လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း (Carpal Tunnel Syndrome) သည် အလွန်အဖြစ်များသော လက်ကောက်ဝတ်ဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ လက်ကောက်ဝတ်အတွင်းရှိ အာရုံကြောသွားရာ လမ်းကြောင်းတွင် ရောင်ရမ်းမှုများ ဖြစ်ပေါ်ကာ မီဒီယန်နာဗ် အာရုံကြော (Median nerve) ကို ဖိမိရာမှ လက်နှင့် လက်ကောက်ဝတ်တို့တွင် နာကျင်ခြင်း၊ ထုံကျဉ်ခြင်းနှင့် အားနည်းခြင်းတို့ကို ဖြစ်စေသည်။
လက်ကောက်ဝတ်အရိုးလှိုင်ခေါင်း (Carpal Tunnel) ဆိုသည်မှာ လက်ကောက်ဝတ်အဆစ်အနီးတွင် အရိုးငယ်များ ချိတ်ဆက်ဖြစ်ပေါ်နေသည့် ဥမင်လိုဏ်ခေါင်းပုံသဏ္ဌာန် နေရာလွတ်တစ်ခုဖြစ်သည်။ လက်ဖဝါးအတွင်းရှိ အရွတ်ကြောများ၊ အရွတ်အမြှေးပါးနှင့် အာရုံကြောများသည် ထိုဥမင်လိုဏ်ခေါင်းကို ဖြတ်သန်း၍သွားသည်။ လိုဏ်ခေါင်းအကျယ်သည် အရွတ်နှင့်အာရုံကြောများ၏ အရွယ်အစားနှင့် အံဝင်ခွင်ကျဖြစ်နေသဖြင့် လိုဏ်ခေါင်းအတွင်း ဖိအားတက်ခြင်း၊ လိုဏ်ခေါင်းအပြင်ဘက်မှ ဖိအားများခြင်းတို့ ဖြစ်ပေါ်လျှင် အတွင်းရှိ မီဒီယန်နာဗ် အမည်ရှိ အာရုံကြော (Median Nerve) ကို ဖိ၍ ပိစေနိုင်သည်။
အဆိုပါအာရုံကြောကို ပိသည့်အခါ လက်ချောင်းနှင့် လက်ဖဝါးတွင် ထုံခြင်း၊ နာကျင်ခြင်းကို ဖြစ်ပေါ်စေသည်။ လက်ဖဝါးတွင်းရှိ ကြွက်သားများကို အားပျော့စေသည်။ ဤသို့လက္ခဏာများ ခံစားရခြင်းကို လက်ကောက်ဝတ်ရှိ အာရုံကြောပိခြင်းလက္ခဏာစု (Carpal Tunnel Syndrome) ဟုခေါ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လက်ကောက်ဝတ် အရိုးဥမင်လိုဏ်ခေါင်း အနီးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကြောင့် လိုဏ်ခေါင်းအတွင်းရှိ မီဒီယန်နာဗ် အာရုံကြောကို ပိစေနိုင်သည်။
အောက်ပါအကြောင်းရင်းများကြောင့် လက်ကောက်ဝတ် ၌အာရုံကြောပိခြင်းကို ဖြစ်စေသည်။
- ထပ်ခါတလဲလဲ လှုပ်ရှားမှုကြောင့်ဖြစ်သော ဒဏ်ရာများ (Repetitive strain injuries)
- အဆစ်ရောင်ရောဂါ (Arthritis)
- အရွတ်ထိခိုက်ဒဏ်ရာရခြင်း (Sprains)
- လက်ကောက်ဝတ်အရိုး ကျိုးခြင်း (Wrist fractures)
- ဂန်ဂလီယံ အရည်အိတ်များ (Ganglion cysts)
- ဆီးချိုရောဂါ (Diabetes)
- သိုင်းရွိုက်ဟော်မုန်း နည်းသည့်ရောဂါ (Hypothyroidism)
- ရူမတွိုက်အဆစ်ရောင်ရောဂါ (Rheumatoid arthritis)
- ဂေါက်ရောဂါ (Gout)
- အဝလွန်ခြင်း (Obesity)
- အေမိုင်းလွိုက်ပရိုတိန်း စုပုံအနည်ကျသောရောဂါ (Amyloidosis)
ဖြစ်ပွါးနိုင်ခြေများသူများ
- ကိုယ်ဝန်ဆောင် အမျိုးသမီးများ
- အသက် (၄၀) ကျော် လူကြီးများ (အမျိုးသမီးများတွင် ပိုမိုဖြစ်ပွါးနိုင်သည်)
- မိသားစုဝင်ထဲတွင် လက်ကောက်ဝတ် အာရုံကြောဖိမိခြင်း ရောဂါရှိသူများ
- လုပ်ငန်းခွင်တွင် လက်နှင့်လက်ကောက်ဝတ်ကို ထပ်ခါတလဲလဲ အသုံးပြုရသူများ (ဥပမာ _ တူဖြင့် ထုရိုက်ခြင်း)
- တုန်ခါမှုရှိသော စက်ကိရိယာများကို အသုံးပြုရသူများ (ဥပမာ _ လွန်ပူ သို့မဟုတ် ကျောက်တူးစက်များ)
ရောဂါလက္ခဏာများ
လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း ၏ အဖြစ်အများဆုံး လက္ခဏာများမှာ_
- လက်ကောက်ဝတ်၊ လက်ဖဝါး သို့မဟုတ် လက်ချောင်းများ (အထူးသဖြင့် လက်ချောင်းထိပ်များ) ထုံကျဉ်ခြင်း
အများအားဖြင့် လက်မ၊ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့တွင် ခံစားရလေ့ရှိသော်လည်း လက်သန်းတွင်မူ ဖြစ်လေ့မရှိပါ။ ထိုလက်ချောင်းများတွင် လျှပ်စစ်စီးသွားသကဲ့သို့ သို့မဟုတ် ဓာတ်လိုက်သကဲ့သို့ ထုံကျဥ်ခြင်းကို ခံစားရနိုင်သည်။ - လက်ကောက်ဝတ်၊ လက်ဖဝါး သို့မဟုတ် လက်ချောင်းများ နာကျင်ခြင်း
- အရာဝတ္ထုများကို လက်ဖြင့်ဆုပ်ကိုင်နိုင်စွမ်း ပုံမှန်ထက် အားနည်းခြင်း
လက်ထဲတွင် အားမရှိသကဲ့သို့ ခံစားရပြီး ကိုင်ထားသော ပစ္စည်းများ လွတ်ကျတတ်သည်။ - လက်မဘက်ခြမ်းရှိ လက်ဖဝါးကြွက်သားသိမ်သွားခြင်း
- ပစ္စည်းများကို ကိုင်တွယ်ရန် သို့မဟုတ် ထိန်းချုပ်ရန် ခက်ခဲခြင်း (ဥပမာ _ ဖုန်းကိုင်ခြင်း၊ ကားစတီယာရင်ကို ဆုပ်ကိုင်ခြင်း၊ ဘောပင်ကိုင်ခြင်း သို့မဟုတ် ကွန်ပျူတာ စာရိုက်ခြင်း)
- နောက်ပိုင်းတွင် လက်နှင့် လက်ချောင်းများ ထုံကျဉ်နေခြင်းကြောင့် ပုံမှန်အတိုင်း သွက်လက်မှုမရှိတော့ဘဲ အင်္ကျီကြယ်သီးတပ်ခြင်း၊ သော့ပေါက်ထဲသို့ သော့ထိုးထည့်ခြင်း ကဲ့သို့သော တိကျမှုရှိရန်လိုအပ်သည့် လှုပ်ရှားမှုများကို လုပ်ဆောင်ရာတွင် ခက်ခဲလာနိုင်သည်
လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း အခြေအနေသည် များသောအားဖြင့် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လေ့ရှိသည်။ အစပိုင်းတွင် အနည်းငယ်မျှသာ ရောဂါလက္ခဏာ ခံစားရနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာတတ်သည်။
လူနာအများစုတွင် ရောဂါလက္ခဏာများကို ညဘက်၌ စတင်သတိထားမိလေ့ရှိကြပြီး နာကျင်ခြင်း သို့မဟုတ် ထုံကျဉ်ခြင်းတို့ကြောင့် အိပ်ရာမှ လန့်နိုးတတ်သည်။ လက်ချောင်းများ သို့မဟုတ် လက်ဖဝါးကို အပ်နှင့် ထိုးနေသကဲ့သို့ စူးရှသည့်ခံစားမှုမျိုး ရရှိနိုင်သည်။ လက်ကို လှုပ်ရမ်းခါလိုက်သည့်အခါတွင် သက်သာသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလက္ခဏာများသည် နေ့ဘက်တွင်ပါ ဖြစ်ပွါးလာပြီး၊ အထူးသဖြင့် အလုပ်တွင် စာရိုက်ခြင်း၊ စာရေးခြင်း သို့မဟုတ် ကိရိယာများကို အသုံးပြုခြင်းကဲ့သို့သော လက်နှင့်လက်ကောက်ဝတ် လှုပ်ရှားမှုများကို အကြိမ်ကြိမ် ပြုလုပ်ပါက ပို၍ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
လက်ကောက်ဝတ်၌ အာရုံကြောပိခြင်းကို အမြန်ဆုံး ကုသခြင်း မပြုလုပ်ပါက ဖိအားသက်ရောက်မှု ပိုမိုများလာလျှင် မီဒီယန်နာဗ် အာရုံကြောကို ထိခိုက်ပျက်စီးစေနိုင်ပြီး၊ အောက်ပါအခြေအနေများ ဖြစ်စေနိုင်သည်။
- လက်ဆုပ်နိုင်အား အမြဲတမ်း အားနည်းသွားခြင်း
- လက်မနှင့်လက်ချောင်းများ၏ လှုပ်ရှားမှု ခက်ခဲလာခြင်း
- နေ့စဉ်ဘဝလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ကုသပေးမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
လက်နှင့်လက်ချောင်းများ လှုပ်ရှားမှု မပြုလုပ်နိုင်ခြင်း၊ ရုတ်တရက် ပြင်းထန်စွာ နာကျင်လာခြင်း၊ ကိုယ်အပူချိန်တက်ခြင်းတို့ရှိပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးခြင်း၊ လက်ကောက်ဝတ်ကို စမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောထိခိုက်မှု စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် လက်ကောက်ဝတ် အာရုံကြောဖိမိခြင်း အခြေအနေကို သိရှိနိုင်ပြီး ပြင်းထန်မှုကိုပါ ခန့်မှန်းနိုင်သည်။ လက်ကောက်ဝတ်အရိုးဥမင် ကျဉ်းမြောင်းခြင်းကို ဖြစ်စေသည့် အခြားတွဲဖက်ရှိနေနိုင်သော ရောဂါများကို သိရှိနိုင်ရန် သွေးစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။
- လက်ကောက်ဝတ် ဓာတ်မှန်ရိုက်ခြင်း (Wrist X-rays) _ အရိုးတည်ဆောက်ပုံအခြေအနေကို ကြည့်ရှုနိုင်သည်
- အာထရာဆောင်း ရိုက်ခြင်း (USG) _ အာရုံကြော ပိမိနေမှု သို့မဟုတ် ရောင်ရမ်းမှုကို သိရှိနိုင်သည်
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) _ အာရုံကြောနှင့် ပတ်ဝန်းကျင်ရှိ တစ်ရှူးများ၏ အခြေအနေကို အသေးစိတ် ပုံရိပ်ဖော်ကြည့်ရှုနိုင်သည်
- အာရုံကြော လှုံ့ဆော်စမ်းသပ်ခြင်း (Nerve conduction studies) _ အာရုံကြောများ၏ အချက်ပြမှုကို ပုံမှန်အမြန်နှုန်းအတိုင်း စနစ်တကျ ထုတ်လွှတ်နိုင်ခြင်း ရှိမရှိပေါ်မူတည်ပြီး အာရုံကြောများ ထိခိုက်ပျက်စီးခြင်း ရှိမရှိကို သိရှိနိုင်သည်
- လျှပ်စစ်ဖြင့် ကြွက်သားစစ်ဆေးခြင်း (ELectromyography) _ အာရုံကြောများနှင့် ကြွက်သားများ ထိခိုက်ပျက်စီးမှုကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုသည်
ကုသခြင်း
အများအားဖြင့် လက်ကောက်ဝတ်၌ အာရုံကြောပိခြင်းကို မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့် ကုသလေ့ရှိပြီး မသက်သာမှသာ ခွဲစိတ်ကုသသည့်နည်းလမ်းကို အသုံးပြုသည်။
မိမိကိုယ်တိုင်ကုသမှုနည်းလမ်း (Self-Care)
- လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း၏ လက္ခဏာများကို သက်သာစေရန်အတွက် လက်ကောက်ဝတ်ပေါ်သို့ ရေခဲအိတ်ကပ်ပေးခြင်း သို့မဟုတ် ရေခဲရေထဲတွင် စိမ်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်၊ တစ်နာရီလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့်၊ တစ်ခါလျှင် (၁၀)မိနစ် မှ (၁၅)မိနစ်အထိ ပြုလုပ်ပေးပါ
- အကယ်၍ ညဘက်တွင် နာကျင်မှုကြောင့် နိုးလာပါက လက်ကောက်ဝတ်ကို ညင်သာစွာ ခါယမ်းပေးခြင်း သို့မဟုတ် ကုတင်ဘေးတွင် လက်ကို တွဲလောင်းချထားပေးခြင်း ပြုလုပ်နိုင်သည်
- လက်ကို (၁၀၀) ဒီဂရီဖာရင်ဟိုက်ခန့်ရှိသော ရေနွေးထဲတွင် စိမ်ထားပြီး၊ လက်ချောင်းများနှင့် လက်ကောက်ဝတ်ကို ညင်သာစွာ ကွေးခြင်း၊ ဆန့်ခြင်းများ ပြုလုပ်နိုင်သည်၊ ဤနည်းလမ်းကို တစ်နေ့လျှင် (၃)ကြိမ် မှ (၄)ကြိမ်အထိ ပြုလုပ်နိုင်သည်
- ဝေဒနာသက်သာစေမည့် အခြားနည်းလမ်းတစ်ခုမှာ လက်နှင့် လက်ကောက်ဝတ်ကို တတ်နိုင်သမျှ အနားပေးရန်ဖြစ်သည်၊ ရောဂါလက္ခဏာများကို ပိုဆိုးစေသည့် အလုပ်များမှ ခေတ္တရပ်နားပါ
မခွဲစိတ်ဘဲ ကုသခြင်း
မခွဲစိတ်ဘဲကုသမှုသည့်နည်းလမ်းများတွင် နေ့စဉ်နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ လက်ကောက်ဝတ်ကို သန်မာစေရန် ပြုလုပ်ခြင်း၊ အထောက်အကူကိရိယာဝတ်ဆင်ခြင်းနှင့် ဆေးဝါးဖြင့်ကုသခြင်းတို့ ပါဝင်သည်။
- လက်ကောက်ဝတ်အထိန်း (Splint) ဝတ်ဆင်ခြင်း
လက်ကောက်ဝတ်အထိန်းသည် လက်ကောက်ဝတ်ကို မကွေးစေဘဲ ပုံမှန်အနေအထားတွင် ရှိနေစေရန် ထိန်းပေးပြီး မီဒီယန်နာဗ် အာရုံကြော (Median nerve) အပေါ် သက်ရောက်နေသော ဖိအားများကို လျော့နည်းစေသည်။ - ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများဖြင့် ကုသမှုပေးခြင်း(Physical therapy)
လက်ကောက်ဝတ်ပတ်လည်ရှိ ကြွက်သားများကို သန်မာစေရန်နှင့် အဆစ်အကြောများ ပိုမိုပျော့ပျောင်းလာစေရန် ကူညီပေးနိုင်သည်။ - ကိုယ်နေဟန်ထား သို့မဟုတ် အလုပ်ခွင် ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်း
နေ့စဉ်လုပ်ငန်းဆောင်တာများကို ဘေးကင်းပြီး သက်သောင့်သက်သာရှိစွာ လုပ်ဆောင်နိုင်ရန် နေ့စဉ်လှုပ်ရှားမှုစွမ်းရည်ကုထုံးပညာရှင် (Occupational therapist) မှအကြံပြုပေးနိုင်သည်။ - ဆေးဝါးဖြင့်ကုသခြင်း
ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင် စသည့် အနာသက်သာသည့်ဆေးများနှင့် အရောင်လျော့စေသည့်ဆေးများဖြင့် ကုသသည် - အရွတ်ကြောအတွင်းသို့ ဆေးထိုးခြင်း (Corticosteroid injection)
ရောင်ရမ်းမှုနှင့်နာကျင်မှု သက်သာစေရန် ဝေဒနာခံစားနေရသော လက်ကောက်ဝတ် ဥမင်လှိုင်ခေါင်းအတွင်းသို့ စတီးရွိုက်ထိုးဆေးထိုးခြင်းဖြင့် ကုသနိုင်သည်
ခွဲစိတ်ကုသခြင်း
လက်ကောက်ဝတ် အာရုံကြောဖိမိခြင်း ရောဂါလက္ခဏာများ ပြင်းထန်လွန်းလျှင် သို့မဟုတ် အခြားကုသမှုနည်းလမ်းများဖြင့် မသက်သာလျှင် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။
ခွဲစိတ်မှု၏ ရည်ရွယ်ချက်မှာ မီဒီယန်နာဗ်အာရုံကြော(Median nerve) ကို ဖိမိနေသော အမြှေးပါးအရွတ် (Ligament) ကို ဖြတ်တောက်ပြီး ဖိအားကို လျှော့ချရန်ဖြစ်သည်။
လက်ကောက်ဝတ်ခွဲစိတ်ရာတွင် နည်းလမ်း (၃) မျိုးကို အသုံးပြုလေ့ရှိသည်။
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic surgery) _ သေးငယ်သော ကင်မရာပါသည့် ခွဲစိတ်ကုမှန်ပြောင်းကိရိယာကို အသုံးပြု၍ လက်ကောက်ဝတ်လမ်းကြောင်းအတွင်းပိုင်းကို ကြည့်ရှုပြီး လက်ဖဝါး သို့မဟုတ် လက်ကောက်ဝတ်တွင် သေးငယ်သော ခွဲကြောင်း (၁)ခု သို့မဟုတ် (၂)ခုပေး၍ အရွတ်ကို ဖြတ်တောက်သည်၊ ဤနည်းလမ်းသည် ပုံမှန်ခွဲစိတ်နည်းထက် နာကျင်မှု ပိုမိုသက်သာနိုင်သည်
- ပုံမှန်ခွဲစိတ်ခြင်း (Open surgery) _ ခွဲစိတ်ကုဆရာဝန်သည် လက်ဖဝါးပေါ်ရှိ လက်ကောက်ဝတ်လမ်းကြောင်းနေရာတွင် ခွဲကြောင်းပေး၍ အရွတ်ကိုဖြတ်တောက်ပြီး အာရုံကြောအား ဖိအားမှ လွတ်စေသည်
- အာထရာဆောင်းလမ်းညွှန်ဖြင့် ခွဲစိတ်ခြင်း (Ultrasound-guided surgery) _ ဤနည်းလမ်းသည် မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းနှင့် ဆင်တူသော်လည်း ခွဲစိတ်ကုဆရာဝန်သည် အာရုံကြော၊ အရွတ်နှင့် သွေးလွှတ်ကြောများကို မြင်နိုင်ရန် အာထရာဆောင်း (USG) ကို အသုံးပြုသည်၊ ထို့နောက် သေးငယ်သော ဓားငယ်လေးဖြင့်ဖြစ်စေ၊ အပ်မှတစ်ဆင့် ထည့်သွင်းထားသော နန်းကြိုးငယ်ဖြင့်ဖြစ်စေ အရွတ်ကို ဖြတ်တောက်ခြင်းဖြစ်သည်
ခွဲစိတ်မှုမပြုမီ နည်းလမ်းတစ်ခုချင်းစီ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ ခွဲစိတ်မှု၏ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- အရွတ်မှာ အပြည့်အဝ ပွင့်မသွားခြင်း_ မီဒီယန်နာဗ် အာရုံကြော (Median nerve) ကို ဖိမိနေသော ဖိအားကျန်ရှိနိုင်သည်
- ခွဲစိတ်သည့်ဒဏ်ရာ ပိုးဝင်ခြင်း
- အမာရွတ် ဖြစ်ပေါ်ခြင်း
- အာရုံကြော သို့မဟုတ် သွေးကြောများကို ထိခိုက်မိခြင်း
ခွဲစိတ်ပြီးနောက် လက်ကို အပြည့်အဝပြန်သုံးနိုင်ရန် တဖြည်းဖြည်းချင်း လေ့ကျင့်ယူရမည်ဖြစ်ပြီး၊ အင်အားအလွန်အကျွံအသုံးပြု၍ လှုပ်ရှားခြင်း သို့မဟုတ် လက်ကောက်ဝတ်ကို အလွန်အမင်း ကွေးခြင်း၊ ဆန့်ခြင်းများကို ရှောင်ကြဉ်ရမည်။
ခွဲစိတ်ကုသမှုကို ပြင်ပလူနာအဖြစ် ပြုလုပ်နိုင်ပြီး အများအားဖြင့် (၂–၆) ပတ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။အကယ်၍ ခွဲစိတ်မှုမပြုမီကပင် ဝေဒနာမှာ အလွန်ပြင်းထန်နေခဲ့ပါက ခွဲစိတ်ပြီးသည့်တိုင်အောင် လုံးဝပျောက်ကင်းသွားခြင်းမျိုး မရှိနိုင်ပါ။
အခြားကုသနည်းလမ်းများ (Alternative Medicine)
လက်ကောက်ဝတ် အာရုံကြောဖိမိခြင်း ဝေဒနာခံစားနေရသူ အချို့သည် အခြားရွေးချယ်စရာကုထုံးများဖြင့် အောင်မြင်စွာ ကုသနိုင်ခဲ့ကြသည်။ အချို့သော နည်းလမ်းများမှာ_
- ယောဂ (Yoga)
ယောဂကျင့်ခြင်းသည် နာကျင်မှုကို သက်သာစေပြီး လက်၏ ဆုပ်ကိုင်နိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သုတေသနအချို့က ဖော်ပြထားသည်။ - အာထရာဆောင်း ကုထုံး (Ultrasound therapy)
ဤကုထုံးသည် အသံလှိုင်းများကို အသုံးပြု၍ လက်နှင့် လက်ကောက်ဝတ်အတွင်းရှိ အပူချိန်ကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ထိုမှထွက်ပေါ်လာသော အပူသည် နာကျင်မှုကို သက်သာစေပြီး အနာကျက်ခြင်းကို ကူညီပေးနိုင်သည်။ ဤကုထုံးနှင့် ပတ်သက်၍ သုတေသနရလဒ်များမှာ အမျိုးမျိုးကွဲပြားနေသော်လည်း အချို့သူများအတွက် အသုံးဝင်ကြောင်း တွေ့ရှိရသည်။ - အပ်စိုက်ကုထုံး (Acupuncture)
အပ်စိုက်ကုထုံးသည် လက်ကောက်ဝတ် အာရုံကြောဖိမိခြင်းကို အမှန်တကယ် ကူညီနိုင်ခြင်း ရှိမရှိ သုတေသနများအရ တိကျစွာ မဖော်ပြနိုင်သေးသော်လည်း၊ အချို့သော လေ့လာမှုများတွင် ဝေဒနာရှင်များအတွက် အထောက်အကူဖြစ်ကြောင်း တွေ့ရှိရသည်။
ကာကွယ်ခြင်း
ရှောင်လွှဲ၍မရသော လုပ်ငန်းခွင် အခြေအနေများနှင့် အခြားကျန်းမာရေး အခြေအနေများကြောင့် ဖြစ်ပွားခြင်းဖြစ်ပါက လက်ကောက်ဝတ် အာရုံကြောဖိမိခြင်းကို ကြိုတင်ကာကွယ်ရန် ခက်ခဲနိုင်သည်။ သို့သော် အလုပ်ခွင်၌လက်ကောက်ဝတ်ကို စနစ်တကျ အကာအကွယ်ပြုခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။ ကာကွယ်နိုင်သည့် နည်းလမ်းများမှာ_
- အကြောဆန့် လေ့ကျင့်ခန်း ပြုလုပ်ပါ
ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက်တွင် လက်ကောက်ဝတ်နှင့် လက်ဖဝါးကို အကြောဆန့် လေ့ကျင့်ခန်းပြုလုပ်ပေးရမည်။- ပြုလုပ်နည်း
- လက်ဖဝါးကို အရှေ့သို့ ဆန့်ထုတ်ပြီး အခြားလက်တစ်ဖက်ဖြင့် လက်ချောင်းများကို အနောက်သို့ ဖြည်းညင်းစွာ ဆွဲပေးပါ
- ထို့နောက် လက်ဖဝါးကို အောက်သို့စိုက်ပြီး လက်ဖမိုးကို မိမိဘက်သို့ ဖြည်းဖြည်းချင်း ဆွဲယူကာ (၁၅-၃၀) စက္ကန့်ခန့် တောင့်ထားပေးပါ
- ပြုလုပ်နည်း
- အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပါ – အလုပ်လုပ်ရာတွင် သို့မဟုတ် လှုပ်ရှားမှုများ ပြုလုပ်ရာတွင် သင့်တော်သော လက်ကောက်ဝတ်ထိန်းပစ္စည်းများကို အသုံးပြုပါ
- ခဏတာ အနားယူပေးပါ – လက်ကို အသုံးပြု၍ အလုပ်လုပ်နေစဉ်အတွင်း (ဥပမာ _ စာရိုက်ခြင်း၊ စက်ပစ္စည်းကိုင်တွယ်ခြင်း) ခဏတာ အနားယူခြင်းကို မကြာခဏ ပြုလုပ်ပေးပါ
- မှန်ကန်သော ကိုယ်နေဟန်ထားကို ထိန်းသိမ်းပါ – ကွန်ပျူတာ အသုံးပြုခြင်း သို့မဟုတ် ကိရိယာတန်ဆာပလာများ ကိုင်တွယ်ခြင်းတို့တွင် လက်ကောက်ဝတ်ကို ကွေးမနေစေဘဲ အဖြောင့်အတိုင်း ရှိနေစေမည့် Ergonomic နည်းစနစ်များကို အသုံးပြုပါ
- ကိုယ်အလေးချိန် ထိန်းသိမ်းပါ – အကယ်၍ ကိုယ်အလေးချိန် များနေသူ သို့မဟုတ် အဝလွန်သူဖြစ်ပါက ကိုယ်အလေးချိန် လျှော့ချခြင်းက ဖိအားများကို သက်သာစေသည်
- အိပ်စက်သည့် ပုံစံကို ဆင်ခြင်ပါ – လက်များကို ဖိ၍ အိပ်ခြင်း သို့မဟုတ် လက်ပေါ်တွင် ခေါင်းအုံး၍ အိပ်ခြင်းများကို ရှောင်ကြဉ်ပါ
- ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါတို့ကို စနစ်တကျကုသပါ
References:
- Cleveland Clinic. (n.d.). Carpal tunnel syndrome. Retrieved January 18, 2026, from https://my.clevelandclinic.org/health/diseases/4005-carpal-tunnel-syndrome
- Mayo Clinic. (n.d.). Carpal tunnel syndrome: Diagnosis & treatment. Retrieved January 18, 2026, from https://www.mayoclinic.org/diseases-conditions/carpal-tunnel-syndrome/diagnosis-treatment/drc-20355608
- WebMD. (n.d.). Carpal tunnel syndrome: Treatment. Retrieved January 18, 2026, from https://www.webmd.com/pain-management/carpal-tunnel/treat-carpal-tunnel-syndrome
Published: 29 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.