Sensitive Teeth (သွားကျဥ်ခြင်း)

Sensitive Teeth (သွားကျဥ်ခြင်း)

သွားကျဥ်ခြင်း (Sensitive teeth) သည် လူတိုင်းနီးပါး ခံစားဖူးသည့် အတွေ့ရအများဆုံးသော သွားနှင့်ခံတွင်းပြဿနာတစ်ခုဖြစ်သည်။ အထူးသဖြင့် အစားအစာများ၏ အပူ၊ အအေး၊ အချိုနှင့် အချဥ်ဓာတ်များနှင့် ထိတွေ့မိသောအခါ သွားတွင် စူးခြင်း၊ ကျဥ်ခြင်း သို့မဟုတ် နာကျင်သည့် ဝေဒနာကို ခံစားရခြင်းဖြစ်သည်။

သွား၏ ဖွဲ့စည်းတည်ဆောက်ပုံ

သွားတစ်ချောင်းကို အဓိကအားဖြင့် အလွှာ (၃) လွှာဖြင့် ဖွဲ့စည်းထားသည်။

  • ကြွေသွားလွှာ (Enamel) – သွား၏ အပြင်ဘက်ဆုံးအလွှာဖြစ်ပြီး သွားကိုအကာအကွယ်ပေးသည့် အမာဆုံးသောအလွှာဖြစ်သည်
  • ဆင်စွယ်အလွှာ (Dentin) – ကြွေသွားလွှာ၏ အောက်ဘက်တွင်ရှိသော နူးညံ့သည့်အလွှာဖြစ်ပြီး ကြွေသွားလွှာကဲ့သို့ မာကြောခြင်းမရှိပါ
  • မွသွားလွှာ (Pulp) – အတွင်းဘက်ဆုံးအလွှာဖြစ်ပြီး သွေးကြောများနှင့် အာရုံကြောများ ပါဝင်သည်

သွားကျဥ်ခြင်းသည် အကာအကွယ်ဖြစ်သော အပြင်ဘက်ဆုံး ကြွေသွားလွှာ ပါးလွှာသွားပြီးနောက် အောက်ဘက်ရှိ ဆင်စွယ်အလွှာ ပေါ်လာသောကြောင့်ဖြစ်သည်။ ဆင်စွယ်အလွှာထဲတွင် သွား၏အလယ်ဗဟိုရှိ အာရုံကြောဆီသို့ တိုက်ရိုက်ဆက်သွယ်ထားသော အလွန်သေးငယ်သည့် ပြွန်ချောင်းလေးများ (Tiny tubes) ပါရှိသည်။ ၎င်းပြွန်ချောင်းလေးများမှတစ်ဆင့် အပူချိန်အပြောင်းအလဲနှင့် သကြားဓာတ်များသည် အာရုံကြောဆီသို့ တိုက်ရိုက်ရောက်ရှိသွားပြီး သွားကျဥ်ခြင်းကို ဖြစ်ပေါ်စေသည်။

သွားကျဥ်ခြင်းကို သွားတစ်ချောင်းတည်းသာမက သွားအတော်များများတွင်လည်း တစ်ပြိုင်နက် ခံစားရနိုင်သည်။ များသောအားဖြင့် ခဏတာ စူးခနဲ၊ ကျဥ်ခနဲ ဖြစ်သွားသော နာကျင်မှုမျိုးဖြစ်ပြီး သွားကျဥ်စေသည့် အကြောင်းရင်းများကို ဖယ်ရှားလိုက်ပါက ပျောက်ကင်းသက်သာနိုင်သည်။ သို့သော် သွားကျဥ်ခြင်းဝေဒနာ ခံစားရပါက သက်သာပျောက်ကင်းစေရန်အတွက် သွားနှင့်ခံတွင်း အထူးကုဆရာဝန်နှင့်ပြသ၍ စနစ်တကျ ကုသမှုခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွားကျဥ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

သွားအပေါ်ယံကြွေလွှာ တိုက်စားခံရခြင်း (Enamel erosion)
အက်ဆစ်ဓာတ်များသော အစားအစာများဖြစ်သည့် လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ သနပ်များ စားသုံးခြင်း၊ လက်ဖက်ရည်၊ ဂတ်စ်ပါသော အချိုရည်များနှင့် အရက်တို့ကို မကြာခဏသောက်သုံးခြင်းတို့သည် သွား၏ အပေါ်ယံကြွေလွှာကို တဖြည်းဖြည်း တိုက်စားစေသည်။ ထို့ပြင် အားပြင်းပြင်းဖြင့် ကြမ်းတမ်းစွာ သွားတိုက်ခြင်း၊ အလွန်အမင်း ဖိတိုက်ခြင်းနှင့် မာသော သွားတိုက်တံကို အသုံးပြုခြင်းတို့ကြောင့်လည်း ကြွေလွှာပျက်စီးနိုင်သည်။ အစာအိမ်အက်ဆစ် ပြန်တက်ခြင်း (Acid reflux) နှင့် မကြာခဏ အန်ခြင်းကြောင့် အစာအိမ်အတွင်းရှိ အက်ဆစ်ဓာတ်များသည် သွားနှင့်ထိတွေ့သည့်အခါ ကြွေလွှာကို တိုက်စားစေပြီး သွားကျင်ခြင်းကို ပိုမိုဆိုးရွားစေသည်။

သွားဖုံးကျုံ့ခြင်း (Gum recession)
သွားများ၏ ဘေးဘက်တွင် ဖုံးကာပေးထားသော သွားဖုံးတစ်ရှူးများ ကျုံ့သွားခြင်းကြောင့် သွား၏ အောက်ခြေအမြစ်ပိုင်း ပေါ်ထွက်လာပြီး ထိုနေရာတွင် ဖုံးအုပ်ထားသော အကာအကွယ်လွှာ မရှိသည့်အတွက် သွားကျဥ်ခြင်းကို ဖြစ်စေသည်။ သွားဖုံးရောဂါများ၊ သွားဖုံးရောင်ခြင်း၊ အသက်ကြီးလာခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကြမ်းတမ်းစွာ သွားတိုက်ခြင်းတို့သည် သွားဖုံးကျုံ့ခြင်းကို ဖြစ်စေသည်။

သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများရှိခြင်း

  • သွားပိုးစားခြင်း (Dental caries) – သွားအခေါင်းပေါက်များ ဖြစ်ပေါ်သောအခါ ပြင်ပမှ လှုံ့ဆော်မှုများသည် သွား၏အတွင်းပိုင်းအလွှာများဆီသို့ တိုက်ရိုက်ရောက်ရှိသွားသောကြောင့် သွားကျဥ်ခြင်း ဖြစ်တတ်သည်
  • သွားအက်ခြင်း သို့မဟုတ် ပဲ့ခြင်း – သွားအက်ခြင်းကြောင့် အလယ်ပိုင်း ဆင်စွယ်အလွှာ (Dentin) သို့မဟုတ် အာရုံကြောထိပ်ဖျားများ ပေါ်ထွက်လာပြီး အစားအစာ ဝါးသည့်အခါ သို့မဟုတ် အပူအအေးများ စားသည့်အခါ ဝေဒနာခံစားရတတ်သည်
  • သွားကြိတ်ခြင်း (Bruxism) – သွားကြိတ်ခြင်းသည် သွားပေါ်သို့ ဖိအားအလွန်အကျွံ သက်ရောက်စေပြီး အပေါ်ယံကြွေလွှာကို တဖြည်းဖြည်း ပါးသွားစေကာ သွားကျင်ခြင်းကို ပိုတိုးစေသည်
  • သွားချေး (Plaque) စုပုံခြင်း – သွားချေးတက်ခြင်းကြောင့် သွား၏ အပေါ်ယံကြွေလွှာများ ပျက်စီးပြီး နာကျင်မှုကို ဖြစ်စေသည်

အခြားအကြောင်းရင်းများ

  • လတ်တလော သွားကုသမှုများ ပြုလုပ်ထားခြင်း – သွားဖြူစေရန် ပြုလုပ်သော ကုသမှုများ၊ သွားအရောင်ချွတ်ခြင်း၊ သွားဖာခြင်းနှင့် သွားကျောက်ခြစ်ခြင်းတို့ ပြုလုပ်ပြီးနောက် ယာယီသွားကျဥ်ခြင်း ဖြစ်ပေါ်တတ်သည်
  • ပလုတ်ကျင်းဆေး (Mouthwash) အသုံးပြုခြင်း – အချို့သော ပလုတ်ကျင်းဆေးရည်များတွင် အက်ဆစ်ဓာတ်ပါဝင်ခြင်းကြောင့် သွားကျဥ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်၊ ၎င်းအက်ဆစ်ဓာတ်များသည် သွား၏ကြွေလွှာကို ထိခိုက်စေနိုင်သည့်အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုသင့်သည်
ယှဉ်တွဲလာတတ်သော လက္ခဏာများ

လူတစ်ဦးနှင့်တစ်ဦးတွင် သွားကျဥ်ခြင်းကို ခံစားရပုံချင်း မတူညီပါ။ အချို့တွင် အနည်းငယ် မအီမသာဖြစ်ရုံသာ ခံစားရပြီး အချို့တွင် စူးခနဲ နာကျင်မှုကို ခံစားရနိုင်သည်။ တစ်ခါတစ်ရံတွင် သွားကျဥ်ခြင်းသည် အလိုအလျောက် ပျောက်ကင်းသွားနိုင်သော်လည်း အချို့လူများတွင် ပြန်၍ နာကျင်မှုကို ခံစားရသည်များလည်းရှိသည်။ အောက်ပါအခြေအနေများတွင် သွားကျဥ်ခြင်း လက္ခဏာကို ပို၍တွေ့ရသည်။

  • အပူ၊ အအေး၊ အချို သို့မဟုတ် အချဥ်ဓာတ်များသော အစာများကို စားသောက်ခြင်း
  • အပြင်မှ လေအေးကို ပါးစပ်ဖြင့် ရှူသွင်းခြင်း
  • သွားတိုက်ခြင်း သို့မဟုတ် သွားပွတ်ကြိုး (Floss) သုံး၍ သွားသန့်ရှင်းခြင်း
  • အစာဝါးသောအခါ သွားအချင်းချင်း ထိတွေ့၍ ဖိအားဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သွားနှင့်ခံတွင်းအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာ သွားနှင့်ခံတွင်းအထူးကုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ သွားများအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ သွားဆရာဝန်သည် သွားကျဥ်ခြင်းကို စစ်ဆေးရန်အတွက် သွား၏မျက်နှာပြင်များပေါ်သို့ လေဖြင့်မှုတ်၍ စစ်ဆေးခြင်း သို့မဟုတ် အထူးပြုလုပ်ထားသော ကိရိယာများဖြင့် ထိတွေ့စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

ထို့အပြင် အောက်ပါနည်းလမ်းများကိုလည်း အသုံးပြု၍ ရောဂါရှာဖွေနိုင်သည်။

  • သွားဓာတ်မှန်ရိုက်ခြင်း (Digital X-rays) – သွားပိုးစားခြင်းကြောင့် သွားတွင်းပိုင်းထိခိုက်ခြင်းရှိမရှိနှင့် သွားမြစ်ထိပ်တွင် ပြည်တည်ခြင်းရှိမရှိကို တိကျစွာ သိရှိနိုင်သည်
  • Electric Pulp Tester (EPT) – သွားအတွင်းရှိ မွသွားလွှာ (Pulp) ၏ အခြေအနေနှင့် အာရုံကြောများ၏ တုံ့ပြန်မှုကို လျှပ်စစ်စီးကြောင်းအနည်းငယ် အသုံးပြု၍ တိုင်းတာစစ်ဆေးနိုင်သည်
  • Transillumination – အလင်းအမှောင်ကို အသုံးပြု၍ သွားတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော အက်ကြောင်း (Cracks) များ ရှိမရှိကို ရှာဖွေနိုင်သည်
ကုသခြင်း

သွားကျဥ်ခြင်းဖြစ်ပေါ်စေသည့် အကြောင်းရင်းနှင့် ပြင်းထန်မှုပေါ်မူတည်၍ ကုသနည်း အမျိုးမျိုးရှိသည်။

  1. အိမ်တွင်းကုထုံးများ
    • သွားကျဥ်သက်သာစေသော သွားတိုက်ဆေး (Desensitizing Toothpaste)
      သွားအတွင်းပိုင်းရှိ အာရုံကြောများဆီသို့ နာကျင်လှုံဆော်မှုများ မရောက်ရှိစေရန် ပိတ်ဆို့ဟန့်တားပေးသည်၊ သွားတိုက်ဆေး အမျိုးအစားများစွာ ရှိသောကြောင့် မိမိနှင့် အဆင်ပြေသော အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်သည်။
    • နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
      သွားတိုက်သောအခါ အပျော့စားသွားတိုက်တံကို ပြောင်းသုံးခြင်း၊ ညင်သာစွာ တိုက်ခြင်း၊ အက်ဆစ်ဓာတ်များသော အစားအသောက်များကို လျှော့စားခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် သွားကြိတ်ခြင်း အလေ့အထကို ပြုပြင်ခြင်းဖြင့် သွားကျဥ်ခြင်းကို သက်သာစေသည်။ အက်ဆစ်ဓာတ်ပါသော အစားအစာများ စားပြီးပါက သွားကြွေလွှာ ပျော့နေချိန်ဖြစ်၍ ချက်ချင်းသွားမတိုက်ဘဲ မိနစ် (၃၀) ခန့် စောင့်သင့်သည်။
  2. သွားဆရာဝန်ထံတွင် ပြုလုပ်နိုင်သော ကုထုံးများ
    • ဖလိုရိုက်အသုံးပြု၍ကုသခြင်း (Fluoride Treatment)
      သွား၏ အကာအကွယ်ဖြစ်သော အပေါ်ယံကြွေလွှာ (Enamel) ခိုင်မာစေရန် ဖလိုရိုက်ဂျယ် (Gel) သို့မဟုတ် အရည် (Varnish) ကို သွားပေါ်တွင် သုတ်ပေး၍ ကုသခြင်းဖြစ်သည်။ ၎င်းသည် သွားတွင်းသတ္တုဓာတ် ပြန်လည်ဖြည့်တင်းခြင်း (Remineralization) ကို အားပေးသည်။
    • သွားမျက်နှာပြင် ဖုံးအုပ်ခြင်း (Dental Bonding/Fillings)
      သွားဖုံးကျုံ့ခြင်းကြောင့် ပေါ်ထွက်နေသော သွားမြစ်များကို သွားဖာဆေး (Composite resin) အသုံးပြု၍ ပြန်လည်ဖုံးအုပ်ပေးခြင်းဖြစ်သည်။
    • သွားအကာအကွယ်လွှာအုပ်ခြင်း (Sealants)
      အထိမခံသော သွားမျက်နှာပြင်နှင့် အတွင်းဆင်စွယ်အလွှာ (Dentin) ကို အကာအကွယ် ပြုလုပ်ပေးခြင်းဖြင့် သွားကျဥ်ခြင်းကို သက်သာစေသည်။
    • သွားစွပ်၊ သွားအကာအကွယ် (Mouthguard) တပ်ခြင်း
      အကယ်၍ သွားကြိတ်သော အလေ့အထရှိပါက သွားများပါးလွှာခြင်း မဖြစ်စေရန် ညဘက်အိပ်စဥ်တွင် သွားစွပ် သို့မဟုတ် သွားအကာအကွယ် တပ်ဆင်၍ အိပ်စက်ရန်လိုသည်။
    • လေဆာဖြင့် ကုသခြင်း (Laser Therapy)
      ခေတ်မီနည်းပညာအရ ဆင်စွယ်လွှာရှိ ပြွန်ချောင်းလေးများကို လေဆာရောင်ခြည်အသုံးပြု၍ ပိတ်ဆို့ပေးခြင်းဖြင့် သွားကျဥ်ခြင်းကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။
    • အာရုံကြောထုတ်ခြင်း (Root Canal Therapy)
      သွားကျဥ်ခြင်းသည် အခြေအနေ အလွန်ဆိုးရွားပြီး အာရုံကြောကို ထိခိုက်နေပါက နာကျင်မှုကို အပြီးတိုင် ပျောက်ကင်းစေရန် ဆရာဝန်မှ အာရုံကြောထုတ်၍ ကုသခြင်း ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း

သွား၏ အကာအကွယ်လွှာဖြစ်သည့် အပေါ်ယံကြွေလွှာ (Enamel) ကို ဂရုစိုက်ခြင်းသည် သွားကျဥ်ခြင်းကို ကာကွယ်နိုင်သည့် အဓိကသော့ချက်ဖြစ်သည်။

  • သွားပုံမှန်တိုက်ခြင်းနှင့် သွားပွတ်ကြိုး (Floss) သုံးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ပြီး ခံတွင်းသန့်ရှင်းရေးကို မှန်ကန်စွာ ပြုလုပ်ပါ
  • မာသော သွားတိုက်တံသုံးခြင်းနှင့် အားပြင်းပြင်းသုံး၍ သွားတိုက်ခြင်းသည် သွားမျက်နှာပြင်ကို ပိုမိုတိုက်စားနိုင်သောကြောင့် ပျော့ပြီးနူးညံ့သော အမွေးအမှင်ပါသည့် သွားတိုက်တံအသုံးပြုခြင်း၊ ညင်သာစွာ စက်ဝိုင်းပုံ ရွေ့လျားမှုဖြင့် သွားတိုက်ခြင်းတို့ကို ပြုလုပ်ပါ၊ သွားများကို ဘေးတိုက် အပြင်းအထန်တိုက်ခြင်းမှ ရှောင်ကြဥ်ပါ
  • သွားတိုက်တံကို (၂) လ သို့မဟုတ် (၃) လ တစ်ကြိမ် လဲလှယ်ပါ၊ အကယ်၍ အမွေးအမှင်များ ပွလာပါက ထို့ထက်စော၍ လဲလှယ်ရန် လိုအပ်သည်
  • ဖလိုရိုက်ပါသော သွားတိုက်ဆေး သို့မဟုတ် ပလုတ်ကျင်းဆေးရည်များကို သုံးစွဲပါ
  • ပလုတ်ကျင်းဆေးရည်ကိုလည်း ပိုမိုအားပျော့သော အမျိုးအစားကို ရွေးချယ်သုံးစွဲရန် သွားဆရာဝန်နှင့် တိုင်ပင်ပါ
  • သကြားဓာတ်များသော အစားအစာများ၊ ဂတ်စ်ပါသော အချိုရည်များနှင့် အက်ဆစ်ဓာတ်များသော သောက်စရာများကို လျှော့စားပါ
    • အဆိုပါ အစားအသောက်များကို စားပြီးပြီးချင်း သွားတိုက်ခြင်းကို ရှောင်ကြဥ်ပါ
    • အဘယ်ကြောင့်ဆိုသော် အက်ဆစ်များသည် အပေါ်ယံကြွေလွှာကို ပျော့သွားစေပြီး ကွာကျစေသည်
    • ထို့ကြောင့် ထိုအစားများစားပြီး တစ်နာရီကြာမှသာ သွားတိုက်ခြင်း ပြုလုပ်ပါ
  • သွားကြိတ်ခြင်းသည် သွားမျက်နှာပြင်ကို ပျက်စီးစေသောကြောင့် သွားအကာအကွယ် သို့မဟုတ် သွားစွပ်တပ်ဆင်၍ အိပ်ခြင်းကို ဆရာဝန်နှင့် တိုင်ပင်ဆွေး‌‌နွေးပါ
  • သွားပိုးစားခြင်း၊ သွားအက်ခြင်း သို့မဟုတ် သွားဖုံးရောဂါစသည့် သွားပြဿနာများရှိပါက ချက်ချင်း ကုသမှုခံယူပါ
  • ဆေးလိပ်သောက်ခြင်းသည် သွားဖုံးပြဿနာများကို ဖြစ်စေသောကြောင့် ရှောင်ကြဥ်ရန်လိုသည်
  • (၆) လ တစ်ကြိမ် သွားဆရာဝန်နှင့် ပုံမှန်ပြသပြီး သွားစစ်ဆေးကုသမှု ခံယူပါ

References:

  1. Cleveland Clinic. (n.d.). Teeth sensitivity. Retrieved January 9, 2025, from https://my.clevelandclinic.org/health/symptoms/10954-teeth-sensitivity
  2. WebMD. (n.d.). Tooth sensitivity. Retrieved January 9, 2025, from https://www.webmd.com/oral-health/tooth-sensitivity
  3. Teeth.org.au. (n.d.). Sensitive teeth. Retrieved January 9, 2025, from https://teeth.org.au/sensitive-teeth#section_1e48b43
  4. Ontario Dental Association. (n.d.). Tooth sensitivity. Retrieved January 9, 2025, from https://www.oda.ca/oral-health-basics/oral-conditions-diseases/tooth-sensitivity/
  5. Dental Health Foundation. (n.d.). Sensitive teeth. Retrieved January 9, 2025, from https://www.dentalhealth.org/sensitive-teeth
  6. Dental Delaware. (n.d.). Effects of smoking on teeth. Retrieved January 9, 2025, from https://www.dentaldelaware.com/news/effects-of-smoking-on-teeth/

Published: 28 January 2026

Share

28 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.