ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်တွင် ချက်ကြိုး၏ ပုံမှန်တည်နေရာနှင့် ဖွဲ့စည်းပုံသည် မိခင်၏ကျန်းမာရေး၊ သန္ဓေသား ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုနှင့် မီးဖွားရလွယ်ကူစေရေးတို့အတွက် အလွန်အရေးကြီးသည်။ ချက်ကြိုးသည် အချင်းနှင့် သန္ဓေသားကလေးငယ်ကို ဆက်သွယ်ပေးထားသော အဓိကလမ်းကြောင်းဖြစ်ပြီး၊ ယေဘုယျအားဖြင့် သန္ဓေသား၏ဝမ်းဗိုက်မှ စတင်ကာ အချင်း၏ဗဟိုတည်နေရာ (Central position) သို့ ဆက်သွယ်ထားလေ့ရှိသည်။
ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ဤချက်ကြိုးလမ်းကြောင်းမှတစ်ဆင့် မိခင်ထံမှ ရရှိသော အာဟာရနှင့် အောက်ဆီဂျင်များကို သန္ဓေသားဆီသို့ ပို့ဆောင်ပေးကာ၊ သန္ဓေသားဆီမှ အညစ်အကြေးများကို ပြန်လည်စွန့်ထုတ်ပေးသည်။ ထို့ကြောင့် ချက်ကြိုးတွယ်ဆက်သောနေရာ ပုံမှန်မဟုတ်ခြင်း (Abnormal Insertion) သည် ဤအဓိကလုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပြီး သန္ဓေသား၏ ကြီးထွားမှုကို ထိခိုက်စေကာ၊ ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားချိန်တွင် အန္တရာယ်ရှိသော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
ချက်ကြိုးတွယ်ဆက်ခြင်း ပုံမမှန်သောအခြေအနေများမှာ _
- အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း (Velamentous Cord Insertion)
ပုံမှန်အားဖြင့် ချက်ကြိုးသည် သန္ဓေသား၏ ချက်မှတစ်ဆင့် အချင်း၏ဗဟိုတည်နေရာသို့ တိုက်ရိုက်ဆက်သွယ်ထားသည်။ ချက်ကြိုးအတွင်းရှိ သွေးကြောများကို မဖိမိစေရန်၊ မပေါက်ပြဲစေရန်နှင့် မလိမ်စေရန် Wharton’s jelly ဟုခေါ်သော ဂျယ်လီနှင့်တူသော အရာများဖြင့် အကာအကွယ်ပေးထားသည်။
သို့ရာတွင် ချက်ကြိုးသည် အချင်းသို့ တိုက်ရိုက်မဆက်ဘဲ အချင်းပြင်ပ၌ရှိသော အမြှေးပါးပေါ်သို့ တွယ်ဆက်နေပါက နောက်ဆက်တွက်ဆက်တွဲပြဿနာများစွာ ပေါ်ပေါက်နိုင်သည်။ ချက်ကြိုးရှိ သွေးကြောများသည် ဂျယ်လီအကာအကွယ်မရတော့ဘဲ အချင်းမှ အာဟာရရရှိအောင် သယ်ယူပေးရသောအကွာအဝေးလည်း ပိုရှည်သွားသဖြင့် အာဟာရလွယ်ကူစွာ မရနိုင်ခြင်းကြောင့် သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးလာခြင်း၊ ကူရှင်ကဲ့သို့ သွေးကြောများကို ကာကွယ်ပေးထားသော ဂျယ်လီများမရှိတော့သဖြင့် သွေးကြောများထိခိုက်လွယ်ပြီး ပျောက်ပြဲ၍ သွေးထွက်ခြင်းအစရှိသည့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာနိုင်သည်။
ဖြစ်ပွါးနှုန်း
ဤအခြေအနေသည် သန္ဓေသားတစ်ဦးတည်းကိုသာ ကိုယ်ဝန်ဆောင်ထားရသော မိခင်များ၏ (၁%) ခန့်တွင်သာ တွေ့ရှိရသော်လည်း၊ အမြွှာကိုယ်ဝန်ဆောင်မိခင်များတွင် (၆%) နှင့် အချင်းတစ်ခုတည်းဖြင့် သီးခြားရေမြွှာရည်အိတ်ရှိသော အမြွှာကိုယ်ဝန်ဆောင် (MCDA twins) မိခင်များတွင် (၁၅) ရာခိုင်နှုန်းထိ တွေ့ရနိုင်သည်။ ထို့အပြင် သားအိမ်အောက်ပိုင်းတွင် အချင်းတည်နေသော ကိုယ်ဝန်များ (Placenta Previa) နှင့် ချက်ကြိုးသွေးကြောများ သားအိမ်ခေါင်းအဝကို ဖြတ်သန်းနေသော ကိုယ်ဝန်များတွင်လည်း ဤအခြေအနေကို ပို၍တွေ့ရှိရသည်။ - ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa Previa)
ချက်ကြိုးအတွင်းရှိ သွေးကြောများ ဂျယ်လီအကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကို ဖြတ်၍ အချင်းနှင့် တွယ်ဆက်နေခြင်းသည် ရှားပါးဖြစ်ခဲသော အခြေအနေဖြစ်ပြီး သန္ဓေသားမှ သွေးအလွန်ဆုံးရှုံးနိုင်သော အန္တရာယ်ရှိသဖြင့် ထိုအခြေအနေကို ရှာဖွေတွေ့ရှိလျှင် အထူးဂရုပြု စောင့်ကြပ်ကြည့်ရှုရန် အရေးကြီးသည်။ ကလေးမွေးရန် မိခင်ဗိုက်နာလာပြီး ရေမြွှာရည်ပေါက်သည့်အခါ အကာအကွယ်မရှိသောသွေးကြောများ ပေါက်ထွက်၍ သန္ဓေသားထံမှ သွေးအများအပြား ဆုံးရှုံးပြီးနောက် သန္ဓေသားသေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ ထိုကဲ့သို့သော ပုံမမှန်အချင်းကို စောစီးစွာ ရှာဖွေတွေ့ရှိလျှင် ခွဲစိတ်၍ ကလေးမွေးဖွားခြင်းဖြင့် သန္ဓေသားအသက်အန္တရာယ် ထိခိုက်ခြင်းကို ရှောင်ရှားနိုင်မည်။
ဤသို့ပုံမမှန်တွယ်ဆက်ခြင်း အမျိုးအစား (၂) မျိုးရှိသည်။- အမျိုးအစား (၁) – အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်းနှင့် အတူတွဲ၍ဖြစ်ခြင်း (Vasa previa with Velamentous Cord Insertion)
ချက်ကြိုးအတွင်းရှိ သွေးကြောများသည် ဂျယ်လီအကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ကလေးမွေးဖွားရန် ဗိုက်နာပြီး ကလေးသည် သားအိမ်ခေါင်းအဝသို့ဆင်းလာသည့်အခါ ချက်ကြိုးရှိ သွေးကြောများ ပေါက်ထွက်နိုင်သည်။ - အမျိုးအစား (၂) – အချင်း (၂) ဝိုင်းပါရှိသော အချင်းနှင့် အတူတွဲ၍ဖြစ်ခြင်း (Vasa previa with a bilobed placenta)
ပုံမှန်အားဖြင့် အချင်းသည် စက်ဝိုင်းပုံတစ်ဝိုင်းတည်းရှိသော်လည်း တစ်ခါတစ်ရံ အချင်းသည် စက်ဝိုင်းနှစ်ဝိုင်းပုံ ကွဲထွက်တည်ရှိတတ်သည်။ ချက်ကြိုးအတွင်းရှိ သွေးကြောများ ဂျယ်လီအကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကို ဖြတ်၍ အချင်းနှစ်ဝိုင်းအကြား ဆက်သွယ်ထားသည့်အခါ ကလေးမွေးဖွားရန် ဗိုက်နာလာချိန်၌ သွေးကြောပေါက်နိုင်သည်။
- အမျိုးအစား (၁) – အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်းနှင့် အတူတွဲ၍ဖြစ်ခြင်း (Vasa previa with Velamentous Cord Insertion)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း (Velamentous Cord Insertion)
ဖြစ်ပေါ်ရသောအကြောင်းရင်းကို သေချာစွာသိရှိနိုင်ခြင်း မရှိသေးသော်လည်း အောက်ပါအကြောင်းရင်းများနှင့် ဆက်စပ်တွေ့ရှိသည်။- အမြွှာကိုယ်ဝန်ဆောင်ခြင်း (အထူးသဖြင့် အချင်းတစ်ခုတည်းဖြင့် အမြွှာကိုယ်ဝန်ဖြစ်ခြင်း)
- ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ဆောင်ခြင်း
- သားဦးကိုယ်ဝန်ဆောင်ဖြစ်ခြင်း
- အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်နေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝ ပိတ်ကာထားခြင်း
- ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa Previa)
- ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa Previa)
အောက်ပါ အကြောင်းရင်းများနှင့် ဆက်စပ်တွေ့ရှိရသည်။- အမြွှာကိုယ်ဝန်ဆောင်ခြင်း
- အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်နေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝ ပိတ်ကာထားခြင်း (placenta previa)
- အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း (Velamentous insertion of the cord)
ရောဂါလက္ခဏာများ
- အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း (Velamentous Cord Insertion)
ချက်ကြိုးသည် အချင်းပြင်ပအမြှေးပါး၌ တွယ်ဆက်နေခြင်းကြောင့် ထူးခြားသိသာစွာ ခံစားရသည့် လက္ခဏာများ မရှိပါ။- မိန်းမကိုယ်မှ သွေးဆင်းခြင်း _ အထူးသဖြင့် ကိုယ်ဝန်တတိယ (၃) လပတ်တွင် သွေးဆင်းနိုင်သည်
- သန္ဓေသားနှလုံးခုန်နှုန်းနှေးနေခြင်းနှင့် သန္ဓေသားဆီသို့ သွေးပံ့ပိုးမှုနည်းခြင်းတို့ကို အာထရာဆောင်း ရိုက်ကြည့်အခါ၌သာ ရှာဖွေတွေ့ရှိနိုင်သည်။
- ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa Previa)
ချက်ကြိုးအတွင်းရှိ သွေးကြောများ ဂျယ်လီအကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်းကြောင့် ထူးခြားသိသာသော လက္ခဏာများ ခံစားရခြင်း မရှိပါ။ တစ်ခါတစ်ရံ ကိုယ်ဝန် ဒုတိယ (၃) လပတ်နှင့် ကိုယ်ဝန် တတိယ (၃) လပတ် ကာလများ၌ နာကျင်ခြင်းမရှိဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်းသာလျှင် ဖြစ်ပေါ်တတ်သည်။ ထိုဆင်းသောသွေးများသည် အနက်ရောင်သန်းသော အနီရောင်ရှိပြီး သန္ဓေသားဆီမှထွက်သော သွေးများဖြစ်ကြောင်း ညွှန်ပြသည်။
နောက်ဆက်တွဲပြဿနာများ
- အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း (Velamentous Cord Insertion)
ဤအခြေအနေတွင် မိခင်နှင့်ကလေးသည် အောက်ပါနောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။- လမစေ့ဘဲ မွေးဖွားခြင်း
- ရက်သတ်မှတ်၍ ခွဲစိတ်ကလေးမွေးဖွားရခြင်း (အရေးပေါ်ခွဲစိတ်မွေးဖွားရလျှင် အလွန် သွေးထွက်နိုင်သည်)
- အချင်းကွာခြင်း (Abruptio placenta)
- မိခင်ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia)
- မွေးကင်းစကလေး ကိုယ်အလေးချိန် နည်းခြင်း
- မွေးကင်းစအထူးကြပ်မတ်ကုဆောင်တွင် ကုသမှု ခံယူရခြင်း
- မွေးဖွားချိန်တွင် ကလေး၌ သွေးတွင်းအောက်ဆီဂျင် ပြတ်တောက်မှုလက္ခဏာရှိခြင်း (Low APGAR scores)၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိနေနိုင်ခြင်းနှင့် အသက်ကယ်ကုသမှုများ ပေးရခြင်း
- ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်း အဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa previa) နှင့် ဆက်စပ်တည်ရှိနေပါက ကလေးမွေးဖွားရန် ဗိုက်နာလာပြီး သားအိမ်ခေါင်းပွင့်လာသည့်အခါ သွေးထွက်လွန်ခြင်းကြောင့် ဤအခြေအနေ၏ (၅၀) ရာခိုင်နှုန်းတွင် ကလေးအသက်ဆုံးရှုံးနိုင်ခြင်း
- ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa Previa)
ဤအမျိုးအစား ပုံမမှန်တွယ်ဆက်နေခြင်းတွင် ရေမြွှာရည်မပေါက်လျှင် မိခင်ရောသန္ဓေသားပါ အန္တရာယ်ကင်းသည်။ ရေမြွှာရည်ပေါက်သည့်အခါ အကာအကွယ်မရှိသောသွေးကြောများ ပေါက်ထွက်နိုင်ပြီး သန္ဓေသားဆီမှ အသက်အန္တရာယ်ထိခိုက်သည်အထိ သွေးဆုံးရှုံးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ဝန်တစ်လျှောက် မည်သည့်အချိန်မဆို [အထူးသဖြင့် ကိုယ်ဝန် ဒုတိယ (၃) လပတ်နှင့် တတိယ (၃) လပတ်ကာလ၌] မိန်းမကိုယ်မှ အနက်ရောင်သန်းသော သွေးများဆင်းလျှင် မိမိ၏ ကျန်းမာရေးစောင့်ရှောက်သူထံသို့ ချက်ချင်းသွားရောက်ပြသရန် အရေးကြီးသည်။ ထို့မှသာ မည်သည့်အတွက်ကြောင့် သွေးဆင်းသည်ကို ရှာဖွေနိုင်မည်ဖြစ်ပြီး သန္ဓေသားအသက်အန္တရာယ်ကို ကာကွယ်နိုင်မည်။
ရောဂါရှာဖွေခြင်း
- အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း (Velamentous Cord Insertion)
ကိုယ်ဝန်ဒုတိယ (၃) လပတ်ကာလ၌ အာထရာဆောင်းကို အသုံးပြု၍ ချက်ကြိုး၏ အချင်းတွယ်ဆက်သည့်နေရာကို ရှာဖွေခြင်းဖြင့် ချက်ကြိုးသည် အချင်းပြင်ပအမြှေးပါး၌ တွယ်ဆက်နေခြင်းကို အတည်ပြုနိုင်သည်။ လိုအပ်ပါက ချက်ကြိုးရှိသွေးကြောများ သွေးစီးဆင်းပုံကို ကြည့်ရှုပြီး ထပ်မံအတည်ပြုနိုင်သည်။ ကိုယ်ဝန် တတိယ (၃) လပတ်တွင် သန္ဓေသားကြီးထွားလာသည့်အတွက် အာထရာဆောင်းဖြင့် ချက်ကြိုး၏ အချင်းတွယ်ဆက်သည့်နေရာကို ရှာဖွေအတည်ပြုရန် ခက်ခဲသည်။ - ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa Previa)
ဤအမျိုးအစား ပုံမမှန်တွယ်ဆက်နေခြင်းကို ကိုယ်ဝန်သက် (၁၈)ပတ် မှ (၂၆)ပတ်အတွင်း အာထရာဆောင်းရိုက်၍ ရှာဖွေတွေ့ရှိနိုင်သည်။ အာထရာဆောင်းရိုက်စဥ် အချင်းပုံမမှန်ဖြစ်နေသော အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း၊ အချင်း (၂) ဝိုင်းပါရှိသော အချင်းများဖြစ်နေလျှင် မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ပါက သားအိမ်ခေါင်းအဝနားတွင် ချက်ကြိုးမှ သွေးကြောများကို တွေ့ရှိနိုင်သည်။ သွေးကြောအတွင်းသွေးစီးဆင်းမှုကို Color Doppler ဖြင့် ရှင်းလင်းစွာတွေ့ရသည်။
ကုသခြင်း
- အချင်းပြင်ပအမြှေးပါး၌ ချက်ကြိုးတွယ်ဆက်နေခြင်း (Velamentous Cord Insertion)
ချက်ကြိုးသည် အချင်းပြင်ပအမြှေးပါး၌ တွယ်ဆက်နေခြင်းကို ရှာဖွေတွေ့ရှိပြီးနောက် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုကို ပုံမှန်ထက်ပို၍ ပြုလုပ်ရမည်။- သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို လေးပတ် မှ ခြောက်ပတ်ခြား တစ်ကြိမ် အာထရာဆောင်းဖြင့် စောင့်ကြပ်ကြည့်ရှုခြင်း
- သန္ဓေသား၏ နှလုံးခုန်နှုန်းနှင့် လှုပ်ရှားမှုကို ပုံမှန်စောင့်ကြပ်ကြည့်ရှုခြင်း (Non-stress test)
- မွေးဖွားရန်အချိန် နီးကပ်လာပါက ဆေးရုံ၌ထားရှိပြီး အနီးကပ်စောင့်ကြပ်ကြည့်ရှုခြင်း
- အကယ်၍ ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကို ဖြတ်၍ အချင်းနှင့် တွယ်ဆက်နေခြင်း (Vasa previa) နှင့် အတူဖြစ်တည်နေလျှင် သွေးကြောပေါက်ပြီး သွေးအလွန်အမင်းဆင်းနိုင်သော အန္တရာယ်ရှိသဖြင့် ကိုယ်ဝန်သက် (၃၄) ပတ်ကျော်လျှင် ခွဲစိတ်၍မွေးဖွားရန် စဥ်းစားခြင်း အစရှိသည့် ကိုယ်ဝန်စောင့်ရှောက်မှုများ ပေးရမည်ဖြစ်သည်
- သဘာဝအတိုင်းမွေးဖွားရန် ဆန္ဒရှိပါက ကိုယ်ဝန်သက် (၄၀) ပတ်ရောက်လျှင် သားအိမ်ပွင့်အောင် လှုံ့ဆော်ပြီး မွေးဖွားမှု စတင်မည်၊ ထိုအချိန်တွင် သွေးကြောများအပေါ် ဖိအားသက်ရောက်စေမည့် အပြုအမူများကို ရှောင်ကြဥ်ရမည် (ဥပမာ_သွေးကြောထဲသို့ အရည်များများ ထည့်သွင်းခြင်း)
- မွေးဖွားရန် ဗိုက်နာလာသည့်အခါ သန္ဓေသားကျန်းမာရေးကို ပိုမိုဂရုစိုက်ရမည်၊ သို့မှသာ ကျန်းမာသန်စွမ်းသောကလေးကို အန္တရာယ်ကင်းစွာ ဖွားမြင်နိုင်မည်ဖြစ်သည်။
- ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်း (Vasa Previa)
- ချက်ကြိုးအတွင်းရှိ သွေးကြောများ ဂျယ်လီအကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကိုဖြတ်၍ အချင်းနှင့်တွယ်ဆက်နေခြင်းကို ရှာဖွေတွေ့ရှိထားလျှင် ရက်သတ်မှတ်၍ ခွဲစိတ်မွေးဖွားရမည်
- ခွဲစိတ်မွေးဖွားရက်မတိုင်မီ သန္ဓေသားကျန်းမာရေးကို အထူးစောင့်ကြပ်ကြည့်ရှုရန် လိုအပ်သည်
- သန္ဓေသား၏ နှလုံးခုန်နှုန်းနှင့် လှုပ်ရှားမှုကို တစ်ပတ် နှစ်ကြိမ် ပုံမှန်စောင့်ကြပ်ကြည့်ရှုခြင်း (Non-stress test)
- ခွဲစိတ်မွေးဖွားသည့်အခါ သန္ဓေသားအဆုတ်ဖွံ့ဖြိုးမှု ကောင်းမွန်စေရန် မိခင်ကို စတီးရွိုက်ဆေးထိုးပေးခြင်း
- မွေးဖွားရန်အချိန်နီးကပ်လာပါက ဆေးရုံ၌ထားရှိပြီး အနီးကပ်စောင့်ကြပ်ကြည့်ရှုခြင်း
- ကလေးမွေးဖွားရန် ဗိုက်နာလာပါက သန္ဓေသားအသက် ဆုံးရှုံးနိုင်သောကြောင့် ကိုယ်ဝန်သက် (၃၄) ပတ် မှ (၃၇) ပတ်အတွင်း ခွဲစိတ်မွေးဖွားရန် လိုအပ်သည်၊ သားဖွားမီးယပ်အထူးကုဆရာဝန်မှ ခွဲစိတ်မွေးဖွားရခြင်းကြောင့် ရှောင်ရှားနိုင်သော နောက်ဆက်တွဲပြဿနာများ၊ ကြုံတွေ့နိုင်သော သန္ဓေသားကျန်းမာရေးအခြေအနေများနှင့် မွေးကင်းစအထူးကြပ်မတ်ဆောင်၌ ကုသမှု ခံယူရနိုင်ခြေများကို ရှင်းပြမည်။
ကာကွယ်ခြင်း
- ချက်ကြိုးတွယ်ဆက်ခြင်း ပုံမမှန်မှုများကို ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းမရှိပါ
- သို့သော် ၎င်းအခြေအနေမျိုးကို စောစီးစွာ ရှာဖွေတွေ့ရှိပါက မိခင်နှင့် ကလေး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်
- အဓိကကုသမှုနည်းလမ်းမှာ ပုံမှန်ထက်ပိုမို၍ နီးကပ်စွာ စောင့်ကြည့်ခြင်းနှင့် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဖြစ်သည်
- ပုံမှန်ကိုယ်ဝန်စောင့်ရှောက်မှုများ ခံယူခြင်းဖြင့် အချင်းပုံမမှန်မှုကို အချိန်မီသိရှိနိုင်ပြီး၊ လိုအပ်ပါက ကြိုတင်ခွဲစိတ်မွေးဖွားခြင်း (Elective Cesarean Delivery) ဖြင့် သန္ဓေသား၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည်
References:
- Dr. Thais Aliabadi. (n.d.). Placenta abnormalities (placenta previa). Retrieved September 8, 2025, from https://www.draliabadi.com/obstetrics/high-risk-obstetrics/placenta-abnormalities/
- Cleveland Clinic. (2022). Vasa previa: Causes, symptoms, management & treatment. Retrieved September 8, 2025, from https://my.clevelandclinic.org/health/diseases/23465-vasa-previa
- Cleveland Clinic. (2022). Velamentous cord insertion: Precautions, outcomes & risks. Retrieved September 8, 2025, from https://my.clevelandclinic.org/health/diseases/24111-velamentous-cord-insertion
Published: 12 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.