Ambiguous genitalia (မွေးရာပါ ကျား၊ မ လိင်အင်္ဂါအမျိုးအစား ခွဲခြားမရခြင်း)

Ambiguous genitalia (မွေးရာပါ ကျား၊ မ လိင်အင်္ဂါအမျိုးအစား ခွဲခြားမရခြင်း)

Ambiguous Genitalia ဆိုသည်မှာ မွေးကင်းစကလေးတစ်ဦး၏ ပြင်ပလိင်အင်္ဂါသည် ကျား သို့မဟုတ် မ မည်သည့်လိင်ဖြစ်သည်ကို ရှင်းလင်းစွာ ခွဲခြား၍မရနိုင်သော ရှားပါးသည့် အခြေအနေတစ်ခုဖြစ်သည်။ ထိုကလေး၏ ပြင်ပလိင်အင်္ဂါ (External Genitalia) သည် ပုံမှန်ယောကျ်ားလေး သို့မဟုတ် မိန်းကလေး လိင်အင်္ဂါအဖြစ် အပြည့်အဝ ဖွံ့ဖြိုးမှုမရှိခြင်း သို့မဟုတ် လိင်နှစ်မျိုးစလုံး၏ လက္ခဏာများ ရောနှောပါဝင်နေခြင်းမျိုး တွေ့ရနိုင်သည်။ ၎င်းအခြေအနေကို လိင်အင်္ဂါများ ဖွံ့ဖြိုးမှုဆိုင်ရာ မူမမှန်ခြင်း (Disorders of Sex Development သို့မဟုတ် Difference of Sex Development – DSD) ဟုလည်း ခေါ်ဆိုကြသည်။ ဤအခြေအနေသည် ရှုပ်ထွေးလှသဖြင့် အချို့ဖြစ်ရပ်များတွင် ရောဂါအဖြစ် သတ်မှတ်ရန်ပင် တစ်ခါတစ်ရံ ခက်ခဲတတ်သည်။

ဤအခြေအနေရှိသော ကလေးများတွင် ပြင်ပလိင်အင်္ဂါသည် ကိုယ်ခန္ဓာအတွင်းပိုင်းရှိ မျိုးပွားအင်္ဂါများ (Internal Genitalia) သို့မဟုတ် မျိုးဗီဇလိင် (Genetic Sex) နှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရတတ်သည်။ မျိုးဗီဇလိင်ကို သတ်မှတ်ရာတွင် သာမန်အားဖြင့်_

  • အမျိုးသမီးဖြစ်ပါက XX ခရိုမိုဆုမ်း
  • အမျိုးသားဖြစ်ပါက XY ခရိုမိုဆုမ်းတို့ဖြင့် သတ်မှတ်သည်။
လိင်အင်္ဂါများ၏ ပုံမှန်ဖွံ့ဖြိုးမှုအဆင့်များ

သန္ဓေသား၏ လိင်အင်္ဂါသည် ပုံမှန်အားဖြင့် အဆင့် (၃) ဆင့် ဖွံ့ဖြိုးလေ့ရှိသည်။

  1. မျိုးဗီဇလိင် (Genetic Sex) ဖြစ်ပေါ်ခြင်း
    • ပထမဦးစွာ မျိုးဗီဇလိင် (Genetic Sex) သည် ကျား၏ သုက်ပိုးနှင့် မမျိုးဥတို့ ပေါင်းစပ်၍ သန္ဓေအောင်ချိန်တွင် သတ်မှတ်ခြင်းခံရသည်
    • မိခင်ထံမှ မမျိုးဥတွင် X ခရိုမိုဆုမ်းနှစ်ခု (တစ်စုံ) ပါရှိပြီး၊ ဖခင်ထံမှ သုက်ပိုးတွင် X ခရိုမိုဆုမ်းတစ်ခုနှင့် Y ခရိုမိုဆုမ်းတစ်ခု ပါရှိသည်
    • မိခင်နှင့် ဖခင်ဆီမှ X ခရိုမိုဆုမ်းတစ်ခုစီ ရရှိသော သန္ဓေသားသည် XX ဖြစ်လာပြီး မျိုးဗီဇလိင်အရ မိန်းကလေးအဖြစ် သတ်မှတ်သည်
    • မိခင်ဆီမှ X ခရိုမိုဆုမ်းနှင့် ဖခင်ထံမှ Y ခရိုမိုဆုမ်း ရရှိသော သန္ဓေသားသည် XY ဖြစ်လာပြီး မျိုးဗီဇလိင်အရ ယောကျ်ားလေးအဖြစ် သတ်မှတ်သည်
  2. မျိုးပွားအင်္ဂါများ (Gonads or Sex organs) ဖွံ့ဖြိုးခြင်း
    • သန္ဓေသား၏ ကျား မ မျိုးပွားအင်္ဂါများသည် တူညီသော အစိတ်အပိုင်းတစ်နေရာတည်းမှ ဖွံ့ဖြိုးလာခြင်းဖြစ်သည်
    • မျိုးဗီဇလိင်အရ ယောက်ျားလေးသန္ဓေသား၏ Y ခရိုမိုဆုမ်းပေါ်တွင် SRY ဟုခေါ်သော မျိုးဗီဇနေရာ (Gene) တစ်ခု ပါရှိသည်၊ ထို SRY gene သည် ‌ယောက်ျားလေးမျိုးပွားအင်္ဂါများ ဖွံ့ဖြိုးလာစေရန် အဓိကလုပ်ဆောင်ပေးသည်
    • ထို့ကြောင့် SRY gene ရှိသော ယောက်ျားလေးသန္ဓေသားတွင် ကျားမျိုးပွားအင်္ဂါဖြစ်သော ဝှေးစေ့ (Testes) များ ဖြစ်ပေါ်လာပြီး၊ SRY gene နှင့် Y ခရိုမိုဆုမ်း မပါရှိသော မိန်းကလေး သန္ဓေသားတွင် မမျိုးပွားအင်္ဂါဖြစ်သော သားဥအိမ် (Ovaries) များဖြစ်လာသည်
    • နောက်ပိုင်းတွင် ထိုမျိုးပွားအင်္ဂါများမှ သက်ဆိုင်ရာ ကျားဟော်မုန်းနှင့် မဟော်မုန်းများကို ထုတ်လုပ်ပေးခြင်းကြောင့် ကိုယ်ခန္ဓာအတွင်းရှိ မျိုးပွားအင်္ဂါများအပြင် ပြင်ပလိင်အင်္ဂါများပါ ဆက်လက်ဖွံ့ဖြိုးဖြစ်ပေါ်လာသည်
    • ကိုယ်တွင်းရှိ လိင်အင်္ဂါများအနေဖြင့် ယောက်ျားလေးများတွင် ဆီးကျိတ်ဂလင်း (Prostate gland) များပေါ်လာပြီး မိန်းကလေးများတွင် သားအိမ် (Uterus)၊ သားဥပြွန် (Fallopian tubes)၊ ယောနိလမ်းကြောင်း (Vagina) စသည်ဖြင့် ဆက်လက်ဖွံ့ဖြိုးလာသည်
  3. ပြင်ပလိင်အင်္ဂါများ (External genitalia) ဖွံ့ဖြိုးခြင်း
    • ပြင်ပလိင်အင်္ဂါများအနေဖြင့် ယောကျ်ားလေးများတွင် လိင်တံ (Penis) နှင့် ကပ်ပယ်အိတ် (Scrotum) တို့ ပါဝင်ပြီး၊ မိန်းကလေးများတွင် မိန်းမကိုယ် အပြင်နှုတ်ခမ်းသား (Labia majora)၊ မိန်းမကိုယ် အတွင်းနှုတ်ခမ်းသား (Labia minora)၊ ယောနိလမ်းကြောင်းအဝ (Vaginal opening)၊ ဆီးစွန့်ပြွန်အဝ (Opening of urethra)၊ မအင်္ဂါစေ့ (Clitoris) စုပေါင်းပါဝင်သည့် ပြင်ပမိန်းမကိုယ်အစိတ်အပိုင်း (Vula) တို့ ပါဝင်သည်

ဤဖြစ်စဉ်အဆင့်ဆင့်တွင် တစ်နေရာ၍ လွဲချော်သွားပါက ကျား၊ မ လိင်အင်္ဂါအမျိုးအစား ခွဲခြားမရသောရောဂါ (Ambiguous Genitalia) ဖြစ်ပေါ်လာနိုင်သည်။ ခရိုမိုဆုမ်း သို့မဟုတ် မျိုးဗီဇဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာနှင့် ပတ်ဝန်းကျင်အခြေအနေဆိုင်ရာ ပုံမမှန်ကွဲပြားမှုများကြောင့် ဖြစ်ပေါ်ပြီး မိဘများထံမှ မျိုးဗီဇပါလာခြင်း ဖြစ်နိုင်သကဲ့သို့ အကြောင်းရင်းမသိဘဲ ဖြစ်ခြင်းလည်း ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သန္ဓေသား၏ လိင်အင်္ဂါဖွံ့ဖြိုးမှု အဆင့်ဆင့်တွင် ပြောင်းလဲမှုများရှိခဲ့ပါက ကလေး၏ ပြင်ပလိင်အင်္ဂါ အသွင်အပြင်နှင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိ မျိုးပွားအင်္ဂါများ သို့မဟုတ် မျိုးဗီဇလိင် (Genetic sex – XX or XY) တို့ကြား ကိုက်ညီမှုမရှိခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

  1. မျိုးဗီဇလိင်အရ ယောကျ်ားလေး (46XY) များတွင် မိခင်ဝမ်းဗိုက်အတွင်း ကလေးဖွံ့ဖြိုးနေစဉ် ကျားဟော်မုန်း (Androgen) လုံလောက်စွာ ထုတ်လုပ်ခြင်း သို့မဟုတ် ကျားဟော်မုန်းကို ခန္ဓာကိုယ်မှ တုံ့ပြန်ခြင်းမရှိပါက ပုံမှန်မဟုတ်သော ပြင်ပလိင်အင်္ဂါများ ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့်_
    • ဝှေးစေ့ဖွံ့ဖြိုးမှုဆိုင်ရာ မူမမှန်ပြဿနာများ (Testicular development problem)
    • ဝှေးစေ့ဖွံ့ဖြိုးမှု မူမမှန်ခြင်းကြောင့် ၎င်းမှ ထုတ်လုပ်သော တက်စတိုစတီရုန်း (Testosterone) ဟော်မုန်း မထုတ်လုပ်နိုင်ခြင်း
    • Androgen Insensitivity Syndrome – ခန္ဓာကိုယ်မှ ကျားဟော်မုန်းကို တုံ့ပြန်မှုမရှိခြင်း
    • 5-alpha-reductase deficiency – ကျားဟော်မုန်း ဖြစ်ပေါ်စေရန် ကူညီပေးသည့် အင်ဇိုင်းအလုံအလောက် မရှိခြင်း စသည်တို့ကြောင့်ဖြစ်သည်။
  2. မျိုးဗီဇလိင်အရ မိန်းကလေး (46XX) များတွင် မိခင်ဝမ်းဗိုက်အတွင်း ကလေးဖွံ့ဖြိုးနေစဉ် ကျားဟော်မုန်းများနှင့် အလွန်အကျွံ ထိတွေ့မှုရှိပါက ပြင်ပလိင်အင်္ဂါသည် ယောကျ်ားလေးကဲ့သို့ ပြောင်းလဲသွားနိုင်သည်။ ဥပမာအားဖြင့်_
    • Congenital Adrenal Hyperplasia (CAH) – ကိုယ်ခန္ဓာအတွင်းရှိ အက်ဒရီနယ်ဂလင်းမှ ကျားဟော်မုန်းများ အလွန်အကျွံ ထုတ်ပေးသည့်အခြေအနေ
    • မိခင်ကိုယ်ဝန်ဆောင်စဉ်အတွင်း ကျားဟော်မုန်းပါသော ဆေးဝါးများသုံးစွဲမိခြင်း သို့မဟုတ် မိခင်၏ ကျန်းမာရေးအခြေအနေကြောင့် ဟော်မုန်းမမျှတခြင်း
    • ကိုယ်ဝန်ဆောင်မိခင်တွင် ဖြစ်‌ပေါ်သည့် ရှားပါးသောအကျိတ် (Tumor) များမှ ကျားဟော်မုန်း ထုတ်လုပ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။
  3. မျိုးဗီဇဆိုင်ရာ အပြောင်းအလဲများကြောင့် လိင်အင်္ဂါများ ကောင်းစွာမဖွံ့ဖြိုးခြင်း (Gonadal dysgenesis)
    • အချို့သော မျိုးဗီဇ (Genes) များတွင် ပုံမမှန်သော ပြောင်းလဲမှုများရှိခြင်းသည် သန္ဓေသား၏ လိင်ဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိစေပြီး ပုံမှန်မဟုတ်သော လိင်အင်္ဂါများကို ဖြစ်ပေါ်စေနိုင်သည်
    • ထို့ပြင် ခန္ဓာကိုယ်အစိတ်အပိုင်း အများအပြားကို ထိခိုက်စေနိုင်သည့် ရှားပါးသော သို့မဟုတ် ရှုပ်ထွေးသော ရောဂါစု (Syndromes) များ၏ လက္ခဏာတစ်ခုအနေဖြင့်လည်း ပုံမှန်မဟုတ်သော လိင်အင်္ဂါများ ဖြစ်ပေါ်တတ်သည်
    • ထိုရောဂါစုများတွင် လိင် ခရိုမိုဆုမ်း (Sex chromosome) တစ်ခု လျော့နည်းနေခြင်း သို့မဟုတ် တစ်ခု ပိုနေခြင်းကဲ့သို့သော ခရိုမိုဆုမ်းဆိုင်ရာ အပြောင်းအလဲများ ပါဝင်နိုင်သည်
  4. ကျားမျိုးပွားအင်္ဂါနှင့် မမျိုးပွားအင်္ဂါ နှစ်မျိုးလုံးပါဝင်နေခြင်း (Ovotesticular DSD)
    • အလွန်ရှားပါးသောအခြေအနေဖြစ်ပြီး ကလေး၏ မျိုးပွားအင်္ဂါတွင် သားဥအိမ်ရော ဝှေးစေ့တစ်ရှူးပါ ပါဝင်နေခြင်း သို့မဟုတ် တစ်ဖက်စီတွင် တစ်မျိုးစီ ရှိနေခြင်းဖြစ်သည်
ရောဂါလက္ခဏာများ

ကလေးမွေးဖွားလာချိန်တွင် စစ်ဆေးပေးသော ကလေးအထူးကုဆရာဝန် သို့မဟုတ် မွေးကင်းစကလေး အထူးကုဆရာဝန်များမှ ဤအခြေအနေကို စတင်သတိပြုမိလေ့ရှိသည်။ ကျား၊ မ မျိုးဗီဇအလိုက် တွေ့ရှိရသော ကွဲပြားမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မျိုးဗီဇလိင်အရ မိန်းကလေး (46 XX) များတွင်
    • မအင်္ဂါစေ့ (Clitoris) သည် ပုံမှန်ထက်ကြီးနေပြီး လိင်တံ (Penis) အသေးစားနှင့် တူနေခြင်း
    • ဆီးစွန့်ပြွန် (Urethra) အပေါက် တည်နေရာသည် ပုံမှန်နေရာတွင် မရှိခြင်း
    • မိန်းမကိုယ်နှုတ်ခမ်းသား (Labia) များ ပူးကပ်နေပြီး ကပ်ပယ်အိတ် (Scrotum) နှင့် တူနေခြင်း
    • ထိုပူးကပ်နေသော နှုတ်ခမ်းသားအတွင်း၌ ဝှေးစေ့ (Testis) ကဲ့သို့သော အလုံးများ စမ်းမိခြင်း
  • မျိုးဗီဇလိင်အရ ယောကျ်ားလေး (46 XY) များတွင်
    • လိင်တံ (Penis) သည် အလွန်သေးငယ်နေပြီး မအင်္ဂါစေ့ (Clitoris) နှင့် တူနေခြင်း (Micropenis)
    • ဆီးစွန့်ပြွန် (Urethra) အပေါက်သည် လိင်တံထိပ်တွင် မရှိဘဲ လိင်တံအရင်းပိုင်းတွင် ပွင့်နေခြင်း (Hypospadias)
    • ကပ်ပယ်အိတ် (Scrotum) သည် နှစ်ခြမ်းကွဲနေပြီး မိန်းမကိုယ်နှုတ်ခမ်းသား (Labia) နှင့် တူနေခြင်း
    • ဝှေးစေ့ တစ်လုံး သို့မဟုတ် နှစ်လုံးစလုံး မရှိခြင်း သို့မဟုတ် ဝှေးစေ့များ ကပ်ပယ်အိတ်ထဲသို့ ဆင်းမလာခြင်း (Undescended Testes)
နောက်ဆက်တွဲပြဿနာများ

ဤအခြေအနေတွင် ချက်ချင်းကြုံတွေ့ရနိုင်သည့် အရေးပေါ် ကျန်းမာရေးပြဿနာများနှင့် ရေရှည် နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ချက်ချင်းဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
    • အသက်အန္တရာယ်ရှိသော ဆားဓာတ်ချို့တဲ့ခြင်း (Adrenal Crisis / Salt-wasting)
      • အရေးကြီးဆုံး နောက်ဆက်တွဲပြဿနာဖြစ်သည်၊ Congenital Adrenal Hyperplasia (CAH) ကဲ့သို့သော အခြေအနေများတွင် ခန္ဓာကိုယ်မှ ဆိုဒီယမ် (Sodium) ဓာတ်ကို မထိန်းသိမ်းနိုင်ဘဲ ပိုတက်စီယမ် (Potassium) ဓာတ်များ အလွန်အမင်း မြင့်တက်လာတတ်သည်၊ ၎င်းကြောင့် ကလေးသည် အန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးပေါင်ကျခြင်းနှင့် နှလုံးရပ်သည်အထိ အသက်အန္တရာယ် ကြုံတွေ့ရနိုင်သည်
    • ဆီးလမ်းကြောင်းဆိုင်ရာ အခက်အခဲများ
      • ဆီးစွန့်ပြွန်အပေါက်သည် ပုံမှန်မဟုတ်သော နေရာတွင် ရှိနေခြင်း သို့မဟုတ် ပိတ်နေခြင်းတို့ကြောင့် ဆီးစွန့်ရခက်ခဲခြင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infections) များ ဖြစ်ပွါးနိုင်သည်
    • ဟော်မုန်းဓာတ် မမျှတခြင်း
      • မွေးကင်းစအရွယ်တွင် လိုအပ်သော အက်ဒရီနယ်ဟော်မုန်း (Adrenal hormones) များ မထုတ်လုပ်နိုင်ပါက ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ ကမောက်ကမ ဖြစ်နိုင်သည်
  2. ရေရှည်ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
    • သားသမီးမရနိုင်ခြင်း (Infertility)
      • ရောဂါအမျိုးအစားနှင့် မျိုးပွားအင်္ဂါများ၏ လုပ်ဆောင်ချက်ပေါ် မူတည်၍ အသက်ကြီးလာချိန်တွင် ကလေးရနိုင်ခြေ နည်းပါးနိုင်သည်၊ ဥပမာအားဖြင့် CAH ရှိသော အမျိုးသမီးများတွင် ကိုယ်ဝန်ရရှိရန် ခက်ခဲတတ်သည်
    • ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်း
      • လိင်အင်္ဂါများ ဖွံ့ဖြိုးမှုဆိုင်ရာ မူမမှန်သော အခြေအနေ (DSD) အချို့တွင် အကျိတ်များနှင့် ကင်ဆာအမျိုးအစားအချို့ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်သည်
    • စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ (Psychosocial Issues)
      • ကလေးသည် ကြီးပြင်းလာသည့်အခါ ၎င်း၏ လိင်လက္ခဏာ (Gender Identity) နှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်းနှင့် လူမှုပတ်ဝန်းကျင်တွင် အခက်အခဲဖြစ်ခြင်းများ ကြုံတွေ့ရနိုင်သည်
    • လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အားနည်းခြင်း
      • အရွယ်ရောက်လာသည့်အခါ လိင်ဆက်ဆံမှုပြုရန် ခက်ခဲခြင်း သို့မဟုတ် စိတ်ကျေနပ်မှုမရှိခြင်း စသည်တို့ ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါအခြေအနေများသည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေများ ဖြစ်နိုင်သဖြင့် ကလေးအထူးကုဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည်။

  • ကလေးသည် နို့မစို့ခြင်း၊ အဆက်မပြတ်အန်ခြင်း သို့မဟုတ် မှိန်းနေခြင်း – ၎င်းသည် အသက်အန္တရာယ်ရှိသော ဆားဓာတ်ချို့တဲ့ခြင်း (Adrenal Crisis) ၏ ရှေ့ပြေးလက္ခဏာများ ဖြစ်နိုင်သည်
  • ကိုယ်အလေးချိန် သိသိသာသာ လျော့ကျခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်း – ကလေး၏ မျက်တွင်းချိုင့်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်းနှင့် အသားအရေ ခြောက်သွေ့ခြင်းများကို သတိပြုရမည်
  • ဆီးစွန့်ရခက်ခဲခြင်း – ဆီးသွားသည့်အခါ အားစိုက်နေရခြင်း သို့မဟုတ် ဆီးထွက်နည်းနေခြင်းများ ရှိပါက ချက်ချင်းပြသရမည်

မွေးကင်းစကလေးတွင် ဤအခြေအနေကို တွေ့ရှိရခြင်းသည် မိသားစုအတွက် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို များစွာဖြစ်စေနိုင်သည်။ ထို့ကြောင့် အောက်ပါအချက်များကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်။

  • အမည်ပေးခြင်းနှင့် လိင်သတ်မှတ်ခြင်းဆိုင်ရာ အခက်အခဲ
    ကလေး၏ လိင်အမျိုးအစားကို ချက်ချင်းခွဲခြားရန် ခက်ခဲသောကြောင့် အမည်ပေးရန်နှင့် မွေးစာရင်းသွင်းရန် မိဘများတွင် အကျပ်အတည်း ဖြစ်လေ့ရှိသည်။ ကလေး၏ ကျန်းမာရေးနှင့် မျိုးဗီဇဆိုင်ရာ စစ်ဆေးချက်များ မထွက်လာသေးမီ ကျား၊ မ မည်သူမဆိုသုံးနိုင်သော (Gender-neutral) အမည်တစ်ခုကို ယာယီအသုံးပြုရန် ဆရာဝန်များမှ အကြံပြုလေ့ရှိသည်။
  • အထူးကုဆရာဝန်များနှင့် တိုင်ပင်ခြင်း
    သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်များ (Genetic Counselors) နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် ကလေး၏ လိင်သတ်မှတ်ခြင်းနှင့် ရှေ့ဆက်ရမည့် ကုသမှုများအတွက် အလွန်အရေးကြီးသည်။
ရောဂါရှာဖွေခြင်း

ကျား၊ မ လိင်အင်္ဂါအမျိုးအစား ခွဲခြားမရသောအခြေအနေကို ကလေးမမွေးဖွားမီ သွေးစစ်ခြင်း၊ ဝမ်းဗိုက်အာထရာဆောင်း (USG) ရိုက်ခြင်းတို့တွင် တွေ့ရလေ့မရှိဘဲ အများအားဖြင့် ကလေးမွေးဖွားလာချိန်မှသာ တွေ့ရလေ့ရှိသည်။ ထိုအခါ သက်ဆိုင်ရာဆရာဝန်မှ မိခင်အား ရောဂါရာဇဝင် မေးမြန်းခြင်း၊ ကလေး၏ ပြင်ပလိင်အင်္ဂါများ ပုံပန်းသွင်ပြင်ကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် လိုအပ်ပါက သွေးဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်စစ်ဆေးခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။

အကြောင်းရင်းကို ရှာဖွေခြင်း
ကလေးတွင် ဤအခြေအနေ ဖြစ်ရသည့်အကြောင်းရင်းကို သိရှိမှသာ ကုသမှုနှင့် ကလေး၏ လိင်သတ်မှတ်ခြင်းကို မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ဆရာဝန်များသည် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။

  1. သွေးစစ်ဆေးမှုများ
    • သွေးထဲရှိ ဟော်မုန်းပမာဏများ စစ်ဆေးခြင်း – သွေးစစ်၍ ခန္ဓာကိုယ်အတွင်းရှိ ကျား မ ဟော်မုန်းများ၏ ပမာဏကို တိုင်းတာစစ်ဆေးခြင်း
    • ခရိုမိုဆုမ်း အရေအတွက်နှင့် အမျိုးအစားစစ်ဆေးခြင်း – မျိုးဗီဇလိင်အရ ယောက်ျားလေး (XY) သို့မဟုတ် မိန်းကလေး (XX) ဖြစ်ကြောင်းကို ခွဲခြားသိရှိနိုင်သည်
  2. ပုံရိပ်ဖော်စစ်ဆေးမှုများ
    • ဝမ်းဗိုက်အာထရာဆောင်း (USG) – ဗိုက်ထဲတွင် ဝှေးစေ့ သို့မဟုတ် သားအိမ်၊ သားဥပြွန်နှင့် သားဥအိမ်များ ရှိမရှိ စစ်ဆေးနိုင်သည်
    • သံလိုက်ဓာတ်မှန် (MRI) – ကိုယ်တွင်းအင်္ဂါများကို အသေးစိတ်သိရှိရန် ရိုက်ကူးနိုင်သည်
    • ဓာတ်မှန် (X-ray) – တစ်ခါတစ်ရံ Contrast ဆေးရည်ကို အသုံးပြု၍ ဝမ်းဗိုက်၏ တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများ၏ တည်ဆောက်ပုံကို ကြည့်ရှုနိုင်သည်
  3. မှန်ပြောင်းဖြင့် အသားစယူ၍ စစ်ဆေးခြင်း (Laparoscopy and/or Biopsy)
    လိုအပ်ပါက အသေးစားခွဲစိတ်မှုပြုလုပ်၍ ကလေး၏ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှ အသားစယူ၍ စစ်ဆေးခြင်းများလည်း ပြုလုပ်နိုင်သည်။

ကျား၊ မ လိင်အမျိုးအစားသတ်မှတ်ခြင်း (Deciding the Sex)
သွေးစစ်ဆေးမှုများနှင့် ပုံရိပ်ဖော်စစ်ဆေးမှုများအားလုံး၏ ရလဒ်များပေါ်မူတည်၍ ဆရာဝန်မှ ကလေး၏ မျိုးဗီဇလိင်၊ ခန္ဓာကိုယ်အတွင်းရှိ မျိုးပွားအင်္ဂါများ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အနာဂတ်တွင် ကလေးရနိုင်ခြေ ရှိမရှိနှင့် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း ရှိမရှိတို့ကို မူတည်၍ ကလေးအတွက် လိင်အမျိုးအစားတစ်ခုကို သတ်မှတ်ရန် အကြံပြုမည်ဖြစ်သည်။

မိဘများအနေဖြင့် စစ်ဆေးမှုများအားလုံး မပြီးမချင်း စိတ်ရှည်စွာ စောင့်ဆိုင်းရန် အရေးကြီးသည်။ ကလေးအတွက် လိင်အမျိုးအစား သတ်မှတ်ရန်မှာ အလောတကြီးမလုပ်သင့်ဘဲ အချိန်ယူ၍ တိကျစွာ ဆုံးဖြတ်မှုပေးနိုင်ရန်မှာ အရေးကြီးဆုံးဖြစ်သည်။ ထို့ပြင် ကလေးကြီးပြင်းလာသည့်အခါတွင်လည်း ၎င်း၏ လိင်သတ်မှတ်ချက် (Gender Identity) နှင့် ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြောင်းလဲသွားနိုင်သည်ကို မိဘများ သိရှိထားသင့်သည်။

ကုသခြင်း

ကျား၊ မ လိင်အင်္ဂါအမျိုးအစား ခွဲခြားမရသော အခြေအနေဖြင့် မွေးဖွားလာခြင်းသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဘဝအပေါ် သက်ရောက်မှုများစွာ ရှိနိုင်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ကလေး၏ ရေရှည်စိတ်ကျန်းမာရေး၊ လူမှုဘဝ ကောင်းမွန်ရေးနှင့် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများ ရရှိစေရန်ဖြစ်သည်။

  • စုပေါင်းတိုင်ပင်ကုသခြင်း (Multidisciplinary Team Approach) – ဤအခြေအနေအတွက် ကလေးအထူးကု၊ မျိုးဗီဇဆိုင်ရာအထူးကု၊ ဟော်မုန်းဗေဒအထူးကု၊ ကလေးခွဲစိတ်အထူးကုနှင့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များပါဝင်သော အဖွဲ့သည် မိဘများနှင့်အတူ စုပေါင်းတိုင်ပင်ပြီး ကလေးအတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရမည်
  • ဟော်မုန်းအစားထိုး ကုသခြင်း (Hormone Replacement Therapy) – ဟော်မုန်းပမာဏ မမျှတမှုများကို ပြန်လည်ထိန်းညှိပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် Congenital Adrenal Hyperplasia (CAH) ကြောင့် လိင်အင်္ဂါကြီးနေသော မိန်းကလေးများတွင် ဟော်မုန်းဆေးဖြင့် ကုသခြင်းသည် အလွန်ထိရောက်မှုရှိသည်
  • ခွဲစိတ်ကုသခြင်း (Surgery) – ပြင်ပလိင်အင်္ဂါကို သဘာဝနှင့် နီးစပ်သော ပုံစံဖြစ်စေရန်နှင့် ပုံမှန်လုပ်ဆောင်ချက်များ ရရှိစေရန် ရည်ရွယ်သည်

ခွဲစိတ်မည့်အချိန် (Timing of Surgery)

  • အရေးပေါ်အခြေအနေ – ဆီးစွန့်ပြွန်နေရာလွဲခြင်း သို့မဟုတ် အပေါက်မပါခြင်းကဲ့သို့ ဆီးသွားရန် အခက်အခဲရှိသော အခြေအနေများတွင် ချက်ချင်းခွဲစိတ်ရန် လိုအပ်သည်
  • အလှအပနှင့် ပုံဖော်ခြင်းဆိုင်ရာ ခွဲစိတ်မှု – လိင်အင်္ဂါကို ပုံဖော်ခြင်းသည် လက်ရှိတွင် အငြင်းပွါးဖွယ်ရာ ရှိနိုင်သဖြင့် အရေးပေါ်မဟုတ်ပါက ကလေးအရွယ်ရောက်ပြီး ၎င်းကိုယ်တိုင် ဆုံးဖြတ်နိုင်သည်အထိ စောင့်ရန် ဆရာဝန်များက အကြံပြုလေ့ရှိသည်
  • မိန်းကလေးများတွင် ခွဲစိတ်ခြင်း – မိန်းမကိုယ်လမ်းကြောင်းအဝတွင် အရေပြားဖုံးကွယ်နေပါက နောင်တွင် လိင်ဆက်ဆံမှု အဆင်ပြေစေရန် ကလေးဘဝကတည်းက ကြိုတင်ခွဲစိတ်ပေးလေ့ရှိသည်
  • ယောကျ်ားလေးများတွင် ခွဲစိတ်ခြင်း – လိင်တံပုံဖော်ခြင်းနှင့် ဝှေးစေ့ကို ကပ်ပယ်အိတ်အတွင်းသို့ ပြန်ရွှေ့ခြင်း (Orchidopexy) စသည့် ခွဲစိတ်မှုများကို စောစီးစွာ လုပ်ဆောင်ပေးနိုင်သည်

ဆက်လက်စောင့်ကြည့်ကုသမှု (Ongoing Care)
ဤကလေးငယ်များသည် လူကြီးဘဝရောက်သည်အထိ ပုံမှန်စစ်ဆေးမှုများ ဆက်လက်ခံယူရန် လိုအပ်သည်။ ခွဲစိတ်မှု၏ နောက်ဆက်တွဲပြဿနာများ ရှိမရှိနှင့် အထူးသဖြင့် ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးရမည်ဖြစ်သည်။

ပြောင်းလဲတိုးတက်မှုများ (Recent Advances and Updates)
  • မျိုးဗီဇဆိုင်ရာ တိုးတက်မှု (Genomic Diagnostics) – ယခုအခါ Next-Generation Sequencing (NGS) နည်းပညာကို အသုံးပြု၍ ရောဂါဖြစ်စေသော မျိုးဗီဇကို ပိုမိုမြန်ဆန်တိကျစွာ ရှာဖွေနိုင်လာသဖြင့် ကုသမှုပုံစံကို စောစီးစွာ ဆုံးဖြတ်နိုင်သည်
  • တိုးတက်လာသော ခွဲစိတ်မှုနည်းပညာ (Refined Surgical Techniques) – လိင်ပိုင်းဆိုင်ရာ အာရုံခံနိုင်စွမ်းကို မထိခိုက်စေရန် အာရုံကြောနှင့် သွေးကြောများကို အလေးထားထိန်းသိမ်းသော နည်းပညာသစ်များ ပိုမိုထွက်ပေါ်လာသည်
  • စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု (Psychosocial Support Groups) – မိဘများနှင့် ကလေးများအတွက် ဆေးဝါးကုသမှုအပြင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုနှင့် အလားတူအခြေအနေရှိသူအချင်းချင်း ပံ့ပိုးကူညီသော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ပိုမိုအလေးပေးလာကြသည်
ကာကွယ်ခြင်း

ကျား၊ မ လိင်အင်္ဂါအမျိုးအစား ခွဲခြားမရသော အခြေအနေသည် မွေးရာပါ အခြေအနေတစ်ခုဖြစ်သဖြင့် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ပါ။ သို့သော် ကလေးယူရန် စီစဉ်နေသူများအနေဖြင့် မိမိတို့မိသားစုတွင် ယခင်က အကြောင်းရင်းရှာမရဘဲ မွေးကင်းစကလေး ရုတ်တရက် သေဆုံးဖူးခြင်း၊ သားသမီးရရန် ခက်ခဲခြင်း သို့မဟုတ် လိင်အင်္ဂါပုံမှန်မဟုတ်သော ရာဇဝင်များရှိပါက ကိုယ်ဝန်မယူမီ ဆေးရုံ၊ ဆေးခန်းပြသ၍ ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ခြင်း၊ လိုအပ်သည့် စစ်ဆေးမှုများ ကြိုတင်ပြုလုပ်သင့်သည့်အပြင် လိုအပ်ပါက မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်များနှင့် နှစ်သိမ့်ဆွေးနွေးတိုင်ပင်ခြင်းကို ပြုလုပ်သင့်သည်။

References:

  1. Cleveland Clinic. (n.d.). Atypical genitalia (formerly known as ambiguous genitalia). Retrieved January 12, 2026, from https://my.clevelandclinic.org/health/diseases/22470-atypical-genitalia-formerly-known-as-ambiguous-genitalia
  2. Mayo Clinic. (n.d.). Atypical genitalia — Diagnosis and treatment. Retrieved January 12, 2026, from https://www.mayoclinic.org/diseases-conditions/atypical-genitalia/diagnosis-treatment/drc-20369278
  3. NHS. (n.d.). Differences in sex development. Retrieved January 12, 2026, from https://www.nhs.uk/conditions/differences-in-sex-development/
  4. MedlinePlus. (n.d.). Ambiguous genitalia. Retrieved January 12, 2026, from https://medlineplus.gov/ency/article/003269.htm
  5. Children’s Hospital of Philadelphia. (n.d.). Ambiguous genitalia. Retrieved January 12, 2026, from https://www.chop.edu/conditions-diseases/ambiguous-genitalia
  6. Children’s Hospital Colorado. (n.d.). Ambiguous genitalia. Retrieved January 12, 2026, from https://www.childrenscolorado.org/conditions-and-advice/conditions-and-symptoms/conditions/ambiguous-genetalia/

Published: 21 February 2026

Share

21 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.