ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောဂါဆိုသည်မှာ ကျောက်ကပ်မှ ဆီးစွန့်ထုတ်ရာတွင် အသားဓာတ်များကိုပါ အများအပြားစွန့်ထုတ်လိုက်သော ကျောက်ကပ်ရောင်ရောဂါတစ်မျိုးဖြစ်သည်။ အဆိုပါ ကျောက်ကပ်ရောင်ရောဂါသည် လူကြီးများထက် ကလေးငယ်များတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်။ လူကြီးများတွင် တစ်နှစ်လျှင် လူတစ်သိန်း၌ (၃) ယောက်ခန့်သာ ရောဂါဖြစ်ပွါးသည်ကို တွေ့ရသည်။ သို့သော် လူကြီးများတွင် ဖြစ်ပွါးပါက ရောဂါပိုမိုပြင်းထန်နိုင်သကဲ့သို့ အသားဓာတ်များ ဆုံးရှုံးခြင်းကြောင့် ကုသမှု မခံယူပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေကုသရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်အခြေအနေတွင် ကျန်းမာသောကျောက်ကပ်သည် ကိုယ်ခန္ဓာမှ စွန့်ပစ်ပစ္စည်းများနှင့် ပိုလျှံနေသောအရည်များကို သွေးထဲမှ စစ်ထုတ်ပေးပြီး ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးသည်။ ကျောက်ကပ်အတွင်းရှိ အညစ်အကြေးစစ် စကာပေါက်အနေဖြင့် လုပ်ဆောင်ပေးသော သွေးကြောမျှင်အစုအထုံး (Glomeruli) သည် သွေးထဲမှ နိုက်ထရိုဂျင်စွန့်ပစ်ပစ္စည်း ယူရီးယားဓာတ်များ၊ ကြွက်သားများမှ စွန့်ထုတ်သော Creatinine များနှင့် အမိုင်နိုအက်စစ်များကို စစ်ထုတ်ကာ စွန့်ပစ်ပေးသကဲ့သို့ ခန္ဓာကိုယ်အတွက် လိုအပ်သော ဆဲလ်များနှင့် ပရိုတင်းဓာတ်များကို ဆီးထဲမပါသွားအောင် ထိန်းထားပေးသည်။ရောဂါအခြေအနေတစ်ခုကြောင့် ကျောက်ကပ်၏ သွေးကြောမျှင်အစု (Glomeruli) များ ပျက်စီးပါက သွေးကို သေချာစစ်ထုတ်ခြင်းမလုပ်နိုင်တော့ဘဲ သွေးတွင်းပရိုတင်းများ (အထူးသဖြင့် Albumin) အများအပြား ယိုစိမ့်ဆုံးရှုံးစေသည်။
လူကြီးများတွင်ဖြစ်သော ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါသည် ကျောက်ကပ်တွင် စတင်ဖြစ်ပေါ်သော ရောဂါများကြောင့်လည်း ဖြစ်နိုင်သလို အခြားနေရာတွင်ဖြစ်သော ရောဂါတစ်ခုကြောင့် ကျောက်ကပ်ထိခိုက်ပြီး ဖြစ်ပွါးသောအခြေအနေလည်း ဖြစ်နိုင်သည်။
ကျောက်ကပ်ရောဂါအကြောင်းရင်းများ
- Minimal change disease
ကလေးငယ်များတွင် ဤရောဂါအခြေအနေ ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ ရောဂါလက္ခဏာများ တွေ့ရသော်လည်း ကျောက်ကပ်အသားစယူ စစ်ဆေးပါက ပုံမှန်တစ်ရှူးများကိုသာ တွေ့ရများသည်။ - Focal segmental glomerulosclerosis
ကျောက်ကပ်သွေးကြောထုံးများအတွင်း အမာရွတ်များဖြစ်ပေါ်သော ရောဂါတစ်ခုဖြစ်ပြီး၊ မျိုးဗီဇချို့ယွင်းခြင်းနှင့် အချို့ဆေးဝါးများကြောင့် ဖြစ်ပွါးနိုင်သလို တစ်ခါတစ်ရံ အကြောင်းရင်းမရှိဘဲလည်း ဖြစ်နိုင်သည်။ - Membranous nephropathy
ကျောက်ကပ်၏ သွေးကြောအစုအထုံးအတွင်းရှိ အမြှေးပါးများတွင် ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်လာသော အနည်အနှစ်များ စုပုံ၍ ထူလာခြင်းကြောင့်ဖြစ်သည်။ ကိုယ်ခံအားစနစ် လွန်ကဲစွာတုံ့ပြန်ခြင်းကြောင့် ဖြစ်ပွါးသည်ဟု ဆိုကြသည်။
ဆက်စပ်မှုရှိသော အခြားရောဂါအကြောင်းရင်းများ
- ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါ (Diabetic kidney disease)
ဆီးချိုရောဂါသည် သွေးကြောအစုအထုံးများကို ပျက်စီးစေနိုင်သဖြင့် ဆီးထဲအသားဓာတ်ပါ အခြေအနေကို ဖြစ်စေသည်။ - အမိုင်းလွိုက်ရောဂါ (Amyloidosis)
ကိုယ်ခန္ဓာ၏ ကိုယ်တွင်းအင်္ဂါများတွင် အမိုင်းလွိုက်ပရိုတင်းဓာတ်များ စုပုံလာသောရောဂါဖြစ်ပြီး ကျောက်ကပ်ကို အဓိကထိခိုက်သည်။ ကျောက်ကပ်ရှိ သွေးကြောအစုထုံးများတွင် အဆိုပါ အမိုင်းလွိုက်ပရိုတင်းဓာတ်များ စုပုံသောအခါ ကျောက်ကပ်၏အရည်စစ်ထုတ်ခြင်း လုပ်ငန်းကိုပျက်စီးစေသည်။ - အရေပြားလေးဘက်နာ (SLE) ရောဂါ
ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် တစ်ကိုယ်လုံးရောင်ရမ်းခြင်းဖြစ်ပေါ်ကာ ကျောက်ကပ်ရောင်ခြင်းကိုပါ ဖြစ်စေနိုင်သည်။ - အသည်းရောင် ဘီ ပိုး၊ စီ ပိုး၊ HIV ပိုး၊ ငှက်ဖျားရောဂါနှင့် အချို့ကင်ဆာရောဂါများသည် ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို ပြောင်းလဲစေခြင်းဖြင့် Membranous nephropathy ကို ဖြစ်စေပြီးနောက် ကျောက်ကပ်ရောင်ရောဂါ ဖြစ်စေသည်။
ရောဂါဖြစ်နိုင်ခြေ များစေသောအချက်များ
- ဆီးချိုရောဂါ၊ အက်စ်အယ်လ်အီးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ၊ ဆီးလမ်းကြောင်းအဆို့များ မလုံသောရောဂါ (Reflux nephropathy) စသည့်ရောဂါများရှိခြင်း
- စတီးရွိုက်ဆေးများနှင့် ပဋိဇီဝပိုးသတ်ဆေးများ သုံးစွဲခြင်း
- HIV ပိုး၊ အသည်းရောင် ဘီ ပိုး၊ စီ ပိုး၊ ငှက်ဖျားပိုး ဝင်ခြင်း
ရောဂါလက္ခဏာများ
တွေ့ရများသော ရောဂါလက္ခဏာများမှာ_
- ဆီးထဲ၌ albumin ပရိုတင်းဓာတ် အများအပြား ပါလာခြင်း (၃.၅ ဂရမ်ပမာဏထက် များခြင်း)
- သွေးထဲ၌ ကိုလက်စထရောအဆီများ များလာခြင်း
- ခြေထောက်များ ဖောရောင်ခြင်း၊ မျက်နှာနှင့် လက်များ ဖောခြင်း
- ဆီးထဲပါသွားသဖြင့် သွေးထဲ၌ albumin ပရိုတင်းဓာတ်များ နည်းလာခြင်း
- ဆီးသွားလျှင် အမြုပ်များထခြင်း
- နေထိုင်မကောင်းခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန် တက်လာခြင်း
- ဗိုက်နာခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း၊ နုံးချိခြင်း
- ဗီတာမင်နှင့် သတ္တုဓာတ်များ ဆုံးရှုံးခြင်းကြောင့် ဆံပင်နှင့်လက်သည်းများ ပျက်စီးခြင်း
- ကလေးငယ်များတွင် ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်စေခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
Albumin နှင့် အခြားအရေးကြီးသော ပရိုတင်းဓာတ်များ ဆုံးရှုံးခြင်း၊ သွေးတွင်းအဆီများခြင်းတို့ကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်သည်။
- သွေးခဲများဖြစ်ပေါ်ခြင်း
သွေးခဲခြင်းကို ပုံမှန်တားဆီးပေးသော အချို့ပရိုတင်းဓာတ်များ ဆီးထဲတွင် ပါဝင်ပြီး ဆုံးရှုံးသွားသောကြောင့် သွေးကြောများထဲတွင် သွေးခဲများ နေရာအနှံ့ဖြစ်စေသည်။ အထူးသဖြင့် ကျောက်ကပ်သွေးပြန်ကြောထဲ၌ သွေးခဲပိတ်ဆို့ခြင်းဖြစ်နိုင်ပြီး ကျောက်ကပ်ကို ပိုမိုပျက်စီးစေသည်။ - သွေးတွင်းအဆီဓာတ်များ ပိုမိုများလာခြင်း
သွေးထဲ၌ albumin ပရိုတင်း လျော့နည်းလာသောကြောင့် အသည်းမှ albumin ကို ယခင်ထက်ပို၍ ထုတ်လုပ်ပေးချိန်တွင် ကိုလက်စထရောနှင့် triglyceride ဟုခေါ်သော အဆီများကိုပါ တစ်ပြိုင်တည်းထုတ်ပေးသောကြောင့် သွေးတွင်းအဆီပမာဏ တဖြည်းဖြည်း ပိုများလာသည်။ - အာဟာရချို့တဲ့ခြင်း
ပရိုတင်းအသားဓာတ်များ ဆုံးရှုံးမှုကြောင့် ကြွက်သားများဆုံးရှုံးပြီး အာဟာရချို့တဲ့ခြင်း၊ ပိန်လာခြင်း (သို့သော် ဖောရောင်ခြင်းတို့ကြောင့် သတိမထားမိနိုင်ခြင်း)၊ သွေးအားနည်းခြင်း၊ ဗီတာမင် D ချို့တဲ့ခြင်း၊ လည်ပင်း သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ - သွေးပေါင်တက်ခြင်း
ကျောက်ကပ်သွေးကြောအစုထုံးများ ပျက်စီးခြင်းနှင့် ကိုယ်တွင် အရည်များစုပုံလာခြင်းတို့ကြောင့် သွေးပေါင်တက်ခြင်း၊ သွေးတိုးခြင်းတို့ကို ဖြစ်စေသည်။ - နှလုံးသွေးကြောကျဥ်းခြင်း
သွေးတွင်းအဆီများလာခြင်း၊ သွေးခဲများ ပိုမိုဖြစ်စေခြင်းတို့ကြောင့် နှလုံးသွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်းတို့ကို ဖြစ်စေသည်။ - ကျောက်ကပ်လုပ်ငန်း ရုတ်တရက်ပျက်စီးခြင်း (acute renal failure)
ကျောက်ကပ်သွေးကြောအထုံးများ အလျင်အမြန်ပျက်စီးပြီး ကျောက်ကပ်လုပ်ငန်း ရုတ်တရက် ချို့ယွင်းသောအခါ ကိုယ်ခန္ဓာ၏ စွန့်ပစ်ပစ္စည်းများကို ပုံမှန်စစ်ထုတ်စွန့်ပစ်နိုင်ခြင်း မရှိတော့သဖြင့် သွေးထဲစုပုံလာပြီး အသက်အန္တရာယ် ဖြစ်နိုင်သောကြောင့် ကျောက်ကပ်အမြန်ဆေးရန် လိုအပ်နိုင်သည်။ - ကျောက်ကပ်လုပ်ငန်း ရေရှည်ပျက်စီးခြင်း (chronic renal failure)
ကျောက်ကပ်လုပ်ငန်း တဖြည်းဖြည်းကျဆင်းလာပြီး ကျောက်ကပ်ဆေးခြင်း၊ အစားထိုးခြင်းတို့ ပြုလုပ်ရန် လိုအပ်နိုင်သည်။ - ရောဂါပိုးဝင်လွယ်ခြင်း
ကိုယ်ခံအားစနစ်မှ ရောဂါပိုးများကို တိုက်ဖျက်ရာတွင် ကူညီပေးသည့် ကိုယ်ခံစွမ်းအား ပရိုတင်း (Immunoglobulins) များ ဆီးထဲစစ်ထုတ်ခံရ၍ ဆုံးရှုံးသောအခါ ရောဂါပိုးမွှားများ ဝင်ရောက်ကူးစက်နိုင်ခြေ များလာသည်။ (ဥပမာ _ အဆုတ်ရောင်ခြင်း၊ အရေပြားအောက် အဆီလွှာတွင် ပိုးဝင်၍ ရောင်ရမ်းခြင်း၊ ဝမ်းဗိုက်အမြှေးပါး ပိုးဝင်ရောင်ရမ်းခြင်း)
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ ကျောက်ကပ်ရောင်ရောဂါသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သောကြောင့် ရောဂါဖြစ်စေသော အကြောင်းရင်းများကို အမြန်ရှာဖွေကုသရန် လိုအပ်သည်။ အကယ်၍ အရေးပေါ်အခြေအနေများဖြစ်သော တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးအမောဖောက်ခြင်း၊ ရုတ်တရက်ဆီးနည်းသွားခြင်းများ ဖြစ်ပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်မှ ရောဂါရာဇဝင်နှင့် လက္ခဏာများ၊ ဖြစ်စေသော ရောဂါအခံများ ရှိမရှိကို မေးမြန်းခြင်း၊ ခန္ဓာကိုယ်စစ်ဆေးစမ်းသပ်ခြင်း၊ သွေးနှင့် ဆီးစစ်ဆေးခြင်းတို့ကို ပြုလုပ်၍ ရောဂါရှာဖွေပေးလိမ့်မည်။ လိုအပ်ပါက ကျောက်ကပ်ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ကျောက်ကပ်ရောင်ရောဂါကို အတည်ပြုရန် အောက်ပါစစ်ဆေးမှုများပြုလုပ်နိုင်သည်။
- ဆီးစစ်ဆေးခြင်း
- ဆီးထဲအသားဓာတ်ပါဝင်မှုကို စစ်ဆေးခြင်းဖြစ်သည်
- အချိန်တိုအတွင်း အဖြေထုတ်ပေးနိုင်သော rapid test dipsticks များဖြင့် စစ်ဆေးနိုင်သကဲ့သို့ ပမာဏအတိအကျ သိနိုင်ရန် ဆီးကို (၂၄) နာရီ စုဆောင်းပြီး အသားဓာတ်ပါဝင်မှုပမာဏ တိုင်းတာသောနည်းလမ်းကို အဓိကအသုံးပြုသည်၊ (၂၄) နာရီဆီးတွင် စုစုပေါင်းအသားဓာတ် (၃) ဂရမ်နှင့်အထက် ပါရှိပါက ကျောက်ကပ်ရောင်ရောဂါကို အတည်ပြုနိုင်သည်
- ထို့အပြင် ဆီးထဲပါဝင်သော albumin နှင့် creatinine တို့၏အချိုး (albumin-creatinine ratio) ကို စစ်ဆေးခြင်းဖြင့်လည်း ရောဂါရှာဖွေနိုင်သည်
- သွေးစစ်ဆေးခြင်း
- သွေးတွင်း Albumin အသားဓာတ်နှင့် စုစုပေါင်းအသားဓာတ် (total protein) တို့ကို စစ်ဆေးခြင်း
- သွေးတွင်းအဆီဓာတ်များစစ်ဆေးခြင်း (Cholesterol and triglycerides)
- ကျောက်ကပ်လုပ်ငန်း စစ်ဆေးခြင်း
- သွေးအားနည်းခြင်း ရှိမရှိ စစ်ဆေးခြင်း (complete blood count)
- ရောဂါအခံများအတွက် စစ်ဆေးခြင်း (ဆီးချိုရောဂါ၊ အသည်းရောင် ဘီ ပိုး၊ စီ ပိုး၊ ငှက်ဖျားရောဂါ)
- ကျောက်ကပ်အသားစယူ စစ်ဆေးခြင်း (Renal biopsy)
- အကြောင်းရင်းရှာဖွေရန် လိုအပ်သော အခြေအနေများတွင် ကျောက်ကပ်တစ်ရှူးကို အသားစယူ၍ စစ်ဆေးနိုင်သည်
ကုသခြင်း
ရောဂါကုသခြင်းတွင် ကျောက်ကပ်ရောင်ရောဂါ၏ လက္ခဏာများ သက်သာစေရန် ကုသခြင်း၊ ဖြစ်စေသော အကြောင်းရင်းများရှိပါက ၎င်းတို့ကို ကုသခြင်းနှင့် နောက်ဆက်တွဲပြဿနာများအတွက် ကုသခြင်းတို့ ပါဝင်သည်။ ဆေးဝါးများနှင့်ကုသခြင်းအပြင် သင့်တော်သော စားသောက်ပုံများလည်း ပြောင်းလဲရန် လိုအပ်သည်။
- သွေးကျဆေးများ
Angiotensin-converting enzyme inhibitors (ACEI), angiotensin-receptor blockers (ARB) အမျိုးအစား သွေးကျဆေးများသည် သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ခြင်း၊ ဆီးတွင်ပါသွားသော ပရိုတင်းပမာဏကိုလည်း လျှော့ချပေးနိုင်ခြင်း၊ ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်နှေးကွေးစေခြင်း စသည့်အာနိသင်များရှိသည်။ အကယ်၍ သွေးကျဆေး (၁) မျိုးဖြင့် သွေးပေါင်မကျပါက beta-blockers, calcium channel blockers စသည့် အခြားသွေးကျဆေး အမျိုးအစားများနှင့် ပေါင်း၍ပေးနိုင်သည်။ - ဆီးဆေးများ
ကျောက်ကပ်မှ ရေစွန့်ထုတ်ပေးခြင်းကို ပိုများစေခြင်းဖြင့် ဖောရောင်ခြင်းများကို သက်သာစေသည်။ အသုံးပြုနိုင်သော ဆီးဆေးများမှာ Furosemide, Spironolactone, Thiazides တို့ဖြစ်သည်။ - ကိုလက်စထရော ကျစေသောဆေးများ
သွေးတွင်းကိုလက်စထရော ကျစေရန်၊ နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်ရန် စတက်တင် (Statins) ဆေးများဖြင့် ကုသနိုင်သည်။ - နောက်ဆက်တွဲသွေးခဲခြင်းကို ကာကွယ်ရန် သွေးမခဲဆေး (anticoagulants) များ ပေးနိုင်သည်၊ သွေးမခဲဆေးများသည် ကျောက်ကပ်ရောင် ရောဂါလက္ခဏာများကို သက်သာစေသောဆေးများ မဟုတ်သော်လည်း သွေးခဲများဖြစ်ပေါ်၍ သွေးကြောများပိတ်ဆို့ခြင်းကို ကာကွယ်ပေးနိုင်သည်
- ကိုယ်ခံအား ထိန်းချုပ်သောဆေးများ
အချို့ကျောက်ကပ်ရောင်ရောဂါများတွင် ကိုယ်ခံအားစနစ်တုံ့ပြန်မှု မူမမှန်သောကြောင့် ဖြစ်ပွါးကြောင်း တွေ့ရသည်။ ထိုလူနာများတွင် ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို ထိန်းချုပ်ဖိနှိပ်ထားရန် ကိုယ်ခံအားနှိမ့်ချပေးသော ဆေးများ (Immunosuppressants) ပေးရန် လိုအပ်နိုင်သည်။ ထိုဆေးများတွင် စတီးရွိုက်ဆေးများအပြင် Rituximab, Cyclosporine, Cyclophosphamide ဆေးများ ပါဝင်သည်။ - ဖြစ်စေသောအကြောင်းရင်းရောဂါများကို ထိရောက်စွာ ကုသခြင်း (ဥပမာ _ ဆီးချိုရောဂါ)
- ကာကွယ်ဆေးများထိုးနှံခြင်း
ကျောက်ကပ်ရောင်လူနာများသည် ကိုယ်ခံစွမ်းအား ပရိုတင်းများ လျော့နည်းခြင်းကြောင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်သဖြင့် ရာသီတုပ်ကွေးကာကွယ်ဆေး၊ အဆုတ်ရောင်ကာကွယ်ဆေးများကို နှစ်စဥ်ထိုးနှံရန် လိုအပ်သည်။
ဆေးဝါးများအပြင် အောက်ပါ စားသောက်မှုပုံစံများကို လိုက်နာခြင်းဖြင့် လက္ခဏာများ သက်သာစေရန် အထောက်အကူပြုနိုင်သည်။
- ဆား စားသုံးမှုကို တတ်နိုင်သလောက် လျှော့ချခြင်းဖြင့် ဖောရောင်ခြင်းကို သက်သာစေသည်
- အဆီဓာတ်ပါဝင်မှုနည်းပြီး အသားဓာတ်ပြည့်ဝသော ပရိုတင်းများကို စားသုံးရန် (ဥပမာ _ ကြက်သား၊ ပဲအမျိုးမျိုး၊ တို့ဟူး)
- ကိုလက်စထရောများခြင်း သက်သာစေရန် စားသောက်ရာတွင် ပြည့်ဝဆီများကို ရှောင်ပြီး ကျန်းမာရေးအတွက် ကောင်းသော အပင်ထုတ်ဆီများကိုသာ သုံးစွဲရန်
- ဖောရောင်ခြင်းရှိပါက နေ့စဥ်သောက်နေသော ရေပမာဏကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လျှော့သောက်ရန်
ကာကွယ်ခြင်း
ကျောက်ကပ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်သော နည်းလမ်းများ ယနေ့အထိ မရှိသေးပါ။ သို့သော် ရောဂါဖြစ်ပါက ဖြစ်စေသောအကြောင်းရင်းကို ကုသခြင်းနှင့် အစားအသောက်ပုံစံ ပြောင်းလဲခြင်းဖြင့် လက္ခဏာများ သက်သာစေနိုင်သည်။
References:
- Mayo Clinic. (n.d.). Nephrotic syndrome: Symptoms & causes. Retrieved September 27, 2025, from https://www.mayoclinic.org/diseases-conditions/nephrotic-syndrome/symptoms-causes/syc-20375608
- Mayo Clinic. (n.d.). Nephrotic syndrome: Diagnosis & treatment. Retrieved September 27, 2025, from https://www.mayoclinic.org/diseases-conditions/nephrotic-syndrome/diagnosis-treatment/drc-20375613
- Cleveland Clinic. (n.d.). Nephrotic syndrome. Retrieved September 27, 2025, from https://my.clevelandclinic.org/health/diseases/5989-nephrotic-syndrome
- WebMD. (n.d.). What is nephrotic syndrome? Retrieved September 27, 2025, from https://www.webmd.com/a-to-z-guides/what-is-nephrotic-syndrome
- National Institute of Diabetes and Digestive and Kidney Diseases. (n.d.). Nephrotic syndrome in adults. Retrieved September 27, 2025, from https://www.niddk.nih.gov/health-information/kidney-disease/nephrotic-syndrome-adults
- McLaren Health System. (n.d.). Nephrotic syndrome. Retrieved September 27, 2025, from https://www.mhsystem.org/health-library/con-20375592/
Published: 23 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
