မိမိ၏ ခန္ဓာကိုယ်တွင် အဖုအကျိတ်တစ်ခုခု ဖြစ်ပေါ်လာပါက ကင်ဆာကျိတ် (Malignant tumor) ဖြစ်စေ၊ ကင်ဆာမဟုတ်သော ရိုးရိုးအကျိတ် (Benign tumor) ဖြစ်စေ စိုးရိမ်ပူပန်တတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ၎င်းအဖုအကျိတ်များထဲတွင် Osteochondroma ခေါ် အရိုးနုအတက်သည် ကင်ဆာမဟုတ်သော ရိုးရိုးသာမန် အဖုအတက် အမျိုးအစားဖြစ်သည်။
အရိုးနုအတက်သည် ကင်ဆာမဟုတ်သည့် ရိုးရိုးသာမန် အဖုအကျိတ်များ (Benign bone tumors) ထဲတွင် ဖြစ်ပွါးမှုအများဆုံးဖြစ်ပြီး၊ လူငါးသောင်းတွင် တစ်ယောက်နှုန်း ဖြစ်ပွါးတတ်သည်။ ၎င်းသည် အရိုးတွင် မူလဖြစ်ပွါးသော အဖုအကျိတ် (Primary bone tumor) စုစုပေါင်း၏ (၁၀-၁၅) ရာခိုင်နှုန်းခန့်ရှိသည်။ ဤအကျိတ်သည် မူလအရိုးပေါ်မှ အဖုအတက်သဏ္ဌာန် ထွက်လာခြင်းဖြစ်ပြီး၊ စမ်းသပ်ကြည့်ပါက မာကျောသော အကျိတ်အဖြစ် တွေ့ရှိရတတ်သည်။ ရောဂါကနဦးအဆင့်တွင် မည်သည့်လက္ခဏာမျှ မပြဘဲ နာကျင်ခြင်းလည်း မရှိတတ်ပေ။
ကလေးအရိုး လျင်မြန်စွာ ကြီးထွားနေစဉ် အရိုးဆဲလ်နှင့် အရိုးနုတစ်ရှူးများ မူမမှန်ရောနှောပွါးများရာမှ အကျိတ်အလုံးအဖြစ် တဖြည်းဖြည်း ကြီးထွားလာခြင်းဖြစ်သည်။ အထူးသဖြင့် ပေါင်ရိုးအောက်ဘက်စွန်း၊ ခြေသလုံးရိုး အပေါ်ပိုင်း၊ လက်မောင်းရိုး အပေါ်ပိုင်း၊ တင်ပါးဆုံအရိုးကွင်းနှင့် လက်ပြင်ရိုးတို့တွင် အဖြစ်များသည်။ အကျိတ်သည် အရိုးကြီးထွားမှု ရှိနေသ၍ ဆက်လက်ကြီးထွားနိုင်ပြီး၊ အရိုးကြီးထွားမှု ရပ်တန့်သည့်အရွယ်တွင် အကျိတ်၏ကြီးထွားမှုလည်း ရပ်တန့်သွားလေ့ရှိသည်။ ၎င်းသည် ဆိုးဝါးပြင်းထန်သော ရောဂါမျိုးမဟုတ်ဘဲ သာမန်အကျိတ်သာ ဖြစ်သော်လည်း အရိုးကင်ဆာ (Sarcoma or malignant bone tumor) နှင့် မှားယွင်းမရှိစေရန် တိကျစွာ ခွဲခြားသိရှိမှု လိုအပ်သည်။ အကယ်၍ အရိုးကြီးထွားမှု ရပ်တန့်ရမည့်အချိန်တွင် မရပ်တန့်ဘဲ အကျိတ်သည် ဆက်လက်ကြီးထွားလာခြင်း၊ နာကျင်မှုများ ဖြစ်ပေါ်လာခြင်းတို့ ရှိပါက ကင်ဆာအဆင့်သို့ ပြောင်းလဲခြင်း (Malignant change) ဖြစ်နိုင်သည်။ ထို့ကြောင့် ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် မှန်ကန်သောကုသမှု ရရှိရန်အတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးရန် အထူးအရေးကြီးသည်။
အရိုးနုအတက်အမျိုးအစားများ
အရိုးနုအတက်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။
- အကျိတ်၏ ပုံသဏ္ဌာန်ပေါ် မူတည်၍ ခွဲခြားခြင်း
- မှိုပွင့်ပုံသဏ္ဌာန် (Pedunculated) – အရိုးမျက်နှာပြင်မှ အညှာပါသော အတက်ကလေးအဖြစ် ထွက်လာသည့် ပုံသဏ္ဌာန်ဖြစ်သည်
- ဂေါ်ဖီပန်းပုံသဏ္ဌာန် (Sessile) – အညှာမပါဘဲ အရိုးပေါ်တွင် ပြန့်ကား၍ ထွက်လာသည့် ပုံသဏ္ဌာန်ဖြစ်သည်
၎င်းအကျိတ်နှစ်မျိုး၏ အခြေပိုင်းသည် အရိုးအတွင်းပိုင်းနှင့် ဆက်စပ်နေတတ်ပြီး အပေါ်ယံပိုင်းကိုမူ အရိုးနုလွှာ (Cartilage cap) ဖြင့် ဖုံးအုပ်ထားလေ့ရှိသည်။
- အကျိတ်အရေအတွက်ပေါ် မူတည်၍ ခွဲခြားခြင်း
- တစ်ခုတည်းဖြစ်သော အရိုးနုအတက် (Solitary osteochondroma) – အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်၊ (၉၀-၉၅%) ခန့်ရှိသည်
- မျိုးရိုးလိုက်၍ ဖြစ်ပွါးသော အရိုးနုအတက်များ (Hereditary Multiple Exostosis) – ၅-၁၀ % ခန့်ရှိသည်၊ ဤအမျိုးအစားတွင် အတက်အများအပြား ဖြစ်ပေါ်တတ်ပြီး အရိုးအဆစ် ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်စေနိုင်သည်၊ ထို့ကြောင့် ခြေလက်အင်္ဂါများ ပုံသဏ္ဌာန်ပျက်ယွင်းခြင်း သို့မဟုတ် တိုခြင်းတို့ ဖြစ်နိုင်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရိုးနုအတက် ဖြစ်ပွါးရသည့် တိကျသောကြောင်းရင်းကို သေချာစွာ မသိရသေးပါ။ ၎င်းတို့သည် အလျင်အမြန် ကြီးထွားနေသော အရိုး၏ ထိပ်ပိုင်း သို့မဟုတ် အစွန်းပိုင်းနေရာများ (Metaphysis area of growing bones) တွင် ဖြစ်ပွါးလေ့ရှိပြီး၊ ဒူး၊ တင်ပါးဆုံနှင့် ပခုံးတို့တွင် အတွေ့ရများသည်။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းအချို့မှာ_
- မျိုးဗီဇဆိုင်ရာ အခြေအနေများ
မျိုးရိုးလိုက်ရောဂါတစ်ခုဖြစ်သည့် Hereditary Multiple Exostosis ကြောင့် ကလေးဘဝတွင် အရိုးနုအတက်အများအပြား ဖြစ်ပေါ်တတ်သည်။ အရိုးကြီးထွားမှုကို ထိန်းချုပ်သော မျိုးဗီဇများ ပြောင်းလဲမှုကြောင့် ဤကဲ့သို့ အတက်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ - အခြားအကြောင်းရင်းများ
ဓာတ်ရောင်ခြည်သင့်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်နိုင်သော်လည်း အများစုတွင်မူ မည်သည့်နောက်ခံအကြောင်းရင်းမျှ မရှိဘဲ ဖြစ်ပွါးတတ်သည်။
ရောဂါလက္ခဏာများ
အရိုးနုအတက် အများစုသည် မည်သည့်လက္ခဏာမှ မပြတတ်သောကြောင့် စောစီးစွာ သတိပြုမိရန် ခဲယဉ်းသည်။ သို့သော် အချို့သောအခြေအနေများတွင် အောက်ပါဝေဒနာများ ခံစားရတတ်သည်။
- အဖုအတက်ကို စမ်းမိခြင်း
အရိုးပေါ်တွင် မာကျောသော အကျိတ်ကို စမ်းမိနိုင်သည်။ ၎င်းသည် ဒူးဆစ်နှင့် ပခုံးဆစ်တို့တွင် အဖြစ်အများဆုံးဖြစ်ပြီး အများအားဖြင့် နာကျင်မှု မရှိတတ်ပါ။ အရိုးနုလွှာအပိုင်းကိုဓာတ်မှန် (X-ray ) တွင် မမြင်တွေ့ရသောကြောင့် စမ်းသပ်တွေ့ရသည့် အရိုးနုအတက်၏ အရွယ်အစားသည် ဓာတ်မှန်တွင် ပေါ် လွင်သည့် အရွယ်အစားထက် ပိုမိုကြီးမားနေတတ်သည်။ - လှုပ်ရှားမှု ကန့်သတ်ခြင်း
အဆစ်များ လှုပ်ရှားရာတွင် အနည်းငယ် အခက်အခဲရှိနိုင်သည်။ - နာကျင်ခြင်း
တစ်ခါတစ်ရံ အကျိတ်သည် ကြွက်သားများ၊ အရွတ်များနှင့် အာရုံကြောများကို ဖိမိနေပါက နာကျင်မှု ခံစားရနိုင်သည်။ - သွေးစီးဆင်းမှု ပြောင်းလဲခြင်း
အရိုးနုအတက်ကြောင့် သွေးကြောကို ဖိမိပါက သွေးစီးဆင်းမှု ပြောင်းလဲခြင်းကို ရံဖန်ရံခါဖြစ်စေနိုင်သည်။ ထိုအခါ သွေးခုန်နှုန်း စမ်းမရခြင်း သို့မဟုတ် ခြေလက်များ၏ အရောင်ပြောင်းလဲခြင်းတို့ ဖြစ်နိုင်သော်လည်း ဤသို့ဖြစ်ပွါးမှုမှာ အလွန်ရှားပါးသည်။
လူနာအတော်များများတွင် မည်သည့်လက္ခဏာမှ မပြဘဲ အခြားအကြောင်းတစ်ခုခုကြောင့် ဓာတ်မှန်ရိုက်ရာမှ (အထူးသဖြင့် ဒူးခေါင်းတစ်ဝိုက်တွင်) မထင်မှတ်ဘဲ အရိုးနုအတက်ကို ရှာဖွေတွေ့ရှိတတ်ကြသည်။
နောက်ဆက်တွဲပြဿနာများ
- နာကျင်မှု (Pain) – အရိုးနုအတက်သည် အရွတ်၊ ကြွက်သား သို့မဟုတ် အရည်အိတ် (Bursa) များကို ပွတ်တိုက်မိခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ကြောင့် လှုပ်ရှားသည့်အခါ နာကျင်မှု ပိုတိုးလာတတ်သည်
- အာရုံကြော ဖိမိခြင်း (Nerve Compression) – အနီးရှိ အာရုံကြောများကို ဖိမိပါက ထုံကျဉ်ခြင်း၊ ခြေ လက် အားနည်းခြင်းနှင့် အာရုံခံစားမှု လျော့နည်းခြင်းများ ဖြစ်ပေါ်နိုင်သည်
- သွေးကြော ဖိမိခြင်း (Vascular Compression) – ရှားပါးသော်လည်း သွေးကြောများကို ဖိမိပါက လက် သို့မဟုတ် ခြေ ဖောင်းခြင်း၊ သွေးစီးဆင်းမှု လျော့နည်းခြင်းတို့မှတစ်ဆင့် သွေးကြောဖောင်းခြင်းနှင့် သွေးခဲခြင်းတို့ ဖြစ်စေနိုင်သည်
- အဆစ်လှုပ်ရှားမှု ကန့်သတ်ခြင်း (Restricted Joint Movement) – အဆစ်များ အကွေးအဆန့် လုပ်ရခက်ခဲလာပြီး နေ့စဉ်လှုပ်ရှားမှုများကို ထိခိုက်စေနိုင်သည်
- အကျိတ်အညှာ ကျိုးခြင်း – အညှာပါသော အရိုးနုအတက် (Pedunculated osteochondroma) များသည် ထိခိုက်ဒဏ်ရာရမှုကြောင့် အညှာကျိုးသွားခြင်းဖြစ်လျှင် အတက်နေရာ၌ ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေသည်
- ကင်ဆာအဆင့်သို့ ပြောင်းလဲခြင်း (Malignant change) – ဤအရိုးနုအတက်သည် ရိုးရိုးသာမန်အကျိတ် ဖြစ်သော်လည်း တစ်ခါတစ်ရံ (၁-၅) ရာခိုင်နှုန်းခန့်တွင် ကင်ဆာအဆင့်သို့ ပြောင်းလဲသွားတတ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ကုသပေးမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
ထိခိုက်ဒဏ်ရာရခြင်း၊ နာကျင်မှု ပြင်းထန်စွာခံစားရခြင်း၊ ညအချိန် နာကျင်မှုရှိခြင်း၊ အရိုးနုအတက်အရွယ်အစား လျင်မြန်စွာ ကြီးထွားလာခြင်းများ ရှိပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ကျန်းမာရေးရာဇဝင် မေးမြန်းခြင်းနှင့် ရောဂါလက္ခဏာများကို ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်သည်။ ရောဂါအတည်ပြုရန်နှင့် အရိုးနုအတက်၏ အတိုင်းအတာကို အကဲဖြတ်ရန်အတွက် လိုအပ်ပါက အောက်ပါတို့ဖြင့် စစ်ဆေးအတည်ပြုရသည်။
ကုသခြင်း
လူနာ၏ အသက်အရွယ်၊ အတက်၏ အရွယ်အစား၊ တည်နေရာနှင့် ရောဂါလက္ခဏာများအပေါ် မူတည်၍ ကုသမှုပုံစံကို ဆုံးဖြတ်ရသည်။ ဤရောဂါကို ပျောက်ကင်းစေရန် သောက်ဆေး သို့မဟုတ် ထိုးဆေးကဲ့သို့သော ဆေးဝါးမရှိပါ။
- ကလေးသူငယ်များတွင် ကုသခြင်း
- ကလေးငယ်များတွင် ဖြစ်ပွါးပါက လတ်တလော ခွဲစိတ်ရန် မလိုဘဲ ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း (Observation and regular monitoring) သာ လိုအပ်သည်
- ကလေးငယ်များကို စောစီးစွာ ခွဲစိတ်ခြင်းပြုလုပ်လျှင် အရိုးကြီးထွားသည့်နေရာ (Growth plate) ကို ထိခိုက်နိုင်သည့်အပြင် ခွဲစိတ်ပြီးနောက် အကျိတ်ပြန်ဖြစ်နိုင်သည်
- လူကြီးနှင့် ဆယ်ကျော်သက်များတွင် ကုသခြင်း
- အရိုးကြီးထွားမှု ပြီးဆုံးသည့်အရွယ် (Mature skeleton) တွင် နာကျင်ခြင်း၊ လှုပ်ရှားမှု ခက်ခဲခြင်း သို့မဟုတ် အကျိတ် ပိုမိုကြီးထွားလာခြင်းတို့ ဖြစ်ပါက ခွဲစိတ်ကုသရမည်
- အထူးကုသမှု လိုအပ်သော အခြေအနေများ
- အတက်ကို ခွဲစိတ်ထုတ်ခြင်းအပြင် အရိုးအတိုအရှည် မညီခြင်းနှင့် ပုံသဏ္ဌာန် ပြုပြင်ရန် လိုအပ်ခြင်းတို့အတွက် အရိုးများကို ဖြတ်တောက်ချိန်ညှိခြင်း (Osteotomy and lengthening procedures) များ ပြုလုပ်ရသည်
ကာကွယ်ခြင်း
အရိုးနုအတက်သည် ကာကွယ်၍ရသော ရောဂါမျိုးမဟုတ်ပါ။ သို့သော် ရောဂါအခြေအနေကို စောစီးစွာ သိရှိပြီး သင့်တော်သော ကုသမှုကို ခံယူပါက ကောင်းမွန်သော ရလဒ်များ ရရှိနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း လျော့နည်းစေနိုင်သည်။
References:
- American Academy of Orthopaedic Surgeons. (n.d.). Osteochondroma. Retrieved January 25, 2026, from https://orthoinfo.aaos.org/en/diseases–conditions/osteochondroma/
- Cleveland Clinic. (n.d.). Exostosis. Retrieved January 25, 2026, from https://my.clevelandclinic.org/health/diseases/25114-exostosis
- Heck, R. K., & Toy, P. C. (2021). Malignant tumors of bone. In F. M. Azar & J. H. Beaty (Eds.), Campbell’s operative orthopaedics (14th ed., chap. 27). Elsevier.
- OrtHoChildren. (n.d.). Exostoses and hereditary multiple exostoses (HME). Retrieved January 25, 2026, from https://orthochildren.org/en/patologie/exostoses-and-hereditary-multiple-exostoses-hme/
- Toy, P. C., & Heck, R. K. (2021). Benign bone tumors and nonneoplastic conditions simulating bone tumors. In F. M. Azar & J. H. Beaty (Eds.), Campbell’s operative orthopaedics (14th ed., chap. 25). Elsevier.
Published: 28 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.