သိုင်းရွိုက်ကင်ဆာသည် လည်ပင်းရှေ့အောက်ပိုင်းရှိ သိုင်းရွိုက်ဂလင်းတွင် ဖြစ်သော ကင်ဆာဖြစ်ပြီး အစောဆုံးလက္ခဏာအဖြစ် သေးငယ်သည့် အကျိတ်အဖု ပေါ်လာခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် သိုင်းရွိုက်ကင်ဆာသည် ရောဂါပျောက်ကင်းနှုန်း အလွန်ကောင်းမွန်သည်။
သိုင်းရွိုက်ဂလင်း
သိုင်းရွိုက်ဂလင်းသည် လည်ပင်းရှေ့အောက်ဘက်ပိုင်း လေပြွန်ပေါ်တွင် တည်ရှိသော လိပ်ပြာပုံသဏ္ဌာန် ဂလင်းဖြစ်သည်။ သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်းများ (T4 and T3) ထုတ်လုပ်ခြင်းဖြင့် အောက်ပါ ကိုယ်ခန္ဓာ၏ ဇီဝကမ္မဖြစ်စဥ်များကို ထိန်းညှိလုပ်ဆောင်ပေးသည်။
- မွေးကင်းစကလေးငယ်၏ ကိုယ်ခန္ဓာနှင့်ဦးနှောက် ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးခြင်း
- အစားအစာများမှ စွမ်းအင် ထုတ်လုပ်ပေးခြင်း
- စိတ်ခံစားမှု
- ကိုယ်ခန္ဓာ အပူချိန်၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို ထိန်းညှိပေးခြင်း စသည်တို့ဖြစ်သည်။
ထို့အပြင် သွေးအတွင်း ကယ်လ်ဆီယမ်ဓာတ် (calcium) ကို ထိန်းညှိပေးသော ကယ်လ်ဆီတိုနင် (calcitonin) ဟော်မုန်းကိုလည်း သိုင်းရွိုက်ဂလင်းမှ ထုတ်လုပ်သည်။
သိုင်းရွိုက်ကင်ဆာအမျိုးအစားများ
အဓိကအားဖြင့် သိုင်းရွိုက်ကင်ဆာ အမျိုးအစား (၄) မျိုးရှိသည်။
- Papillary သိုင်းရွိုက်ကင်ဆာ
သိုင်းရွိုက်ကင်ဆာ အမျိုးအစားများတွင် အဖြစ်အများဆုံးဖြစ်ပြီး သိုင်းရွိုက်ကင်ဆာအားလုံး၏ ၈၀ ရာခိုင်နှုန်းဖြစ်သည်။ အသက် ၃၀ မှ ၅၀ ကြား အရွယ်များတွင် ဖြစ်ပွါးလေ့ရှိသည်။ လည်ပင်းရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာ ပျံ့နှံ့လေ့ ရှိသော်လည်း ဆောလျင်စွာ သိရှိပါက ကင်ဆာ လုံးဝပျောက်ကင်းအောင် ကုသနိုင်သည်။ - Follicular သိုင်းရွိုက်ကင်ဆာ
အဖြစ်နည်းသည့် သိုင်းရွိုက်ကင်ဆာအမျိုးအစားဖြစ်ပြီး အသက် ၅၀ အထက်အရွယ်များ ပိုမို တွေ့ရှိရသည်။ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုမှတစ်ဆင့် အဆုတ်၊ အရိုး စသည့် အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့လေ့ရှိသည်။ ထိုသို့ ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နံ့ရောက်ရှိသွားပါက ပျောက်ကင်းအောင် ကုသရန် ခက်ခဲသည်။
Papillary နှင့် Follicular သိုင်းရွိက်ကင်ဆာများ သိုင်းရွိုက်ဂလင်းရှိ Follicular ဆဲလ်များမှ စတင်ဖြစ်ပွါးကြပြီး တဖြည်းဖြည်း ကြီးထွားလာတတ်သည့် ကင်ဆာအမျိုးအစားများ ဖြစ်ကြသည်။ - Medullary သိုင်းရွိုက်ကင်ဆာ
မျိုးရိုးလိုက်နိုင်သော ရှားပါးသိုင်းရွိုက်ကင်ဆာတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် Medullary သိုင်းရွိုက်ကင်ဆာ ဖြစ်ပွါးပါက အခြားမိသားစုဝင်များတွင်ပါ ကင်ဆာလက္ခဏာများရှိမရှိ ပုံမှန်စစ်ဆေးရသည်။ - Anaplastic သိုင်းရွိုက်ကင်ဆာ
ဤအမျိုးအစားမှာလည်း ရှားပါးပြီး အသက် ၆၀ အထက်အရွယ်များတွင် ပိုမိုအဖြစ်များသည်။ Anaplastic သိုင်းရွိုက်ကင်ဆာသည် လျင်မြန်စွာကြီးထွားတတ်ပြီး အခြားသိုင်းရွိုက်ကင်ဆာများနှင့်မတူဘဲ ရောဂါပြင်းထန်တတ်ကာ ကုသရန် ခက်ခဲနိုင်သည်။
သိုင်းရွိုက်ဂလင်းတွင် ဖြစ်ပွါးနိုင်သော အခြားကင်ဆာအမျိုးအစားများမှာ Lymphoma နှင့် Hürthle cell cancer တို့ဖြစ်ကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သိုင်းရွိုက်ကင်ဆာသည် သိုင်းရွိုက်ဂလင်းရှိ ဆဲလ်များရှိ မျိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများကြောင့် ဖြစ်ပွါးသည်။ ဆဲလ်များတွင် Mutations ဟု ခေါ်သည့် မျိုးဗီဇ ချို့ယွင်းပါက ဆဲလ်များ ထိန်းချုပ်မရဘဲ ကြီးထွားပွါးများလာသောကြောင့် ကင်ဆာစတင်ဖြစ်ပွါးသည်။ ကိုယ်ခန္ဓာရှိ ဆဲလ်များအားလုံးသည် ပုံမှန်အားဖြင့် သတ်မှတ်နှုန်းအတိုင်း အဆက်မပြတ် ကြီးထွားပွါးများပျက်စီးနေခြင်းဖြင့် ကိုယ်ခန္ဓာသည် ကျန်းမာစွာ ပုံမှန်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ သို့သော် ဆဲလ်များသည် သာမန်ထက် ပိုမိုပွါးများရုံမက ပျက်စီးသင့်သည်အချိန်တွင်ပင် ဆက်လက်ကြီးထွားပွါးများနေပါက ကင်ဆာအကျိတ်အဖြစ် ပြောင်းလဲသွားသည်။
သိုင်းရွိုက်ကင်ဆာအများစုတွင် ကင်ဆာဖြစ်စေသော မျိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများ ဖြစ်စေသည့် အကြောင်းရင်းကို ရှင်းလင်းတိကျစွာ မသိရှိသေးပါ။
သိုင်းရွိုက်ကင်ဆာ ဖြစ်ပွါးနိုင်ခြေများသည့် ရောဂါအခြေအနေများ
- လည်ပင်းကြီးရောဂါ (Goitre)
- မိသားစုဝင်များတွင် သိုင်းရွိုက်ရောဂါ သို့မဟုတ် သိုင်းရွိုက်ကင်ဆာ ရောဂါရာဇဝင်ရှိခြင်း
- သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း (Thyroiditis)
- ဟော်မုန်းထုတ်လုပ်သော ဂလင်းများတွင် အကျိတ်တည်သည့် ရောဂါစု (Multiple Endocrine Neoplasia အမျိုးအစား 2A သို့မဟုတ် 2B)
- ဦးခေါင်း သို့မဟုတ် လည်ပင်းကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူခြင်း (အထူးသဖြင့် အသက်အရွယ်ငယ်ရွယ်စဥ် ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးခြင်း)
- ရေဒီယိုသတ္တိကြွမှုများ ထိတွေ့မိခြင်း (နျူကလီးယားလက်နက် သို့မဟုတ် နျူကလီးယား ဓာတ်အားပေးစက်ရုံ မတော်တဆမှုများ)
- အိုင်အိုဒင်းဓာတ်နည်းခြင်း
- အဝလွန်ခြင်း
- ကိုယ်လက်ခန္ဓာ မူမမှန် ထွားကြိုင်းရောဂါ (Acromegaly)
ရောဂါလက္ခဏာများ
သိုင်းရွိုက်ကင်ဆာအများစုသည် ရောဂါအစောပိုင်းကာလတွင် မည်သည့်လက္ခဏာမျှ မပြတတ်ပါ။ ကင်ဆာ အကျိတ် ကြီးထွားလာသည်နှင့်အမျှ အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
- အဖြစ်အများဆုံးနှင့် အစောဆုံးလက္ခဏာမှာ လည်ပင်းတွင် နာကျင်မှုမရှိသော သေးငယ်သည့် အကျိတ်အဖု ပေါ်လာခြင်း ဖြစ်သည်
- အသံဝင်ခြင်း သို့မဟုတ် ပုံမှန်အသံဖြင့် စကားပြောရန် ခက်ခဲခြင်း
- လည်ပင်းရှိ ပြန်ရည်ကျိတ်များ ကြီးခြင်း
- ကင်ဆာအကျိတ်က အစာမျိုပြွန် သို့မဟုတ် လေပြွန်ကို ဖိမိသောကြောင့် အစာမျိုချရန် သို့မဟုတ် အသက်ရှူရန် ခက်ခဲခြင်း
- လည်ချောင်း (သို့မဟုတ်) လည်ပင်းတွင် နာကျင်ခြင်း
အကျိတ်အဖု ပေါ်လာခြင်းသည် အစောဆုံးလက္ခဏာဟု ဆိုသော်လည်း သိုင်းရွိုက်ဂလင်းရှိ အကျိတ်အဖုအများစုသည် ကင်ဆာကြောင့်မဟုတ်ပါ။ သိုင်းရွိုက်အကျိတ် (၂၀) ခုတွင် (၁) ခုခန့်သာ ကင်ဆာဖြစ်နိုင်ခြေရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော သိုင်းရွိုက်ကင်ဆာ၏ ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင် သို့မဟုတ် သံသယရှိလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်၍ သင့်လျော်သော အထူးကုဆရာဝန်များနှင့် ဆက်လက်ပြသရန် စီစဥ်ပေးမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
သိုင်းရွိုက်ကင်ဆာကို စမ်းသပ်စစ်ဆေးရောဂါရှာဖွေအတည်ပြုရန် အောက်ပါအတိုင်း ပြုလုပ်သည်။
- ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစစ်ဆေးခြင်း (History taking and Physical examination)
ခံစားရသော ရောဂါလက္ခဏာများ၊ ဓာတ်ရောင်ခြည်သင့်ဖူးခြင်းနှင့် မျိုးရိုးလိုက်ကင်ဆာရာဇဝင်ရှိခြင်းစသည့် ရောဂါရာဇဝင်အသေးစိတ်ကို မေးမြန်းပြီး သိုင်းရွိုက်ဂလင်း ပြောင်းလဲမှု (သို့မဟုတ်) အကျိတ် ရှိမရှိကို ဆက်လက်စမ်းသပ်မည်။ - သိုင်းရွိုက်ဂလင်းစွမ်းဆောင်ရည် သွေးစစ်ဆေးခြင်း (Thyroid Function Test)
သိုင်းရွိုက်ဂလင်းမှ ထုတ်သောဟော်မုန်းများ (T4, T3) နှင့် ဦးနှောက်ရှိ ပီကျူထရီဂလင်းမှ ထုတ်သော သိုင်းရွိုက်ဂလင်း လှုံ့ဆော်ဟော်မုန်း (thyroid-stimulating hormone – TSH) စသည့် ဟော်မုန်းဓာတ်ပမာဏကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိနိုင်သည်။ - အာထရာဆောင်းရိုက်ခြင်း (Ultrasonography)
သိုင်းရွိုက်ဂလင်းအရွယ်အစားနှင့် အလုံးအကျိတ်များ ရှိမရှိ၊ လည်ပင်း ပြန်ရည်ကျိတ်များ၏ အရွယ်အစား နှင့် အခြားကင်ဆာ လက္ခဏာများကို စစ်ဆေးသိရှိနိုင်သည်။ သိုင်းရွိုက်အကျိတ်အတွင်း ထုံးဓာတ်စုပုံမှုများပြီး အစက်ငယ်များစွာတွေ့ရှိရခြင်း (microcalcification) နှင့် အကျိတ်အနားသတ် မညီမညာဖြစ်နေခြင်း စသည်တို့သည် သိုင်းရွိုက်ကင်ဆာအကျိတ်၏ ပုံရိပ်လက္ခဏာများဖြစ်သည်။ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပါက ရောဂါကို အတည်ပြုရန်နှင့် မည်သည့် သိုင်းရွိုက်ကင်ဆာအမျိုးအစား ဖြစ်သည်ကို သိရှိရန် အသားစယူစစ်ဆေးခြင်း ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ - အပ်ငယ်ဖြင့် အသားစယူစစ်ဆေးခြင်း (Fine-needle aspiration biopsy)
အာထရာဆောင်း အကူအညီဖြင့် သိုင်းရွိုက်အကျိတ်ကို အပ်ငယ်ဖြင့် ထိုးကာ သိုင်းရွိုက်အသားစ သို့မဟုတ် အရည်နမူနာ ရယူခြင်း ဖြစ်သည်။ ထို့နောက် ရရှိလာသော နမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့ကာ ရောဂါဗေဒဆရာဝန် သို့မဟုတ် ဆဲလ်ဗေဒဆရာဝန် (cytologist) မှ အနုကြည့်မှန်ဘီလူးဖြင့် ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးသည်။
သို့သော် အပ်ငယ်ဖြင့် အသားစယူစစ်ဆေးခြင်းသည် အချို့သော သိုင်းရွိုက်ကင်ဆာအမျိုးအစားများ ဖြစ်သည့် Follicular ကင်ဆာနှင့် Hurthle Cell ကင်ဆာတို့တွင် တိကျသော အဖြေရလဒ်မရသည့် အခြေအနေများ ရှိတတ်သည်။ ထိုအခါ နောက်ထပ် အသားစယူစစ်ဆေးခြင်း သို့မဟုတ် စမ်းသပ်မှုအတွက် သိုင်းရွိုက်အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းတို့ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
ထို့အပြင် မျိုးဗီဇပြောင်းလဲမှုများကို ရှာဖွေရန် ဆဲလ်များကို အထူးစစ်ဆေးမှုများ (molecular marker testing) ပြုလုပ်နိုင်သည်။ - ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းသောက်သုံး၍ ပုံရိပ်ဖော်စစ်ဆေးခြင်း (Radioactive Iodine Scan)
ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းအနည်းငယ်ကို သွေးပြန်ကြောအတွင်းထိုးခြင်း၊ မျိုချခြင်း (သို့မဟုတ်) ရှူသွင်းခြင်း စသည့် နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြု၍ သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိ စစ်ဆေးနိုင်သည်။ ထို့အပြင် သိုင်းရွိုက်ကင်ဆာ ခွဲစိတ်ပြီးနောက် ကျန်နေနိုင်သော ကင်ဆာဆဲလ်များအား တိုက်ဖျက်ရန် နှင့် ကင်ဆာအကျိတ် ပြန်မဖြစ်စေရန် အဓိက အသုံးပြုသည်။ အထူးသဖြင့် Papillary နှင့် Follicular သိုင်းရွိုက်ကင်ဆာများ ကုသရာတွင် အထောက်အကူပြုသည်။ - အခြားပုံရိပ်ဖော်စစ်ဆေးမှုများ
ကွန်ပျူတာ ဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် ပီအီးတီ စကင် (PET scan) စသည်တို့ကို အသုံးပြု၍ ကင်ဆာအကျိတ် အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုတို့ကို ရှာဖွေစစ်ဆေးသည်။ - မျိုးဗီဇစစ်ဆေးခြင်း (Genetic testing)
မိသားစုတွင် Medullary သိုင်းရွိုက်ကင်ဆာရာဇဝင်ရှိပါက မျိုးဗီဇစစ်ဆေးခြင်းအတွက် မျိုးဗီဇဆိုင်ရာပညာရှင်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်။
သိုင်းရွိုက်ကင်ဆာ အဆင့်သတ်မှတ်ခြင်း (Thyroid cancer staging)
ကင်ဆာအဆင့်သည် ခန္ဓာကိုယ်ထဲတွင် ကင်ဆာမည်မျှပျံ့နှံ့နေသည်ကို ဖော်ပြသည်။ ၎င်းသည် ကင်ဆာမည်မျှပြင်းထန်ကြောင်းနှင့် မည်သို့အကောင်းဆုံးကုသနိုင်ကြောင်းကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုသည်။ ကင်ဆာအဆင့် သတ်မှတ်ရာတွင်_
- ပင်မအကျိတ် (primary tumor) ၏ အရွယ်အစားနှင့် ပမာဏ
- အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့မှု
- အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့မှု (metastasis) စသည့် အချက်များအပေါ် မူတည် သတ်မှတ်သည်။
ကင်ဆာအဆင့်ကို နံပါတ် (၁) မှ (၄) အထိ သတ်မှတ်ဖော်ပြသည်။ ပုံမှန်အားဖြင့် အဆင့်နံပါတ် နိမ့်သည်နှင့်အမျှ ကင်ဆာပျံ့နှံ့မှု နည်းပါးသည်။ နံပါတ်မြင့်လျှင်မူ ရောဂါအခြေအနေ ပိုမိုပြင်းထန်လာပြီး ကင်ဆာသည် သိုင်းရွိုက်မှ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေကြောင်း ဆိုလိုသည်။
ကုသခြင်း
သိုင်းရွိုက်ကင်ဆာ ကုသရာတွင် အကျိတ်၏ အရွယ်အစားနှင့် ကင်ဆာပျံ့နှံ့မှု ရှိမရှိအပေါ် မူတည်သည်။ ကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။
- ခွဲစိတ်ကုသခြင်း
ခွဲစိတ်ခြင်းသည် သိုင်းရွိုက်ကင်ဆာအတွက် အဓိကကုသမှုဖြစ်သည်။ ခွဲစိတ်ရာတွင်_- ကင်ဆာအကျိတ်အား ခွဲစိတ်ဖယ်ရှားခြင်းနှင့်
- ကင်ဆာအကျိတ် ပျံ့နှံ့ရောက်ရှိနေနိုင်သော ပြန်ရည်ကျိတ်များအား ခွဲစိတ်ဖယ်ရှားခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။
အကျိတ်၏ အရွယ်အစားနှင့် တည်နေရာပေါ်မူတည်၍ ခွဲစိတ်ဆရာဝန်သည် သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (hemithyroidectomy) သို့မဟုတ် သိုင်းရွိုက်ဂလင်းတစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်း (thyroidectomy) တို့ ပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် ခွဲစိတ်ဆရာဝန်သည် ကင်ဆာဆဲလ်များ ပျံ့နှံ့နေနိုင်သည့် အနီးရှိ ပြန်ရည်ကျိတ်များကိုလည်း ဖယ်ရှားပေးမည်ဖြစ်သည်။
- ရေဒီယိုအိုင်အိုဒင်းကုထုံး (Radioiodine therapy)
- ရေဒီယိုသတ္တိကြွအိုင်အိုဒင်း သောက်သုံးခြင်းသည် ရောဂါရှိသော သိုင်းရွိုက်ဂလင်းနှင့် ကင်ဆာဆဲလ်များကို ကျုံ့စေပြီး ဖျက်ဆီးပစ်သည်၊ သိုင်းရွိုက်ဂလင်းသည်သာ ရေဒီယိုအိုင်အိုဒင်းအားလုံးနီးပါ းကို စုပ်ယူပြီး ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဓာတ်ရောင်ခြည်ထိတွေ့မှု အနည်းငယ်သာရှိသည်
- ရေဒီယိုသတ္တိကြွအိုင်အိုဒင်းအများစုသည် ကုသမှုခံယူပြီးနောက် ပထမရက်အနည်းငယ်အတွင်း ဆီးမှတစ်ဆင့် ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်၊ ထိုကာလအတွင်း အခြားသူများကို ဓာတ်ရောင်ခြည် မသင့်စေရန် ကြိုတင်ကာကွယ်မှုများ လိုအပ်သည် [ဥပမာ _ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းဆေးသောက်ပြီးချိန်တွင် မိသားစုဝင်များ၊ အခြားသူများ (အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ) နှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းကို ခေတ္တရှောင်ရှားရန်လိုသည်]
- ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)
- ရောဂါတည်နေရာကို အတိအကျ ရှာဖွေသတ်မှတ်၍ ဓာတ်ရောင်ခြည်ပြခြင်းဖြစ်သည်
- သိုင်းရွိုက်ကင်ဆာသည် အခြားကုထုံးများကို တုံ့ပြန်မှုမရှိလျှင် သို့မဟုတ် ကင်ဆာ ပြန်ဖြစ်လာလျှင် ဓာတ်ရောင်ခြည်ကုထုံးအား အသုံးပြုသည်
- ကင်ဆာပျံ့နှံ့ရောက်ရှိနေသော အရိုးများ နာကျင်မှုကို သက်သာစေရန်အတွက်လည်း အသုံးပြုသည်။
- ကင်ဆာဆေးသွင်းကုထုံး (Chemotherapy)
Anaplastic သိုင်းရွိုက်ကင်ဆာ ကဲ့သို့ လျင်မြန်စွာ ကြီးထွားသည့် သိုင်းရွိုက်ကင်ဆာများကို ထိန်းချုပ်ရန် အထောက်အကူပြုနိုင်သည်။ အချို့အခြေအနေများတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်အသုံးပြုသည်။ - ဟော်မုန်းကုထုံး (Hormone therapy)
ဟော်မုန်းကုထုံးကို ခွဲစိတ်ပြီးနောက် သိုင်းရွိုက်ဟော်မုန်းများ အစားထိုးရန် နှင့် သိုင်းရွိုက်ကင်ဆာဆဲလ်များ ပြန်လည်ကြီးထွားမှုအား ထိန်းချုပ်ရန် အသုံးပြုသည်။ - ခွဲစိတ်ပြီးနောက် သိုင်းရွိုက်ဟော်မုန်းများ အစားထိုးခြင်း
- သိုင်းရွိုက်ဂလင်းတစ်ခုလုံး ခွဲစိတ်ဖယ်ရှားပါက ကိုယ်ခန္ဓာမှ လိုအပ်သည့် သိုင်းရွိုက်ဟော်မုန်းပမာဏကို တစ်သက်တာလုံး ချိန်ညှိ သောက်သုံးပေးရန် လိုအပ်သည်
- သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်းကိုသာ ခွဲစိတ်ဖယ်ရှားပြီးနောက်တွင်လည်း သိုင်းရွိုက်ဟော်မုန်း အစားထိုးကုသမှု ယာယီ လိုအပ်နိုင်သည်
- သိုင်းရွိုက်ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားခြင်း
- ဦးနှောက်ရှိ ပီကျူထရီဂလင်းမှ ထုတ်သော သိုင်းရွိုက်ဂလင်း လှုံ့ဆော်ဟော်မုန်း (TSH) သည် သိုင်းရွိုက်ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဖြစ်စေသည်။ အဆိုပါ TSH ဟော်မုန်းထုတ်လုပ်မှုအား ထိန်းချုပ်ရန် ပမာဏများသည့် သိုင်းရွိုက်ဟော်မုန်းဆေးများ ပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားနိုင်သည်။
ကာကွယ်ခြင်း
သိုင်းရွိုက်ကင်ဆာသည် မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို မသိရသည့်အတွက် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ပေ။ သို့သော် မိမိတွင် သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ခြေရှိကြောင်း သိရှိပါက ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ပါသည်။ ယင်းတို့မှာ_
- ကြိုတင်ခွဲစိတ်ကုသခြင်း (Preventive/ Prophylactic surgery)
မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုများအရ Medullary သိုင်းရွိုက်ကင်ဆာ သို့မဟုတ် Multiple endocrine neoplasia ဖြစ်ပွါးနိုင်ခြေကို တိုးမြင့်စေသော မျိုးဗီဇချို့ယွင်းချက်ရှိနေပါက ကင်ဆာမဖြစ်ပွါးမီ သိုင်းရွိုက်ဂလင်းကို ကြိုတင်ခွဲစိတ်ဖယ်ရှားနိုင်သည်။ - ပိုတက်ဆီယမ် အိုင်အိုဒိုက် (Potassium iodide)
(၂၀၁၁) ခုနှစ် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားတွင် ဖြစ်ပွါးခဲ့သော နျူကလီးယားဘေးအန္တရာယ်ကဲ့သို့သော အခြေအနေများတွင် ဓာတ်ရောင်ခြည်သင့်ခဲ့သူများသည် ဓာတ်ရောင်ခြည်ထိတွေ့ပြီး (၂၄) နာရီအတွင်း ပိုတက်ဆီယမ် အိုင်အိုဒိုက်ကို သောက်သုံးခြင်းဖြင့် နောက်ပိုင်းတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်ပွါးနိုင်ခြေကို လျှော့ချပေးနိုင်သည်။
References:
- Patient.info. (n.d.). Thyroid cancer. Patient.info. Retrieved August 21, 2025, from https://patient.info/hormones/thyroid-and-parathyroid-glands/thyroid-cancer
- Mayo Clinic. (n.d.). Thyroid cancer: Diagnosis and treatment. Mayo Clinic. Retrieved August 21, 2025, from https://www.mayoclinic.org/diseases-conditions/thyroid-cancer/diagnosis-treatment/drc-20354167
- Cleveland Clinic. (n.d.). Thyroid cancer. Cleveland Clinic. Retrieved August 21, 2025, from https://my.clevelandclinic.org/health/diseases/12210-thyroid-cancer
- American Cancer Society. (n.d.). Thyroid cancer stages | Stages of thyroid cancer. American Cancer Society. Retrieved August 21, 2025, from https://www.cancer.org/cancer/types/thyroid-cancer/detection-diagnosis-staging/staging.html
Published: 11 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.