အဆစ်ကျီးပေါင်းတက်ရောဂါဆိုသည်မှာ အဆစ်တွင်းရှိ အရိုးများကို ဖုံးအုပ်ကာကွယ်ပေးထားသော အရိုးနုများ အချိန်ကြာ၍ ပျက်စီးလာခြင်းကြောင့် ဖြစ်သည်။ အရိုးနုများ ပျက်စီးသောအခါ အဆစ်လှုပ်ရှားတိုင်း အရိုးမာများအချင်းချင်း ပွတ်တိုက်မှုဖြစ်ပွါးပြီး အဆစ်အကွေးအဆန့် ခက်ခဲခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင်မှု ခံစားရခြင်းတို့ကို ဖြစ်စေသည်။ အရိုးနုပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်အောင် မပြုလုပ်နိုင်သော်လည်း ရောဂါလက္ခဏာ သက်သာစေသော နည်းလမ်းများဖြင့် ကုသမှုပေးနိုင်သကဲ့သို့ ပြင်းထန်ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်သည်။
အဆစ်ကျီးပေါင်းတက်ရောဂါသည် အဖြစ်အများဆုံး အဆစ်ရောင်ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်၌ လူသန်းပေါင်းများစွာတွင် ထိုရောဂါဖြစ်ပွါးသည်ကို တွေ့ရသည်။ အသက် (၅၅)နှစ်အထက် လူကြီးများ၏ (၈၀) % တွင် အဆစ်ကျီးပေါင်းတက်ရောဂါ ရှိနိုင်သည်ဟု ခန့်မှန်းကြပြီး ထိုသူများ၏ (၆၀)% တွင် ကျီးပေါင်းတက် လက္ခဏာများ ခံစားရနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် အရိုးအဆစ်များ လှုပ်ရှားရာတွင် ဖိအားဒဏ်ခံနိုင်ရန်နှင့် လှုပ်ရှားမှုများ ချောမွေ့စေရန် အဆစ်တွင်းအရိုးများ၏ ထိပ်ပိုင်းကို ချောမွေ့ခိုင်ခံ့သော အရိုးနုများဖြင့် ဖုံးအုပ်ကာကွယ်ပေးထားသည်။ အဆစ်ကျီးပေါင်းတက်ရောဂါတွင် ထိုအရိုးနုများသည် အသက်အရွယ်ရလာသည်နှင့်အမျှ ယိုယွင်းလာသည်ကို တွေ့ရသည်။ အပေါ်မှ ကာကွယ်ပေးထားသော အရိုးနုများ ပါး၍ ပျက်စီးလာသောကြောင့် အဆစ်လှုပ်ရှားမှုများ ချောမွေ့ခြင်း မရှိတော့ဘဲ အောက်ခံအရိုးမာအချင်းချင်း ပွတ်တိုက်မိကြသည်။ ထို့ပြင် ကျီးပေါင်းရောဂါသည် အရိုးနုများကိုသာ ထိခိုက်စေခြင်း သပ်သပ်မဟုတ်ဘဲ အဆစ်တွင်ပါဝင်သော အရိုးနှင့် အရွတ်များတွင်လည်း ပြောင်းလဲမှုဖြစ်စေရုံမက အဆစ်အမြှေးပါးရောင်ရမ်းခြင်းအထိ ဖြစ်စေသည်။
အဆစ်ကျီးပေါင်းတက်ခြင်းသည် ကိုယ်ခန္ဓာ၏ မည်သည့်အဆစ်တွင်မဆို ဖြစ်ပွါးနိုင်သော်လည်း အဖြစ်အများဆုံးနေရာများမှာ_
- ဒူးဆစ် (ဒူးဆစ်ကျီးပေါင်းတက်ရောဂါ)
- တင်ပါးဆုံအဆစ်
- လက်ချောင်း၊ ခြေချောင်းများ
- လည်ပင်းကျောရိုး
- ခါးကျောရိုး တို့ဖြစ်သည်။
ကျီးပေါင်းတက်ရောဂါ အမျိုးအစားများ
- အသက်ကြီး၍ဖြစ်သော ကျီးပေါင်းတက်ခြင်း (Primary osteoarthritis)
အတွေ့ရအများဆုံး အမျိုးအစားဖြစ်ပြီး ဖြစ်စေသော အကြောင်းရင်းကို အတိအကျ မသိရှိရပါ။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးအဆစ်များကို ကြာရှည်စွာအသုံးပြုခြင်းကြောင့် အရိုးနုများ တဖြည်းဖြည်းယိုယွင်းပျက်စီးလာခြင်းဖြစ်သည်ဟု ပညာရှင်များက ဆိုကြသည်။ - အဆစ်ကိုထိခိုက်စေသော ရောဂါများကြောင့်ဖြစ်သော ကျီးပေါင်းတက်ခြင်း (Secondary osteoarthritis)
အဆစ်ကို တိုက်ရိုက်ပျက်စီးစေသော ရောဂါများသည် အရိုးနုများကိုလည်း ပျက်စီးစေနိုင်ပြီး ကျီးပေါင်းတက်ရောဂါကို ဖြစ်စေသည်။ အောက်ပါအချက်များသည် အဆစ်ကိုတိုက်ရိုက်ထိခိုက်၍ ပျက်စီးစေနိုင်သည်။- အားကစားပြုလုပ်စဥ် ထိခိုက်မိခြင်း
- ချော်လဲခြင်း၊ ပြုတ်ကျခြင်း
- မတော်တဆထိခိုက်ဒဏ်ရာရခြင်း
- ရူမတွိုက် အဆစ်ရောင်ရောဂါ
- ဂေါက်ရောဂါ
- ဆိုရီယားစစ် အဆစ်ရောင်ရောဂါ
- မွေးရာပါ အဆစ်လှုပ်ရှားမှု ချို့ယွင်းသောရောဂါ (Joint hypermobility syndrome)
ရောဂါဖြစ်နိုင်ခြေများသောအချက်များ
- အသက်အရွယ်ကြီးခြင်း – အသက် (၅၅) နှစ်အထက်နှင့် သွေးဆုံးပြီးသူများတွင် ပိုဖြစ်နိုင်သည်
- ကျား/မ – အမျိုးသမီးများတွင် ပိုဖြစ်နိုင်သည်
- အဝလွန်ခြင်း
ကိုယ်အလေးချိန်များလာသည်နှင့်အမျှ တင်ပါးဆုံနှင့် ဒူးခေါင်းဆစ်များပေါ်တွင် သက်ရောက်သော အလေးချိန် ပိုများလာစေသည့်အပြင် အဆီတစ်ရှူးများသည် အဆစ်ရောင်စေသော ပရိုတင်းများ ထုတ်လုပ်ခြင်းဖြင့် ကျီးပေါင်းတက်ရောဂါကို ပိုဆိုးစေသည်။ - အဆစ်ဒဏ်ရာရခြင်း
အားကစားပြုလုပ်ခြင်း၊ မတော်တဆဖြစ်ခြင်းတို့ကြောင့် အဆစ်ဒဏ်ဖြစ်ပါက ကျီးပေါင်းတက်ခြင်းကို ပိုဖြစ်စေနိုင်သည်။ အသက်အရွယ်ငယ်စဥ်က ရဖူးသောဒဏ်ရာဖြစ်သည့်တိုင် အသက်ကြီးသောအခါ ထိုအဆစ်တွင် ကျီးပေါင်းဖြစ်နိုင်ခြေကို များစေသည်။ - အဆစ်ကို ထပ်ခါထပ်ခါအသုံးပြုခြင်း
အချို့အလုပ်အကိုင် သို့မဟုတ် အားကစားများသည် အဆစ်တစ်ခုကို ပုံမှန်ထက်ပို၍ အကြိမ်ကြိမ်အသုံးပြုရသည် (ဥပမာ _ လက်ချောင်းများကို အသုံးပြုခြင်း၊ တံတောင်ဆစ်ကို ပိုသုံးရခြင်း စသည်) ဆိုပါက ထိုအဆစ်များသည် အခြားအဆစ်များထက်ပို၍ ကျီးပေါင်းတက်ခြင်းဖြစ်နိုင်သည်။ - မျိုးရိုးလိုက်ခြင်း – အချို့သူများတွင် မျိုးရိုးဗီဇကြောင့် ရောဂါဖြစ်နိုင်ခြေများစေသည်
- အရိုးများ ပုံမမှန်ခြင်း – မွေးရာပါ အဆစ်များ ပုံစံမမှန်ခြင်း၊ အရိုးနုများ ပြည့်ဝစွာမဖွံ့ဖြိုးခြင်း စသည့်အခြေအနေများရှိခြင်း
- အချို့ရောဂါများ – ဆီးချိုရောဂါ၊ ကိုယ်ခန္ဓာတွင် သံဓာတ်စုပုံသောရောဂါ၊ သွေးတွင်းအဆီများခြင်း၊ ကိုယ်ခံအားတုံ့ပြန်မှု မူမမှန်ရောဂါများ
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် တဖြည်းဖြည်း စတင်ဖြစ်ပေါ်တတ်ပြီး အချိန်ကြာသည်နှင့်အမျှ ပိုဆိုးလာနိုင်သည်။ တွေ့နိုင်သော လက္ခဏာများမှာ_
- အဆစ်များလှုပ်ရှားချိန် သို့မဟုတ် လှုပ်ရှားပြီးနောက်တွင် နာကျင်ခြင်း
- အိပ်ယာထထချင်းအချိန် သို့မဟုတ် ငြိမ်ငြိမ်နေပြီးနောက် လှုပ်ရှားမှုများတွင် အဆစ်များ တောင့်တင်းနေသည်ကို သတိထားမိခြင်း
- အဆစ်များကို လက်ဖြင့် ဖိကြည့်ပါက နာကျင်ခြင်း
- အဆစ်လှုပ်ရှားမှုများကို အပြည့်အဝမလုပ်နိုင်ခြင်း (လက်ကို ခေါင်းပေါ် အပြည့်မမြှောက်နိုင်ခြင်း၊ ဆောင့်ကြောင့်မထိုင်နိုင်ခြင်း၊ တင်ပျဥ်ခွေ မထိုင်နိုင်ခြင်း)
- အဆစ်များလှုပ်ရှားချိန်တွင် အဆစ်တွင်း ပွတ်တိုက်သံကို ကြားရခြင်း၊ ခံစားရခြင်း
- အဆစ်များရောင်ရမ်းခြင်း
- အရိုးအတက်ထွက်ခြင်းကြောင့် အရိုးအဆစ်များ ကွေးကောက်၍ ပုံပျက်ခြင်း
- ကျီးပေါင်းတက်သော ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ် မူတည်၍_
- တင်ပါးဆုံအဆစ်ကျီးပေါင်း – ပေါင်ခြံနှင့် တင်ပါးတစ်ဝိုက်တွင် နာကျင်ခြင်း၊ ဒူးခေါင်းအတွင်းနှင့် ပေါင်အတွင်းဘက်တွင် နာခြင်း
- ဒူးဆစ်ကျီးပေါင်း – ဒူးခေါင်းအကွေးအဆန့် တောင့်တင်းခြင်း၊ နာခြင်း၊ ကွေးဆန့်စဥ် အဆစ်တွင်း အရိုးပွတ်တိုက်သံ ကြားရခြင်း
- လက်ချောင်း၊ ခြေချောင်းကျီးပေါင်း – အရိုးအတက်များထွက်ခြင်းကြောင့် လက်ချောင်းဆစ်များ ပုံသဏ္ဍာန်ပျက်ယွင်းခြင်း၊ နီရဲရောင်ရမ်းနာကျင်ခြင်း၊ လက်မအရင်းတွင် နာကျင်ခြင်း
- လည်ပင်းနှင့် ခါးကျောရိုးကျီးပေါင်း – ခါးနာခြင်း၊ ခါးတောင့်တင်းခြင်း၊ ခါးကုန်း၊ ခါးကော့ရန် ခက်ခဲခြင်း၊ အာရုံကြောများညပ်ခြင်းကြောင့် ခြေလက်များထုံကျဥ်ခြင်း၊ မူးဝေခြင်းစသည်တို့ကို ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အဆစ်ကျီးပေါင်းတက်ရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ နာတာရှည် နာကျင်မှုခံစားရခြင်း၊ အဆစ်များ တောင့်တင်း၍ နာကျင်ခြင်းကြောင့် နေ့စဥ်ဘဝ သွားလာလှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေသည်။ သွားလာလှုပ်ရှားမှုနှင့် အထိုင်အထ ခက်ခဲခြင်း၊ အဆစ်များ တောင့်တင်းနာကျင်မှုကြောင့် ကောင်းစွာအိပ်မပျော်ခြင်း၊ နောက်ဆက်တွဲ စိတ်ဓာတ်ကျခြင်းစသည့် ပြဿနာများကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရိုးအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ပျက်စီးပြီးသား အရိုးနုများကို ပြန်ကောင်းရန် မပြုလုပ်နိုင်သော်လည်း ကျန်အရိုးနုများ ပျက်စီးခြင်းကို နှေးကွေးစေရန် ကျီးပေါင်းကုသမှုများကို ခံယူနိုင်သည်။
အရေးပေါ်ပြသရန်
အဆစ်များ မလှုပ်နိုင်အောင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့်အတူ ကိုယ်အပူချိန်တက်ပါက အဆစ်တွင်း ပိုးဝင်ခြင်း ဖြစ်နိုင်သဖြင့် အရေးပေါ် ကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ လူနာ၏ရောဂါရာဇဝင် မေးမြန်းပြီး အရိုးအဆစ် လှုပ်ရှားမှုများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါ၏အတိမ်အနက်ကို ခန့်မှန်းသိရှိနိုင်သည်။ ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိရှိရန် အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်။
- အဆစ်ဓာတ်မှန်ရိုက်ခြင်း (X-ray) – အဆစ်အတွင်းရှိသော အရိုးနုကို ဓာတ်မှန်တွင် မတွေ့နိုင်သော်လည်း အဆစ်တွင်းရှိ အရိုးနုပျက်စီးခြင်း ပမာဏအလိုက် အဆစ်ကျဉ်းခြင်းကိုတွေ့နိုင်သည်၊ ထို့ပြင် အဆစ်မျက်နှာပြင်မှ အရိုးစများပဲ့ကြွေခြင်းရှိပါကလည်း ဓါတ်မှန်တွင် တွေ့ရှိနိုင်သည်
- အဆစ်သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – အဆစ်အတွင်းရှိ အရိုးနု၊ အရိုးမာ၊ အရွတ်နှင့် ကြွက်သားတို့၏ အခြေအနေကို ပိုမိုသိရှိနိုင်သည်၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းကို သာမန်ကျီးပေါင်းတက်ရောဂါအမည်တပ်ရန် သက်သက်အတွက် လုပ်ဆောင်လေ့မရှိဘဲ ခက်ခဲရှုပ်ထွေးသည့် အဆစ်ကျီးပေါင်းတက်ရောဂါများတွင်လည်းကောင်း၊ အခြားအရေးကြီးသော ရောဂါများနှင့် မှားနိုင်လျှင်လည်းကောင်း လုပ်ဆောင်လေ့ရှိသည်
- သွေးစစ်ဆေးခြင်း (CP, ESR, CRP, RA, Uric acid) – အဆစ်ကျီးပေါင်း ရောဂါလက္ခဏာနှင့် ဆင်တူသော ဂေါက်အဆစ်ရောင်ရောဂါ (Gout)၊ အဆစ်အတွင်း ပိုးဝင်ခြင်းနှင့် သွေးလေးဖက်နာကြောင့် အဆစ်ရောင်ခြင်းတို့မှ ခွဲခြားနိုင်ရန် အသုံးပြုသည်
- အဆစ်အတွင်းမှ အရည်ကို စုပ်ယူစစ်ဆေးခြင်း (Joint fluid analysis) – အထက်ဖော်ပြပါ အခြားအဆစ်ရောင်ရောဂါများကို ခွဲခြားရာတွင် အသုံးပြုနိုင်သည်
ကုသခြင်း
အဆစ်ကျီးပေါင်းတက်ရောဂါကို လုံးဝပြန်လည်ကောင်းမွန်အောင် မကုသနိုင်သော်လည်း အောက်ပါကုသမှုများဖြင့် နာကျင်မှုကို သက်သာစေပြီး နေ့စဥ်ဘဝ လှုပ်ရှားသွားလာမှုများကို ပိုမိုအဆင်ပြေချောမွေ့စေနိုင်သည်။
- ဆေးဝါးများဖြင့် လက္ခဏာများ သက်သာစေရန် ကုသခြင်း
- ပါရာစီတမောကဲ့သို့ အနာသက်သာစေသောဆေးများသည် မပြင်းထန်သောနာကျင်မှုများတွင် သောက်နိုင်သည်။ ဆေးအများအပြားသောက်ခြင်းသည် အသည်းထိခိုက်နိုင်သောကြောင့် သတ်မှတ်ပမာဏထက် ပို၍မသောက်ရန် လိုအပ်သည်။
- စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (Ibuprofen, Naproxen) ကို ပြင်းထန်သောနာကျင်ကိုက်ခဲခြင်းများအတွက် သောက်သုံးနိုင်သည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် အစာအိမ်အောင့်ခြင်း၊ နှလုံးရောဂါ၊ သွေးထွက်နိုင်ခြေများခြင်း၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် ရေရှည်သုံးစွဲရန် မသင့်ပါ။ ဘေးထွက်ဆိုးကျိုး နည်းစေရန် သောက်ဆေးအစား လိမ်းဆေး Gels များကို နာသည့်နေရာတွင် လိမ်းနိုင်သည်။
- Duloxetine ဆေးသည် များသောအားဖြင့် စိတ်ကျရောဂါအတွက် သုံးလေ့ရှိသော်လည်း နာတာရှည်နာကျင်မှုများကို သက်သာစေသော အာနိသင်ရှိသောကြောင့် အဆစ်ကျီးပေါင်းရောဂါတွင် အသုံးပြုနိုင်သည်။
- ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ
- လေ့ကျင့်ခန်းကုထုံးများ
လေ့ကျင့်ခန်းကုထုံးပညာရှင်မှ အဆစ်ပတ်လည်ရှိ ကြွက်သားများကို သန်မာစေရန် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ရန် လမ်းညွှန်ပေးခြင်းဖြင့် ကိုယ်ခန္ဓာပျော့ပြောင်းမှုကို အားပေးသလို နာကျင်မှုများကို သက်သာစေသည်။ - လှုပ်ရှားမှုဆိုင်ရာ ကုထုံးများ
နေ့စဥ်လုပ်ငန်းဆောင်တာများကို သက်သာစွာ ပြုလုပ်နိုင်ရန် ကူညီပေးသည်။ ဥပမာ _ လက်ချောင်းကျီးပေါင်းလူနာများအတွက် သွားတိုက်ရာတွင် သွားပွတ်တံလက်ကိုင်ကြီးသော အမျိုးအစားကို သုံးခြင်းအားဖြင့် နာကျင်မှုသက်သာပြီး မြဲမြံစွာကိုင်နိုင်စေခြင်း၊ ဒူးကျီးပေါင်းရှိသူများ ရေချိုးချိန်တွင် ထိုင်ခုံပုဖြင့် ထိုင်၍ချိုးခြင်းဖြင့် ကြာကြာမတ်တပ်ရပ်ရခြင်းကို လျော့နည်းစေခြင်း စသည်တို့ဖြစ်သည်။ - လျှပ်စစ်ဖြင့် အာရုံကြောလှုံ့ဆော်ခြင်း (Transcutaneous electrical nerve stimulation TENS)
ဗို့အားနည်းလျှပ်စစ်ဓာတ်ကို အသုံးပြု၍ ဒူးဆစ်နှင့် တင်ပါးဆုံဆစ်ကျီးပေါင်းလူနာများ နာကျင်မှု ခေတ္တ သက်သာစေရန် ပြုလုပ်ပေးနိုင်သည်။
- လေ့ကျင့်ခန်းကုထုံးများ
- ခွဲစိတ်ကုသခြင်းနှင့် အခြားနည်းလမ်းများ
ဆေးဝါးများ၊ လေ့ကျင့်ခန်းကုထုံးများဖြင့် မသက်သာဘဲ နာတာရှည်နာကျင်လာခြင်း၊ နေ့စဥ် လှုပ်ရှားသွားလာမှုများ ထိခိုက်လာခြင်းစသည့် အခြေအနေများတွင် အောက်ပါကုထုံးများဖြင့် ကုသနိုင်သည်။
ခွဲစိတ်ကုသမည့်ဆရာဝန်မှ မခွဲစိတ်မီ ခွဲစိတ်ကုသမှုတစ်မျိုးစီ၏ ကောင်းကျိုးနှင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ရှင်းပြပေးမည်ဖြစ်သည်။ ခွဲစိတ်မှုနည်းလမ်းမှာ လူနာ၏အသက်၊ ရောဂါပြင်းထန်မှု၊ သွားလာလှုပ်ရှားမှု အခြေအနေ၊ အခြားရောဂါ ရှိမရှိပေါ် မူတည်သည်။- အဆစ်တွင်းဆေးထိုးခြင်း
- စတီးရွိုက်ဆေးများကို နာနေသောအဆစ်တွင်းသို့ ထိုးသွင်းခြင်းဖြင့် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာစေသည်။ သို့သော် အဆိုပါဆေးများသည် အချိန်ကြာကြာသုံးစွဲလျှင် အရိုးအဆစ်များကို ပျက်စီးစေသောကြောင့် တစ်နှစ်တွင် (၃)၊ (၄) ကြိမ်ထက် ပို၍ မပြုလုပ်သင့်ပါ။
- ချောဆီထိုးခြင်း
အဆစ်တွင် ပုံမှန်ပါရှိသော ချောဆီ (Hyaluronic acid) ကို ရောဂါနုချိန်တွင် အဆစ်တွင်းထိုးပေးခြင်းဖြင့် အနာသက်သာစေနိုင်သည်။
- အရိုးတည့်အောင်ခွဲစိတ်ကုသခြင်း (Osteotomy)
ဒူးတစ်ဖက်တည်းတွင် ရောဂါဖြစ်၍ ဒူးဆစ်မှစ၍ ခြေထောက် အတွင်း၊ အပြင် ခွင်ခြင်းများရှိပါက အရိုးတည့်အောင်ခွဲစိတ်ကုသခြင်းဖြင့် ထိုနေရာကို ဖိအားသက်ရောက်မှု နည်းပါးအောင်ပြုလုပ်သည်။ တင်ပါးဆုံအဆစ် ကျီးပေါင်းရောဂါတွင်လည်း ပြုလုပ်နိုင်သည်။ အသက် (၆၀) နှစ်အောက် လူများတွင် အဆစ်ထိခိုက်မှုများအတွက် အဓိက ပြုလုပ်သည်။ - အဆစ်အတွင်းရောင်ရမ်းနေသော အဆစ်ဖုံးအမြှေးများကို ဖယ်ထုတ်ခြင်း (Synovectomy) နည်းလမ်းဖြင့်လည်း နာကျင်မှု သက်သာစေသည်
- ဒူးဆစ်တစ်ခြမ်း သို့မဟုတ် ဒူးဆစ်တစ်ခုလုံး အစားထိုးကုသခြင်း (Uni-compartmental or Total Knee Replacement)
အဆစ်အစားထိုးခြင်းတွင် ပျက်စီးနေသော အရိုးနု၊ အရိုးများကို ဖယ်ထုတ်ကာ သတ္တုစပ်နှင့် ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ်ပြားများ သုံးကာ အဆစ်မျက်နှာပြင်အသစ် ဖန်တီးပေးခြင်းဖြင့် ဒူးဆစ်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်။ - တင်ပါးဆုံအဆစ်တစ်ခုလုံး အစားထိုးကုသခြင်း (Total Hip Replacement)
တင်ပါးဆုံအဆစ် ကျီးပေါင်းတက်ခြင်းတွင် အဓိကပြုလုပ်သော ခွဲစိတ်ကုသမှုဖြစ်သည်။ တင်ပါးဆုံအဆစ် လုံးဝပျက်စီးနေသူများတွင် အဆစ်တု (Prosthesis) ဖြင့် အစားထိုးကုသသည်။
- အဆစ်တွင်းဆေးထိုးခြင်း
- နေ့စဥ်လှုပ်ရှားနေထိုင်မှုပုံစံ ပြောင်းလဲခြင်း
- လေ့ကျင့်ခန်းပြုလုပ်ခြင်း
အဆစ်များပေါ် ဖိအားသက်ရောက်မှုနည်းသော လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစသော low-impact exercise များ ပြုလုပ်ခြင်းဖြင့် အဆစ်ပတ်လည်ရှိ ကြွက်သားများကို သန်မာစေပြီး အဆစ်နာကျင်မှုကို ကာကွယ်ပေးနိုင်သည်။ တိုက်ချိနှင့် ယောဂလေ့ကျင့်ခန်းများသည်လည်း ကိုယ်ခန္ဓာပျော့ပြောင်းမှုကို အားပေးပြီး အဆစ်များနာကျင်မှုကို သက်သာစေသည်။ - ကိုယ်အလေးချိန်လျှော့ချခြင်း
ကိုယ်အလေးချိန်လျှော့ခြင်းသည် ဒူးခေါင်းဆစ်နှင့် တင်ပါးဆုံဆစ်များအပေါ် အလေးချိန်ဖိအား လျော့စေသဖြင့် အဝလွန်သူများသည် စားသောက်ပုံ ပြောင်းလဲခြင်း၊ သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ရန် အလွန်အရေးကြီးသည်။ ကိုယ်အလေးချိန် အနည်းငယ် လျှော့ရုံမျှဖြင့် အဆစ်နာကျင်မှုကို သက်သာစေနိုင်သည်။
- လေ့ကျင့်ခန်းပြုလုပ်ခြင်း
- ဖြည့်စွက်ကုထုံးများ
- အပ်စိုက်ကုသခြင်း (Acupuncture) – ဒူးကျီးပေါင်းတက်ခြင်းတွင် နာကျင်မှုသက်သာစေပြီး လှုပ်ရှားရလွယ်စေသည်
- Glucosamine and chondroitin – အရိုးနု ပျက်စီးခြင်းကို သက်သာစေသောကြောင့် ရောဂါဖြစ်ခါစတွင် ထိုဆေးများပေးပါက အကျိုးရှိနိုင်သည်ဟု ယူဆကြသည်
- အိုမီဂါ 3 – ငါးကြီးဆီတွင် ပါဝင်သော အိုမီဂါဓာတ်များသည် အနာသက်သာစေနိုင်သည်ဟုဆိုသည်
- နာကျင်မှု သက်သာစေသော အခြားနည်းလမ်းများ
- အပူ/ အအေးကပ်ခြင်း – ကြွက်သားများ ပြေလျော့စေပြီး နာကျင်မှုသက်သာစေရန် အသုံးပြုနိုင်သည်
- Capsaicin လိမ်းဆေး – နာနေသော အဆစ်ပေါ်တွင် လိမ်းပေးခြင်းဖြင့် နာကျင်မှု သက်သာစေသည်
- အဆစ်ထိန်းများနှင့် ဖိနပ်အခုများ – လမ်းလျှောက်ချိန်၊ မတ်တပ်ရပ်ချိန်တွင် အဆစ်ပေါ် သက်ရောက်နေသော ဖိအားကို လျော့စေ၍ နာကျင်မှု သက်သာစေသည်
- လှုပ်ရှားမှုထောက်ကူပစ္စည်းများ – လမ်းလျှောက်တုတ်၊ လေးချောင်းထောက်၊ ပစ္စည်းများ ကိုင်တွယ်ရလွယ်ကူစေသော ညပ်များ စသည်တို့ကို အသုံးပြုခြင်းဖြင့် နေ့စဥ်လှုပ်ရှားမှုများကို ချောမွေ့စေသည်
- သုတေသနပြုလုပ်ဆဲ ကုထုံးအသစ်များ
- ဇီဝကုထုံး
သွေးရည်ကြည် (Platelet rich plasma PRP) နှင့် ပင်မဆဲလ်အသုံးပြုကုသခြင်း (Stem cell therapy) သည် ကုသနည်းအသစ်များဖြစ်ပြီး ထိရောက်မှုအတွက် သုတေသနများ လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။ - ဓာတ်ရောင်ခြည်အနည်းငယ်ပေးခြင်းဖြင့် ကုသသောကုထုံး (Low-dose radiation therapy)
(၁၉၈၀) ခုနှစ်များတွင် အသုံးပြုခဲ့ကြပြီးနောက် အခြားကုထုံးများဖြင့် အစားထိုးလာကြပြီး ယခုအချိန်တွင် တစ်ဖန်ပြန်၍ အသုံးပြုရန် သုတေသနပြုနေသည်။
- ဇီဝကုထုံး
ကာကွယ်ခြင်း
အဆစ်ကျီးပေါင်းတက်ရောဂါကို မဖြစ်အောင်ကာကွယ်မှု မပြုနိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်ပြီး ရောဂါဖြစ်ပွါးမှုကို လျှော့ချနိုင်သည်။
- သင့်လျော်သော ကိုယ်အလေးချိန်ထိန်းခြင်း
- ဆေးလိပ်ကို လုံးဝရှောင်ကြဥ်ခြင်း
- ကျန်းမာရေးအတွက် သင့်တော်သော အစားအစာများကို စားသောက်ခြင်း
- ဒူးနာပါက အပြည့်အဝအနားယူခြင်း
- ထိခိုက်ဒဏ်ရာ မရအောင်နေထိုင်ခြင်း၊ လိုအပ်ပါက ကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း
- မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်း
- နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုပုံစံကို ကျွမ်းကျင်သူများ၏ အကြံပြုချက်အတိုင်း လိုက်နာခြင်း
- ကျန်းမာရေးပုံမှန် စစ်ဆေးခြင်းနှင့် အရိုးအဆစ်လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်း စသည်တို့ဖြစ်သည်။
References:
- Mayo Clinic. (2025). Osteoarthritis — Symptoms & causes. Retrieved October 27, 2025, from https://www.mayoclinic.org/diseases-conditions/osteoarthritis/symptoms-causes/syc-20351925
- Mayo Clinic. (2025). Osteoarthritis — Diagnosis & treatment. Retrieved October 27, 2025, from https://www.mayoclinic.org/diseases-conditions/osteoarthritis/diagnosis-treatment/drc-20351930
- Cleveland Clinic. (n.d.). Osteoarthritis. Retrieved October 27, 2025, from https://my.clevelandclinic.org/health/diseases/5599-osteoarthritis
- Cleveland Clinic. (n.d.). Low-dose radiation therapy re-emerging for osteoarthritis. Retrieved October 27, 2025, from https://consultqd.clevelandclinic.org/low-dose-radiation-therapy-reemerging-for-osteoarthritis
- The Arthritis Foundation. (n.d.). Osteoarthritis. Retrieved October 27, 2025, from https://www.arthritis.org/diseases/osteoarthritis
- Arthritis UK. (n.d.). Osteoarthritis. Retrieved October 27, 2025, from https://www.arthritis-uk.org/information-and-support/understanding-arthritis/conditions/osteoarthritis
- MedlinePlus. (n.d.). Osteoarthritis. Retrieved October 27, 2025, from https://medlineplus.gov/osteoarthritis.html
- World Health Organization. (2023). Osteoarthritis. Retrieved October 27, 2025, from https://www.who.int/news-room/fact-sheets/detail/osteoarthritis
Published: 3 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
