Premature ejaculation (သုက်လွှတ်မြန်ခြင်း)

Premature ejaculation (သုက်လွှတ်မြန်ခြင်း)

သုက်လွှတ်မြန်ခြင်းဆိုသည်မှာ အမျိုးသားများအနေနှင့် လိင်ဆက်ဆံနေစဉ်အတွင်း မိမိတို့ ဆန္ဒရှိသည့်အချိန်မတိုင်မီ သုက်ရည်ထုတ်လွှတ်မိခြင်းကိုခေါ်သည်။ သုက်လွှတ်မြန်ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သည်။ အမျိုးသား (၃) ဦးတွင် တစ်ဦးသည် သုက်လွှတ်မြန်ခြင်းကို ကြုံတွေ့ရဖူးသည်။ တခါတရံ ကြုံတွေ့ရပါက စိုးရိမ်စရာ မဟုတ်ပါ။ သို့သော် သုက်လွှတ်မြန်သော အမျိုးသားများသည် အောက်ပါအခြေအနေတို့တွင် ဆရာဝန်နှင့် ပြသဆွေးနွေးရန် လိုအပ်သည်။

  • လိင်ဆက်ဆံစဉ် လိင်တံထိုးသွင်းပြီး (၁) မိနစ်မှ (၃) မိနစ်အတွင်း အမြဲတစေဆိုသလို ဖြစ်ပွါးခြင်း
  • သုက်လွှတ်ခါနီးအချိန်တွင် မိမိဘာသာ ထိန်းချုပ်ရန် အမြဲတစေဆိုသလို ခက်ခဲခြင်း
  • သုက်လွှတ်မြန်ခြင်းကြောင့် စိုးရိမ်သောကဖြစ်လာပြီး မိမိ၏ လိင်ဆက်ဆံဖော်ကိုဖြစ်စေ၊ မိမိ၏ လိင်ဆက်ဆံဖော်ကဖြစ်စေ ရှောင်ဖယ်လာခြင်း

သို့သော် သုက်လွှတ်မြန်ခြင်းသည် ထိန်းချုပ်ကုသနိုင်သော အခြေအနေတစ်ခုဖြစ်သည်။ ဆေးဝါးများ၊ လေ့ကျင့်ခန်းနည်းလမ်းများနှင့် ဆွေးနွေးအကြံပေးခြင်းများမှတစ်ဆင့် သုက်လွှတ်မြန်ခြင်းကို ကုသပြီး ကာယကံရှင်နှင့် မိမိလက်တွဲဖော်တို့၏ အိမ်ထောင်ဘဝကို သာယာတိုးတက်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သုက်လွှတ်မြန်ခြင်း (၂) မျိုးရှိသည်။

  1. လူပျိုဖော်စဝင်ချိန် လိင်အတွေ့အကြုံစရှိစဉ်ကတည်းကစ၍ သုက်လွှတ်မြန်ခြင်း
  2. ယခင်က ပုံမှန်ဖြစ်ပြီး လိင်ဆက်ဆံခြင်း သက်တမ်းအချိန်တစ်ခုရောက်မှ သုက်လွှတ်မြန်ခြင်းတို့ဖြစ်သည်။

ပထမအမျိုးအစားသည် အာရုံခံစားမှု (သို့မဟုတ်) မျိုးဗီဇအကြောင်းရင်းများနှင့် ဆက်စပ်နေတတ်ပြီး အပြုအမူဆိုင်ရာကုထုံးများ လိုအပ်သည်။

ဒုတိယအမျိုးအစားသည် စိတ်ဖိစီးမှု၊ ဆက်ဆံရေးဆိုင်ရာပြဿနာများ၊ ပန်းသေရောဂါ သို့မဟုတ် ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် ဖြစ်တတ်ပြီး၊ အခြေခံအကြောင်းရင်းကို ကုသရန် လိုအပ်သည်။

အဖြစ်များသောအကြောင်းရင်းများမှာ_

  • စိတ်လှုပ်ရှားမှုလွန်ကဲခြင်း (အထူးသဖြင့် မိမိလိင်ဆက်ဆံဖော်နှင့် ပထမဆုံးအကြိမ် ဆက်ဆံရာတွင် သို့မဟုတ် လိင်မဆက်ဆံဘဲ အချိန်အတော်ကြာနေပြီးနောက် ပြန်လည်ဆက်ဆံရာတွင် အလွန်အမင်း စိတ်လှုပ်ရှားနေခြင်း)
  • စိတ်ဖိစီးမှု များနေခြင်း
  • မိမိ၏လိင်ဆက်ံဆံဖော်နှင့် ဆက်ဆံရေး မပြေလည်ခြင်း
  • မိမိကိုယ်ကို သို့မဟုတ် မိမိခန္ဓာကိုယ်ကို ယုံကြည်မှု မရှိခြင်း
  • စိတ်ကျရောဂါရှိခြင်းတို့ဖြစ်သည်။

အောက်ပါ အကြောင်းအရာနှင့်ရောဂါများကြောင့်လည်း သုက်လွှတ်မြန်ခြင်း ဖြစ်နိုင်သည်။

  • လိင်တံထိပ်အရေပြားမှ ထိလွယ်သိလွယ် ခံစားလွယ်ခြင်း
  • လိင်တံထောင်မတ်မှု အားနည်းခြင်း
  • ဟော်မုန်းမညီမျှခြင်း (ဥပမာ _ သိုင်းရွိုက်ရောဂါ၊ ပရိုလက်တင်‌ဟော်မုန်းများခြင်း)
  • ဆီးကျိတ်ရောင်ခြင်း
  • ဗီတာမင် ဒီ ဓာတ်ချို့တဲ့ခြင်း
  • အရက်၊ မူးယစ်ဆေးများ သုံးစွဲခြင်း
  • အထွေထွေကျန်းမာရေး အားနည်းခြင်း
နောက်ဆက်တွဲပြဿနာများ

သုက်လွှတ်မြန်ခြင်းကြောင့်

  • အမျိုးသားကိုယ်တိုင် မိမိကိုယ်ကို ယုံကြည်မှုကျစေခြင်း
  • အမျိုးသားနှင့် သူ၏ လိင်ဆက်ဆံဖော်တို့အကြား လူမှုဆက်ဆံရေး ထိခိုက်ခြင်း
  • လိင်တံထောင်မတ်မှု အားနည်းခြင်း
  • ကလေးရရန် ခက်ခဲခြင်း
  • စိတ်ကျလာခြင်း၊ စိုးရိမ်လွန်ခြင်းတို့ ကြုံတွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

သုက်လွှတ်မြန်သည်ဟု သံသယရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ရင်းနှီးစွာ တွေ့ဆုံပြီးဆွေးနွေးနိုင်သည်။ မိသားစုဆရာဝန်မှ မိမိခံစားနေရခြင်းသည် ရောဂါ ဟုတ်မဟုတ် စီစစ်ပေးနိုင်သည်။ ထို့နောက် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါအကြောင်းရင်းကို ရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ အောက်ပါမေးခွန်းများကို မေးမြန်းလိမ့်မည်။

  • သုက်လွှတ်မြန်သည်ဟု ခံစားရနေသည့် ကာလ
  • စတင်ဖြစ်ပေါ်ခံစားရပုံ
  • ခံစားနေရသည့်အကြိမ် အနေအထား (အမြဲတမ်း သို့မဟုတ် တစ်ခါတစ်ရံ)
  • ခံစားရသည့် အကြိမ်ရေ
  • မိမိ အိမ်ထောင်ဖက်အပြင် အခြား လိင်ဆက်ဆံဖော်နှင့် ဖြစ်ပွါးခြင်း ရှိမရှိ
  • မိမိဘာသာ အာသာဖြေသည့်အချိန်တွင် ဖြစ်ပွါးခြင်း ရှိမရှိ
  • အခြားခံစားရသည့်လက္ခဏာများ (လိင်တံပျော့ခြင်း၊ သုက်ရည်မထွက်ခြင်း၊ လိင်တံနာကျင်ခြင်း စသဖြင့်)

ဆရာဝန်မှ အများအားဖြင့် လိင်ပိုင်းဆိုင်ရာမေးခွန်းများကို အသေးစိတ် မေးမြန်းလေ့ရှိပြီး သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရန် လိုအပ်လေ့မရှိပါ။

ကုသခြင်း
  1. အမူအကျင့်ဆိုင်ရာ လေ့ကျင့်ပေးခြင်း
    အဓိကရည်ရွယ်ချက်မှာ မိမိကိုယ်ခန္ဓာ အစိတ်အပိုင်း၏ ခံစားချက်များကို ထိန်းချုပ်ခြင်းဖြစ်သည်။
    • တင်ပါးဆုံကွင်း ကြွက်သားလေ့ကျင့်ခြင်း (Pelvic floor exercise/ Kegel exercise)
      တင်ပါးဆုံကွင်း ကြွက်သားအားနည်းသူများတွင် သုက်လွှတ်ခြင်းကို ထိန်းရန်ခက်ခဲသည်။ တင်ပါးဆုံကွင်းကြွက်သားဆိုသည်မှာ ဆီးသွားနေစဉ် ဆီးကို ချုပ်ထိန်းနိုင်သော ကြွက်သား သို့မဟုတ် လေလည်ချင်စိတ်၊ ဝမ်းသွားချင်စိတ် ဖြစ်ပေါ်နေစဉ် ဟန့်တားထားသော ကြွက်သားဖြစ်သည်။ ထိုကြွက်သားကို မိမိဘာသာ ခံစားသိရှိရန် ရှာဖွေရမည်။ ထို့နောက် ထိုကြွက်သားလေ့ကျင့်ခြင်းကို မည်သည့်အနေအထားဖြစ်စေ၊ မည်သည့်အချိန်ဖြစ်စေ ပြုလုပ်နိုင်သည်။ လေ့ကျင့်နေစဉ်တွင် တင်ပါးဆုံကွင်းကြွက်သားကို အာရုံစိုက်ပါ။ ဝမ်းဗိုက်ကြွက်သား၊ ပေါင်ကြွက်သားနှင့် တင်ပါးကြွက်သားတို့နှင့် မှားယွင်း၍ မညှစ်မိရန် လိုအပ်သည်။ လေ့ကျင့်နေစဉ် အသက်ရှူအောင့်ထားရန် မလိုအပ်ပါ။ ပုံမှန် အသက်ရှူနေရမည်။
    • သွား-ရပ် နည်းလမ်း (start-stop technique)
      အမျိုးသားနှင့် ၄င်း၏ လိင်ဆက်ဆံဖော်တို့ အတူတူဆက်ဆံနေစဉ်အတွင်း လိင်စိတ်အထွတ်အထိပ် (orgasm) ရောက်ခါနီးပါက လိင်ဆက်ဆံခြင်းကို ခေတ္တရပ်နားလိုက်သည်။ စက္ကန့် (၃၀) ခန့် ရပ်နားပြီး အမျိုးသားအနေနှင့် မိမိဘာသာထိန်းချုပ်နိုင်လာပါက လိင်ဆက်ဆံခြင်းကို ဆက်လက်ပြုလုပ်သည်။ ထိုကဲ့သို့ လိင်ဆက်ဆံခြင်း ပြုလုပ်ခြင်း (သွား) နှင့် ရပ်နားခြင်း (ရပ်) တို့ကို လိင်ဆက်ဆံနေစဉ် (၃ – ၄) ကြိမ်ခန့် ပြုလုပ်ပြီးမှ လိင်စိတ်အထွတ်အထိပ်ရောက်၍ သုက်လွှတ်ကာ ပြီးဆုံးစေသည်။ ထိုနည်းဖြင့် သုက်ထိန်းချိန်ကို ကြာမြင့်စေသည်။
    • လိင်တံထိပ်ကို ဖိထားခြင်း (squeeze technique)
      အမျိုးသားနှင့် ၄င်း၏ လိင်ဆက်ဆံဖော်တို့ အတူတူဆက်ဆံနေစဉ်အတွင်း လိင်စိတ်အထွတ်အထိပ် (orgasm) ရောက်ခါနီးပါက အမျိုးသား၏ လိင်ဆက်ဆံဖော်က ဖြစ်စေ၊ ၎င်းကိုယ်တိုင်က ဖြစ်စေ လိင်တံထိပ်ဖျား၏ အောက်ဖက်ရှိ လျှာခင် (frenulum) နေရာကို လက်မဖြင့် အသာအယာ ဆက်တိုက်ဖိထားပြီး လိင်တံတောင့်တင်းမှု အနည်းငယ်ပျော့လာသည်အထိ စောင့်စေသည်။ စက္ကန့် (၃၀) ခန့် ပြုလုပ်ပြီး အမျိုးသားအနေနှင့် မိမိဘာသာထိန်းချုပ်နိုင်လာပါက လိင်ဆက်ဆံခြင်းကို ဆက်လက်ပြုလုပ်သည်။ ထိုကဲ့သို့ လိင်တံထိပ်ကို ဖိထားခြင်းကို လိင်ဆက်ဆံနေစဉ် အကြိမ်အနည်းငယ်ခန့် ပြုလုပ်ပြီးမှ လိင်စိတ်အထွတ်အထိပ်ရောက်၍ သုက်လွှတ်ကာ ပြီးဆုံးစေသည်။ ထိုနည်းဖြင့် သုက်ထိန်းချိန်ကို ကြာမြင့်စေသည်။
    • အာရုံလွှဲခြင်း
      လိင်ဆက်ဆံနေစဉ် လိင်ကိစ္စနှင့် မသက်ဆိုင်သည့် အခြားအကြောင်းအရာများကို အာရုံစိုက်ခြင်းဖြစ်သည်။ ဥပမာ _ မိမိအလုပ်သွားရာ လမ်းတလျှောက် ဆိုင်းဘုတ်အမည်များ အစဉ်လိုက်ပြန်လည်စဉ်းစားခြင်း၊ ဘောလုံးအသင်းမှ ကစားသမားအမည်များ စဉ်းစားခြင်း
    • အခြားနည်းလမ်းများ
      • ကွန်ဒုံးစွပ်၍ ဆက်ဆံခြင်း (အချို့ ကွန်ဒုံးများတွင် လိင်တံထိပ်ခံစားမှု လျော့နည်းစေရန် ထုံဆေးများပါဝင်သည်)
      • လိင်မဆက်ဆံမီ ကြိုတင်၍ မိမိဘာသာ အာသာဖြေထားခြင်း
      • မိမိနှင့် လိင်ဆက်ဆံဖော်တို့ အချိန်ယူ၍ နှူးနှပ်ခြင်း (foreplay)
      • လိင်ဆက်ဆံနေစဉ် မကြာခဏ အနေအထား ပြောင်းလဲခြင်း
  2. နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
    သုက်လွှတ်မြန်ခြင်းသည် လူမှုရေးပြဿနာများ၊ အိမ်ထောင်ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများနှင့် ပတ်သက်ပါက အဆိုပါနည်းလမ်းသည် အသုံးဝင်သည်။ နှစ်သိမ့်ဆွေးနွေးပညာပေး စိတ်ပညာရှင် (Counseling psychologist) သို့မဟုတ် လိင်ပိုင်းကျွမ်းကျင်သူ ပညာရှင် (Sexual therapist) နှင့် တွေ့ဆုံပြီး ပြသနိုင်သည်။ စိတ်ဖိစီးမှု လျေ့ာချခြင်း၊ မိမိ၏ စိတ်ကျန်းမာရေး အခြေအနေကို နားလည်လာခြင်းဖြင့် သုက်လွှတ်ချိန်ကို ထိန်းရာတွင် အထောက်အပံ့ဖြစ်သည်။ လိင်ဆက်ဆံဖော်နှင့် အတူတူတွေ့ဆုံဆွေးနွေးခြင်းဖြင့် အချင်းချင်း ပိုမိုနားလည်လာပြီး နှစ်ဦးစလုံးအတွက် စိတ်ချမ်းသာစေနိုင်သည်။
  3. ဆေးဝါးဖြင့်ကုသခြင်း
    စိတ်ကျခြင်း၊ စိုးရိမ်သောကများခြင်း၊ မိမိကိုယ်ကို အပြစ်မြင်ခြင်း တို့ရှိပါက စိတ်ကျန်းမာရေးအထူးကုနှင့် ပြသပြီး လိုအပ်သည့် ဆေးဝါးကုသမှုကို ခံယူနိုင်သည်။ စိတ်ကျန်းမာရေးဆေးဝါးအချို့ (SSRI)သည် သုက်လွှတ်မြန်ခြင်းကို သက်သာစေသည်။ သုက်လွှတ်မြန်ခြင်းအတွက် သီးသန့်ထုတ်လုပ်ထားသည့် Dapoextine သည် SSRI အမျိူးအစား ဆေးဖြစ်ပြီး ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်သည်။ အချို့လူနာများတွင် သုက်လွှတ်မြန်ခြင်းသည် လိင်တံမထောင်မတ်ခြင်းနှင့် ဆက်စပ်နေ၍ လိင်တံတောင့်တင်းစေသည့်ဆေးများဖြင့် ကုသရန်လိုသည်။
    သုက်ထိန်းရန်အတွက် သီးသန့်ထုတ်လုပ်ထားသည့် ထုံဆေး ကရင်မ် (သို့မဟုတ်) ဖျန်းဆေးကို လိင်မဆက်ဆံခင် (၁၀)မိနစ် မှ (၃၀)မိနစ်ခန့် ကြိုတင်၍ လိင်တံထိပ်ဖူးပိုင်းနှင့် ကိုယ်ထည်ပိုင်းကို လိမ်းထား၊ ဖျန်းထားနိုင်သည်။ ထိုအခါ လိင်တံ၏ခံစားမှု လျော့နည်းသွားပြီး သုက်ထိန်းချိန် ကြာမြင့်စေသည်။ ဆေးသုံးပြီး လိင်မဆက်ဆံခင် လိင်တံကို ပြန်လည်ဆေးကြောရန်လိုသည်။ သို့မှသာ လိင်ဆက်ဆံဘက်၏အင်္ဂါပိုင်း ထုံခြင်းကို ကာကွယ်နိုင်မည်။

အထက်ပါနည်းလမ်းများကို ပေါင်းစပ်၍လည်း ကုသနိုင်သည်။ သုက်လွှတ်မြန်ခြင်းကို လုံးဝပျောက်ကင်းစေသည့် ဆေးမရှိသော်လည်း အမူအကျင့် လေ့ကျင့်ခန်းများ၊ စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့် ကုသပြီးနောက် ဆေးမလိုတော့သည့် အခြေအနေများ ရှိနိုင်သည်။

ကာကွယ်ခြင်း
  • လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပါ၊ လေ့ကျင့်ခန်းလုပ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေသည်
  • စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်း မရှိစေရန် အနားယူပါ
  • မိမိ၏ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ
  • မိမိ၏ လိင်ဆက်ဆံဖော်ကို ပွင့်လင်းစွာ ပြောဆိုပါ၊ နှစ်ဦးနှစ်ဖက် အပေးအယူမျှတရန် ညှိနှိုင်းပါ၊ လိင်အင်္ဂါချင်း တိုက်ရိုက်ဆက်ဆံမှုကိုသာ အာရုံမထားဘဲ လိင်မှုဆိုင်ရာ သာယာပျော်ရွှင်ဖွယ်ဖြစ်ရန် ပြုလုပ်ပါ

References:

  1. Hims. (n.d.). Premature ejaculation. Retrieved August 27, 2025, from https://www.hims.com/conditions/premature-ejaculation
  2. Mayo Clinic. (n.d.). Premature ejaculation: Symptoms & causes. Retrieved August 27, 2025, from https://www.mayoclinic.org/diseases-conditions/premature-ejaculation/symptoms-causes/syc-20354900
  3. Cleveland Clinic. (n.d.). Premature ejaculation: Management & treatment. Retrieved August 27, 2025, from https://my.clevelandclinic.org/health/diseases/15627-premature-ejaculation#management-and-treatment
  4. Crowdis, M., Leslie, S. W., & Nazir, S. (2023). Premature ejaculation. In StatPearls [Internet]. Retrieved August 27, 2025, from https://www.ncbi.nlm.nih.gov/books/NBK546701/
  5. World Journal of Men’s Health. (2022). Premature ejaculation and endocrine disorders: A literature review. World Journal of Men’s Health, 40(1), 38-51. Retrieved August 27, 2025, from https://wjmh.org/pdf/10.5534/wjmh.200184

Published: 12 September 2025

Share

12 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.