာများဖြစ်သည့် အာခြောက်ခြင်း၊ ရေငတ်ခြင်း၊ ဆီးနည်းသွားခြင်းတို့ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ဆွေးနွေး၍ ထိရောက်သောကုသမှုများ ခံယူရန်လိုအပ်သည်။ ထိရောက်သောကုသမှုကို မခံယူခဲ့လျှင် ဝမ်းကိုက်ခြင်းကြောင့် အထူးသဖြင့် ကလေးငယ်များ၊ အသက် (၅၀) နှင့်အထက် သက်ကြီးရွယ်အိုများနှင့် အာဟာရချို့တဲ့သူများ၊ ကိုယ်ခံအားနည်းသူများတွင် အသက်အန္တရာယ် ရှိနိုင်သလို နောက်ဆက်တွဲပြဿနာများကြောင့် အသက်သေဆုံးနိုင်ခြေ မြင့်မားသည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန်အတွက် ဆရာဝန်မှ ရောဂါရာဇဝင်နှင့် လက္ခဏာမေးမြန်းခြင်း (လူနာ၏ ဝမ်းသွားသည့် အကြိမ်ရေ၊ ဝမ်းတွင် သွေးနှင့် အချွဲများ ပါမပါ၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း စသည့်လက္ခဏာများ၊ မသန့်ရှင်းသော အစားအသောက် စားမိခြင်း ရှိမရှိ၊ ရောဂါဖြစ်ပွါးနိုင်ခြေများသော အခြေအနေရှိခြင်း၊ ရောဂါဖြစ်ပွါးမှုများသော ဒေသသို့ ခရီးသွားခြင်း စသည်တို့ကို မေးမြန်းခြင်း)၊ ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးခြင်း (ဗိုက်နာခြင်း၊ ရေဓာတ်ခန်းခြောက်မှု လက္ခဏာများ ရှာဖွေခြင်း) တို့ကို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ရောဂါအတည်ပြုရန် ရောဂါလက္ခဏာနှင့် ဖြစ်ပွါးသည့်နေရာပေါ် မူတည်၍ မစင်၊ သွေးနှင့် တစ်ရှူးနမူနာများဖြင့် စစ်ဆေးနိုင်သည်။
- မစင်ကို စစ်ဆေးခြင်း – ပိုးဥ (Cyst) သို့မဟုတ် ကပ်ပါးကောင်ငယ် (Trophozoite) ကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုရှာဖွေခြင်း နှင့် ပိုး၏ ပဋိလှုံ့ပစ္စည်း (Antigen) ကို EIA or rapid test kits ဖြင့် စစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း – ပိုးကိုတိုက်ထုတ်သည့် ပဋိပစ္စည်း (Antibody) ရှိမရှိ စစ်ဆေးခြင်း (EIA or IHA Test)
- အခြားတစ်ရှူးနမူနာများ
(ဥပမာ _ အသည်းပြည်တည်နာမှ စုပ်ယူရရှိသော အရည်များကို ဓာတ်ခွဲစစ်ဆေးခြင်း) - အခြားရောဂါရှာဖွေရေးနည်းလမ်းများ – နောက်ဆက်တွဲပြဿနာများကို ရှာဖွေရန်
- ဥပမာအားဖြင့် – ပိုးကြောင့် ဦးနှောက်အတွင်း ပြည်တည်ခြင်းကို စစ်ဆေးရန် ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း စသည့် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း
- အူမကြီးအနာများကို ရှာဖွေရန် အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy)
- အသည်းပြည်တည်နာကို စစ်ဆေးရန် အာထရာဆောင်းရိုက်ခြင်း
- အဆုတ်ထိခိုက်မှုများကို သိရှိရန် ဓာတ်မှန်ရိုက်ခြင်း
ကုသခြင်း
အမီးဘားကပ်ပါးပိုးကို ပိုးသတ်ဆေးပေးခြင်းဖြင့် အမြစ်ဖြတ်ကုသနိုင်သည်။ ကုသမှုကို အဆင့်နှစ်ဆင့်ဖြင့် ပြုလုပ်လေ့ရှိသည်။
- ပိုးသတ်ဆေးပေးခြင်း – Metronidazole, Tinidazole, Ornidazole စသော ပိုးသတ်ဆေးများဖြင့် အူလမ်းကြောင်းအတွင်းနှင့် ကိုယ်တွင်းအင်္ဂါများ (အသည်း) ရှိ ကပ်ပါးကောင်ငယ်များကို သေစေခြင်း
- ဆေးအမျိုးအစားနှင့် ရောဂါပြင်းထန်မှုပေါ် မူတည်၍ (၃)ရက် မှ (၁၀)ရက်အထိ ဆေးပေးရန် လိုအပ်သည်
- သတိပြုရန် – ဆေးသောက်နေစဉ်နှင့် ဆေးပြီးနောက် ရက်အနည်းငယ်အထိ အရက် လုံးဝမသောက်ရပါ၊ ဆေးနှင့်ဓာတ်ပြုပြီး အော့အန်ခြင်း၊ မျက်နှာနီမြန်းခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်သည်
- ပိုးသတ်ဆေး ရက်ပြည့်အောင် သောက်ပြီးလျှင် ပိုးကင်းစင်ကြောင်း သိနိုင်ရန် ဝမ်းကို ပြန်စစ်ဆေးရန် လိုအပ်သည်
- ပိုးဥများဖယ်ရှားခြင်း – ဒုတိယအဆင့်အနေဖြင့် Diloxanide furoate, Iodoquinol, Paromomycin စသောဆေးများဖြင့် အူလမ်းကြောင်းတွင်းရှိ ပိုးဥ (Cysts) များကို အမြစ်ပြတ်ချေမှုန်းကာ ရောဂါပြန်လည် ဖြစ်ပွါးခြင်းနှင့် အခြားသူများကို ကူးစက်ခြင်းမှ ကာကွယ်ခြင်း
- ရောဂါလက္ခဏာမပြသော်လည်း ဝမ်းစစ်ဆေးရာတွင် ပိုးဥများ ဝမ်း၌ပါရှိနေသူများတွင်လည်း အထက်ပါဆေးများဖြင့် ကုသခြင်းဖြင့် ပိုးဥများကို နှိမ်နင်းနိုင်သည်
အခြားကုသမှုများ
- ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေနှင့် ဓာတ်ဆား (ပိုတက်စီယမ်၊ ဆိုဒီယမ် စသည်) တို့ကို ပြန်လည်ဖြည့်တင်းပေးခြင်း (ဥပမာ – ဓာတ်ဆားရည်တိုက်ခြင်း သို့မဟုတ် အကြောဆေးသွင်းခြင်း)
- ထို့အပြင် အသည်းပြည်တည်နာ (Abscess) အလွန်ကြီးမားလျှင် သို့မဟုတ် ပေါက်ထွက်နိုင်သည့် အန္တရာယ်ရှိလျှင် အပ်ဖြင့် စုပ်ထုတ်ခြင်း (Aspiration) သို့မဟုတ် ပြွန်ထည့်၍ အပြင်သို့ ဖောက်ထုတ်ခြင်း (Drainage) စသော နည်းလမ်းများဖြင့် ကုသခြင်း
ကာကွယ်ခြင်း
ရောဂါမဖြစ်ပွါးအောင် အဓိကပြုလုပ်ရမည့်အချက်မှာ အစားအစာများနှင့် သောက်သုံးရေများကို လူ၏မစင်နှင့် ထိတွေ့မှုမဖြစ်အောင် ကာကွယ်ခြင်းဖြစ်သည်။ ရောဂါလက္ခဏာမပြသူများထံမှလည်း ရောဂါကူးစက်နိုင်သဖြင့် အစားအစာများကို ကိုင်တွယ်ချက်ပြုတ်ရာတွင် သန့်ရှင်းရေးကို တတ်နိုင်သမျှ အထူးအလေးထားရန်လိုသည်။
- လက်ကို ရေနှင့် ဆပ်ပြာဖြင့် စနစ်တကျ မကြာခဏ ဆေးကြောပါ (အထူးသဖြင့် အိမ်သာမှအထွက်နှင့် အစားအစာများကို မကိုင်တွယ်ခင်)
- အစားအစာများကို ကိုင်တွယ်သူများသည် လက်အိတ်ကို အသုံးပြု၍ ကိုင်တွယ်ပါ
- ကျိုချက်ထားသောရေ သို့မဟုတ် သန့်ရှင်းသော ရေသန့်ကိုသာ သောက်ပါ
- သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို သန့်ရှင်းသောရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ
- အစားအစာများကို သေချာကျက်အောင် ချက်ပြီးမှ စားသုံးပါ
- ရောဂါအဖြစ်များသော ဒေသများတွင် နေထိုင်သူ၊ ထိုဒေသသို့ ခရီးသွားမည့်သူများသည် အစားအစာနှင့် ရေသန့်ရှင်းမှုကို အမြဲစစ်ဆေးပါ၊ သန့်ရှင်းမှု အားနည်းသော လမ်းဘေးစာ၊ ယင်နားစာများကို ရှောင်ကြဉ်ပါ
- ယင်လုံအိမ်သာ အသုံးပြုပါ
- လက်ရှိတွင် ရောဂါကာကွယ်ဆေး မရှိသေးပါ
References:
- Cleveland Clinic. (2026). Amebiasis (amoebic dysentery). Retrieved March 6, 2026, from https://my.clevelandclinic.org/health/diseases/23531-amoebic-dysentery
- Centers for Disease Control and Prevention. (n.d.). About amebiasis. Retrieved March 6, 2026, from https://www.cdc.gov/amebiasis/about/index.html
- MedlinePlus. (n.d.). Amebiasis. Retrieved March 6, 2026, from https://medlineplus.gov/ency/article/000298.htm
- MSD Manual Professional Version. (n.d.). Amebiasis. Retrieved March 6, 2026, from https://www.msdmanuals.com/professional/infectious-diseases/amebiasis
Published: 25 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.