Albinism (သမင်ဖြူ)

Albinism (သမင်ဖြူ)

သမင်ဖြူရောဂါ (Albinism) သည် ခန္ဓာကိုယ်မှ မယ်လနင်ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှု နည်းပါးသော သို့မဟုတ် လုံးဝမထုတ်လုပ်နိုင်သော ရှားပါးမျိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ မယ်လနင်သည် အရေပြား၊ မျက်လုံးနှင့် ဆံပင်တို့၏ အရောင်ဖြစ်ပေါ်မှုတွင် ပါဝင်သည့်အပြင် အမြင်အာရုံကြော (Optic nerve) ဖွံ့ဖြိုးမှုတွင်လည်း ပါဝင်ပြီး မျက်စိအမြင်အာရုံ ပုံမှန်အတိုင်း မြင်နိုင်စေရန် ကူညီပေးသည်။ သမင်ဖြူရောဂါရှိသူ အများစုတွင် အလွန်အ‌ရောင်ဖျော့သော အရေပြား၊ ဆံပင်နှင့် မျက်လုံးများ ရှိတတ်ကြပြီး အသားအရောင်၊ ဆံပင်အရောင်နှင့် မျက်လုံးအရောင်ဖျော့မှုသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ ထို့အပြင် ပြင်းထန်မှုမရှိသော သာမန်အဆင့်မှ ပြင်းထန်သောအဆင့်အထိ အမြင်အာရုံဆိုင်ရာ ပြဿနာများကို ခံစားရနိုင်သည်။ မယ်လနင်သည် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကို ကာကွယ်ပေးသောကြောင့် မယ်လနင်ဓာတ် နည်းပါးခြင်းသည် မျက်စိဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သကဲ့သို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း တိုးစေသည်။ သမင်ဖြူရောဂါသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သော ရောဂါမဟုတ်ပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မယ်လနင် (Melanin) ရောင်ခြယ်ကို အရေပြား၊ ဆံပင်နှင့် မျက်လုံးတို့တွင်ရှိသော မယ်လနိုဆိုက် (Melanocytes) ဟုခေါ်သည့် ဆဲလ်များမှ ထုတ်လုပ်သည်။ ခန္ဓာကိုယ်အတွင်း မယ်လနင်ရောင်ခြယ် ထုတ်လုပ်မှုတွင် ပါဝင်သည့် ပရိုတင်းဓာတ်များကို ထုတ်လုပ်ပေးရန် များပြားသော မျိုးဗီဇ (Genes) များက ညွှန်ကြားချက်များ ပေးပို့သည်။ သမင်ဖြူရောဂါသည် အထက်ပါမျိုးဗီဇများအနက် တစ်ခုခုပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပွါးရသည်။ ထိုသို့မျိုးဗီဇပြောင်းလဲမှုများကြောင့် မယ်လနင် လုံးဝမထွက်ရှိခြင်း သို့မဟုတ် ထွက်ရှိမှု အလွန်အမင်း လျော့နည်းသွားခြင်းတို့ ဖြစ်ပေါ်စေသည်။ ပြောင်းလဲသွားသော မျိုးဗီဇများ ပေါ် မူတည်၍ သမင်ဖြူရောဂါအမျိုးအစားများ ကွဲပြားသွားသည်။

သမင်ဖြူရောဂါ အမျိုးအစားများ

သမင်ဖြူရောဂါ အမျိုးအစားများကို မျိုးရိုးလိုက်သောပုံစံနှင့် ပြောင်းလဲသွားသော မျိုးဗီဇတို့အပေါ် မူတည်၍ အုပ်စုခွဲထားသည်။

  1. မျက်စိနှင့် အရေပြားဆိုင်ရာ သမင်ဖြူရောဂါ (Oculocutaneous Albinism – OCA)
    • အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး မိဘနှစ်ပါးလုံးထံမှ ပြောင်းလဲနေသော မျိုးဗီဇတစ်ခုစီ (စုစုပေါင်း နှစ်ခု) ရရှိခြင်းကြောင့် ဖြစ်ပွါးသည်၊ အဆိုပါအခြေအနေကို Autosomal recessive inheritance ဟုခေါ်သည်
    • မိဘတစ်ဦးစီတွင် ပြောင်းလဲနေသော မျိုးဗီဇတစ်ခုစီ ပါရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင် ရောဂါလက္ခဏာ မပြဘဲ မျိုးဗီဇ သယ်ဆောင်သူ (Carrier) များသာ ဖြစ်ကြသည်
    • မျိုးဗီဇသယ်ဆောင်သူ (Carrier) ဆိုသည်မှာ သမင်ဖြူရောဂါ မျိုးဗီဇရှိသော်လည်း ရောဂါလက္ခဏာ မပြသူကို ဆိုလိုသည်
    • ထိုသို့သော မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးတွင် ရောဂါလက္ခဏာပြသူဖြစ်နိုင်ခြေ ( ၂၅%)၊ ပြောင်းလဲနေသောမျိုးဗီဇ သယ်ဆောင်သူ (Carrier) ဖြစ်နိုင်ခြေ (၅၀%) နှင့် ပုံမှန်ကလေး ဖြစ်နိုင်ခြေ (၂၅%) ရှိသည်
    • အကယ်၍ မိဘတစ်ဦးတည်း၌သာ ထိုမျိုးဗီဇရှိပါက သမင်ဖြူရောဂါ၏ လက္ခဏာနှင့် မွေးဖွားခြင်း မဖြစ်နိုင်ပါ
    • မျက်စိနှင့် အရေပြားဆိုင်ရာ သမင်ဖြူရောဂါ (OCA) သည် OCA1 မှ OCA8 ဟူ၍ မျိုးဗီဇ ပြောင်းလဲမှုပေါ် မူတည်ပြီး အမျိုးအစား (၈) ခုရှိသည်
    • အရေပြား၊ ဆံပင်၊ မျက်လုံးတို့တွင် မယ်လနင်ဓာတ်နည်းပါးပြီး အမြင်အာရုံ ပြဿနာများကို ဖြစ်စေသည်၊ မယ်လနင်ပမာဏနှင့် ထွက်ပေါ်လာသော အရောင်မှာ အမျိုးအစားအလိုက် ကွဲပြားမှု ရှိနိုင်သည်
  2. မျက်စိပိုင်းဆိုင်ရာ သမင်ဖြူရောဂါ (Ocular Albinism)
    • မျက်စိပိုင်းဆိုင်ရာ သမင်ဖြူရောဂါသည် အဓိကအားဖြင့် မျက်လုံးကိုသာ ထိခိုက်စေပြီး အမြင်အာရုံဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည်
    • ဤရောဂါသည် X ခရိုမိုဆုန်း (X-chromosome) ပေါ်ရှိ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး၊ မိခင်၏ X ခရိုမိုဆုန်းပေါ်ရှိ ပြောင်းလဲနေသော မျိုးဗီဇမှတစ်ဆင့် သားယောကျာ်းလေးများထံသို့ လက်ဆင့်ကမ်း ရောက်ရှိသွားခြင်းဖြစ်သည်
    • ဤကဲ့သို့ မျိုးရိုးလိုက်ပုံစံကို X-linked recessive inheritance ဟု ခေါ်ဆိုပြီး ထိုအကြောင်းရင်းကြောင့်ပင် အဆိုပါရောဂါသည် များသောအားဖြင့် အမျိုးသားများတွင်သာ ဖြစ်ပွါးလေ့ရှိသည်
    • ၎င်းသည် မျက်စိနှင့် အရေပြားဆိုင်ရာ သမင်ဖြူရောဂါ (OCA) နှင့် နှိုင်းယှဉ်ပါက ပိုမိုရှားပါးသော အခြေအနေတစ်ခုလည်းဖြစ်သည်
  3. ရှားပါးသော မျိုးရိုးလိုက်လက္ခဏာစုများနှင့် ဆက်စပ်သော သမင်ဖြူရောဂါ
    အချို့သော ရှားပါးသည့် ရောဂါစုများတွင် သမင်ဖြူရောဂါ လက္ခဏာများကို တွေ့ရှိရသည်။
    • Hermansky-Pudlak syndrome
      ၎င်းလက္ခဏာစုတွင် မျက်စိနှင့် အရေပြားဆိုင်ရာ သမင်ဖြူရောဂါ (OCA) လက္ခဏာများအပြင် သွေးထွက်လွယ်ခြင်း၊ အညိုအမည်းစွဲလွယ်ခြင်းနှင့် အဆုတ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို တွေ့ရသည်။
    • Chediak-Higashi syndrome
      အဆိုပါလက္ခဏာစုတွင် OCA လက္ခဏာများအပြင် ခန္ဓာကိုယ် ခုခံအားကျဆင်းပြီး မကြာခဏ ရောဂါပိုးဝင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ၊ သွေးမတိတ်သည့် ရောဂါများနှင့် အခြားပြင်းထန်သော ရောဂါများ တွေ့နိုင်သည်။
ရောဂါလက္ခဏာများ

သမင်ဖြူရောဂါ၏ ရောဂါလက္ခဏာသည် များသောအားဖြင့် အရေပြား၊ ဆံပင်နှင့် မျက်လုံးတို့၏ ပုံပန်းသဏ္ဌာန်ကို သက်ရောက်မှုရှိစေရုံသာမက အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်သည်။

အရေပြားတွင် တွေ့နိုင်သောလက္ခဏာများ
သမင်ဖြူရောဂါရှိသူများသည် များသောအားဖြင့် အလွန်ဖျော့တော့သော အရေပြားအရောင် ရှိတတ်ကြသည်။ သို့သော် သမင်ဖြူ‌ရောဂါအမျိုးအစားနှင့် ခန္ဓာကိုယ်မှ မယ်လနင် ထုတ်လုပ်မှုပေါ်မူတည်ပြီး အသားအရောင်သည် ပို၍လင်းခြင်း သို့မဟုတ် ပို၍ရင့်ခြင်း ဖြစ်ပေါ်စေသည်။ အာဖရိကနွယ်ဖွား သမင်ဖြူရောဂါရှိသူများတွင် အရေပြားအရောင်မှာ အညိုဖျော့ သို့မဟုတ် နီညိုရောင်ရှိနိုင်ပြီး မှဲ့ခြောက်များလည်း ရှိနိုင်သည်။ သမင်ဖြူရောဂါအမျိုးအစားပေါ် မူတည်၍ တွေ့ရနိုင်သော အရေပြားလက္ခဏာများမှာ_

  • မျက်စိပိုင်းဆိုင်ရာ သမင်ဖြူရောဂါ (Ocular Albinism – OA)
    အဆိုပါ သမင်ဖြူရောဂါအမျိုးအစားတွင် အရေပြားလက္ခဏာများမှာ အလွန်နည်းသည်။ တစ်ခါတစ်ရံ လုံးဝမရှိပါ။ ထို့ကြောင့် အသားအရောင်မှာ မိဘ၊ မောင်နှမများနှင့် ဆင်တူနိုင်သည် သို့မဟုတ် အနည်းငယ်မျှသာ ပို၍ဖျော့နေနိုင်သည်။
  • မျက်စိနှင့် အရေပြားဆိုင်ရာ သမင်ဖြူရောဂါ (Oculocutaneous Albinism – OCA)
    ဤသမင်ဖြူရောဂါတွင် အသားအရေမှာ အမျိုးအစားအလိုက် ကွဲပြားသည်။
    • OCA အမျိုးအစား (၁) – အလွန်ဖြူဆွတ်သော အရေပြားဖြစ်ခြင်း
    • OCA အမျိုးအစား (၂ နှင့် ၄) – နို့နှစ်ရောင်ကဲ့သို့ ဖြူဆွတ်သော အသားအရေဖြစ်ခြင်း
    • OCA အမျိုးအစား (၃) – နီညိုရောင်ရှိသော အသားအရေဖြစ်ခြင်း

ယေဘုယျအားဖြင့် သမင်ဖြူရောဂါရှိသူ အများစုသည် အရေပြားတွင် မယ်လနင်ဓာတ် အလွန်နည်းပါးသောကြောင့် နေရောင်ခြည်ထိတွေ့မှုများပါ အခြားသူများထက် ပို၍လျင်မြန်စွာ နေလောင်တတ်ပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။

နေရောင်ခြည်နှင့် ထိတွေ့သောအခါ အချို့သူများတွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်နိုင်သည်။

  • မှဲ့ခြောက်များ (Freckles)
  • အရောင်ပါသော သို့မဟုတ် အရောင်မပါသော မှဲ့များ (တစ်ခါတစ်ရံ ပန်းရောင်ဖြစ်နိုင်သည်)
  • နေလောင်ကွက် (Solar lentigines) ဟုခေါ်သော မှဲ့ခြောက်နှင့်တူသည့် အကွက်ကြီးများ
  • နေလောင်ခြင်း
  • နေရောင်ခံပါက အသားအရောင် ညိုမလာခြင်း

အချို့သူများတွင် အရေပြားအရောင်မှာ တစ်သက်လုံး မပြောင်းလဲဘဲ ရှိနေတတ်သော်လည်း အချို့တွင် ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ်၌ မယ်လနင် (Melanin) ထွက်ရှိမှု အနည်းငယ် တိုးလာသောကြောင့် အရေပြားအရောင် အနည်းငယ် ပြောင်းလဲသွားနိုင်သည်။

ဆံပင်တွင် တွေ့နိုင်သောလက္ခဏာများ
ဆံပင်အရောင်မှာ အလွန်ဖြူသောအရောင် မှ အညိုရောင်အထိ တွေ့နိုင်သည်။ အာဖရိက သို့မဟုတ် အာရှနွယ်ဖွားများတွင် ဆံပင်အရောင်မှာ အဝါ၊ အနီ သို့မဟုတ် အညိုရောင် ရှိနိုင်သည်။ ဆံပင်အရောင်သည် ဆယ်ကျော်သက်အရွယ် ရောက်ချိန်တွင် ပိုရင့်သွားတတ်သည်။ ထိုသို့မဟုတ်ဘဲ တစ်ခါတစ်ရံတွင် ပတ်ဝန်းကျင်နှင့် ရေ၌ပါဝင်သော သတ္တုဓာတ်များနှင့် ထိတွေ့မှုကြောင့် အသက်ကြီးလာသည်နှင့်အမျှ ဆံပင်အရောင်သည် ပိုရင့်လာနိုင်သည်။ ဆံပင်အရောင်သည်လည်း အမျိုးအစားအလိုက် ကွဲပြားမှုရှိသည်။

  • OCA အမျိုးအစား (၁) ရှိသူများသည် များသောအားဖြင့် ဆံပင်အရောင်သည် အဖြူ‌ရောင်ဖြစ်သည်
  • အခြားအမျိုးအစားများတွင်မူ ဆံပင်အရောင်မှာ အဝါနု၊ ရွှေရောင်၊ အညိုနု သို့မဟုတ် အနီရောင် ရှိနိုင်သည်၊ ခန္ဓာကိုယ်မှ မယ်လနင် ထုတ်လုပ်မှုအပေါ် မူတည်ပြီး မယ်လနင် နည်းသည်နှင့်အမျှ ဆံပင်အရောင် ပို၍ဖျော့လေဖြစ်သည်

မျက်လုံးတွင် တွေ့နိုင်သော လက္ခဏာများ
သမင်ဖြူ‌ရောဂါရှိသူအများစုမှာ အပြာရောင်မျက်လုံး (အလွန်ဖျော့သော အပြာရောင်) ရှိတတ်ကြပြီး အချို့မှာ အညိုရောင် သို့မဟုတ် ဝါညိုရောင် (Hazel) ရှိတတ်သည်။ ထို့ပြင် မျက်တောင်နှင့် မျက်ခုံးမွေးများသည် များသောအားဖြင့် အရောင်ဖျော့နေတတ်သည်။ သို့သော် သမင်ဖြူရောဂါသည် မျက်လုံး အရောင်ကိုသာမက မျက်လုံးဖွံ့ဖြိုးမှုနှင့် အမြင်အာရုံကိုပါ ထိခိုက်စေသည်။ မယ်လနင် (Melanin) သည် မျက်လုံး၏ အနောက်ဘက်ရှိ မြင်လွှာ (Retina) ဖွံ့ဖြိုးမှုတွင် ပါဝင်ပတ်သက်နေသောကြောင့် မယ်လနင်ပမာဏ လျော့နည်းခြင်းသည် အခြားသောမျက်စိဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။

အမြင်အာရုံဆိုင်ရာ လက္ခဏာများ
အမြင်အာရုံဆိုင်ရာ ပြဿနာများသည် သမင်ဖြူရောဂါ အမျိုးအစားအားလုံး၏ အဓိကလက္ခဏာဖြစ်သည်။ မျက်စိဆိုင်ရာ ပြဿနာများတွင် အောက်ပါလက္ခဏာများ ပါဝင်သည်။

  • သူငယ်အိမ်လှုပ်ရှားမှု မူမမှန်ခြင်း (Nystagmus)
  • မျက်လုံးတုန်ခါမှုကို လျှော့ချရန်နှင့် ပိုမိုကောင်းမွန်စွာ မြင်နိုင်ရန် ခေါင်းကို စောင်းခြင်း သို့မဟုတ် ခေါင်းအနေအထား တစ်မျိုးမျိုး ထားခြင်း (Abnormal Head Posture)
  • မျက်စိစွေခြင်း (Strabismus)
  • အဝေးမှုန်ခြင်း သို့မဟုတ် အနီးမှုန်ခြင်း (Refractive Errors)
  • အလင်းဒဏ်ကို အလွန်အမင်း မခံနိုင်ခြင်း (Photophobia)
  • အလင်းဆုံချက်မညီခြင်းကြောင့် ပုံရိပ်များဝေဝါးခြင်း (Astigmatism)
  • မြင်လွှာကောင်းမွန်စွာ ဖွံ့ဖြိုးခြင်းမရှိသောကြောင့် အမြင်အာရုံ ချို့တဲ့ခြင်း (Retinal Hypoplasia)
  • မြင်လွှာမှ ဦးနှောက်သို့ သွားသော အာရုံကြော လမ်းကြောင်းများ ပုံမမှန်ခြင်း (Optic Nerve Misrouting)
  • အရာဝတ္ထုများ၏ အကွာအဝေး၊ အတိမ်အနက်နှင့် သုံးဖက်မြင်ပုံရိပ်များကို ကောင်းစွာ မခန့်မှန်းနိုင်ခြင်း (Poor Depth Perception)
  • အမြင်အာရုံချို့ယွင်းခြင်း

သမင်ဖြူရောဂါရှိသော ကလေးငယ်အချို့သည် လှုပ်ရှားမှုများတွင် စမ်းတဝါးဝါး ဖြစ်နေတတ်သည်။ ထိုသို့ဖြစ်ခြင်းမှာ အမြင်အာရုံ ပြဿနာများကြောင့် အရာဝတ္ထုများကို ကောက်ယူခြင်းကဲ့သို့သော လှုပ်ရှားမှုအချို့တွင် ခက်ခဲနေခြင်းဖြစ်ပြီး ကလေးအရွယ်ကြီးလာသည်နှင့်အမျှ ထိုအခြေအနေမှာ ပြန်လည်ကောင်းမွန်လာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

သမင်ဖြူရောဂါသည် အရေပြားနှင့် မျက်စိဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သောကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုလည်း ကြုံတွေ့ရနိုင်သည်။

မျက်စိဆိုင်ရာ ပြဿနာများ
အမြင်အာရုံချို့ယွင်းမှုများသည် သင်ယူလေ့လာခြင်း၊ အလုပ်အကိုင်ရရှိခြင်းနှင့် ယာဉ်မောင်းနှင်မှုစွမ်းရည်တို့ အပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။

အရေပြားဆိုင်ရာ ပြဿနာများ
သမင်ဖြူရောဂါရှိသူများ၏ အရေပြားသည် အလင်းရောင် သို့မဟုတ် နေရောင်ခြည်နှင့် ထိတွေ့မှုပါက နေလောင်ဒဏ်ကို အလွန်အမင်း ခံစားရနိုင်သည်။ နေလောင်ခြင်းသည် သမင်ဖြူ‌ရောဂါ၏ အပြင်းထန်ဆုံး နောက်ဆက်တွဲပြဿနာများထဲမှ တစ်ခုဖြစ်သည်။ နေရောင်ခြည်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားပျက်စီးကာ ကြမ်းတမ်းထူထဲလာနိုင်ပြီး အရေပြားကင်ဆာနှင့် မှဲ့ကင်ဆာများ ဖြစ်ပွါးနိုင်ခြေကိုလည်း မြင့်တက်စေသည်။ အရေပြားတွင် မယ်လနင်ရောင်ခြယ်ပစ္စည်း မရှိခြင်းကြောင့် မှဲ့ကင်ဆာ (Melanoma) ကို ပုံမှန်တွေ့ရလေ့ရှိသည့် အမည်းရောင် သို့မဟုတ် အညိုရောင်အစား ပန်းရောင် သို့မဟုတ် အနီရောင် အဖုအကျိတ်များ၊ မှဲ့များအဖြစ် တွေ့မြင်ရတတ်သည်။ ထို့ကြောင့် အရေပြားကင်ဆာကို စောစီးစွာ သိရှိနိုင်ရန် ခက်ခဲနိုင်သည်။ ထို့ပြင် အရေပြားကို ဂရုတစိုက် ပုံမှန်စစ်ဆေးမှု မပြုလုပ်ပါက မှဲ့ကင်ဆာကို ရောဂါကျွမ်းသည့်အဆင့်ရောက်မှသာ စစ်ဆေးတွေ့ရှိနိုင်သည်။

ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
သမင်ဖြူရောဂါရှိသူအချို့သည် ခွဲခြားဆက်ဆံခံရမှုများကို ကြုံတွေ့ရနိုင်ခြင်းကြောင့် အဆိုပါပြဿနာများသည် ဤရောဂါရှိသူများအပေါ် ဆိုးကျိုးများ ဖြစ်စေနိုင်သည်။ ပြဿနာများတွင် အနိုင်ကျင့်ခံရခြင်း၊ လှောင်ပြောင်ခံရခြင်း သို့မဟုတ် ၎င်းတို့၏ ရုပ်ရည်၊ မျက်မှန်နှင့် အမြင်အာရုံ အထောက်အကူပြု ကိရိယာများနှင့် ပတ်သက်၍ မလိုလားအပ်သော မေးခွန်းများ မေးခံရခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်သည်။ ထို့ပြင် မိသားစုဝင်များ သို့မဟုတ် လူမျိုးစုများနှင့် အသားရောင်၊ ရုပ်ရည်သွင်ပြင် ကွဲပြားနေတတ်သဖြင့် မိမိကိုယ်ကိုယ် သူစိမ်းကဲ့သို့ ခံစားရခြင်း သို့မဟုတ် အပယ်ခံရခြင်းမျိုး ကြုံရတတ်သောကြောင့် အထီးကျန်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်းနှင့် စိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြထားသော သမင်ဖြူရောဂါ၏ ရောဂါလက္ခဏာများကို ပေါ်ပေါက်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာ အထူးကုဆရာဝန်မှ

  • ရောဂါရာဇဝင် မေးမြန်းခြင်း – သွေးထွက်ပါက သွေးမတိတ်ခြင်း၊ မကြာခဏ သို့မဟုတ် အရွယ်ကြီးသော အညိုအမည်းစွဲခြင်းများ ဖြစ်တတ်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ကူးစက်ရောဂါများ ခံစားရခြင်း ရှိမရှိတို့ကို စစ်ဆေးခြင်း
  • ကိုယ်ခန္ဓာအား စစ်ဆေးခြင်း – အရေပြားနှင့် ဆံပင်အရောင် စစ်ဆေးခြင်း
  • မျက်စိအား အသေးစိတ်စစ်ဆေးခြင်း – အမြင်အာရုံဆိုင်ရာ ပြဿနာများကို မြင်လွှာစစ်ဆေးသည့် ကိရိယာဖြင့် မျက်စိဖွံ့ဖြိုးမှုနှင့် လုပ်ဆောင်ချက်များကို အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်း
  • မျိုးဗီဇစစ်ဆေးခြင်း – သမင်ဖြူရောဂါ အမျိုးအစားကို သိရှိနိုင်ပြီး မျိုးဗီဇပြောင်းလဲမှုနှင့် မျိုးရိုးလိုက် လက်ဆင့်ကမ်းနိုင်သော ရာခိုင်နှုန်းကို ကြိုတင်တွက်ဆနိုင်ခြင်း စသည်တို့ကို ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း

သမင်ဖြူရောဂါသည် မျိုးဗီဇချို့ယွင်းသော အခြေအနေတစ်ခုဖြစ်သောကြောင့် လက်ရှိတွင် အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သည့်နည်းလမ်း မရှိသေးပါ။ သို့သော် ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ကောင်းမွန်မှန်ကန်သော မျက်စိအမြင်အာရုံ ရရှိရန်နှင့် အရေပြားဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ရှိမရှိကို စောင့်ကြည့်စစ်ဆေးရန်ဖြစ်သည်။ ထို့ကြောင့် ကုသမှုတွင် မိသားစုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်တို့အပြင် သမင်ဖြူရောဂါ အမျိုးအစားကို ခွဲခြားသတ်မှတ်ရာတွင် ကူညီရန် မျိုးဗီဇဆိုင်ရာ အထူးကုပညာရှင်များလည်း ပါဝင်သည်။ မျိုးဗီဇဆိုင်ရာ အထူးကုပညာရှင်သည် နောင်တွင် မွေးဖွားလာမည့် ကလေးငယ်များ၌ ထိုရောဂါပါလာနိုင်ခြေကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုသည်။

မျက်စိပြဿနာများအတွက် ကုသမှုများ
သမင်ဖြူရောဂါကြောင့် ဖြစ်ပွါးသော မျက်စိပြဿနာများကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍မရသော်လည်း မျက်မှန်နှင့် မျက်ကပ်မှန်များကို အသုံးပြု၍ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေသည့် ကုသနည်းများစွာကို ကုသနိုင်သည်။ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် မျက်စိအထူးကုဆရာဝန်နှင့် ပြသ၍ မျက်စိစစ်ဆေးမှု ခံယူရမည်။

  • မျက်မှန်နှင့် မျက်ကပ်မှန်များ (Glasses and contact lenses) အသုံးပြုခြင်း
    ကလေးငယ် ကြီးပြင်းလာသည်နှင့်အမျှ ပုံမှန်မျက်စိစစ်ဆေးမှုများ လိုအပ်ပြီး အမြင်အာရုံ ချို့ယွင်းချက်များကို ပြုပြင်ရန်အတွက် မျက်မှန် သို့မဟုတ် မျက်ကပ်မှန်များ တပ်ဆင်ရန် လိုအပ်နိုင်ခြေ များသည်။
  • အမြင်အာရုံ အထောက်အကူပြုပစ္စည်းများ (Low-vision aids) အသုံးပြုခြင်း
    • စာလုံးကြီးကြီး သို့မဟုတ် ထင်ရှားသောအရောင်ကွဲပြားမှု ရှိသည့်စာအုပ်များ
    • လက်ကိုင်မှန်ဘီလူးများ
    • ကျောင်းရှိ ကျောက်သင်ပုန်းပေါ်မှ စာများကို အဝေးမှ ဖတ်နိုင်ရန် လက်ကိုင်အဝေးကြည့်မှန်ပြောင်း သို့မဟုတ် မျက်မှန်တွင် တပ်ဆင်နိုင်သော မှန်ဘီလူးများ
    • ကွန်ပျူတာမျက်နှာပြင် အကြီးစားများ
    • အသံကို စာသားအဖြစ် ပြောင်းလဲပေးသော သို့မဟုတ် စာသားကို အသံအဖြစ် ပြောင်းလဲပေးသော ဆော့ဖ်ဝဲများ
    • စာသားနှင့် ပုံများကို ပိုမိုရှင်းလင်းစွာ မြင်ရစေရန် ချဲ့ကြည့်နိုင်သည့် အီလက်ထရောနစ်ပစ္စည်းများ
  • အပြင်ထွက်သည့်အခါ နေကာမျက်မှန်များ၊ အရောင်ပါသော မျက်မှန်များ တပ်ဆင်ခြင်းနှင့် အဝိုင်းကျယ်သော ဦးထုပ်များကို ဆောင်းခြင်းဖြင့် အလင်းဒဏ်ကြောင့် မျက်စိစူးခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်းကို သက်သာစေနိုင်သည်
  • မျက်စိကြွက်သားများကို ခွဲစိတ်ဖြတ်ထုတ်၍ ပြန်ဆက်ပေးသည့် ကုသမှုဖြင့် သူငယ်အိမ်လှုပ်ရှားမှု မူမမှန်ခြင်းကို သက်သာစေနိုင်သည်၊ ထို့ပြင် ကလေးများတွင်မူ အချို့သော ကစားစရာများနှင့် ကစားနည်းများဆော့ခြင်းဖြင့် ကလေး၏ ရှိရင်းစွဲ အမြင်အာရုံကို အကောင်းဆုံး အသုံးချနိုင်ရန် မျက်စိအထူးကုဆရာဝန်မှ ကူညီပေးနိုင်သည်
  • မျက်စိစွေခြင်းအတွက် မျက်မှန်တပ်ခြင်း၊ မျက်စိလေ့ကျင့်ခန်းလုပ်ခြင်း၊ ခွဲစိတ်ခြင်းနှင့် မျက်လုံးကြွက်သားများထဲသို့ ဆေးထိုးခြင်းစသည်တို့ဖြင့် ကုသနိုင်သည်။

နေလောင်ခြင်းနှင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို စောင့်ကြည့်ခြင်း

  • သမင်ဖြူရောဂါရှိသူများသည် အရေပြားနေလောင်ခြင်းနှင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို ကာကွယ်ရန် လိုအပ်သည်
  • အရေပြားကင်ဆာ ရှိမရှိ သို့မဟုတ် ကင်ဆာဖြစ်စေနိုင်သော အစက်အပြောက်များ ရှိမရှိကို စစ်ဆေးရန် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် အရေပြားကို စစ်ဆေးမှု ခံယူရမည်
  • နေ‌ရောင်ကာကွယ်နိုင်မှုနှုန်း (SPF) ၃၀ နှင့်အထက်ရှိသော နေလောင်ကာခရင်မ်ကို သုံးစွဲပါ၊ နေပူချိန်အပြင်းဆုံးအချိန်များတွင် အရိပ်ထဲ၌ နေထိုင်ရန်လိုသည်
  • အပြင်ထွက်ပါက နေလောင်ဒဏ်မှ ကာကွယ်နိုင်သော အနားကျယ်သည့် ဦးထုပ်ဝတ်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အရောင်ဖျော့သော၊ ပွ၍ ချောင်ချိသော အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း များပြုလုပ်ခြင်းဖြင့် နေလောင်ခြင်းကိုကာကွယ်နိုင်သည်
  • အရေပြားအပြောင်းအလဲများကို စောင့်ကြည့်ရန် လိုသည်
    • မှဲ့အသစ်များ၊ အဖုအကျိတ်များ ထွက်လာခြင်း
    • မှဲ့များ၊ တင်းတိပ်များ၏ အရွယ်အစား၊ ပုံသဏ္ဌာန် သို့မဟုတ် အရောင် ပြောင်းလဲလာခြင်း ဤလက္ခဏာများကို တွေ့ရှိပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြီး ဆောလျင်စွာ အရေပြားကင်ဆာကို စစ်ဆေးတွေ့ရှိပါက ကုသမှုခံယူနိုင်သည်။
ကာကွယ်ခြင်း

မျိုးရိုးလိုက်သည့် ရောဂါဖြစ်သောကြောင့် သမင်ဖြူရောဂါကို ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် မိသားစုရာဇဝင်တွင် အဆိုပါရောဂါရှိပါက မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် (Genetic Counselor) နှင့် တိုင်ပင်ခြင်းဖြင့် ရောဂါအမျိုးအစားနှင့် ကလေးယူရန် အစီအစဥ်ရှိပါက မွေးဖွားလာမည့် ကလေးငယ်များ၌ ထိုရောဂါပါလာနိုင်ခြေ ရှိမရှိတို့ကို နားလည်အောင် ကူညီရှင်းပြပေးနိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Albinism. Retrieved February 12, 2026, from https://my.clevelandclinic.org/health/diseases/21747-albinism
  2. Mayo Clinic. (n.d.). Albinism: Symptoms and causes. Retrieved February 12, 2026, from https://www.mayoclinic.org/diseases-conditions/albinism/symptoms-causes/syc-20369184
  3. MSD Manuals. (n.d.). Albinism. Retrieved February 12, 2026, from https://www.msdmanuals.com/professional/dermatologic-disorders/pigmentation-disorders/albinism
  4. National Center for Biotechnology Information. (n.d.). Albinism. In StatPearls. Retrieved February 12, 2026, from https://www.ncbi.nlm.nih.gov/books/NBK519018/
  5. National Health Service. (n.d.). Albinism. Retrieved February 12, 2026, from https://www.nhs.uk/conditions/albinism/

Published: 26 February 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.