Orchitis (ဝှေးစေ့ ရောင်ရမ်းခြင်း)

Orchitis (ဝှေးစေ့ ရောင်ရမ်းခြင်း)

ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းတွင် တည်ရှိသော ဘဲဥပုံသဏ္ဌာန် ကိုယ်တွင်းအင်္ဂါဖြစ်ပြီး မျိုးပွား သုက်ကောင်လေးများနှင့် အမျိုးသားဟော်မုန်းကို ထုတ်လုပ်ပေးသည်။ ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis) ဆိုသည်မှာ အမျိုးသားများ၏ ဝှေးစေ့တစ်ခု သို့မဟုတ် နှစ်ခုလုံး ရောင်ရမ်းခြင်းဖြစ်သည်။ ၎င်းသည် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးများကြောင့် အဓိကဖြစ်ပွါးတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဝှေးစေ့ရောင်ရမ်းခြင်းဖြစ်ရသည့် အကြောင်းရင်းများစွာရှိသည်။

  1. ဗိုင်းရပ်စ်ပိုး (Viral Orchitis)
    ပါးချိတ်ရောင်ရောဂါ (Mumps) ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် အဓိကဖြစ်သည်။ ပါးချိတ်ရောင်ပြီး (၄)ရက် မှ (၇)ရက်အတွင်း ဝှေးစေ့ရောင်ရမ်းခြင်း ဖြစ်တတ်သည်။ ပါးချိတ်ရောင်ဗိုင်းရပ်စ်သာမက အခြားဗိုင်းရပ်စ်များ (ဥပမာ – Coxsackievirus, Echovirus နှင့် တစ်ခါတစ်ရံ COVID-19 ဗိုင်းရပ်စ်) ကြောင့်လည်း ဝှေးစေ့ရောင်ရမ်းခြင်း ဖြစ်ပွါးနိုင်ကြောင်း တွေ့ရှိရသည်။
  2. ဘက်တီးရီးယားပိုး (Bacterial Orchitis)
    ဆီးလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ (ဥပမာ – ဂနိုရောဂါ၊ ကလာမိုင်ဒီယားရောဂါ) ကြောင့် ဖြစ်ပွါးနိုင်သည်။ ၎င်းသည် ဝှေးစေ့အနောက်ဘက်ရှိ သုက်ကောင် ​စုဆောင်းပြွန် ရောင်ရမ်းခြင်း (Epididymitis) နှင့် တွဲ၍ဖြစ်လေ့ရှိသည်။
ရောဂါလက္ခဏာများ

ဝှေးစေ့ရောင်ရမ်းခြင်းနှင့်အတူ တွဲဖြစ်တတ်သော လက္ခဏာများမှာ_

  • အနည်းငယ်နာကျင်ရုံသာ ခံစားရခြင်းမှ အလွန်အမင်းနာကျင်ခြင်းအထိ ဖြစ်နိုင်ခြင်း
  • ကိုယ်ပူခြင်း (ဖျားခြင်း)၊ ချမ်းတုန်ခြင်း
  • မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း
  • သုက်ရည်တွင် သွေးပါခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ဝှေးစေ့ရောင်ရမ်းခြင်းသည် မကုသပါက ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ် မူတည်၍ အောက်ပါအခြေအနေများ ဖြစ်လာနိုင်သည်။

  • ဝှေးစေ့သေးသွားခြင်း (Testicular atrophy) – ရောင်ရမ်းမှုကြောင့် ဝှေးစေ့တစ်ရှူးများ ပျက်စီးပြီး သေးသွားနိုင်သည်
  • ပြည်တည်နာဖြစ်ခြင်း (Scrotal abscess) – ရောင်ရမ်းနေသော နေရာတွင် ပြည်စု၍ ပြည်တည်နာဖြစ်နိုင်သည်
  • မျိုးမအောင်ခြင်း (Infertility) – ဝှေးစေ့နှစ်ဖက်လုံး ထိခိုက်ပါက သုက်ပိုးထုတ်လုပ်မှု လျော့နည်းသွားပြီး မျိုးပွါးမှုစနစ်ကို ထိခိုက်၍ ကလေးမရနိုင်ခြင်း ဖြစ်တတ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ဝှေးစေ့ရောင်ရမ်းလာခြင်းရှိပါက မိသားစုဆရာ၀န်များနှင့် အမြန်တိုင်ပင်ဆွေးနွေး၍ ဆေးကုသမှုခံယူသင့်သည်။ အထူးသဖြင့် ဝှေးစေ့လိမ်ခြင်း (Testicular Torsion) ကဲ့သို့ အရေးပေါ်အခြေအနေနှင့် ခွဲခြားရန် အရေးကြီးသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဝှေးစေ့ရောင်ရမ်းခြင်းအတွက် ဆရာဝန်မှ အောက်ပါများကို စမ်းသပ်စစ်ဆေးလေ့ရှိသည်။

  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Physical examination)
  2. ကပ်ပယ်အိတ် Doppler အာထရာဆောင်း (Scrotal doppler ultrasound) ရိုက်ခြင်း
  3. လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ရှိမရှိ စစ်ဆေးခြင်း
  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
    လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် ဝမ်းဗိုက်၊ ဝှေးစေ့၊ ကပ်ပယ်အိတ်နှင့် ပေါင်ခြံ စသည့်နေရာများကို စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်သည်။
  2. ကပ်ပယ်အိတ် Doppler အာထရာဆောင်းရိုက်ခြင်း
    ကပ်ပယ်အိတ် doppler အာထရာဆောင်းရိုက်ခြင်းဖြင့် ဝှေးစေ့အရွယ်အစား၊ ကပ်ပယ်အိတ်အတွင်း အရည်စုခြင်း၊ ဝှေးစေ့အတွင်း သွေးလည်ပတ်မှု အခြေအနေကို သိရှိနိုင်သည်။ သွေးစီးဆင်းမှု ပုံမှန်ထက် ပိုများနေပါက ‌ဝှေးစေ့ရောင်ရမ်းခြင်း ဖြစ်နိုင်ပြီး၊ သွေးစီးဆင်းမှု သိသိသာသာ လျော့နည်းနေပါက ဝှေးစေ့အညှာလိမ်ခြင်း (Testicular Torsion) ဖြစ်နိုင်သည်။
  3. လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ရှိ၊ မရှိ စစ်ဆေးခြင်း
    သွေးနှင့်ဆီးကို စစ်ဆေးခြင်းဖြင့် ပိုးဝင်ခြင်း ရှိမရှိနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို သိရှိနိုင်သည်။ ဆီးစစ်ခြင်းဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း လက္ခဏာများအပြင် ဆီးထဲတွင် သွေး သို့မဟုတ် ပြည် ပါဝင်ခြင်း ရှိမရှိကိုပါ စစ်ဆေးနိုင်ပြီး၊ လိုအပ်ပါက လိင်တံမှထွက်သော အရည် သို့မဟုတ် ပြည်ကို နမူနာယူ၍ ဓာတ်ခွဲခန်းတွင် အသေးစိတ်စစ်ဆေးနိုင်သည်။
ကုသခြင်း

ဝှေးစေ့ရောင်ရမ်းရသည့် အကြောင်းရင်းကို ရှာဖွေကုသခြင်းဖြစ်သည်။

  1. ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
    • ဘက်တီးရီးယားပိုး (Bacterial Orchitis) ကြောင့် ဖြစ်သော ဝှေးစေ့ရောင်ရမ်းခြင်းတွင် ဖြစ်နိုင်ခြေရှိသော ဘက်တီးရီးယားပိုး အမျိုးအစားပေါ် အခြေခံ၍ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများပေးရသည်
    • ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန် ညွှန်ကြားထားသည့် ပမာဏ၊ သောက်သုံးရမည့်ရက်အတိုင်း အတိအကျ လိုက်နာသုံးစွဲသင့်သည်
    • အကယ်၍ ဝှေးစေ့ရောင်ရမ်းခြင်းသည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါကြောင့် ဖြစ်ပါက ပြန်လည်ကူးစက်မှုကို တားဆီးရန်အတွက် မိမိ၏ အတူနေဖော်ကိုပါ တစ်ပါတည်း စစ်ဆေးကုသမှု ခံယူစေရမည်
  2. လက္ခဏာ သက်သာစေသော ​ကုသမှုများ (symptomatic/supportive treatment)
    • ဗိုင်းရပ်စ်ပိုး (Viral Orchitis) ကြောင့် ဖြစ်သော ဝှေးစေ့‌ရောင်ရမ်းခြင်းတွင် အကိုက်အခဲပျောက်ဆေးများ (Paracetamol, NSAIDs) အား ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးသင့်သည်
    • ပက်လက်လှဲအိပ်သောအခါ သက်သောင့်သက်သာဖြစ်စေရန်အတွက် လိပ်ထားသော မျက်နှာသုတ်ပဝါကို ကပ်ပယ်အိတ်အောက်တွင် ထားပါ
    • ရောင်ရမ်းနာကျင်မှုအတွက် ရေအေးအိတ် သို့မဟုတ် ရေအေးဆွတ်ထားသော အဝတ်ကပ်ပေးခြင်းဖြင့် နာကျင်မှု သက်သာနိုင်သည်၊ ရေခဲကို အရေပြားပေါ် တိုက်ရိုက်မတင်ရ
    • ရေများများသောက်ပါ
    • လှုပ်ရှားသွားလာသည့်အခါ နာကျင်မှုသက်သာစေရန်ကပ်ပယ်အိတ်ကို ပေါ့ပေါ့ပါးပါးဖြင့် သေချာပင့်တင်ပေးနိုင်သော ‌အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ
    • ပြင်းထန်သော လေ့ကျင့်ခန်းလှုပ်ရှားမှုကို ရှောင်ကြဥ်ပါ
    • ရေနွေးဖြင့် ရေချိုးခြင်းသည် ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေသောကြောင့် နာကျင်မှုများကို သက်သာစေနိုင်သည်။
  3. ခွဲစိတ်ကုသခြင်း
    အောက်ပါအခြေအနေတွင် ခွဲစိတ်ကုသရန် လိုအပ်သည်။
    • ဝှေးစေ့ ရောင်ရမ်းခြင်းကြောင့် ဖြစ်သော နောက်ဆက်တွဲ ဆိုးကျိုးများ (ဥပမာ _ ကပ်ပယ်အိတ်အတွင်း ပြည်တည်ခြင်း)
ကာကွယ်ခြင်း

ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis) ကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • ကလေးဘဝတွင် ပါးချိတ်ရောင် ကာကွယ်ဆေး (MMR vaccine) ထိုးထားခြင်းဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော Orchitis ကို ကာကွယ်နိုင်သည်၊ ကလေးဘဝတွင် MMR ကာကွယ်ဆေး မထိုးနှံခဲ့ရသော လူကြီးများအနေဖြင့်လည်း ဆရာဝန်နှင့် တိုင်ပင်၍ ကာကွယ်ဆေး ထိုးနှံနိုင်သည်
  • လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကို ကာကွယ်ရန် စိတ်ချရသော အကာအကွယ်ပစ္စည်း (ကွန်ဒုံး) ကို အသုံးပြုပါ
  • ဆီးသွားရခက်ခဲခြင်း သို့မဟုတ် ဆီးကျိတ်ကြီးခြင်းရှိပါက စောစီးစွာကုသခြင်းဖြင့် ပိုးဝင်မှုကို တားဆီးနိုင်သည်

References:

  1. Cleveland Clinic. (n.d.). Orchitis. Retrieved January 13, 2025, from https://my.clevelandclinic.org/health/diseases/21658-orchitis
  2. Mayo Clinic. (n.d.). Orchitis: Symptoms and causes. Retrieved January 13, 2025, from https://www.mayoclinic.org/diseases-conditions/orchitis/symptoms-causes/syc-20375860
  3. Azmat, C. E., & Vaitla, P. (2025). Orchitis. In StatPearls. StatPearls Publishing. Retrieved January 13, 2025, from https://www.ncbi.nlm.nih.gov/books/NBK553165/
  4. Igarashi, A., Takezawa, Y., Ozawa, Y., Saito, T., Nakayama, H., Makino, T., et al. (2024). A rare case of a testicular lesion related to hand, foot, and mouth disease. IJU Case Reports, 7(3), 262–265. https://doi.org/10.1002/iju5.12721
  5. Alkhatatbeh, M., Omari, S., Al-Dolat, W., Saadeh, R., & Al-Omari, L. (2025). Impact of COVID-19 on the male reproductive system: A comprehensive review of clinical and laboratory findings. Frontiers in Endocrinology, 16, 1547020. https://doi.org/10.3389/fendo.2025.1547020
  6. Franklin, L., Kuassivi, N., Satie, A. P., et al. (2025). Mumps virus and other systemic viral infections: Mechanisms of testicular injury in human models [Preprint]. SSRN. Retrieved January 18, 2026, from https://doi.org/10.2139/ssrn.5116041

Published: 27 January 2026

Share

27 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.