ကျောရိုးကုန်းခြင်းဆိုသည်မှာ ကျောရိုး၏ ပုံမှန်အကွေ့အကောက်ထက် ပိုမို၍ နောက်ဘက်သို့ ခုံးပြီးကုန်းနေခြင်းကို ခေါ်ဆိုသည်။ ကျောရိုး၏အပေါ်ပိုင်းသည် ကိုယ်ခန္ဓာ၏ ရှေ့ဘက်သို့ ကိုင်းညွတ်နေသဖြင့် လူအများက ခါးကုန်းနေသည်ဟု ခေါ်ဝေါ်ပြောဆိုလေ့ရှိကြသည်။
လူ့ကျောရိုးဆစ်များတွင် သဘာဝအလျောက် ခုံးခြင်း၊ ခွက်ခြင်း အနေအထားများရှိသည်။ ဤအကွေ့အကောက်များကပင် ခန္ဓာကိုယ်၏ ဟန်ချက်ညီညီ ရပ်တည်နိုင်ခြင်းနှင့် မှန်ကန်သော ကိုယ်နေဟန်ထားကို ထိန်းသိမ်းပေးသည်။ သို့ရာတွင် ထိုအကွေ့အကောက်များ လိုအပ်သည်ထက် ပိုမိုများပြားလာပါက ကိုယ်ခန္ဓာ၏ လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ကျောရိုးကုန်းခြင်း ဖြစ်စေသည့် အခြေအနေအများစုမှာ ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်မရှိသဖြင့် ကုသမှုခံယူရန် မလိုအပ်သော်လည်း ပြင်းထန်သည့်အဆင့်သို့ ရောက်ရှိသော လူနာများတွင် နာတာရှည် နာကျင်ကိုက်ခဲမှုများ၊ အသက်ရှူကြပ်ခြင်းနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ခံစားရနိုင်ပြီး ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
ကျောရိုးကုန်းခြင်းအမျိုးအစားများ (Types of Kyphosis)
- နေထိုင်မှုပုံစံမမှန်သောကြောင့် ကျောရိုးကုန်းခြင်း (Postural Kyphosis)
- အဖြစ်များသောအမျိုးအစားဖြစ်သည်
- ဆယ်ကျော်သက်များတွင်ဖြစ်လေ့ရှိပြီး မိန်းကလေးများတွင် အဖြစ်များသည်
- နေထိုင်မှုပုံစံမမှန်သောကြောင့် ကြွက်သားနှင့်အရွတ်များကို ဆွဲဆန့်ထားသကဲ့သို့ဖြစ်ပြီး ကျောရိုးပုံစံပျက်ယွင်းလာသည်၊ သို့သော် နေထိုင်မှုပုံစံကြောင့် ကျောရိုးကုန်းခြင်းတွင် အရိုး၏ တည်ဆောက်ပုံ ပျက်ယွင်းခြင်းမရှိပါ
- နာကျင်မှုခံစားရလေ့ မရှိပါ
- နေထိုင်မှုပုံစံကို မှန်ကန်အောင် ပြုပြင်ခြင်းဖြင့် ကုသနိုင်သည်
- ကျောရိုးပုံသဏ္ဌာန် ပုံမမှန်မှုကြောင့် ကျောရိုးကုန်းခြင်း (Scheuermann’s Kyphosis)
- ကျောရိုးဆစ်များ (Vertebrae) သည် ထောင့်မှန်စတုဂံပုံစံ ရှိရမည့်အစား တြိဂံပုံစံအနေအထားသို့ ပြောင်းနေသဖြင့် ကျောဘက်တွင် ခုံး၍လုံးဝန်းနေမည်
- ယောက်ျားလေးများတွင် အဖြစ်များသည်
- လှုပ်ရှားသွားလာမှုများခြင်း၊ အထိုင်များခြင်း၊ မတ်တပ်ရပ်များခြင်းတို့တွင် နာကျင်မှု ခံစားရနိုင်သည်
- နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကျောရိုးကုန်းမှု မပျောက်ကင်းနိုင်ပါ
- ခန္ဓာကိုယ် ကြီးထွားမှု ရပ်တန့်သွားပါက ကျောရိုးကုန်းမှုလည်း ရပ်တန့်သွားသည်
- မွေးရာပါ ကျောရိုးကုန်းခြင်း (Congenital Kyphosis)
- မွေးဖွားစဉ်ကတည်းကပါလာသော ကျောရိုးကုန်းခြင်းအမျိုးအစားဖြစ်သည်
- သန္ဓေသားဘဝ၌ပင် ကျောရိုးကောင်းစွာ မဖွံ့ဖြိုးသောကြောင့် အသက်ကြီးသည့်အချိန်တွင် ပိုဆိုးလာသည်
- ကလေးဘဝ၌ပင် ခွဲစိတ်ပြုပြင်ခြင်းဖြင့် ပိုမိုဆိုးရွားလာမှုကို ကာကွယ်နိုင်သည်
- မွေးရာပါ နှလုံးနှင့် ကျောက်ကပ်ရောဂါများ တွဲဖက်ရှိနိုင်သည်
- လည်ပင်းရှေ့သို့ကိုင်းခြင်း (Cervical kyphosis)
- လည်ပင်းရိုးသည် ပုံမှန် အနောက်ဘက်သို့ အနည်းငယ် လန်နေရမည့်အစား ရှေ့သို့ ကုန်းလာခြင်းကြောင့် လည်ပင်းရှေ့သို့ ကိုင်းလာခြင်းဖြစ်သည်
- ဆိုးရွားစွာကျောရိုးကုန်းခြင်း(Hyperkyphosis)
- ပြင်းထန်သည့် ကျောရိုးကုန်းခြင်းအခြေအနေတစ်ခုဖြစ်သည်
- အသက် (၄၀) နှစ်အထက်တွင် အဖြစ်များသည်
- အသက် (၆၀) နှစ်အထက် အသက်ကြီးသောသူများ၏ (၂၀-၄၀) ရာခိုင်နှုန်းတွင် ကျောရိုးကွေ့ကောက်မှုသည် (၅၀) ဒီဂရီထက် ကျော်လွန်သည်
- ကြွက်သားများ အားနည်းလာခြင်း၊ ကျောရိုးအရိုးနုပြားပျက်စီးခြင်း၊ အရိုးပွရောဂါရှိခြင်း၊ ကျောရိုးဆစ်ကျိုးခြင်း တို့ကြောင့်ဖြစ်နိုင်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကျောရိုးကုန်းခြင်းဖြစ်စေသော အကြောင်းရင်းများမှာ အထက်ပါ အမျိုးအစားများအလိုက် ကွဲပြားခြားနားမှုရှိသည်။ ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ_
- နေထိုင်မှုပုံစံမမှန်ခြင်း
- ကျောရိုးဆစ်ဖွဲ့စည်းတည်ဆောက်ပုံ မမှန်ခြင်း
- မွေးရာပါကျောရိုးဖွံ့ဖြိုးမှုမမှန်ခြင်း
- ကျောရိုးထိခိုက်ဒဏ်ရာရခြင်း
- အရိုးပွရောဂါခံစားနေရခြင်း
- ကျောရိုးဆစ်နှစ်ခုကြားရှိ အရိုးနုပြားပျက်စီးခြင်း
- ကျောရိုးဆစ်တီဘီရောဂါ ဖြစ်ပွါးခြင်း စသည်တို့ကြောင့်ဖြစ်သည်။
ဖြစ်ပွါးနိုင်ခြေများသူများ
- ဆယ်ကျော်သက်များ
- မွေးရာပါ မျိုးဗီဇ (Genetic) နှင့် ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါများ (Metabolic disorder) ရှိသည့် ကလေးငယ်များ
- အသက်ကြီးသူများ
အသက်ကြီးလာသည်နှင့်အမျှ အရိုးသိပ်သည်းဆ လျော့နည်းလာခြင်းနှင့် အရိုးနုပြားပျက်စီးလာခြင်းတို့ကြောင့် ကျောရိုးကုန်းနိုင်ခြေ ပိုမြင့်မားလာသည်။
ရောဂါလက္ခဏာများ
သာမန်ကျောရိုးကုန်းခြင်းတွင် ကျောရိုးကုန်းသည်မှလွဲ၍ သိသာထင်ရှားသော လက္ခဏာမတွေ့နိုင်ပါ။ သိသာထင်ရှားသည့် ကျောရိုးကုန်းခြင်းတွင် တွေ့နိုင်သော အဓိကလက္ခဏာများမှာ_
- ပုခုံးများရှေ့သို့ကိုင်းနေခြင်း
- ကျောရိုးနောက်ဖက်တွင် အဖုအခုံးအနေဖြင့် တွေ့ရခြင်း
- ပေါင်အနောက်ဘက်ရှိကြွက်သားများ တင်းတောင့်ခြင်းတို့ဖြစ်သည်။
ဆိုးရွားစွာ ကျောရိုးကုန်းပါက ကျောရိုးနာကျင်ခြင်းနှင့် တင်းတောင့်ခြင်းတို့ကို ခံစားရမည်။ ထို့အပြင်
- လက်ပြင်တစ်ဝိုက် နာကျင်ခြင်း
- ခြေထောက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခန္ဓာကိုယ်အနေအထားထိန်းညှိမှု ခက်ခဲခြင်း
- ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
- မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့လည်း ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
သာမန်ကျောရိုးကုန်းခြင်းတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးလေ့မရှိသော်လည်း ကျောရိုးကုန်းခြင်း ပြင်းထန်ပါက
- ကျောရိုးနာကျင်ခြင်း
- လမ်းလျှောက်ရခက်ခဲခြင်း
- အဆုတ်အားဖိမိသောကြောင့် အသက်ရှူရခက်ခဲခြင်း
- အစာလမ်းကြောင်း အားဖိမိခြင်းကြောင့် အစာမျိုရခက်ခဲခြင်း၊ အစာအိမ် အက်ဆစ်ရည် အပေါ်သို့ပြန်ဆန်တက်ခြင်း (Acid reflux)
- အာရုံကြောပိမိခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင်လည်း ကျောရိုးကုန်းနေသည့် လက္ခဏာများကို မိဘအုပ်ထိန်းသူများ၊ ကျောင်းကျန်းမာရေးဆရာမများမှ စတင်သတိပြုမိနိုင်ပြီး မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်စစ်ဆေးသင့်သည်။
အရေးပေါ်ပြသရန်
ထိခိုက်ဒဏ်ရာရပြီးနောက် သို့မဟုတ် အချိန်တိုအတွင်းရုတ်တရက်ကျောရိုးကုန်းခြင်း၊ နာကျင်မှုပြင်းထန်ခြင်း၊ ခြေထောက်ထုံကျဉ်ခြင်း၊ ခြေထောက်ကြွက်သား အားနည်းခြင်းဖြစ်ပါက အရေးပေါ်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
ကျောရိုးကုန်းခြင်း ရှိမရှိ အတည်ပြုရန်၊ ၎င်း၏ အမျိုးအစားကို ခွဲခြားနိုင်ရန်နှင့် နောက်ခံအကြောင်းရင်းကို ရှာဖွေနိုင်ရန်အတွက် ဆရာဝန်သည် ရောဂါရာဇဝင်ကို စနစ်တကျ မေးမြန်းခြင်းနှင့် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။
ဆက်လက်၍အောက်ပါစစ်ဆေးမှုများလိုအပ်သလိုဆက်လက်ပြုလုပ်နိုင်သည်။
- ကျောရိုး ဓာတ်မှန် (Spine X-ray)
- အဓိကကျသော စစ်ဆေးမှုတစ်ခု ဖြစ်သည်
- ဓာတ်မှန်ပေါ်တွင် ကျောရိုး၏ ကွေးညွှတ်မှုထောင့်ကို တိုင်းတာ၍ ရောဂါ၏ ပြင်းထန်မှုအဆင့်ကို အကဲဖြတ်သည်။
- ပုံမှန်ကျောရိုးအကွေးသည် ဒီဂရီ ၂၀ မှ ၄၅ အတွင်း ရှိရပြီး ၅၀ ဒီဂရီထက် ကျော်လွန်ပါက ကျောရိုးကုန်းခြင်းဟု သတ်မှတ်သည်
- အဆုတ်လုပ်ငန်းစဉ် စစ်ဆေးခြင်း (Pulmonary Function Tests)
- ကျောရိုးကုန်းခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ရှိမရှိသိရှိနိုင်ရန်ပြုလုပ်သည်
- သံလိုက်ဓာတ်မှန် (MRI)
- အာရုံကြောပိမိသည့် လက္ခဏာများရှိပါက ရောဂါကိုတိကျစွာသိရှိရန် လုပ်ဆောင်နိုင်သည်
- အာရုံကြောလှုံ့ဆော်မှု စစ်ဆေးခြင်း (Nerve Conduction Study)
- အာရုံကြောများ၏ လုပ်ဆောင်မှုနှင့် တုံ့ပြန်မှုကို တိုင်းတာသော စစ်ဆေးမှု ဖြစ်သည်
- အရိုးသိပ်သည်းဆ တိုင်းတာခြင်း (DEXA Scan)
- အရိုးပွရောဂါကို သိရှိနိုင်ပြီး ဆေးပေးကုသမှုကို အထောက်အကူပြုသည်
ကုသခြင်း
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းဖြင့် ကုသမှုသည့်နည်းလမ်း (Physical Therapy)
ဝမ်းဗိုက်ကြွက်သားများနှင့် ကျောရိုးကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် နာကျင်မှုသက်သာစေကာ ခန္ဓာကိုယ်အနေအထားပုံစံကို ပိုမိုကောင်းမွန်စေသည်။ ကလေးများ ကြီးထွားနှုန်း မြန်နေချိန်တွင် ကျောရိုးအထိန်း(Back Brace) ဝတ်ဆင်ခြင်းဖြင့် ကျောရိုးဆစ်ပုံသဏ္ဌာန်မမှန်မှုများကြောင့် ကျောကုန်းခြင်းကို သက်သာစေသည်။ - ဆေးပေးကုသသည့်နည်းလမ်း
အကိုက်အခဲပျောက်ဆေးများ၊ အရိုးပွရောဂါကုသဆေးများပေး၍ ကုသသည်။ - ခွဲစိတ်ကုသသည့်နည်းလမ်း
အများစုသော ကျောရိုးကုန်း လူနာများသည်ခွဲစိတ်ကုသရန်မလိုအပ်ပေ။ သို့သော် ပြင်းထန်သော ကျောရိုးကုန်းသည့် အခြေအနေကို ပြုပြင်ရန်အတွက် ကျောရိုးတစ်ခုနှင့်တစ်ခု ပူးဆက်၍ တည့်မတ်စေရန်ခွဲစိတ်ခြင်း (Spinal fusion) နည်းလမ်းကိုအသုံးပြုသည်။ သတ္တုချောင်းနှင့် မူလီ၊ စကူများ (screws) ကိုအသုံးပြု၍ ခွဲစိတ်ကုသသည်။
ကာကွယ်ခြင်း
ကျောရိုးကုန်းခြင်း အမျိုးအစားအားလုံးကို ကြိုတင်ကာကွယ်နိုင်မည်မဟုတ်သော်လည်း နေထိုင်မှု ပုံစံမမှန်သောကြောင့်ကျောရိုးကုန်းခြင်း နှင့် အရိုးပွရောဂါကြောင့် ကျောရိုးကုန်းခြင်း ကို ကာကွယ်ရန်အတွက် အောက်ပါနည်းလမ်းများကို လိုက်နာနိုင်သည်။
- ကိုယ်နေဟန်ထား မှန်ကန်အောင် နေထိုင်ပါ
- ဗိုက်သားနှင့် ကျောဘက်ကြွက်သားများကို သန်မာအောင် လေ့ကျင့်ခန်းလုပ်ပါ
- သင့်တင့်မျှတသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- လေးလံသောကျောင်းသုံးပစ္စည်းများကို ကျောပိုးမသယ်ပါနှင့်၊ ဘီးတပ်အိတ်ဖြင့် သယ်ဆောင်ပါ
- ခန္ဓာကိုယ်ကြွက်သားများ သန်မာပြီး ပျော့ပြောင်းမှုရှိစေရန် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
- အရိုးသန်မာစေရန်အတွက် ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင် ဒီ (Vitamin D) ကြွယ်ဝသော အစားအစာများကို စားသုံးပေးပါ၊ နေရောင်ခြည်ရရှိစေရန် နေပူဆာလှုံပေးပါ
- အရိုးပွရောဂါကို စောစီးစွာသိရှိနိုင်ရန်နှင့် ကုသမှုခံယူရန် လိုအပ်သည်၊ ဆရာဝန်နှင့် တိုင်ပင်၍ အရိုးသန်မာစေသော ဆေးဝါးများ သို့မဟုတ် ဟော်မုန်းကုထုံးများကို သောက်သုံးနိုင်သည်
- ထိခိုက်ဒဏ်ရာမရအောင် နေထိုင်ပါ
- ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
References:
- Cleveland Clinic. (n.d.). Kyphosis. Retrieved August 21, 2025, from https://my.clevelandclinic.org/health/diseases/17671-kyphosis
- Mayo Clinic. (n.d.). Kyphosis: Diagnosis and treatment. Retrieved August 21, 2025, from https://www.mayoclinic.org/diseases-conditions/kyphosis/diagnosis-treatment/drc-20374209
- WebMD. (n.d.). Kyphosis overview. Retrieved August 21, 2025, from https://www.webmd.com/back-pain/kyphosis-overview
Published: 29 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.