ပဲသီတာ (Molluscum contagiosum) ဆိုသည်မှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော နာတာရှည်အရေပြားကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အရေပြားပေါ်တွင် ပုလဲလုံးကဲ့သို့ ဖြူဖွေးနေသော အဖုအပိမ့်များ (papules) တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွေ့ရသော အခြေအနေဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Molluscum contagiosum သည် Poxviridae မျိုးနွယ်စုဝင် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် အဓိကဖြစ်ပွါးပြီး မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်သော်လည်း အသက် (၁၀) နှစ်အောက် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သည်။
ရောဂါဖြစ်နိုင်ခြေများသူများ
- ကိုယ်ခံအားစနစ် အားနည်းနေသူများ
- နှင်းခူ (Eczema) အရေပြားရောဂါ ရှိသူများ
- ပူနွေးစိုစွတ်သော ရာသီဥတုတွင် နေထိုင်သူများ
- လူဦးရေ ထူထပ်သော ပတ်ဝန်းကျင်တွင် နေထိုင်သူများတွင် ပိုမိုဖြစ်ပွါးသည်ကို တွေ့ရသည်။
ကူးစက်ပျံ့နှံ့ပုံ
ဤရောဂါသည် အလွန်ကူးစက်လွယ်ပြီး အောက်ပါနည်းလမ်းများဖြင့် ပျံ့နှံ့နိုင်သည်။
- တိုက်ရိုက်ထိတွေ့ခြင်း (Physical contact) – ဗိုင်းရပ်စ်ပိုးရှိသူနှင့် နီးကပ်စွာ အတူနေထိုင်ခြင်း၊ အရေပြားအချင်းချင်း ထိတွေ့မိခြင်း (အထူးသဖြင့် ကျောင်းနေအရွယ် ကလေးငယ်များတွင် အဖြစ်များသည်)
- ပစ္စည်းများမှတစ်ဆင့် (Through contaminated objects) – ရောဂါပိုးကပ်နေသော ပစ္စည်းများကို အတူသုံးစွဲခြင်း၊ ဗိုင်းရပ်စ်ပိုးတင်ကျန်နေသော အဝတ်အစား သို့မဟုတ် မျက်နှာသုတ်ပဝါ နှင့် ကစားစရာများကို ကိုင်တွယ်ခြင်း၊ ရေကူးကန် အတူတကွ အသုံးပြုခြင်း
- လိင်ဆက်ဆံခြင်း (Sexual contact) – လိင်မှုကိစ္စမှတစ်ဆင့်လည်း ကူးစက်နိုင်သည်
- ကိုယ်တိုင်ပြန်လည်ကူးစက်ခြင်း (Autoinfection) – အဖုအပိမ့်များကို ကုတ်ဖဲ့ခြင်းဖြင့် ခန္ဓာကိုယ်၏ တစ်နေရာမှ အခြားနေရာများသို့ ပျံ့နှံ့စေနိုင်သည်
ရောဂါလက္ခဏာများ
- အဖုအပိမ့်များ၏ ပုံသဏ္ဌာန်
- အရေပြားပေါ်တွင် ပုလဲလုံးကဲ့သို့ အဖုလေးများ ထွက်ပေါ်လာတတ်သည်
- ၎င်းတို့သည် အဖြူရောင်၊ ပန်းရောင်မှ ခရမ်းရောင် သို့မဟုတ် သဘာဝအသားအရောင်နှင့် တူညီနိုင်သည်၊ ကုတ်ဖဲ့မိခြင်းကြောင့် အခြားနေရာများသို့လည်း ပျံ့နှံ့နိုင်ပြီး အဖုများကို အတန်းလိုက်ပုံစံ သို့မဟုတ် အစုအဝေး ပုံစံများဖြင့် တွေ့မြင်နိုင်သည်
- အသွင်အပြင်
- အဖုလေးများသည် အလယ်တွင် ချိုင့်ခွက်ကလေး (dimple) ပါရှိတတ်ပြီး အရွယ်အစားမှာ (၂ – ၅) မီလီမီတာခန့် ရှိတတ်သည်
- ကိုယ်ခံအားစနစ်အားနည်းသူများတွင် (၅) မီလီမီတာထက်ပိုကြီးနိုင်ပြီး၊ ၎င်းကို Giant molluscum contagiosum ဟု ခေါ်သည်
- ခံစားရနိုင်သော ဝေဒနာ
- အဆိုပါအဖုများသည် ယားယံခြင်း၊ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းများ ဖြစ်နိုင်သည်
တွေ့ရှိနိုင်သောနေရာများ
Molluscum contagiosum ကြောင့်ဖြစ်သော အဖုအပိမ့်များ (Papules) သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွါးနိုင်သော်လည်း အောက်ပါနေရာများတွင် အဖြစ်အများဆုံးဖြစ်သည်။
- မျက်နှာ၊ မျက်ခွံနှင့် နှုတ်ခမ်းများ
- လည်ပင်း
- လက်မောင်းများ
- ခြေထောက်များ
- မျိုးပွါးအင်္ဂါများ – လိင်တံ၊ မိန်းမကိုယ် နှင့် မိန်းမကိုယ်အပြင်ဘက်နှုတ်ခမ်းသားများ
- ဝမ်းဗိုက်
- ပေါင်အတွင်းသား စသည့်နေရာများတွင် အတွေ့ရများသည်။
နောက်ဆက်တွဲပြဿနာများ
ထိုအရေပြားအဖုအပိန့်များတွင် နောက်ဆက်တွဲပြဿနာအနေဖြင့် ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ခြေရှိသည်။ လက္ခဏာများအနေဖြင့် အရေပြားအရောင်ပြောင်းလာခြင်း၊ ဖောင်းကြွလာခြင်း (ရောင်ရမ်းခြင်း)၊ နာကျင်ခြင်း သို့မဟုတ် အဝါရောင်အရည်များထွက်ခြင်းတို့ တွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများရှိပါက သက်ဆိုင်ရာ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရေပြားအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အထက်ပါလက္ခဏာများအပြင် အောက်ပါအခြေအနေများ ရှိနေပါက ဆောလျင်စွာ ကုသမှုခံယူသင့်ကြောင်း အကြံပြုနိုင်သည်။
- ဘက်တီးရီးယားပိုးဝင်သည့် နောက်ဆက်တွဲပြဿနာရှိခြင်း၊ ကူးစက်မှုသည် အရေပြားပေါ်တွင် နေရာတစ်ခုထက်မက လျင်မြန်စွာ ပျံ့နှံ့သွားခြင်း
- နာတာရှည် အရေပြားရောဂါရှိခြင်း [ဥပမာ- နှင်းခူ (Eczema) ကဲ့သို့သော ရောဂါရှိသူများ]
- လိင်အင်္ဂါတစ်ဝိုက်တွင် အဖုများပေါက်ခြင်း – ကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်ရန် လိုအပ်သောကြောင့်ဖြစ်သည်
- ကိုယ်ခံအားစနစ် အားနည်းခြင်း – ကိုယ်ခံအားနည်းပြီး ခန္ဓာကိုယ်အနှံ့ အဖုအများအပြား ပေါက်နေသူများ
- အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေသော အဖုများရှိခြင်း – ယားယံခြင်း၊ နာကျင်ခြင်း သို့မဟုတ် အလှအပရေးရာအရ စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ ပုံမှန်လုပ်ဆောင်မှုများ လုပ်ဆောင်ရန် အဟန့်အတားဖြစ်လာခြင်း စသည့်အခြေအနေများ
ရောဂါရှာဖွေခြင်း
Molluscum contagiosum ကူးစက်ရောဂါကို ဆရာဝန်မှ အောက်ပါအတိုင်း ရောဂါရှာဖွေမည်။
- ကိုယ်ခန္ဓာအား စစ်ဆေးခြင်း – ဆရာဝန်သည် ကိုယ်ခန္ဓာကို စစ်ဆေးခြင်းနှင့် ခံစားနေရသော ရောဂါလက္ခဏာများကို ပိုမိုသိရှိနိုင်ရန် မေးခွန်းများ မေးမြန်းခြင်းဖြင့် ရောဂါကို အတည်ပြုလိမ့်မည်
- ဆေးမှတ်တမ်းစစ်ဆေးခြင်း – ယခင်က ဖြစ်ပွါးခဲ့ဖူးသော ဆေးဘက်ဆိုင်ရာ ရာဇဝင်အပြည့်အစုံကိုလည်း ဆရာဝန်မှ ရယူစစ်ဆေးမည်
- အဖုအပိမ့်များ၏ ပုံသဏ္ဌာန် – အရေပြားပေါ်ရှိ အဖုအပိမ့်များ (Papules) ၏ ပုံသဏ္ဌာန်ကို ကြည့်ရှုခြင်းဖြင့် ရောဂါကို ခန့်မှန်းသိရှိနိုင်သည်
- အရေပြားနမူနာယူ၍ စစ်ဆေးခြင်း (Skin Biopsy) – ရောဂါကို အတည်ပြုရန်အတွက် ဆရာဝန်သည် အရေပြားပေါ်ရှိ အဖုအပိမ့်မှ အသားစနမူနာ အနည်းငယ်ကို ယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးနိုင်သည်
ကုသခြင်း
- ဤရောဂါသည် အလိုအလျောက် ပျောက်ကင်းနိုင်သောကြောင့် ကုသမှုခံယူရန် အမြဲတမ်း မလိုအပ်သော်လည်း ကုသမှုခံယူခြင်းသည် ကူးစက်ချိန်ကို လျော့နည်းစေပြီး ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့မှုကို သက်သာစေသည်
- ထို့ပြင် ကလေးငယ်များ၊ ကိုယ်ခံအားစနစ် အားနည်းသူများ သို့မဟုတ် နာကျင်မှုဝေဒနာ ခံစားနေရသူများအတွက် ကုသမှုများကို ပို၍ ပြုလုပ်သင့်သည်
- စာသင်ကျောင်းများနှင့် နေ့ကလေးထိန်းဌာနကဲ့သို့နေရာများတွင်လည်း ရောဂါရှိသူတစ်ဦးနှင့် အနီးကပ်ထိတွေ့မှုရှိသော ကလေးငယ်များအတွက် ရောဂါမပျံ့နှံ့စေရန် အထူးသတိပြု ကုသမှုခံယူရမည်
- ကုတ်ဖဲ့ခြင်းကို ရှောင်ကြဉ်ပါ – ရောဂါပိုးရှိနေစဉ်အတွင်း အဖုအပိမ့်များကို မကုတ်မိရန် အရေးကြီးသည်၊ ၎င်းတို့ ပေါက်ထွက်သွားပါက ဘက်တီးရီးယားပိုး ဝင်နိုင်ခြေရှိသည်
ကုသနည်းများ
- ကုသနည်းများတွင် အနာကို ဖယ်ရှားခြင်း (Destructive methods)၊ ပိတ်ဆို့ကုသခြင်း (Occlusion) နှင့် ဆဲလ်သေစေသောဆေးများ၊ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသောဆေးများနှင့် ဗိုင်းရပ်စ်သတ်ဆေးများ အသုံးပြုခြင်းတို့ ပါဝင်သည်၊ ဆရာဝန်မှ သင့်လျော်သောကုသနည်းများဖြင့် ရွေးချယ်ကုသပေးမည်ဖြစ်သည်
- အဖုအပိမ့်များကို ဖယ်ရှားခြင်း
- အဖုများကို ဖယ်ရှားရန် အေးခဲစေခြင်း (Cryotherapy)၊ ခြစ်ထုတ်ခြင်း (Curettage) သို့မဟုတ် လေဆာဖြင့် ဖယ်ရှားခြင်း (Laser Therapy) တို့ကို အသုံးပြုနိုင်သည်
- သတိပြုရန်မှာ အဖုများကို မိမိဘာသာ အိမ်တွင် ဖယ်ရှားရန် မကြိုးစားပါနှင့်
- ဖုံးကာပိတ်ဆို့ကုသခြင်း (Occlusion)
- အဖုအပိမ့်များကို ဆေးတိပ် (Duct tape) သို့မဟုတ် ပလာစတာများဖြင့် ဖုံးအုပ်ပိတ်ဆို့ထားသည့် နည်းလမ်းဖြစ်သည်
- ဤသို့ပြုလုပ်ခြင်းဖြင့် အဖုများကို ကုတ်ဖဲ့မိခြင်းမှ တားဆီးပေးနိုင်ပြီး ကိုယ်တိုင်ပြန်လည်ကူးစက်ခြင်းနှင့် အခြားသူများထံ ရောဂါပိုးပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်
- သို့ရာတွင် သတိပြုရမည့်အချက်မှာ ဘက်တီးရီးယားပိုးဝင်၍ ရောင်ရမ်းနေသော သို့မဟုတ် ပြည်တည်နေသော အဖုများပေါ်တွင် ဤနည်းလမ်းကို အသုံးမပြုသင့်ပေ
- ထို့ပြင် ဆေးတိပ် သို့မဟုတ် ပလာစတာကြောင့် အရေပြားနီရဲခြင်းနှင့် ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပုံမှန်လဲလှယ်ပေးရန်နှင့် အရေပြားကို သန့်ရှင်းစွာထားရှိရန် အထူးလိုအပ်သည်
- ဆေးဝါးများ သောက်သုံးခြင်း
- ကလေးငယ်များတွင် ဖြစ်ပွါးသော ကူးစက်မှုကို ကုသရန်အတွက် Cimetidine ကဲ့သို့သော သောက်ဆေးများကို အသုံးပြုတတ်ကြသည်
- လိမ်းဆေးများ အသုံးပြုခြင်း
- အရေပြားပေါ်တွင် လိမ်းရသော ခရင်မ် (Creams) များသည် ပျောက်ကင်းချိန်ကို မြန်ဆန်စေသည်
- အသုံးပြုနိုင်သော လိမ်းဆေးများတွင် Podophyllum၊ Potassium hydroxide၊ Salicylic acid၊ Benzoyl peroxide နှင့် Tretinoin တို့ပါဝင်သည်
ကုသမှုခံယူပြီးနောက် သက်သာလာနိုင်မည့်အချိန်
- ကုသမှု မခံယူပါက အဖုအပိမ့်များသည် ၆လ မှ ၁၂လအတွင်း အလိုအလျောက် ပျောက်ကင်းနိုင်သော်လည်း၊ ကုသမှုခံယူခြင်းသည် ရောဂါပိုးကူးစက်ချိန်ကို လျော့နည်းစေနိုင်သည်
- ကိုယ်ခံအားစနစ် အားနည်းသူများတွင် အရေပြားပေါ်ရှိ အဖုအပိမ့်များ လုံးဝပျောက်ကင်းသွားရန် နှစ်အနည်းငယ် ကြာနိုင်သည်
ကာကွယ်ခြင်း
- အရေပြားတွင် ပဲသီတာအနာရှိသူ မည်သူမဆိုနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ
- ရှိရင်းစွဲ နှင်းခူ (Eczema) ရောဂါကို ကုသပါ
- မျက်နှာသုတ်ပဝါအပါအဝင် အသုံးအဆောင်ပစ္စည်းများကို အတူတူ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ
- အသုံးများသော မျက်နှာပြင်များနှင့် ပစ္စည်းများကို ပိုးသတ်သန့်စင်ပါ
- ဘေးကင်းသော လိင်ဆက်ဆံမှု ပြုလုပ်ပါ သို့မဟုတ် ရောဂါပိုးရှိသော လက်တွဲဖော်နှင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ၊ ကွန်ဒုံးအသုံးပြုခြင်းသည် ကာကွယ်နိုင်သည် ဆိုသော်လည်း ကွန်ဒုံးဖြင့် ဖုံးအုပ်မထားသော နေရာများတွင် အဖုအပိမ့် အနာများ ရှိနိုင်သောကြောင့် အပြည့်အဝ အကာအကွယ်မပေးနိုင်ပါ
References:
- Cleveland Clinic. (2024). Molluscum contagiosum. Retrieved February 19, 2026, from https://my.clevelandclinic.org/health/diseases/12175-molluscum-contagiosum
- Harper, J., Oranje, A., & Prose, N. (2019). Harper’s textbook of pediatric dermatology (4th ed.). Wiley-Blackwell.
- Skinner, R. B., Jr. (2002). Treatment of molluscum contagiosum with imiquimod 5% cream. Journal of the American Academy of Dermatology, 47(4 Suppl.), S221–S224. https://doi.org/10.1067/mjd.2002.126578
- Tom, W., & Friedlander, S. F. (2008). Poxvirus infections. In K. Wolff, L. A. Goldsmith, S. I. Katz, B. A. Gilchrest, A. S. Paller, & D. J. Leffell (Eds.), Fitzpatrick’s dermatology in general medicine (7th ed., pp. 1911–1913). McGraw-Hill Medical.
- Centers for Disease Control and Prevention. (2015). Molluscum contagiosum: Risk factors. Retrieved February 19, 2026, from https://www.cdc.gov/poxvirus/molluscum-contagiosum/risk-factors.html
Published: 25 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.