Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)

Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)

ညှပ်ရိုး (Clavicle) ဆိုသည်မှာ ရင်ညွန့်ရိုးအပေါ်ပိုင်းနှင့် ပခုံးကို ချိတ်ဆက်ပေးသော အရိုးဖြစ်သည်။ အင်္ကျီကော်လာတစ်ဝိုက်တွင် ရှိသောကြောင့် ကော်လာအရိုး (Collar Bone) ဟုလည်းခေါ်သည်။ ညှပ်ရိုးသည် ပခုံး၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပခုံးလှုပ်ရှားမှုတွင်လည်း အရေးပါသည်။ ညှပ်ရိုးကျိုးခြင်းသည် ကျား မ၊ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ကလေးနှင့် လူငယ်ပိုင်းတွင် အများဆုံးကျိုးတတ်သည့် အရိုးဖြစ်သည်။ ညှပ်ရိုးကျိုးပါက နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်သဖြင့် စနစ်တကျ ကုသမှုခံယူရန် အရေးကြီးသည်။

ညှပ်ရိုး(Clavicle) ဖွဲ့စည်းတည်ဆောက်ပုံ
လူကြီးတစ်ယောက်တွင် ညှပ်ရိုးသည် (၁၅) စင်တီမီတာခန့် ရှည်လျားပြီး အင်္ဂလိပ်အက္ခရာ “S” ပုံသဏ္ဌာန်ကဲ့သို့ အနည်းငယ် ကွေးကောက်သည်။ ညှပ်ရိုးသည် လက်ပြင်ရိုးပြား (Scapula) အပေါ်ပိုင်းရှိ အရိုးဖု (Acromion) နှင့် ရင်ညွန့်ရိုး (Sternum) ကို ဆက်သွယ်ပေးပြီး ပခုံး၏ အလုပ်တာဝန်ကို ထောက်ပံ့ပေးသည်။ ညှပ်ရိုးသည် အရေးကြီးသော အာရုံကြောနှင့် သွေးကြောများအနီးတွင် တည်ရှိပြီး ထိုအကြောများကို ထိခိုက်ဒဏ်ရာ မဖြစ်စေရန် ကာကွယ်ပေးသည်။ ညှပ်ရိုးကို ခန္ဓာကိုယ်သေးသွယ်၍ ပိန်သောသူများတွင် အရေပြားအောက်၌ အလွယ်တကူ မြင်တွေ့ စမ်းသပ်နိုင်သည်။

ညှပ်ရိုးကျိုးခြင်း အမျိုးအစားများ
  • အရိုးကျိုးသည့်နေရာအပေါ် မူတည်၍ ညှပ်ရိုးကျိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်
    • အလယ်ပိုင်းကျိုးခြင်း (Middle third) _ အဖြစ်အများဆုံးဖြစ်ပြီး (၇၀-၈၀%) ခန့် ရှိသည်
    • အပြင်ဘက်ပိုင်းကျိုးခြင်း (Lateral third) _ ပခုံးဆစ်နှင့်နီးသောနေရာဘက်တွင် ညှပ်ရိုးကျိုးခြင်းဖြစ်ပြီး (၁၅-၂၀%) ခန့်ရှိသည်
    • အတွင်းဘက်ပိုင်း ကျိုးခြင်း (Medial third) _ ရင်ညွန့်ရိုးနှင့် နီးသောနေရာဘက်တွင် ကျိုးခြင်းဖြစ်ပြီး (၃-၅%) ခန့် ရှိသည်
  • ညှပ်ရိုးကျိုးခြင်းကို ပုံသဏ္ဌာန်ကိုလိုက်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်
    • နေရာလွဲရွေ့ခြင်းမရှိသည့် အရိုးကျိုးခြင်း (Undisplaced fracture) _ အရိုးကျိုးသော်လည်း အရိုးအပိုင်းအစများ မူလရှိရမည့် နေရာမှ ရွေ့လျားခြင်း မရှိပေ
    • နေရာလွဲ ရွေ့သွားသည့် အရိုးကျိုးခြင်း (Displaced fracture) _ ကြွက်သားများ၏ ဆွဲယူမှုကြောင့်ဖြစ်စေ၊ လက်၏ အလေးချိန်နှင့်မြေဆွဲအား (gravity) ကြောင့်ဖြစ်စေ ကျိုးသွားသော အစိတ်အပိုင်းများမှာ မူလနေရာမှ ရွေ့သွားတတ်သည်
    • အရေပြား ဖောက်ထွက်၍ အရိုးကျိုးခြင်း (Open fracture) _ အဖြစ်နည်းသော်လည်း ရောဂါပိုးဝင်ရောက်နိုင်ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများ ရှိနိုင်ခြင်းတို့ကြောင့် အထူးဂရုစိုက်ရသည်
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ညှပ်ရိုးကျိုးခြင်းကို ဖြစ်ပေါ်စေတတ်သော အဓိကအကြောင်းရင်းများမှာ_

  • လက်ကို ဆန့်ထုတ်လျက် လဲကျခြင်း _ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည် လက်ထောက်လဲခြင်းတွင် အရိုးကိုတိုက်ရိုက် ထိရိုက်ခြင်းမရှိသော်လည်း မြေပြင်ကန်အားကြောင့် ပခုံးရှိညှပ်ရိုး ကျိုးနိုင်သည်။
  • တိုက်ရိုက် ထိခိုက်ဒဏ်ရာရခြင်း (Direct impact) _ ပခုံးနှင့် ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်မိခြင်း (ဥပမာ – ယာဉ်မတော်တဆ ဖြစ်ခြင်း၊ တစ်စုံတစ်ခုနှင့် ရိုက်မိခြင်း)
ဖြစ်ပွါးမှုနှုန်း
  • ညှပ်ရိုးကျိုးခြင်းသည် နှစ်စဉ် လူတစ်ထောင်တွင် တစ်ယောက်ခန့် ဖြစ်ပွါးတတ်သည်
  • လူကြီးများတွင် ဖြစ်ပွါးသော အရိုးကျိုးမှု အားလုံး၏ (၅%) ခန့်ရှိပြီး ပခုံးနှင့် လက်ပြင်ရိုး တစ်ဝိုက် (Shoulder girdle injuries) စုစုပေါင်း၏ (၃၅%) ခန့်ရှိသည်
  • အမျိုးသားနှင့် အမျိုးသမီး ဖြစ်ပွါးမှုနှုန်းမှာ (၂:၁) ခန့်ဖြစ်သည်
ဖြစ်ပွါးနိုင်ခြေများသူများ
  • ဆယ်ကျော်သက်အရွယ်ကလေးများ _ ကြီးထွားနေဆဲ အရိုးများမှာ ပျော့ပြောင်းနေခြင်းနှင့် ထိခိုက်ဒဏ်ရာ ရလွယ်ခြင်းကြောင့် ဖြစ်နိုင်သည်၊ ကလေးများတွင် ညှပ်ရိုးကျိုးခြင်းသည် အရိုးဆက်မြန်ပြီး အများအားဖြင့် မခွဲစိတ်ဘဲ ကုသနိုင်သည်
  • သက်ကြီးရွယ်အိုများ _ အရိုးပွရောဂါ (Osteoporosis) ကြောင့် အရိုးများ ကျိုးလွယ်သည်
  • အားကစားသမားများ _ ဘောလုံး၊ ဘတ်စကတ်ဘော၊ စက်ဘီး၊ လက်ဝှေ့ စသည့် အမြင့်မှ ပြုတ်ကျနိုင်ခြေ မြင့်မားသော အားကစား ပြုလုပ်သူများတွင် ဖြစ်နိုင်သည်
  • မွေးကင်းစကလေးငယ်များ _ မီးဖွားမှုခက်ခဲသည့်အချိန်တွင် ဖြစ်တတ်သည်။ (၁ – ၂) ပတ်အတွင်း သဘာဝအတိုင်း အရိုးပြန်ဆက်သည်
ရောဂါလက္ခဏာများ

ညှပ်ရိုးကျိုးခြင်း ပြင်းထန်မှုအလိုက် အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်သည်။

  • ပခုံးအထက်တွင် နာကျင်ခြင်း
  • ရောင်ရမ်းခြင်း၊ ပွန်းပဲ့ခြင်းနှင့် အရိုးပုံသဏ္ဌာန် ပျက်ယွင်းခြင်း
  • ကျိုးသည့်အရိုးမှာနေရာရွေ့နေပြီး အရေပြားကို ထောက်နေခြင်း
  • ညှပ်ရိုးတစ်လျှောက်ရှိ အရေပြားမှာ အရောင်ရင့်နေခြင်း၊ အညိုအမည်းစွဲခြင်း
  • ကျိုးသည့်နေရာမှ မတည်ငြိမ်မှုကို ခံစားရခြင်း
  • ပခုံးလှုပ်ရှားရန် ခက်ခဲခြင်း သို့မဟုတ် လုံးဝမလှုပ်ရှားနိုင်ခြင်း
  • မွေးကင်းစ ကလေးများတွင် ကျိုးသည့်ဘက်ရှိ လက်ကို မလှုပ်ရှားခြင်း၊ ကိုင်တွယ်မိပါက နာကျင်သဖြင့် ငိုခြင်း
နောက်ဆက်တွဲပြဿနာများ
  • အာရုံကြော သို့မဟုတ် သွေးကြော ထိခိုက်မှု _ အရိုးကျိုးပြီး ရွေ့သွားခြင်းကြောင့် အနီးရှိ အာရုံကြောနှင့် သွေးကြောများ ထိခိုက်နိုင်ခြေ အနည်းငယ်ရှိသည်အရိုးနေရာလွဲ၍ ဆက်ခြင်း (Malunion) _ ကျိုးသွားသော ညှပ်ရိုးအစိတ်အပိုင်းများသည် ပုံစံမမှန်ဘဲ ပြန်ဆက်သွားသည့်အခါ ညှပ်ရိုးပေါ်တွင် အဖုအထစ်တစ်ခု ဖြစ်ပေါ်လာတတ်သည်
  • အရိုးမဆက်ခြင်း (Non-union) _ အရိုးမဆက်ခြင်းကို ညှပ်ရိုးကျိုးလူနာ (၁-၁၅%) ခန့်တွင် တွေ့ရှိနိုင်သည်၊ အထူးသဖြင့် အသက်အရွယ် ကြီးသူများ၊ အမျိုးသမီးများနှင့် အရိုးကြေမွ၍ နေရာလွဲသူများတွင် ပိုမိုဖြစ်ပွါးတတ်သည်၊ အရိုးကျိုးသည့်နေရာသည် ကောင်းမွန်စွာ ပြန်မဆက်ပါက ကာလတာရှည် နာကျင်မှုကို ခံစားရနိုင်သည်
  • ပခုံး အဆစ်တောင့်တင်းခြင်း (Shoulder stiffness) _ နာကျင်မှုကြောင့် ကြာရှည်စွာ မလှုပ်ရှားခြင်း သို့မဟုတ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ စနစ်တကျ မလုပ်ခြင်းကြောင့် ဖြစ်တတ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသမှု ခံယူရမည်။

အရေးပေါ် ပြသရန်
ပြင်းထန်စွာ နာကျင်နေခြင်း၊ အရိုးသည် အရေပြားကို ထိုးဖောက်ထွက်နေခြင်း၊ လက်တစ်လျှောက် ထုံကျဥ်နေခြင်း သို့မဟုတ် လက်ချောင်းလေးများ ပြာနှမ်းအေးစက်နေခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ရှိပါက ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ် သွားရောက်ပြသသင့်သည်။

ရောဂါရှာဖွေခြင်း
  • လူနာအား ထိခိုက်ဒဏ်ရာ ရသည့် ပုံစံနှင့် ခံစားရသည့် လက္ခဏာများကို မေးမြန်းပြီးနောက် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည်၊ ညှပ်ရိုးကျိုးခြင်းနှင့်တွဲဖက်ဖြစ်ပွါးနိုင်သည့် အခြား အရိုးများကျိုးခြင်း ရှိမရှိကို စစ်ဆေးသည်
  • ညှပ်ရိုးကျိုးခြင်းကို အတည်ပြုနိုင်ရန် ဓာတ်မှန် (X-ray) ရိုက် စစ်ဆေးသည်၊ ဓာတ်မှန်တွင် ကျိုးနေသည့် ပုံသဏ္ဌာန်၊ နေရာ၊ ပြင်းထန်မှုနှင့် နေရာလွဲခြင်းတို့ကို သိရှိနိုင်သည်
  • လိုအပ်လျှင် ကျိုးနေသော အရိုးကို သေချာစွာ ပုံဖော်နိုင်ရန် ကွန်ပျူတာဓာတ်မှန် (CT scan) ဖြင့် စစ်ဆေးသည်
ကုသခြင်း
ကနဦး အရေးပေါ် ကုသခြင်း
  • ထိခိုက်ဒဏ်ရာရသည့် ပခုံးနှင့် လက်ကို လက်သိုင်းကြိုး (Arm sling) တပ်ဆင်၍ ပခုံးလှုပ်ရှားမှုများကို ကန့်သတ်ထားရမည်
  • နာကျင်ရောင်ရမ်းမှု သက်သာစေရန် ဒဏ်ရာရပြီး ပထမ (၁)ရက် မှ (၃)ရက်ခန့်အထိ ရေခဲကပ်ပေးနိုင်သည်

ညှပ်ရိုးကျိုးခြင်းကို အရိုးကျိုးသည့် အမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်၍ အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

မခွဲစိတ်ဘဲ ကုသသည့် နည်းလမ်း
  • ကျိုးသည့် ညှပ်ရိုးအပိုင်းအစနှစ်ခု နေရာလွဲ ရွေ့လျားနေခြင်းမရှိလျှင် ဤနည်းဖြင့် အများဆုံး ကုသနိုင်သည်
  • လက်သိုင်းကြိုးကို (၂-၃ ပတ်ခန့်) သုံးပြီး ပခုံးကို အနားပေးရသည်၊ နာကျင်မှု သက်သာလာသည်နှင့်အမျှ ပခုံးနှင့် လက်ကို တဖြည်းဖြည်းချင်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (physiotherapy) လုပ်ပေးရသည်
  • ယခင်က Figure of 8 ပတ်တီးကို အသုံးပြုခဲ့သော်လည်း အရိုးကျိုးသည့် နေရာတွင် ဖိအားကြောင့် အနာဖြစ်ခြင်း၊ အာရုံကြောများကို ထိခိုက်နိုင်ခြင်း စသည်တို့ကြောင့် ယခုအခါတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုတော့ပါ
ခွဲစိတ်ကုသသည့်နည်းလမ်း

အောက်ပါအခြေအနေများတွင် ညှပ်ရိုးကျိုးခြင်းကို ခွဲစိတ်ကုသမှု ခံယူသင့်သည်။

  • အရိုးအစိတ်အပိုင်းများ (၂) စင်တီမီတာထက်ပို၍ ရွေ့သွားခြင်း (Significant displacement)
  • ညှပ်ရိုးအရှည် တိုသွားခြင်း (Shortening > 2 cm)
  • အရေပြားကို ဖောက်ထွက်နေသော ညှပ်ရိုး ပွင့်ကျိုး ကျိုးခြင်း (Open fracture)
  • ကျိုးသည့်အရိုးမှာ နေရာရွေ့နေပြီး အရေပြားကို ထောက်နေခြင်း
  • အာရုံကြော သို့မဟုတ် သွေးကြော ထိခိုက်ခြင်း
  • အရိုးအပိုင်းအစများ များပြားစွာ ကြေမွနေခြင်း (Comminuted fracture)
  • အရိုးဆက်နိုင်ခြေ နည်းခြင်း
  • အားကစားသမားများ သို့မဟုတ် လက်မောင်း၊ ပခုံးအဓိကအသုံးပြုရသော အလုပ်အကိုင်ရှိသူများ

ခွဲစိတ်သည့်အခါ ကျိုး၍ လွဲနေသော အရိုးကို ပြန်လည်ညီညာတည့်မတ်‌အောင် ပြုလုပ်ပေးပြီး သတ္တုပြား (Plate) နှင့် ဝက်အူ (Screw) သို့မဟုတ် သတ္တုချောင်း (Intramedullary nailing) စသည်တို့ အသုံးပြုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ပြီးနောက်တွင်လည်း ပခုံးကြွက်သားများ ပြန်လည်သန်စွမ်းရန်နှင့် လှုပ်ရှားမှု အပြည့်အဝ ပြန်လည်ရရှိရန် ကာယလေ့ကျင့်ကုသမှုကို ဆက်လက်လုပ်ဆောင်ရသည်။

ကာကွယ်ခြင်း

ညှပ်ရိုးအပါအဝင် မိမိခန္ဓာကိုယ်ရှိ အရိုးအဆစ်များ ကျန်းမာသန်စွမ်းစေရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

  • ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • လဲကျခြင်း မဖြစ်အောင် သတိထား ကာကွယ်ခြင်း
  • ဆေးလိပ်၊ အရက် ရှောင်ကြဉ်ခြင်း
  • အားကစား ပြုလုပ်ရာတွင် အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ခြင်း

References:

  1. Cleveland Clinic. (n.d.). Broken collarbone (clavicle) fracture. Retrieved February 8, 2026, from https://my.clevelandclinic.org/health/diseases/16874-broken-collarbone-clavicle-fracture
  2. Orthobullets. (n.d.). Clavicle fractures — midshaft. Retrieved February 8, 2026, from https://www.orthobullets.com/trauma/1011/clavicle-fractures–midshaft
  3. Mayo Clinic. (n.d.). Broken collarbone (clavicle) — symptoms and causes. Retrieved February 8, 2026, from https://www.mayoclinic.org/diseases-conditions/broken-collarbone/symptoms-causes/syc-20370311
  4. Cole, A., & Povlou, P. (2010). Injuries of the shoulder, upper arm and elbow. In Apley’s system of orthopaedics and fractures (9th ed., pp. 733–735). Hodder Arnold.

Published: 28 February 2026

Share

28 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.