အရေပြားထူ လေးဘက်နာရောဂါသည် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် ဖြစ်သောရောဂါ (Autoimmune disease) ဖြစ်ပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များမှ ကော်လာဂျင် (Collagen) ပရိုတင်းဓာတ်များ အလွန်အကျွံထွက်သည့်ရောဂါဖြစ်သည်။ ကော်လာဂျင်ဓာတ်သည် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းများနှင့် ကိုယ်တွင်းအင်္ဂါများကို နေရာတကျထိန်းပေးသော တွယ်ဆက်တစ်ရှူးများအတွက် အရေးကြီးသည်။ ထိုကော်လာဂျင်ဓာတ်များ ပုံမှန်ထက်များပြား၍ စုပုံလာသောအခါ အရေပြားနှင့် အခြားတစ်ရှူးများသည် သာမန်ထက်ပို၍ ထူထဲမာကျောလာပြီး အမာရွတ်များဖြစ်ကာ ပျက်စီးသည်။ များသောအားဖြင့် အရေပြားတွင် ဖြစ်တတ်သော်လည်း ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါအားလုံးကို ထိခိုက်စေနိုင်သည်။ ရောဂါပျောက်ကင်းအောင် ကုသနိုင်သော ဆေးမရှိသော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန်၊ ရောဂါပြင်းထန်လာမှုကို နှေးစေရန်နှင့် နေ့စဥ်လှုပ်ရှားမှု ဘဝအရည်အသွေးကို မြှင့်တင်ပေးရန်အတွက် ကုသမှုများ ပေးနိုင်သည်။
အရေပြားထူလေးဘက်နာရောဂါ အမျိုးအစားများ
ရောဂါလက္ခဏာဖြစ်ပေါ်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများပေါ် မူတည်၍ အဓိကအားဖြင့် (၂) မျိုးခွဲခြားထားသည်။
- အရေပြား၌သာဖြစ်သော အမျိုးအစား (Localized Scleroderma)
ကိုယ်ခန္ဓာအရေပြားပေါ် တွင်သာ ရောဂါလက္ခဏာများ ဖြစ်ပေါ်သည်။ Morphea ဟုလည်း ခေါ်ကြပြီး အရေပြားပေါ်တွင် ဖယောင်းကဲ့သို့ မာတောင့်တောင့် အကွက်များ (သို့မဟုတ်) အစင်းကြောင်းများ ဖြစ်ပေါ်သည်။ ထိုအမျိုးအစားသည် အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့ခြင်းမရှိသလို ကုသမှုမလိုဘဲ တဖြည်းဖြည်း ပြန်သက်သာလာနိုင်သည်။ - ကိုယ်ခန္ဓာအနှံ့ ဖြစ်သော အမျိုးအစား (Systemic Scleroderma)
အရေပြားအပါအဝင် ကိုယ်တွင်းအင်္ဂါများ၌ လက္ခဏာများကို တွေ့ရသည်။ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းတို့ကို ထိခိုက်စေ၍ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုအမျိုးအစားကို Diffuse, Limited နှင့် Sine sclerosis ဟူ၍ (၃) မျိုး ထပ်မံခွဲခြားနိုင်သည်။- Diffuse Sclerosis
တစ်ကိုယ်လုံးရှိ ရင်ဘတ်၊ ဝမ်းဗိုက်၊ ပေါင်၊ ခြေထောက်များ၊ လက်မောင်းများနှင့် မျက်နှာစသည့် နေရာအနှံ့အပြားတွင် အရေပြားထူထဲခြင်း ဖြစ်ပေါ်သည်၊ ထို့ပြင် ခန္ဓာကိုယ်၏ အစာခြေအူလမ်းကြောင်း၊ ကျောက်ကပ်၊ နှလုံး၊ အဆုတ်စသည့် ကိုယ်တွင်းအင်္ဂါများကိုလည်း တစ်ပြိုင်တည်း ထိခိုက်နိုင်သည်။ - Limited Sclerosis (CREST syndrome)
အောက်ပါလက္ခဏာစုများ ပါဝင်သော အမျိုးအစားဖြစ်သည်။- အရေပြားတွင် ကယ်လ်စီယမ်ဓာတ်များ စုပုံလာခြင်း (Calcinosis)
- လက်ချောင်း၊ ခြေချောင်းထိပ်များ အေးလာချိန်တွင် အရောင်ပြောင်းခြင်းနှင့် ထုံကျင်ကိုက်ခဲခြင်း (Raynaud’s syndrome)
- မျိုချရခက်ခဲခြင်းနှင့် အစာအိမ်ချဥ်ရည်ပြန်တက်ခြင်း (Esophageal dysfunction)
- လက်ချောင်းများရှိ အရေပြားများ ထူထဲမာတောင့်လာခြင်း (Sclerodactyly)
- အရေပြားပေါ်တွင် သွေးကြောမျှင်ပုံစံ အနီစက်များ ပေါ်လာခြင်း (Telangiectasias)
- Sine Sclerosis
CREST syndrome နှင့် လက္ခဏာဆင်တူသော်လည်း ကိုယ်တွင်းအင်္ဂါများတွင်သာ လက္ခဏာများ တွေ့နိုင်ပြီး အရေပြားထူထဲခြင်းလက္ခဏာများ မပါဝင်သော အမျိုးအစားဖြစ်သည်။
- Diffuse Sclerosis
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရေပြားထူ လေးဘက်နာရောဂါဖြစ်စေသော အကြောင်းရင်း အတိအကျကို ယနေ့အထိ မသိကြပါ။ သုတေသနပညာရှင်များက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ပြောင်းလဲမှုသည် ရောဂါဖြစ်စေသော အဓိကအချက် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ကိုယ်ခံအားစနစ်၏ ပြောင်းလဲမှုများသည် မျိုးရိုးလိုက်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ စသည့်အချက်များစွာကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။
- မျိုးရိုးလိုက်ခြင်း
အချို့မျိုးဗီဇ ပြောင်းလဲမှုများသည် အရေပြားထူ လေးဘက်နာရောဂါ ဖြစ်နိုင်ခြေကို များစေသည်။ ရောဂါရှိသူအချို့၏ မိသားစုဝင်များတွင် ရောဂါဖြစ်ပွါးမှု ရာဇဝင်ရှိသည်ကို တွေ့ရသဖြင့် မျိုးရိုးလိုက်သည်ဟု ယူဆနိုင်သော်လည်း တိကျသောသုတေသနများ မရှိသေးပါ။ - ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ
အချို့လူများတွင် ဗိုင်းရပ်စ်ပိုးများ၊ ဆေးဝါးများ (သို့မဟုတ်) အချို့မူးယစ်ဆေးဝါးများနှင့် ထိတွေ့မိခြင်း၊ လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းများ (သို့မဟုတ်) ကျန်းမာရေးအန္တရာယ်ရှိသော ပစ္စည်းများကို အချိန်ကြာမြင့်စွာ ကိုင်တွယ်လုပ်ကိုင်ရခြင်းတို့ကြောင့် ရောဂါဖြစ်စေသည်ဟု ပညာရှင်များက ဆိုသည်။ သို့သော် လူနာအများစုတွင် တိကျသော ပတ်ဝန်းကျင်အကြောင်းရင်းများ မရှိသည်ကို တွေ့ရသည်။ - ကိုယ်ခံအားစနစ် ပြောင်းလဲမှုများ
အရေပြားထူ လေးဘက်နာရောဂါသည် ကိုယ်ခံအားစနစ်တုံ့ပြန်မှု ချို့ယွင်းသောရောဂါ ဖြစ်သောကြောင့် ကိုယ်ခံအားစနစ်ကြောင့်ဖြစ်သော သွေးလေးဘက်နာ (ရူမတွိုက်အဆစ်ရောင်ရောဂါ)၊ အရေပြားလေးဘက်နာ (အက်စ်အယ်လ်အီးရောဂါ) (သို့မဟုတ်) ရှိုးဂရန်းရောဂါစု စသည့်ရောဂါများနှင့် တွဲ၍ဖြစ်တတ်သည်ကို တွေ့ရသည်။
ရောဂါဖြစ်နိုင်ခြေများသောအချက်များ
- အမျိုးသမီးများသည် အမျိုးသားများထက် ရောဂါဖြစ်နိုင်ခြေ (၄) ဆ ပိုများသည်
- အသက် (၃၀) မှ (၅၀) နှစ်ကြားရှိသူများ
- လူမည်းမျိုးနွယ်စုများသည် ရောဂါဖြစ်နိုင်ခြေ ပိုများသလို များသောအားဖြင့် ရောဂါလက္ခဏာ စောစောပြလေ့ရှိသည်။ အရေပြားဆိုင်ရာ လက္ခဏာများ ပိုမိုပြင်းထန်တတ်သလို အဆုတ်ထိခိုက်နိုင်ခြေလည်း ပိုများသည်။
ရောဂါလက္ခဏာများ
ရောဂါစဖြစ်ခါစအချိန်တွင် မည်သည့်လက္ခဏာမှ မတွေ့ရတတ်ပါ။ ရောဂါပြင်းထန်လာချိန်တွင် အတွေ့ရအများဆုံးလက္ခဏာမှာ အရေပြားများတွင် ဖယောင်းပြင်များကဲ့သို့ ထူထဲမာတောင့်နေသော အကွက်များ (သို့မဟုတ်) အစင်းကြောင်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တွေ့ရများသော အခြားလက္ခဏာများမှာ_
- ခြေဆစ်၊ လက်ဆစ်များ နာကျင်ခြင်း
- ကိုယ်လက်တောင့်တင်းခြင်း (အထူးသဖြင့် မနက်အိပ်ယာ နိုးနိုးချင်းအချိန်)
- ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အမြဲတမ်း နုံးနေသည်ဟု ခံစားရခြင်း
- အကြောင်းရင်းမသိ ကိုယ်အလေးချိန်ကျဆင်းခြင်း စသည်တို့ဖြစ်သည်။
ထို့ပြင် ရောဂါအမျိုးအစားနှင့် ပါဝင်သော ကိုယ်တွင်းအင်္ဂါများပေါ် မူတည်၍ လူတစ်ဦးနှင့်တစ်ဦး၏ ရောဂါလက္ခဏာများ ကွာခြားနိုင်သည်။
Localized Scleroderma ရောဂါလက္ခဏာများ
များသောအားဖြင့် အရေပြားတွင်သာ ထူထဲမာ၍ တောင့်တင်းလာခြင်းကို တွေ့ရပြီး ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ခြင်းရှားသည်။
Systemic Sclerosis ရောဂါလက္ခဏာများ
အရေပြားထူထဲမာတောင့်လာခြင်းသာမက အခြားကိုယ်တွင်းအင်္ဂါများတွင် ကော်လာဂျင်တစ်ရှူးများ စုပုံလာသောကြောင့် မာ၍ တောင့်တင်းလာခြင်း၊ ရောင်ရမ်းခြင်းနှင့် အမာရွတ်တက်ခြင်းတို့ ဖြစ်ပေါ်ကာ လုပ်ငန်းဆောင်တာများကို ထိခိုက်စေသည်။
- အရေပြားတွင်တွေ့ရသော လက္ခဏာများ
- ရောဂါဖြစ်ပွါးသူတိုင်းနီးပါးသည် အရေပြားထူ၍ မာကျောတောင့်တင်းခြင်းကို ခံစားရသည်၊ အများဆုံးတွေ့ရသောနေရာများမှာ လက်ချောင်းများ၊ လက်နှင့် ခြေထောက်များနှင့် မျက်နှာတို့ဖြစ်သည်၊ အချို့သူများတွင် လက်ဖျံ၊ လက်မောင်းအပေါ်ပိုင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ခြေထောက်အောက်ပိုင်းနှင့် ပေါင်များတွင် တွေ့ရသည်၊ ရောဂါအစောပိုင်းတွင် အရေပြားရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ ဖြစ်တတ်ပြီး နောက်ပိုင်းတွင် အရေပြားအရောင် ဖျော့သွားခြင်း (သို့မဟုတ်) ပိုရင့်လာခြင်း၊ အရေပြားပြောင်တင်းခြင်းတို့ကို တွေ့ရသည်
- အချို့တွင် လက်နှင့် မျက်နှာ၌ သွေးကြောမျှင်ပုံစံ အနီရောင်အစက်များ (Telangiectasia) ကို တွေ့ရသည်၊ အရေပြားအောက် (အထူးသဖြင့် လက်ချောင်းထိပ်များ) တွင် ကယ်လ်စီယမ်ဓာတ်များ စုပုံမှုကြောင့် ထိုနေရာများကို ဓာတ်မှန်ရိုက်ကြည့်ပါက အဖုအလုံး (Bump) အနေနှင့် တွေ့ရသည်
- လက်ချောင်း၊ ခြေချောင်းထိပ်များ အရောင်ပြောင်းခြင်းနှင့် နာကျင်ခြင်း (Raynaud’s phenomenon)
ရေအေးနှင့် ထိတွေ့ခြင်း (သို့မဟုတ်) စိတ်ဖိစီးမှုများခြင်းတို့ကြောင့် လက်ချောင်း၊ခြေချောင်းများထိပ်ရှိ သွေးကြောငယ်များ ပုံမှန်ထက် လွန်ကဲစွာကျုံ့သွားခြင်း ဖြစ်ပေါ်စေသည်။ ထိုအခါ လက်ထိပ်၊ ခြေထိပ်များ ဖြူသွားခြင်း၊ ပြာလာခြင်းနှင့် နီရဲလာခြင်းတို့ အဆင့်ဆင့်ဖြစ်ကာ နာကျင်ခြင်း (သို့မဟုတ်) ထုံကျဥ်ခြင်းတို့ကို ခံစားရသည်။
- အစာခြေလမ်းကြောင်းဆိုင်ရာ လက္ခဏာများ
အစာရေမျိုပြွန်မှ စအိုအထိ အစာခြေလမ်းကြောင်းတစ်ခုလုံး ထိခိုက်နိုင်သည်။ ထိခိုက်သည့်နေရာပေါ် မူတည်၍ ရင်ပူခြင်း၊ မျိုချရခက်ခဲခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်။ - နှလုံးနှင့်အဆုတ်ဆိုင်ရာ လက္ခဏာများ
- နှလုံး (သို့မဟုတ်) အဆုတ်ကို ထိခိုက်သောအခါ အသက်ရှူရခက်၍ မောလာခြင်း၊ လှုပ်ရှားသွားလာလျှင် အမောမခံနိုင်ခြင်းနှင့် မူးဝေခြင်းတို့ကို ဖြစ်စေသည်၊ ရောဂါကြောင့် အဆုတ်တစ်ရှူးများတွင် အမာရွတ်များ ဖြစ်ပေါ်၍ အချိန်ကြာလာသည်နှင့်အမျှ အသက်ရှူရ ပိုမိုခက်ခဲလာနိုင်သည်၊ ဆေးဝါးများဖြင့် ထိုကဲ့သို့ အဆုတ်အမာရွတ်ဖြစ်ခြင်းကို နှေးစေရန် ပြုလုပ်နိုင်သည်
- ထို့ပြင် အဆုတ်ထဲရှိ သွေးကြောများနှင့် သွေးလည်ပတ်မှုများကို ထိခိုက်စေပြီး အဆုတ်သွေးကြော ဖိအားတက်ခြင်း (Pulmonary hypertension) ကို ဖြစ်စေသည်
- နှလုံးကို ထိခိုက်ပါက နှလုံးခုန် မမှန်ခြင်း၊ နှလုံးညှစ်အားကျ၍ နှလုံးအမောဖောက်ခြင်းတို့ ဖြစ်စေသည်
- ကျောက်ကပ်ဆိုင်ရာ လက္ခဏာများ
ကျောက်ကပ်ပျက်စီး၍ သွေးတိုးခြင်းဖြစ်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည် - အရိုး၊ အဆစ်နှင့် ကြွက်သားများတွင် တွေ့ရသောလက္ခဏာများ
အရိုးအဆစ်များ တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်းနှင့် လှုပ်ရှားနိုင်စွမ်း ကျဆင်းခြင်း၊ ကြွက်သားများ ရောင်ရမ်းနာကျင်ခြင်း၊ ခြေလက်များ ထုံကျဥ်ခြင်းဖြစ်ပေါ်သည်
နောက်ဆက်တွဲပြဿနာများ
အရေပြားထူ လေးဘက်နာရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် အရေပြား ထူထဲမာတောင့်ခြင်း၊ သွေးကြောငယ်များ ရောင်ရမ်းခြင်းနှင့် ကိုယ်တွင်းအင်္ဂါများတွင် အမာရွတ်များဖြစ်ပေါ်ခြင်းတို့ကြောင့် ဖြစ်သည်။
- Raynaud’s phenomenon တွင် သွေးကြောငယ်များ ရောင်ရမ်းခြင်း ပို၍ပြင်းထန်လာသောအခါ သွေးကြောများ ပိုကျဥ်းလာပြီး လက်ချောင်းထိပ်သို့ သွေးရောက်ရှိမှုနည်းသွားသည်၊ ထို့ကြောင့် လက်ချောင်းထိပ်များတွင် ချိုင့်ခွက်များ၊ အရေပြားအနာများဖြစ်ပြီး တစ်ခါတစ်ရံ လက်ချောင်းထိပ် သွေးမလျှောက်၍ တစ်ရှူးများပျက်စီးပြီး ပုပ်လာခြင်းအထိ ဖြစ်နိုင်သည်
- အချို့လူနာများတွင် ရှိုးဂရမ်းရောဂါနှင့် အတူတွဲ၍ ဖြစ်သောကြောင့် ပါးစပ်ထဲရှိ တံတွေးဂလင်းများနှင့် မျက်လုံးရှိ မျက်ရည်ထုတ်ပေးသည့် ဂလင်းများရောင်ရမ်းပျက်စီးပြီး အာခြောက်ခြင်း၊ မျက်ရည်ခမ်း၍ မျက်လုံးခြောက်ခြင်းတို့ ဖြစ်စေသည်၊ ထို့ပြင် မျက်နှာအရေပြား ပြင်းထန်စွာတင်းမာမှုကြောင့် ပါးစပ်ဟရန်နှင့် သွားတိုက်ရန် ခက်ခဲလာခြင်းကြောင့် သွားပိုးစားခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်နိုင်သည်
- ကျောက်ကပ်ပျက်စီးခြင်း _ ပြင်းထန်သော Scleroderma renal crisis ဟုခေါ်သည့် နောက်ဆက်တွဲပြဿနာကြောင့် သွေးပေါင်ချိန်ရုတ်တရက် မြင့်တက်ခြင်း၊ ကျောက်ကပ် လျင်မြန်စွာ ပျက်စီးခြင်းတို့ကို ဖြစ်စေသည်၊ အရေးပေါ် အခြေအနေဖြစ်သောကြောင့် ချက်ချင်းကုသရန် လိုအပ်သည်
- အဆုတ်တွင် အမာရွတ်များဖြစ်ခြင်းကြောင့် အသက်ရှူရ ခက်ခဲလာခြင်း၊ အမောမခံနိုင်ခြင်းတို့အပြင် အဆုတ်သွေးကြော ဖိအားမြင့်လာခြင်းတို့ကြောင့် ခြေထောက်ရောင်ရမ်းခြင်း၊ ဖောလာခြင်းနှင့် နှလုံးဘေးပတ်လည် အရည်ဝိုင်းခြင်းစသည်တို့ ဖြစ်နိုင်သည်
- နှလုံးတွင် အမာရွတ်များကြောင့် နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးပတ်လည် အမြှေးပါးရောင်ရမ်းခြင်း၊ နှလုံးအားနည်းခြင်းတို့ ဖြစ်ပေါ်သည်
- အစာအိမ်အူလမ်းကြောင်းတွင် ရင်ပူခြင်း၊ မျိုချရခက်ခဲခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းဘက်တီးရီးယားများ အလွန်ပေါက်ပွါးမှုကြောင့် အာဟာရစုပ်ယူမှုဆိုင်ရာ ပြဿနာများ တွေ့ရသည်
- ကိုယ်ခံအားစနစ် အားနည်း၍ ရောဂါပိုးများ အလွယ်တကူဝင်နိုင်ခြင်း
- ကင်ဆာရောဂါ ဖြစ်နိုင်ခြေများခြင်း
- အဆစ်များပေါ် ရှိ အရေပြားထူ၍ မာတောင့်တင်းလာခြင်းကြောင့် လက်ချောင်းအဆစ်များ အကွေးအဆန့်ပြုရန် ခက်ခဲခြင်းစသည်တို့ ဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်စစ်ဆေးပြီး ရောဂါလက္ခဏာများ သက်သာစေရန် ထိရောက်သော ကုသမှု ခံယူရမည်။ လိုအပ်ပါက မိသားစုဆရာဝန်များမှတစ်ဆင့် အရိုးအကြောအဆစ်အထူးကုဆရာဝန်များ (Rheumatologists) ထံသို့ လွှဲပြောင်းကုသခြင်းများ ဆက်လက်ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အရေပြားထူ လေးဘက်နာရောဂါကို ရှာဖွေရန် လူနာကို ရောဂါရာဇဝင် မေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်စစ်ဆေးခြင်းများ ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီသည့်အပြင် အခြားရောဂါများတွင် ဖြစ်ပေါ်တတ်သော လက္ခဏာများနှင့် ဆင်တူနိုင်သောကြောင့် ရောဂါရှာဖွေရန် အခက်အခဲဖြစ်နိုင်သည်။ ထို့ကြောင့် အရေပြားထူ လေးဘက်နာရောဂါ သေချာစေရန်နှင့် အခြားရောဂါအခြေအနေများ မဟုတ်ကြောင်း သက်သေပြရန် အထောက်အကူပြုသည့် စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- သွေးစစ်ဆေးခြင်း
- သွေးဆဲလ်များကို စစ်ဆေးခြင်း (Complete Blood Count – CBC)
- အရေပြားထူ လေးဘက်နာရောဂါတွင် တွေ့ရသော ပဋိပစ္စည်း (Antibodies – Anticentromere antibodies, anti-Scl-70, anti-RNA Polymerase III) များကို စစ်ဆေးရှာဖွေခြင်း
- သွေးတွင်းရောင်ရမ်းမှုအခြေအနေ စစ်ဆေးခြင်း (ESR, CRP)
- အသည်းလုပ်ငန်း၊ ကျောက်ကပ်လုပ်ငန်းများ စစ်ဆေးခြင်း (Liver function test, Renal function test)
- ရောဂါအမျိုးအစားပေါ် မူတည်၍ ထပ်မံစစ်ဆေးခြင်း
- အဆုတ်ရှိ အမာရွတ်များကို စစ်ဆေးရန် ရိုးရိုးဓာတ်မှန်ရိုက်ခြင်း (Chest X-ray)၊ စီတီဓာတ်မှန်ရိုက်ခြင်း (HRCT)၊ အသက်ရှူခြင်းလုပ်ငန်း ထိခိုက်ခြင်းအတွက် Lung function tests များ ပြုလုပ်ခြင်း
- အစာခြေအူလမ်းကြောင်းလက္ခဏာရှိသူများတွင် မှန်ပြောင်းဖြင့် ကြည့်ရှု၍ စစ်ဆေးခြင်း (Endoscopy)
- နှလုံးစစ်ဆေးရန်အတွက် အီးစီဂျီစစ်ဆေးခြင်း (ECG)၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
- အသားစယူ၍ စစ်ဆေးခြင်း
- အရေပြားမှ (သို့မဟုတ်) အခြားတစ်ရှူးများမှ အသားစ နမူနာများယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း
ကုသခြင်း
အရေပြားထူလေးဘက်နာရောဂါအတွက် ပျောက်ကင်းအောင်ကုသနိုင်သည့် ဆေးမရှိသော်လည်း၊ ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကုသမှုနည်းလမ်းများကို ပေါင်းစပ်၍ ကုသကြသည်။ ကုသမှုများသည် ရောဂါလက္ခဏာပြသည့် နေရာများနှင့် ရောဂါပြင်းထန်မှုအပေါ် မူတည်သည်။
- အရေပြားအတွက် ကုသမှုများ
အရေပြား ခြောက်သွေ့ခြင်းမှ ကာကွယ်ရန် လိမ်းဆေးများနှင့် အစိုဓာတ်ထိန်းခရင်မ်များ လိုအပ်နိုင်သည်၊ ထို့ပြင် အရေပြားထူထဲနေသော အခြေအနေများကို ကုသရန်အတွက် ခရမ်းလွန်ရောင်ခြည် (UV) ကို အသုံးပြုသော အလင်းကုထုံးဖြင့် ကုသခြင်း (Phototherapy) ကို အသုံးပြုနိုင်သည်။ - Raynaud’s phenomenon ကို သက်သာစေသောဆေးများ
သွေးကြောများကို ကျယ်စေသော သွေးပေါင်ကျဆေးအချို့ပေးခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေသည်။ - ကိုယ်ခံအားကို နှိမ့်ချပေးသောဆေးများ (Immunosuppressants)
ကိုယ်ခံအားစနစ်၏ လွန်ကဲသောတုံ့ပြန်မှုများကို ထိန်းပေးပြီး ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်းကို သက်သာစေသည်။ - ထိခိုက်သော ကိုယ်တွင်းအင်္ဂါများအလိုက် ကုသမှုများပေးခြင်း
- ကျောက်ကပ်ပျက်စီးမှုကို ထိန်းချုပ်သောဆေးများ၊ သွေးပေါင်ကျဆေးများပေးခြင်း
- အသက်ရှူခြင်းကို ကောင်းမွန်စေရန် ဆေးများပေးခြင်း
- အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို သက်သာစေသောဆေးများ
ဥပမာအားဖြင့် ရင်ပူခြင်း သက်သာစေရန် အစာအိမ်အက်ဆစ်လျှော့ချဆေးများ၊ အစာမကြေခြင်းများအတွက် အစာကြေဆေးများ၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများအတွက် ပဋိဇီဝဆေးများနှင့် ပရိုဘိုင်အိုတစ်ဆေးများပေးခြင်း၊
- အကိုက်အခဲ ပျောက်ဆေးများပေးခြင်း
အရိုးအဆစ်များ နာကျင်တောင့်တင်းခြင်းအတွက် ပေးနိုင်သည် - ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်ခြင်း
အရေပြားထူလေးဘက်နာ ရောဂါရှိသူများသည် တုပ်ကွေးကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး၊ ရေယုန်ကာကွယ်ဆေး စသည့် ကာကွယ်ဆေးများကို ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ထိုးနှံထားရန် လိုအပ်သည်။ - ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာကုထုံးများ (Physical therapy)
ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ကုထုံးပညာရှင်များက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို တိုးတက်ကောင်းမွန်လာစေရန်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို ထိန်းထားနိုင်ရန် ကူညီပေးသည်၊ လက်များ မလှုပ်ရှားနိုင်၍ ကွေးကောက်သွားခြင်း၊ ပုံစံမမှန်ခြင်း (Contractures) တို့ကို ကာကွယ်ရန် လက်လေ့ကျင့်ခန်းကုထုံးများ ပြုလုပ်နိုင်သည်။ - ပင်မဆဲလ်အစားထိုးကုသမှု (Stem cell transplant)
အခြားကုသမှုများကို တုံ့ပြန်ခြင်းမရှိသူများနှင့် ပြင်းထန်လက္ခဏာရှိသူအချို့တွင် ပင်မဆဲလ်အစားထိုးကုသမှုကို ပြုလုပ်နိုင်သည်။ ခန္ဓာကိုယ်၏ ပျက်စီးနေသော သွေးဆဲလ်များကို ကျန်းမာသော အလှူရှင်ဆဲလ်များဖြင့် အစားထိုးခြင်းဖြစ်သည်။ ကျောက်ကပ် (သို့မဟုတ်) အဆုတ်များ ဆိုးရွားစွာ ပျက်စီးသွားပါက၊ ကိုယ်အင်္ဂါအစားထိုးကုသမှုများကို ပြုလုပ်နိုင်သော်လည်း ရလဒ်များအတွက် သုတေသနများလိုအပ်ဆဲဖြစ်သည်။
ဆေးဝါးများဖြင့် ပုံမှန်ကုသမှုများအပြင် နေ့စဥ်လှုပ်ရှားနေထိုင်မှုအချို့ကို ပြောင်းလဲခြင်းဖြင့် ရောဂါလက္ခဏာအချို့ကို ထိန်းချုပ်နိုင်သည်၊ ၎င်းတို့မှာ_
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသောက်ခြင်း
- ကိုယ်လက်လှုပ်ရှားမှုကုထုံး အစီအစဉ်များကို လိုက်နာခြင်း
- နေမကောင်းသည့်အချိန် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ရှားခြင်း
- ပတ်ဝန်းကျင်နှင့် သင့်တော်သော အဝတ်အစားများဝတ်၍ အရေပြားကို ကာကွယ်ခြင်းနှင့် အပြင်ထွက်သည့်အခါ အရည်အသွေးမြင့် နေရောင်ကာခရင်မ်များကို လိမ်းခြင်း
- ပုံမှန် သွားနှင့်ခံတွင်း သန့်ရှင်းရေးနှင့် သွားကျန်းမာရေး စစ်ဆေးမှုများအတွက် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ပြသခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
အရေပြားထူလေးဘက်နာရောဂါ ဖြစ်ရသော အကြောင်းရင်း အတိအကျကို မသိနိုင်သောကြောင့် ရောဂါမဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်းများ မရှိသေးပါ။
References:
- Mayo Clinic. (n.d.). Scleroderma: Symptoms and causes. Mayo Clinic. Retrieved August 18, 2025, from https://www.mayoclinic.org/diseases-conditions/scleroderma/symptoms-causes/syc-
- Mayo Clinic. (n.d.). Scleroderma: Diagnosis and treatment. Mayo Clinic. Retrieved August 18, 2025, from https://www.mayoclinic.org/diseases-conditions/scleroderma/diagnosis-treatment/drc-
- Cleveland Clinic. (n.d.). Scleroderma. Cleveland Clinic. Retrieved August 18, 2025, from https://my.clevelandclinic.org/health/diseases/scleroderma
- Adigun, R., Goyal, A., & Hariz, A. (2024, April 5). Systemic sclerosis (scleroderma). In StatPearls. StatPearls Publishing. Retrieved August 18, 2025, from https://www.ncbi.nlm.nih.gov/books/NBK430875/
- NHS. (n.d.). Scleroderma. NHS. Retrieved August 18, 2025, from https://www.nhs.uk/conditions/scleroderma/
- Hospital for Special Surgery. (n.d.). Scleroderma and systemic sclerosis (SSc): An overview. Hospital for Special Surgery. Retrieved August 18, 2025, from https://www.hss.edu/health-library/conditions-and-treatments/scleroderma-and-systemic-sclerosis
- Weeding, E., Casciola-Rosen, L., & Shah, A. A. (2020). Cancer and scleroderma. Rheumatic Disease Clinics of North America, 46(3), 551–564. https://doi.org/10.1016/j.rdc.2020.03.002
Published: 9 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.