Eye Floaters (Myodesopsias) (မျက်စိမြင်ကွင်းတွင် တွေ့လေ့ရှိသော အစက်အပျောက်များ)

Eye Floaters (Myodesopsias) (မျက်စိမြင်ကွင်းတွင် တွေ့လေ့ရှိသော အစက်အပျောက်များ)

မျက်စိမြင်ကွင်းတွင် အမှုန်အမွှား၊ အစင်းကြောင်း၊ စက်ဝိုင်း၊ အပ်ချည်မျှင် (သို့မဟုတ်) ပင့်ကူအိမ်စသည့် ပုံသဏ္ဌာန်အမျိုးမျိုး လွင့်မျောနေသကဲ့သို့ မြင်တွေ့ရခြင်းကို Eye Floaters များ သို့မဟုတ် ဆေးပညာအရ Myodesopsias ဟုခေါ်သည်။ ၎င်းတို့ကို အထူးသဖြင့် ကောင်းကင်ပြာ၊ အဖြူရောင်နံရံ (သို့မဟုတ်) စာရွက်အဖြူကဲ့သို့သော အလင်းရောင်တောက်ပသည့် နေရာများကို ကြည့်လျှင် ပိုမိုထင်ရှားစွာ မြင်နိုင်သည်။ မျက်လုံးလှုပ်ရှားသောအခါ အတူတကွ ရွေ့လျားနေတတ်ပြီး ၎င်းတို့ကို တည့်တည့်စိုက်ကြည့်ရန် ကြိုးစားလျှင် မြင်ကွင်းမှ ရှောင်ပြေးနေတတ်သည်ဟု ခံစားရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်လုံးအိမ်အတွင်း၌ မျက်လုံး၏အစိတ်အပိုင်းများအား ကာကွယ်ရန်နှင့် အာဟာရပံ့ပိုးပေးရန်အတွက် အရည်ကြည်နှစ်မျိုးရှိသည်။ မျက်လုံးမှန်ဘီလူး၏ အရှေ့ဘက်တွင် အရည်ကျဲသော Aqueous Humor ရှိပြီး၊ အနောက်ဘက်တွင် ပိုမိုပျစ်၍ ဂျယ်လီကဲ့သို့ သိပ်သည်းဆရှိသော Vitreous Humor ရှိသည်။ Vitreous Humor သည် အနောက်ဘက်ဆုံးရှိ မြင်လွှာ (Retina) နှင့် ထိစပ်ဆက်သွယ်ထားပြီး မျက်လုံး၏ ထုထည်နှင့် ပုံသဏ္ဌာန်ကို ထိန်းသိမ်းရာတွင် အရေးကြီးသည်။

Vitreous Humor ဂျယ်လီအလွှာသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း ကျုံ့ဝင်၍ အရည်ပျော်ကျလာခြင်းကြောင့် Eye Floaters များ အဓိကဖြစ်ပေါ်သည်။ Vitreous Humor အတွင်းရှိ ကော်လာဂျင် (collagen) များ ပျက်စီးရာမှ အမျှင်များနှင့် အမှုန်အမွှားများ ဖြစ်ပေါ်လာပြီး မြင်လွှာရှေ့တွင် အရိပ်ကျကာ လွင့်မျောနေသော အစက်အပျောက်များအဖြစ် မြင်ရခြင်းဖြစ်သည်။

အသက်အရွယ်ကြီးခြင်းအပြင် အောက်ပါအခြေအနေများသည်လည်း Eye Floaters ဖြစ်စေနိုင်သည်။

  • အဝေးမှုန်ခြင်း
    အဝေးမှုန်သူများတွင် Vitreous Humor သည် ပုံမှန်ထက်စောပြီး အရည်ပျော်ကျနိုင်သည်။
  • မြင်လွှာစုတ်ပြဲခြင်း၊ ကွာကျခြင်း (Retinal Tear or Detachment)
    Vitreous Humor ကျုံ့ဝင်ပြီး မြင်လွှာစုတ်ပြဲခြင်း သို့မဟုတ် ကွာကျခြင်း ဖြစ်စေနိုင်သည်။ ဤအခြေအနေတွင် Floaters အရေအတွက် ရုတ်တရက် သိသိသာသာ များလာခြင်း၊ လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ မြင်ရခြင်း (Flashes) နှင့် အမြင်အာရုံတွင် လိုက်ကာမည်း ဖုံးနေသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  • မျက်လုံးအတွင်း သွေးယိုခြင်း (Intraocular Hemorrhage)
    ဆီးချိုရောဂါ နောက်ဆက်တွဲကြောင့် ဖြစ်သော မြင်လွှာပြဿနာ (Diabetic Retinopathy)၊ မျက်လုံးထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်းတို့ကြောင့် မျက်လုံးအတွင်းသို့ သွေးများဝင်ရောက်ပြီး Floaters များအဖြစ် မြင်နိုင်သည်။
  • မျက်လုံးအတွင်းသား ရောင်ရမ်းခြင်း (Uveitis)
    မျက်လုံးအတွင်းပိုင်းရှိ အစိတ်အပိုင်းများ ရောင်ရမ်းခြင်းကြောင့် ဆဲလ်အမှုန်အမွှားများကို ဖြစ်ပေါ်စေပြီး Floaters များဖြစ်စေနိုင်သည်။
  • မျက်လုံးအကျိတ်များ
    မျက်လုံးအတွင်းပိုင်း အကျိတ်များကြောင့်လည်း Eye Floaters များ ဖြစ်ပေါ်နိုင်သည်။
  • မျက်လုံးအတွင်းတိမ် ခွဲစိတ်ထားဖူးခြင်း
    အတွင်းတိမ်ခွဲစိတ်မှုသည် Vitreous Humor ၏ အခြေအနေကို ပြောင်းလဲစေနိုင်သည်။
  • မျက်လုံးပြင်ပရောဂါများ
    ခုခံအားပုံမမှန်တုံ့ပြန်မှုများကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါ (Arthritis)၊ ခါးရိုးရောင်ရောဂါ (Ankylosing spondylitis) စသော ရောဂါများကြောင့်လည်း မျက်လုံးအတွင်းသားများ ရောင်ရမ်းမှုဖြစ်စေကာ Eye Floaters များဖြစ်ပေါ်နိုင်သည်။
ဖြစ်နိုင်ခြေများသောသူများ
  • အသက် (၅၀) နှင့်အထက် ရှိသူများ
  • အဝေးမှုန်သူများ
  • မိသားစုဝင်များတွင် မြင်လွှာကွာကျခြင်း သို့မဟုတ် စုတ်ပြဲခြင်းဖြစ်ဖူးသူများ
  • မျက်လုံးအတွင်းသား ရောင်ရမ်းခြင်းဖြစ်ဖူးသူများ
ရောဂါလက္ခဏာများ

မျက်စိမြင်ကွင်းရှေ့တွင် လွင့်မျောနေသော အမှုန်အမွှား၊ အစင်းကြောင်း၊ စက်ဝိုင်း၊ မျဥ်းတို၊ အပ်ချည်မျှင်၊ မိုးရေစက်နှင့် ပင့်ကူအိမ်ပုံစံကဲ့သို့ ပုံစံများအဖြစ် မြင်ရခြင်းသည် အဓိကရောဂါလက္ခဏာဖြစ်သည်။ အစက်အပြောက်များအပြင် နောက်ခံရောဂါအခြေအနေပေါ် မူတည်ပြီး အောက်ပါအခြေအနေများလည်း ရှိနိုင်သည်။

  • အမြင်အာရုံ ဝေဝါးခြင်း (Blurred Vision)
    အထူးသဖြင့် ဘေးနှစ်ဘက်ရှိ မြင်ကွင်းများ (Peripheral side vision) ဝေဝါးလာခြင်း
  • မျက်စိနာခြင်း၊ အောင့်ခြင်း (Eye pain)
    မျက်လုံးအတွင်း ရောင်ရမ်းခြင်း (Uveitis) သို့မဟုတ် ရေတိမ် (Glaucoma) ကဲ့သို့သော အခြေအနေများကြောင့်ဖြစ်သည်။
  • မျက်လုံးရောင်ရမ်းခြင်း၊ နီရဲခြင်း
    မျက်လုံးအတွင်း ရောဂါပိုးဝင်ရောက်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းကို ညွှန်ပြသည်။
  • အခြားရောဂါများနှင့် ဆက်စပ်သည့် လက္ခဏာများ
    မျက်စိနာခြင်းနှင့်အတူ အဆစ်အမြစ်များ နာကျင်ခြင်း၊ အဖုအကျိတ်များထွက်ခြင်း ကဲ့သို့သော လက္ခဏာများသည် ခန္ဓာကိုယ်စနစ်တစ်ခုလုံးနှင့် ဆက်စပ်နေသော ရောဂါများကို ညွှန်ပြသည်။
နောက်ဆက်တွဲပြဿနာများ

Eye Floaters များသည် ရိုးရှင်းသော အခြေအနေတစ်ခု ဖြစ်နိုင်သော်လည်း အောက်ပါ အရေးပေါ်လက္ခဏာများ (Red Flag Symptoms) တစ်ခုခု ရှိလာပါက မြင်လွှာကွာကျခြင်းစသည့် ပြင်းထန်သောရောဂါများ၏ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သဖြင့် မျက်စိအထူးကုဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။

  • လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများမြင်ရခြင်း (Flashes)
    ဤလက္ခဏာသည် မြင်လွှာစုတ်ပြဲခြင်း သို့မဟုတ် ကွာကျခြင်း၏ အဓိက သတိပေးလက္ခဏာဖြစ်နိုင်သည်။
  • မျက်စိမြင်ကွင်းရှေ့တွင် လိုက်ကာ သို့မဟုတ် အရိပ်မည်း ဖုံးနေသကဲ့သို့ ခံစားရခြင်း
    ဤလက္ခဏာသည် မြင်လွှာကွာကျခြင်း (Retinal Detachment) ကြောင့် အမြင်အာရုံဆုံးရှုံးမှုကို ပြသသည်။
  • Eye Floaters အရေအတွက် ရုတ်တရက် သိသိသာသာများလာခြင်း
    မျက်လုံးအတွင်း သွေးယိုခြင်း (Vitreous Hemorrhage) သို့မဟုတ် မြင်လွှာစုတ်ပြဲခြင်း၏ နောက်ဆက်တွဲပြဿနာ လက္ခဏာဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

Eye Floaters များသည် အများအားဖြင့် ပြင်းထန်လေ့မရှိဘဲ ကျင့်သားရသွားခြင်း၊ ပြန်လည်လျော့ပါးသွားခြင်း ရှိနိုင်သောကြောင့် ခေတ္တစောင့်ကြည့်နိုင်သည်။ သို့ရာတွင် အထက်ပါ အခြားလက္ခဏာများတွဲ၍ ရှိလာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှသက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းတို့ကို ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မျက်စိမြင်ကွင်းအတွင်းရှိ Eye Floaters များကို ရှာဖွေစစ်ဆေးရာတွင် မျက်စိအထူးကုဆရာဝန်မှ အသေးစိတ် ရောဂါရှာဖွေမှုများ ပြုလုပ်သည်။

  • မျက်လုံးအသေးစိတ်စစ်ဆေးမှု (Comprehensive Eye Exam)
    ဆရာဝန်သည် ရောဂါရာဇဝင်ကို စနစ်တကျ မေးမြန်းခြင်း၊ အမြင်အာရုံစမ်းသပ်ခြင်းနှင့် မျက်လုံးအတွင်းပိုင်း အသေးစိတ်ကြည့်ရှုနိုင်ရန် မျက်စဉ်းဆေးရည်ထည့်၍ မျက်ဝန်းကိုချဲ့ခြင်း (Dilated pupil examination) တို့ကိုပြုလုပ်သည်။ ဤနည်းလမ်းဖြင့် မြင်လွှာကို စနစ်တကျစစ်ဆေးနိုင်သည်။
  • မှန်ပြောင်းအသုံးပြု စစ်ဆေးခြင်း (Slit-lamp Biomicroscopy)
    အထူးပြုလုပ်ထားသော မှန်ပြောင်းကို အသုံးပြု၍ မျက်လုံးရှေ့နှင့် နောက်ဘက်ရှိ အစိတ်အပိုင်းများအား သုံးဖက်မြင် ပုံရိပ်များဖြင့် အသေးစိတ်ကြည့်ရှုနိုင်သည်။
  • Optical Coherence Tomography (OCT)
    ဤနည်းပညာသည် မျက်လုံးအတွင်းပိုင်းရှိ အလွှာများ၏ ဖွဲ့စည်းပုံကို အသေးစိတ်ပုံရိပ်များ ရိုက်ယူနိုင်သောကြောင့် Eye Floaters များ၏ တည်နေရာနှင့် မြင်လွှာမှ အကွာအဝေးကို တိကျစွာ သတ်မှတ်နိုင်သည်။ ၎င်းသည် ကုသမှုနည်းလမ်းကို ဆုံးဖြတ်ရာတွင် အရေးပါသော အချက်အလက်များကို ပေးနိုင်သည်။
  • Ultrasonography
    မျက်လုံးအတွင်းသို့ အလင်းရောင် ကောင်းစွာမဝင်ရောက်နိုင်သော အခြေအနေများ (ဥပမာ _ မျက်လုံးတွင်းသွေးယိုခြင်း) တွင် အသံလှိုင်းများကို အသုံးပြု၍ မျက်လုံး၏ အတွင်းပိုင်းဖွဲ့စည်းပုံများကို ပုံဖော်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း

Eye Floaters များသည် အများစုတွင် ပြင်းထန်ခြင်းမရှိဘဲ အလိုအလျောက် ကျင့်သားရသွားခြင်း သို့မဟုတ် လျော့ပါးသွားနိုင်သည်။ အခြားရောဂါအခံများကြောင့်ဖြစ်ပါက ထိုမူလရောဂါကို ဦးစွာကုသရန် လိုအပ်သည်။ Eye Floaters များသည် နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေပါက အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  • လေဆာဖြင့်ကုသခြင်း (Laser Vitreolysis)
    YAG လေဆာကဲ့သို့ အထူးပြုလုပ်ထားသည့် လေဆာအလင်းတန်းဖြင့် အမြင်အာရုံကို အနှောင့်အယှက်ဖြစ်စေသော floaters များကို အငွေ့ပျံစေခြင်း သို့မဟုတ် သေးငယ်သောအမှုန့်များအဖြစ် ပြိုကွဲစေခြင်းဖြစ်သည်။ လေဆာနည်းပညာ တိုးတက်လာမှုများကြောင့် ယခုအခါ ဤနည်းလမ်းသည် ပုံမှန်ခွဲစိတ်ကုသမှုထက် ဘေးထွက်ဆိုးကျိုးနည်းပြီး ဘေးကင်းစိတ်ချရသည့် ရွေးချယ်မှုတစ်ခု ဖြစ်လာသည်။
  • ခွဲစိတ်ကုသခြင်း (Vitrectomy)
    Floaters များ အလွန်များပြားပြီး မျက်ကြည်လွှာကို ထိခိုက်နိုင်သည့် အခြေအနေများတွင် ပြုလုပ်သည်။ သေးငယ်သော ခွဲစိတ်ကိရိယာများ (Micro-incision Vitrectomy) အသုံးပြုခြင်းကြောင့် ခွဲစိတ်မှုဘေးထွက်ဆိုးကျိုးများ (ဥပမာ _ မြင်လွှာစုတ်ပြဲခြင်း၊ ရောဂါပိုးဝင်ခြင်း) နည်းပါးလာပြီး ပြန်လည်သက်သာနှုန်း ပိုမိုမြန်ဆန်လာသည်။ ဤခွဲစိတ်မှုတွင် မျက်လုံးအတွင်းရှိ Vitreous Humor ကို ဖယ်ရှား၍ ပိုးသတ်ထားသော ဆားရည်ဖြင့်ဖြစ်စေ၊ အဆီ (သို့မဟုတ်) ဓာတ်ငွေ့ဖြင့် ပြုလုပ်ထားသော ပူစီဖောင်းငယ်များ (Oil or gas bubbles) ဖြင့်ဖြစ်စေ ပြန်လည်အစားထိုးသည်။
  • ဆေးဝါးဖြင့်ကုသခြင်း (Pharmacologic Vitreolysis)
    ဤနည်းလမ်းသည် သောက်ဆေးများ (သို့မဟုတ်) မျက်လုံးတွင်းထိုးဆေးများကို အသုံးပြု၍ Floaters များကို ဖျက်ဆီးပျော်ဝင်စေရန် ရည်ရွယ်သည်။ အထူးသဖြင့် နာနတ်သီး၊ သင်္ဘောသီးနှင့် သဖန်းသီးများတွင် ပါဝင်သော ဓာတ်ပစ္စည်းများမှ ထုတ်လုပ်ထားသည့် အင်ဇိုင်းများ (Mixed fruit enzymes) ကို အသုံးပြု၍ ကုသနေသော သုတေသနများသည် နည်းပါးနေသေးသော်လည်း အစောပိုင်းတွင် အောင်မြင်မှုများ ရှိနေသောကြောင့် အနာဂတ်တွင် ခွဲစိတ်မှုမလိုသော ဖြေရှင်းနည်းတစ်ခု ဖြစ်လာနိုင်သည်။
ကာကွယ်ခြင်း

Eye Floaters များကို အပြည့်အဝ ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်သော်လည်း မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည် သို့မဟုတ် ဖြစ်ပေါ်လာသည့်အခါ နေထိုင်ရလွယ်ကူစေနိုင်သည်။ အောက်ပါနည်းလမ်းများကို လိုက်နာနိုင်သည်။

  • အာဟာရမျှတစွာ စားသုံးခြင်း
    မျက်လုံးကျန်းမာရေးအတွက် အရေးပါသော ဗီတာမင် A ကြွယ်ဝသည့် မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အသည်း၊ ငါးအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးပေးပါ။ ထို့ပြင် ဗီတာမင် A, Zinc နှင့် Omega-3 ပါဝင်သော အားဆေးများကိုလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်သည်။
  • ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်း
    တစ်နေ့တာ ရေလုံလောက်စွာ သောက်သုံးခြင်းဖြင့် Vitreous Humor ၏ ပုံမှန်အခြေအနေကို ထိန်းသိမ်းနိုင်သည်။
  • ဆေးလိပ်ဖြတ်ခြင်း
    ဆေးလိပ်သောက်ခြင်းသည် သွေးလည်ပတ်မှုကို ထိခိုက်စေသောကြောင့် Eye Floaters များ ပိုမိုဖြစ်စေနိုင်သည်။
  • မျက်လုံးကို အနားပေးခြင်း
    ကွန်ပြူတာ၊ ဖုန်း၊ တီဗီစသော အီလက်ထရောနစ်ပစ္စည်းများကို ကြာရှည်စွာ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ မိနစ် ၂၀ ပြည့်တိုင်း အနားယူခြင်း၊ ပေ ၂၀ အကွာအဝေးရှိ အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာ ကြည့်ပေးခြင်း (၂၀-၂၀-၂၀ နည်း) ဖြင့် မျက်စိအညောင်းဖြေပါ။
  • မျက်လုံးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
    မျက်လုံးကို အပေါ်အောက်၊ ဘေးတိုက်ရွှေ့၍ ကြည့်ခြင်း သို့မဟုတ် နာရီလက်တံကဲ့သို့ စက်ဝိုင်းပုံစံ လှည့်ပတ်ကြည့်ပေးခြင်းဖြင့် Eye Floaters များကို မြင်ကွင်းမှ လျော့ပါးသွားစေနိုင်သည်။ အဝေးတစ်နေရာမှ အရာဝတ္ထုကို စိုက်ကြည့်ပေးခြင်းဖြင့်လည်း မျက်လုံး၏သွေးလည်ပတ်မှုကို ကောင်းစေပြီး Eye Floaters များကို သတိထားမိမှု လျော့နည်းသွားစေနိုင်သည်။
  • စူးရှတောက်ပသော အလင်းရောင်များနှင့် ထိတွေ့မှုကို လျှော့ချခြင်း
    နေရောင်ခြည် တိုက်ရိုက်ကြည့်ရှုခြင်းကို ရှောင်ကြဉ်သင့်ပြီး နေကာမျက်မှန်တပ်ဆင်ပါ။
  • အာရုံပြောင်းခြင်း
    စိတ်ရောလူပါ အားစိုက်ရသော ကခုန်ခြင်း၊ ဂိမ်းကစားခြင်း သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များနှင့် လမ်းလျှောက်ခြင်းစသည်တို့ကို ပြုလုပ်ခြင်းဖြင့် Eye Floaters များကို သတိမထားမိတော့ဘဲ အဆင်ပြေပြေ နေထိုင်သွားလာနိုင်သည်။
  • မျက်လုံးအား ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ခြင်း
    အားကစားပြုလုပ်ချိန် သို့မဟုတ် အလုပ်လုပ်ချိန်တွင် မျက်လုံးကာကွယ်ရေးမျက်မှန် တပ်ဆင်ပါ။
  • မျက်စိစစ်ဆေးမှုများ ပုံမှန်ခံယူခြင်း
    ဆီးချို၊ သွေးတိုးရှိသူများအနေဖြင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် မျက်စိစစ်ဆေးရန် အရေးကြီးသည်။ မိသားစုတွင် ရေတိမ်မျိုးရိုးရှိပါက အသက် ၄၀ မှစ၍ ပုံမှန်စစ်ဆေးခြင်းနှင့် အသက် (၅၀) နှင့်အထက်ရှိသူများတွင် နှစ်နှစ် တစ်ကြိမ် စစ်ဆေးခြင်းတို့ဖြင့် နောက်ဆက်တွဲ ပြဿနာများကို အချိန်မီ ကာကွယ်နိုင်မည်ဖြစ်သည်။
  • မျက်စိယားယံခြင်း၊ နီခြင်း သို့မဟုတ် နာခြင်းတို့အတွက်သာ မျက်စဉ်းဆေးရည်များ အသုံးပြုနိုင်ပြီး Floaters များအတွက်မူ အကျိုးသက်ရောက်မှု မရှိပေ။

References:

  1. American Academy of Ophthalmology. (n.d.). What are floaters and flashes? Retrieved January 31, 2025, from https://www.aao.org/eye-health/diseases/what-are-floaters-flashes
  2. American Society of Retina Specialists. (n.d.). Vitrectomy for floaters. Retrieved January 31, 2025, from https://www.asrs.org/patients/retinal-diseases/28/vitrectomy-for-floaters
  3. Cleveland Clinic. (n.d.). Eye floaters (myodesopsias). Retrieved January 31, 2025, from https://my.clevelandclinic.org/health/symptoms/14209-eye-floaters-myodesopias
  4. Mayo Clinic. (n.d.). Eye floaters — Diagnosis and treatment. Retrieved January 31, 2025, from https://www.mayoclinic.org/diseases-conditions/eye-floaters/diagnosis-treatment/drc-20372350
  5. Mayo Clinic. (n.d.). Eye floaters — Symptoms and causes. Retrieved January 31, 2025, from https://www.mayoclinic.org/diseases-conditions/eye-floaters/symptoms-causes/syc-20372346
  6. WebMD. (n.d.). Benign eye floaters. Retrieved January 31, 2025, from https://www.webmd.com/eye-health/benign-eye-floaters

Published: 26 September 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)
Feb 28, 2026
Diseases and Conditions

Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)

ပါတောင်း ဆင်ဒရုန်း (Patau Syndrome) သည် ခန္ဓာကိုယ်အင်္ဂါအစုံတွင်...

Cow’s Milk Protein Allergy (နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း)
Feb 26, 2026
Diseases and Conditions

Cow’s Milk Protein Allergy (နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း)

နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow's milk protein allergy - CMPA)...

Albinism (သမင်ဖြူ)
Feb 26, 2026
Diseases and Conditions

Albinism (သမင်ဖြူ)

သမင်ဖြူရောဂါသည် မယ်လနင်ဓာတ် ချို့တဲ့မှုကြောင့် ဖြစ်ပွားသော မျိုးဗီဇဆိုင်ရာ...