ဝမ်းဗိုက်ခွဲစိတ်မှုအမာရွတ်နေရာမှ အူကျွံခြင်း (Incisional Hernia) သည် ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှု ပြုလုပ်ပြီး လူနာများ၏ သုံးပုံတစ်ပုံခန့်တွင် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။ ခွဲစိတ်မှု ပြုလုပ်ခဲ့သည့် နေရာ သို့မဟုတ် ၎င်း၏ အနီးတစ်ဝိုက်တွင် အူ၊ ကိုယ်တွင်းအင်္ဂါ (သို့မဟုတ်) အခြားတစ်ရှူးများ ဝမ်းဗိုက်ကြွက်သားများကြားမှ တိုးထွက်ပေါ်လာခြင်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အူကျွံနိုင်ခြေများသော အခြေအနေများ
- ခွဲစိတ်ပြီးနောက် လှုပ်ရှားမှုများခြင်း
- ခွဲစိတ်ပြီးနောက်ပိုင်း အနာမကျက်သေးမီ ကာလအတွင်း အလွန်အကျွံ သို့မဟုတ် စောလျင်စွာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း (ခွဲစိတ်ဒဏ်ရာများ ကောင်းစွာ အနာကျက်ရန် ၃လ မှ ၆လခန့် ကြာမြင့်သည်)
- ခွဲစိတ်ပြီးနောက် ကိုယ်အလေးချိန်တက်လာခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- ဝမ်းဗိုက်ခေါင်းအတွင်း ဖိအားတက်ခြင်း
ဝမ်းဗိုက်ခေါင်းအတွင်း ဖိအားတက်စေသည့် အချက်များ- နာတာရှည်ချောင်းဆိုးခြင်းနှင့် ဓာတ်မတည့်မှုကြောင့် နာတာရှည် နှာချေခြင်း
- ကာလတာရှည် ဝမ်းချုပ်ခြင်းနှင့် ဝမ်းညှစ်ခြင်း
- ကာလတာရှည် ဆီးညှစ်ပေါက်ခြင်း
- လေးလံသော ပစ္စည်းများ မခြင်း
- ရောဂါအခံများရှိခြင်း
- ဆီးချိုရောဂါ
- အဝလွန်ခြင်း
- နာတာရှည်ချောင်းဆိုးစေသည့် အဆုတ်ရောဂါများ (ဥပမာ – COPD)
- ဆေးဝါးများရေရှည်သုံးစွဲခြင်း
- အနာကျက်နှေးစေသည့် ကိုယ်ခံအားလျှော့ချဆေးများ (immunosuppressants)
- စတီးရွိုက်ဆေးများ
- ခွဲစိတ်ဒဏ်ရာပိုးဝင်ခြင်း
- ခွဲကြောင်းရှည်ပေး၍ ခွဲစိတ်ခြင်း
ခွဲကြောင်းရှည်ပေး၍ ဝမ်းဗိုက်ဖွင့် ခွဲစိတ်ကုသခြင်း (Laparotomy) သည် အူကျွံခြင်း ဖြစ်နိုင်ခြေ ပိုများသည်။ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic) သို့မဟုတ် စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robotic surgery)များ တွင်လည်း အူကျွံနိုင်ခြေ အနည်းငယ်ရှိသည်။
ရောဂါလက္ခဏာများ
ဝမ်းဗိုက်ခွဲစိတ်မှုအမာရွတ်နေရာမှ အူကျွံခြင်း၏ လက္ခဏာများသည် အူကျွံသည့် အရွယ်အစားနှင့် တည်နေရာပေါ် မူတည်၍ ကွဲပြားနိုင်သည်။
- ဝမ်းဗိုက်တွင် အလုံးပေါ်ခြင်း
အဓိကလက္ခဏာမှာ ယခင် ခွဲစိတ်ခဲ့သည့် အမာရွတ်နေရာအနီးတွင် အလုံးပေါ်လာခြင်း ဖြစ်သည်။ မတ်တပ်ရပ်နေစဉ်၊ ချောင်းဆိုးစဉ် သို့မဟုတ် ဝမ်းညှစ်စဥ်၊ ဆီးညှစ်စဉ်တွင် ပို၍ ထင်ရှားလာတတ်သည်။ - နာကျင်မှု
ဝမ်းဗိုက်အတွင်း အထူးသဖြင့် အူကျသောနေရာတစ်ဝိုက်တွင် နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတို့ ခံစားရနိုင်သည်။ လေးလံသောပစ္စည်းများ မခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းတို့ကြောင့် ပိုဆိုးလာနိုင်သည်။ - အရေးပေါ်လက္ခဏာများ
ပျို့အန်ခြင်း၊ လေချုပ် ဝမ်းချုပ်ခြင်း၊ ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း စသည့် လက္ခဏာများ ခံစားရနိုင်သည်။ ဤအရေးပေါ်လက္ခဏာများသည် အောက်ပါနောက်ဆက်တွဲပြဿနာများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
အူကျွံခြင်းသည် အများအားဖြင့် ပြင်းထန်သော ကျန်းမာရေးပြဿနာ မဟုတ်သော်လည်း မကုသပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
- အူကျွံရာမှ ပြန်မဝင်ခြင်း (Irreducible Incisional Hernia)
ကျွံထွက်လာသော တစ်ရှူးများ ပြန်မဝင်ဘဲ အလုံးအဖြစ် ရှိနေတတ်သည်။ - အူပိတ်ခြင်း (Obstructed Incisional Hernia)
ကျွံထွက်သော အူသည် ပြန်မဝင်ဘဲ ညပ်နေပြီး အူပိတ်ခြင်း ဖြစ်နိုင်သည်။ အူပိတ်ခြင်း လက္ခဏာများမှာ _- ဝမ်းဗိုက် နာကျင်ခြင်း
- အလုံးနေရာတွင်နာကျင်ခြင်း၊ ဖောင်းလာခြင်း
- ဝမ်းဗိုက် ဖောင်းလာခြင်း
- ပျို့အန်ခြင်း
- ဝမ်းမသွားနိုင်ခြင်း သို့မဟုတ် လေမလည်နိုင်ခြင်း စသည်တို့ဖြစ်သည်။
- သွေးကြောပိတ်ဆို့ အူကျွံခြင်း (Strangulated Incisional Hernia)
- အူပိတ်နေသောအခြေအနေမှ ပိုဆိုးလာပြီး အူများသို့ သွေးမရောက်နိုင်သော အခြေအနေဖြစ်သည်
- ဤအခြေအနေသည် အူပုပ်ခြင်း (necrosis) ကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိသောကြောင့် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သည်
- သွေးကြောပိတ်ဆို့အူကျွံခြင်း၏ လက္ခဏာများမှာ_
- အူကျွံနေသော အလုံးနေရာတွင် ပြင်းထန်စွာ နာကျင်ခြင်း
- ပိုမိုလျင်မြန်စွာ နာကျင်လာခြင်း
- ဖျားခြင်း
- သွေးပေါင်ကျခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။
အထူးသဖြင့် အောက်ဖော်ပြပါ လက္ခဏာများ ရှိပါက အရေးပေါ် ဆေးကုသမှု ချက်ချင်းခံယူပါ။
- အူကျွံရာမှ ပြန်မဝင်ခြင်း
- အူပိတ်ခြင်း လက္ခဏာများ ဖြစ်သည့် ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းဗိုက်ဖောင်းခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းမသွားနိုင်ခြင်း သို့မဟုတ် လေမလည်နိုင်ခြင်း
- သွေးကြောပိတ်ဆို့အူကျွံခြင်း၏ လက္ခဏာများ ဖြစ်သည့် အူကျွံနေသော အလုံးနေရာတွင် ပြင်းထန်သောနာကျင်ခြင်း၊ ပိုမိုလျင်မြန်စွာ နာကျင်လာခြင်း၊ ဖျားခြင်း၊ သွေးပေါင်ကျခြင်း
ရောဂါရှာဖွေခြင်း
အများအားဖြင့် အူကျွံခြင်းကို လူနာစမ်းသပ်ရုံဖြင့် ရောဂါအတည်ပြုနိုင်သည်။
- ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစစ်ဆေးခြင်း
ဆေးရုံ၊ ဆေးခန်းပြသပါက လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစစ်ဆေးခြင်းတို့ကို ပြုလုပ်မည်။ ယခင်ခွဲစိတ်မှုများ၊ ခွဲစိတ်ခဲ့သောနေရာများနှင့် ရလဒ်များ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း သို့မဟုတ် နှလုံးခုန်နှုန်းမြန်ခြင်းစသည့် ခံစားရသော လက္ခဏာများအကြောင်း မေးမြန်းမည်ဖြစ်သည်။ - ဝမ်းဗိုက်ရှိအလုံးအား စမ်းသပ်ခြင်း
ယခင်ခွဲစိတ်ခဲ့သည့် အမာရွတ်နေရာ သို့မဟုတ် ၎င်း၏အနီးတစ်ဝိုက်ရှိ အလုံးကို စစ်ဆေးမည်။ လူနာကို မတ်တတ်ရပ်ပြီး ချောင်းဆိုးစေခြင်းဖြင့် အူကျွံနာသည် ပို၍ ဖောင်းတင်းထင်ရှားလာသည်။
ကျွံထွက်နေသော အူများ ပိတ်မိနေသည် (Obstructed) သို့မဟုတ် သွေးကြောပိတ်ဆို့နေသည် (Strangulated) ဟု သံသယရှိပါက၊ အောက်ပါစစ်ဆေးမှုများ ထပ်မံပြုလုပ်နိုင်သည်။- သွေးစစ်ဆေးမှုများ
အူပိတ်ဆို့ခြင်း သို့မဟုတ် အူပုပ်ခြင်း ကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများနှင့် ပိုးဝင်ခြင်းကို ရှာဖွေရန် စစ်ဆေးနိုင်သည်။ - ပုံရိပ်ဖော်စစ်ဆေးမှုများ [အာထရာဆောင်း (USG)၊ သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan)]
အူပိတ်ဆို့ခြင်း၊ အူကျွံနေသောနေရာနှင့် ကျွံထွက်နေသော ကိုယ်တွင်းအင်္ဂါများ စသည့်အချက်အလက်များကို တိကျစွာ ရှာဖွေနိုင်သည်။
- သွေးစစ်ဆေးမှုများ
ကုသခြင်း
ဝမ်းဗိုက်ခွဲစိတ်မှုအမာရွတ်နေရာမှ အူကျွံခြင်းကို ကုသရာတွင်
- လူနာ၏ အထွေထွေကျန်းမာရေး
- အူကျွံသည့် တည်နေရာနှင့် ရောဂါပြင်းထန်မှု
- အနာဂတ်တွင် ပြုလုပ်လိုသော ကိုယ်လက်လှုပ်ရှားမှု စသည့်အချက်များစွာပေါ် မူတည်၍ ဆရာဝန်က ဆုံးဖြတ်မည်ဖြစ်သည်။
အူကျွံခြင်းသည် ခွဲစိတ်ကုသမှု မခံယူဘဲ မပျောက်ကင်းနိုင်ပါ။ အကယ်၍ အူကျွံခြင်းသည် သေးငယ်ပြီး လွယ်ကူစွာ ပြန်သွင်းနိုင်ပါက ခွဲစိတ်မှုခံယူရန် မလိုအပ်သေးဘဲ ဆက်လက်စောင့်ကြည့်နိုင်သည်။
ခွဲစိတ်ကုသနည်း (၂) နည်းရှိသည်။
- ခွဲကြောင်းပေးခွဲစိတ်နည်း (Open Hernia Repair)
အူကျွံသည့်နေရာတွင် ခွဲကြောင်းရာပေး၍ ခွဲစိတ်ပြုပြင်ခြင်းဖြစ်သည်။ ကျွံထွက်နေသော ကိုယ်တွင်းအင်္ဂါများကို ဝမ်းခေါင်းအတွင်းသို့ ပြန်လည်ထည့်သွင်းကာ အူကျွံနေသော အပေါက်နှင့် လမ်းကြောင်းကို ပိတ်ခြင်းဖြစ်သည်။ နောက်တစ်ကြိမ် အူကျွံခြင်း ပြန်မဖြစ်စေရန် အားပျော့နေသော ကြွက်သားနေရာအား အထူးပြုလုပ်ထားသည့် စကာ (Surgical mesh) ဖြင့် အားဖြည့်ပေးသည်။ - မှန်ပြောင်းဖြင့် ခွဲစိတ်နည်း (Laparoscopic surgery)
အထူးပြုလုပ်ထားသော မှန်ပြောင်းပါ ခွဲစိတ်ကိရိယာများ၊ ခွဲစိတ်လက်တံများကို အသုံးပြု၍ အရွယ် (၁) စင်တီမီတာခန့် အပေါက်ငယ်များဖောက်ကာ ခွဲစိတ်ခြင်းဖြစ်သည်။ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသလျှင် နာကျင်မှု ပိုမိုသက်သာခြင်း၊ အမာရွတ်မကျန်သလောက်ဖြစ်ခြင်း၊ နာလန်ထ ပိုမိုမြန်ဆန်ခြင်းနှင့် နေ့စဥ်ပုံမှန်လုပ်ငန်းဆောင်တာများ ပိုမိုဆောလျင်စွာ ပြန်လည်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိသည်။ ခွဲစိတ်ရာတွင် ခါးဆစ်ရိုးထုံဆေး သို့မဟုတ် မေ့ဆေးပေးရန် လိုအပ်သည်။ ရက်အနည်းငယ်အတွင်း နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်သည်။ - ခွဲစိတ်ပြီးနောက်
ခွဲစိတ်မှုပြီးနောက် အနာမှ သွေးထွက်ခြင်း သို့မဟုတ် ဖျားခြင်း၊ ခွဲစိတ်ဒဏ်ရာမှ ပြည်များထွက်ခြင်း ကဲ့သို့သော ပိုးဝင်ခြင်းလက္ခဏာများ ကြုံတွေ့ရပါက ခွဲစိတ်ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသရမည်။ ခွဲစိတ်ကုသမှုသည် အများအားဖြင့် လက်ရှိအူကျွံခြင်းကို ပျောက်ကင်းသော်လည်း ခွဲကြောင်းနေရာမှ နောက်တစ်ကြိမ် အူကျွံခြင်း ပြန်ဖြစ်နိုင်ခြေရှိကြောင်း သိရှိထားသင့်သည်။
ကာကွယ်ခြင်း
ဝမ်းဗိုက်ခွဲစိတ်မှုအမာရွတ်နေရာမှ အူကျွံခြင်းကို ကာကွယ်နိုင်ရန် မဖြစ်နိုင်သော်လည်း ဝမ်းဗိုက်ခေါင်းနံရံကြွက်သားများအပေါ် ဖိအားသက်ရောက်မှု နည်းစေခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။
- ခွဲစိတ်ပြီးနောက် နာလန်ထချိန် ပေးခြင်း
- ခွဲစိတ်ပြီးနောက် ကိုယ်လက်လှုပ်ရှားမှုများ လျှော့ချပြီး အနာကျက်ရန် အချိန်ပေးခြင်းသည် အန္တရာယ်ကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်
- ပြင်းထန်သော လှုပ်ရှားမှုများကို မပြုလုပ်ဘဲ အတတ်နိုင်ဆုံး ရှောင်ရှားသင့်သည်။ မည်သည့်အချိန်တွင် လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နိုင်ကြောင်း ခွဲစိတ်ဆရာဝန်မှ ညွှန်ကြားမည်ဖြစ်သည်။
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
- အမျှင်ဓာတ်များသော အစားအစာများ စားသုံးခြင်း
သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဂျုံလုံးကဲ့သို့ အမျှင်ဓာတ်များသည့် အစားအစာများကို စားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် ဝမ်းညှစ်ခြင်းတို့ကို လျှော့ချနိုင်သည်။ - လေးလံသော ပစ္စည်းများ မခြင်းကို ရှောင်ခြင်း သို့မဟုတ် သတိဖြင့် မခြင်း
- လေးလံသော ပစ္စည်းများ မခြင်းကို လုံးဝ ရှောင်ရှားသင့်သည်
- မဖြစ်မနေ မရန် လိုအပ်ပါက ခါးကုန်း၍ မခြင်းထက် ဒူးကွေးပြီး မခြင်းဖြင့် ခါးနှင့် ဝမ်းဗိုက်အပေါ် ဖိအားကို လျှော့ချနိုင်သည်
- ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်ခြင်းသည် နာတာရှည် ချောင်းဆိုးခြင်းကို ဖြစ်စေပြီး အူကျွံခြင်းကို ဖြစ်စေနိုင်သည်၊ သို့မဟုတ် လက်ရှိဖြစ်နေသော အူကျွံခြင်းကို ပိုဆိုးစေနိုင်သည်။
References:
- Johns Hopkins Medicine. (n.d.). Incisional hernia. Retrieved September 10, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/hernias/incisional-hernia
- Cleveland Clinic. (n.d.). Incisional hernia. Retrieved September 10, 2025, from https://my.clevelandclinic.org/health/diseases/incisional-hernia
- Mayo Clinic. (n.d.). Inguinal hernia: Diagnosis & treatment. Retrieved September 10, 2025, from https://www.mayoclinic.org/diseases-conditions/inguinal-hernia/diagnosis-treatment/drc-20351553
- Pearl, C., & Smith, J. (2023). Inguinal hernia repair: A clinical overview. In StatPearls [Internet]. Retrieved September 10, 2025, from https://www.ncbi.nlm.nih.gov/books/NBK435995/
Published: 24 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.