Placental abnormalities (အချင်းပုံမမှန်ခြင်း)

Placental abnormalities (အချင်းပုံမမှန်ခြင်း)

ကိုယ်ဝန်ဆောင်ကာလတွင် အချင်းပုံမှန်ဖွံ့ဖြိုးမှုသည် မိခင်၏ကျန်းမာရေး၊ ကလေးဖွံ့ဖြိုးကြီးထွားမှုနှင့် အခက်အခဲမရှိ ကလေးမီးဖွားရန်အတွက် လွန်စွာအ‌ရေးကြီးသည်။ အချင်းသည် ကိုယ်ဝန်ဆောင်စဥ် သန္ဓေသားကလေးကို အာဟာရပံ့ပိုးပေးရသော အင်္ဂါအစိတ်အပိုင်းအဖြစ် သားအိမ်အတွင်းနံရံ၌ တွယ်ရှိနေပြီး သန္ဓေသားကို ချက်ကြိုးနှင့်ဆက်သွယ်ပေးထားသည်။ ကိုယ်ဝန်ဆောင်စဥ်တစ်လျှောက်လုံး အာဟာရနှင့် အောက်ဆီဂျင်ကို သန္ဓေသားသွေးကြောထဲသို့ ပို့ဆောင်ပေးပြီး သန္ဓေသားဆီမှ ထွက်လာသော အညစ်အကြေးများကိုလည်း ဖယ်ရှားပေးသည်။ အချင်းကို လုံလောက်သော သွေးပံ့ပိုးမှုမရရှိခြင်း (Placental insufficiencies)၊ ကလေးဖွံ့ဖြိုးမှုနှေးကွေးလာခြင်း (Intrauterine growth restrictions) နှင့် အခြားသောအချင်းပုံမမှန်ခြင်းများကြောင့် မိခင်ရော ကလေးပါ ပြဿနာများဖြစ်ပေါ်လာနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အချင်းပုံမမှန်ဖြစ်ခြင်းကို အောက်ပါအကြောင်းရင်းများနှင့် ဆက်စပ်တွေ့ရှိရသည်။

  • အမြွှာကိုယ်ဝန်ဆောင်ခြင်း
  • သားအိမ်ခွဲစိတ်ခဲ့ဖူးသောရာဇဝင်ရှိခြင်း
  • ခွဲစိတ်၍ကလေးမွေးဖွားဖူးခြင်း
  • အချင်းပုံမမှန်ဖြစ်ဖူးသောရာဇဝင်ရှိခြင်း
  • သက်ကြီးကိုယ်ဝန်ဆောင်ခြင်း (အသက် ၃၅ နှစ်နှင့်အထက်၌ ကိုယ်ဝန်ဆောင်ခြင်း)
  • မိခင်ဆေးလိပ်သောက်ခြင်း
  • မိခင်မူးယစ်ဆေးသုံးခြင်း
  • ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်ခြင်း

ပုံမမှန်သော အချင်းအမျိုးအစားများနှင့် ရောဂါလက္ခဏာများ၊ ရောဂါရှာဖွေကုသမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း (Placenta Previa)
    • သန္ဓေအောင်သောသားဥသည် သားအိမ်အတွင်းသို့ရောက်ရှိလာသည်နှင့် အချင်းစတင်ဖွံ့ဖြိုးလာသည်၊ ပုံမှန်အားဖြင့် အချင်းသည် သားအိမ်နံရံ၌ မျက်နှာကျက်သဖွယ် ဖုံးအုပ်ထားသည်၊ အချင်းသည် သားအိမ်အောက်ပိုင်းနေရာ၌ ဖွံ့ဖြိုးကြီးထွားလာလျှင် သားအိမ်ခေါင်း သို့မဟုတ် မွေးလမ်းကြောင်း အဝပိတ်ပြီး မွေးဖွားရာတွင် အခက်တွေ့စေသည်
    • ထိုသို့ မွေးလမ်းကြောင်းအဝပိတ်နေသော အချင်းသည် သားအိမ်ရှေ့ပိုင်း၌ ဖွံ့ဖြိုးကြီးထွားလာလျှင် သားအိမ်အနောက်ပိုင်း၌ ဖွံ့ဖြိုးကြီးထွားခြင်းထက် အချင်းသွေးထွက်နှုန်းများခြင်း၊ မီးဖွားပြီးနောက်သွေးသွန်ခြင်း၊ ဆေးရုံ၌အချိန်အကြာကြီး စောင့်ရှောက်မှုခံယူရခြင်း၊ သွေးသွင်းရခြင်း၊ သားအိမ်ထုတ်ရခြင်း၊ ပေါင်ချိန်မပြည့်သော ကလေးမွေးဖွားခြင်း၊ အချိန်မတိုင်မီ မွေးဖွားခြင်း စသည့်နောက်ဆက်တွဲပြဿနာများ ပို၍တွေ့ရသည်
    • မွေးလမ်းကြောင်းအဝ၌ အချင်းပိတ်နေလျှင် ကိုယ်ဝန်တတိယ (၃) လပတ်၌ သွေးဆင်းခြင်း၊ သွေးဆင်းခြင်းကြောင့် မိခင်ကျန်းမာရေးထိခိုက်မှုရှိခြင်း၊ သွေးသွင်းရခြင်း၊ ပြင်းထန်သော ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်ခြင်းနှင့် အရေးပေါ်သားအိမ်ထုတ်ရခြင်း အစရှိသည့် နောက်ဆက်တွဲ ပြဿနာများဖြစ်နိုင်သည်
  2. အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်း (Placenta Accreta, Increta, and Percreta)
    • ကိုယ်ဝန်ဆောင်မိခင်တွင် အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်းထိ ထိုးဖောက်တွယ်ကပ်နေလျှင် အလွန်အရေးကြီးသည်
    • ပုံမှန်အားဖြင့် အချင်းသည် ကလေးမွေးဖွားပြီးနောက် သားအိမ်မှ ကွာကျလာရသည်၊ အကယ်၍ အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်းထိ ထိုးဖောက်တွယ်ကပ်နေသည့်အခါ မွေးဖွားပြီးနောက် အချင်းမကွာကျနိုင်ဘဲ အလွန်အမင်းသွေးသွန်နိုင်သည်
    • ထို့ကြောင့် အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်အဖြစ်သတ်မှတ်ပြီး ကိုယ်ဝန်ဆောင်စဥ်အတွင်း အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်းထိ ထိုးဖောက်တွယ်ကပ်နေခြင်းကို ရှာဖွေတွေ့ရှိပါက ကလေးကို ခွဲစိတ်မွေးဖွားပြီးနောက် သားအိမ်ထုတ်ခြင်းကိုပါ ပြုလုပ်ရနိုင်သည်။

အချင်းသည် သားအိမ်အတွင်းထဲသို့ ထိုးဖောက်တွယ်ကပ်နေသည့် အနေအထားပေါ်မူတည်ပြီး (၃)မျိုး ခွဲခြားနိုင်သည်။

  • Placenta accreta
    အဖြစ်များဆုံးသောအမျိုးအစားဖြစ်ပြီး အချင်းသည် သားအိမ်ကြွက်သားထိ မရောက်ဘဲ သားအိမ်အတွင်းနံရံကိုသာ ထိုးဖောက်တွယ်ကပ်နေခြင်းဖြစ်သည်။
  • Placenta increta
    အချင်းသည် သားအိမ်အတွင်းနံရံကို ကျော်၍ ကြွက်သားထဲသို့ ထိုးဖောက်တွယ်ကပ်နေခြင်းဖြစ်ပြီး ဤအမျိုးအစားကို (၁၅) ရာခိုင်နှုန်းခန့် တွေ့နိုင်သည်။
  • Placenta percreta
    ဤအမျိုးအစားတွင် အချင်းသည် သားအိမ်အပြင်နံရံထိ ထိုးဖောက်ပြီး ဆီးအိမ်၊ အူလမ်းကြောင်းထိပါ တွယ်ကပ်နိုင်သောကြောင့် အလွန်အန္တရာယ်များသည်။ (၅) ရာခိုင်နှုန်းခန့်တွင် တွေ့နိုင်သည်။
ရောဂါလက္ခဏာများ
  • အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း
    ကိုယ်ဝန်သက် (၂၀) ပတ်ကျော်ပြီးနောက် ဗိုက်နာကျင်မှုမရှိဘဲ မိန်းမကိုယ်မှ သွေးရဲရဲများ အများအပြား ဆင်းနိုင်သကဲ့သို့ သွေးနည်းနည်းနှင့် ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အနည်းငယ် ကြာအောင်လည်း ဆင်းနိုင်သည်။ အမျိုးသားနှင့် လိင်ဆက်ဆံသည့်အခါ၊ ကျန်းမာရေးအတွက် မိန်းမကိုယ်စမ်းသပ်မှုပြုရသည့်အခါ သွေးဆင်းနိုင်သည်။ တချို့သောကိုယ်ဝန်ဆောင်မိခင်များတွင်မူ ကလေးမွေးဖွားရန် ဗိုက်နာလာသည့်အထိ သွေးမဆင်းသည်လည်း ရှိတတ်သည်။
  • အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်း
    အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်းကြောင့် ထူးထူးခြားခြားပြသသော လက္ခဏာများမရှိပါ။ တစ်ခါတစ်ရံ ကိုယ်ဝန်တတိယ (၃) လပတ်၌ မိန်းမကိုယ်မှ သွေးဆင်းခြင်းရှိတတ်သည်။
နောက်ဆက်တွဲပြဿနာများ

အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း

သားအိမ်အောက်ပိုင်း၌ အချင်းတည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်ထားခြင်းကြောင့်

  • မီးဖွားရန် ဗိုက်နာလာချိန်တွင် မိခင်အသက်အန္တရာယ်စိုးရိမ်ရသည်အထိ သွေးဆင်းခြင်း
  • အရေးပေါ်ခွဲစိတ်မွေးဖွားရခြင်း
  • အချိန်မတိုင်မီ လမစေ့ဘဲ ကလေးမွေးဖွားရခြင်း
  • မွေးဖွားပြီးနောက်တွင်လည်း သွေးထွက်လွန်ခြင်းကြောင့် သွေးသွင်းရန် လိုအပ်ခြင်း
  • သွေးခဲခြင်းဆိုင်ရာ ပြဿနာများရှိလာခြင်း
  • ပြင်းထန်သော ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်ခြင်း
  • အဆုတ်နှင့် ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်း
  • သွေးဆင်းများခြင်းကြောင့် သားအိမ်ထုတ်ရခြင်း
  • သားအိမ်ထုတ်ရခြင်းကြောင့် သားသမီးနောက်ထပ်မရနိုင်တော့ခြင်း
  • မိခင်အသက်ဆုံးရှုံးရခြင်း အစရှိသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်

တစ်ခါတစ်ရံ အချင်းသည် သားအိမ်အောက်ပိုင်း၌ ရှိရုံမက သားအိမ်ကြွက်သားနံရံထဲသို့ ထိုးဖောက်တွယ်ကပ်နေတတ်သည်။ ထိုအခြေအနေမျိုး၌ ကိုယ်ဝန်ဆောင်စဥ်၊ ကလေးမွေးဖွားစဥ်နှင့် ကလေးမွေးဖွားပြီးနောက် သွေးဆင်းနိုင်သောအန္တရာယ်အလွန်များသည်။

အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်း
အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေကြောင့် ဖြစ်ပေါ်နိုင်သောနောက်ဆက်တွဲပြဿနာများမှာလည်း အထက်ပါအခြေအနေများအတိုင်းဖြစ်သည်။ ထို့ပြင် Placenta percreta အမျိုးအစားတွင် သားအိမ်နှင့် အနီးအနားရှိ ဆီးအိမ်၊ အူလမ်းကြောင်းကဲ့သို့ အင်္ဂါအစိတ်အပိုင်းများကိုပါ ထိခိုက်နိုင်သည်။
အထက်ပါမည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ အချိန်မတိုင်မီ မွေးဖွားသောကလေးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများဖြစ်ခြင်း၊ မွေးကင်းစအထူးကြပ်မတ်ကုသဆောင်၌ တက်ရောက်ပြီး အထူးကုသမှုခံယူရခြင်းနှင့် ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွင် အခက်အခဲရှိခြင်းစသည့်ပြဿနာများ ကြုံတွေ့နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အာထရာဆောင်းရိုက်ပြီးနောက် အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝကို ပိတ်ကာထားခြင်း သို့မဟုတ် အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်းကို တွေ့ရှိလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန် လိုအပ်သည်။ သားဖွားမီးယပ်ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပြုမူနေထိုင်ရမည်။ ကိုယ်ဝန်တစ်လျှောက် မည်သည့်အချိန်မဆို သွေးဆင်းလျှင် နီးစပ်ရာဆေးရုံသို့ ချက်ချင်းသွားရောက် ပြသရန်လိုအပ်သည်။

ရောဂါရှာဖွေခြင်း
  • အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း
    ကိုယ်ဝန်ဒုတိယ (၃) လပတ်အတွင်း အာထရာဆောင်းရိုက်သည့်အခါ အချင်းအနေအထားကို သိနိုင်မည် ဖြစ်သည်။ အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း၊ သို့မဟုတ် မွေးလမ်းကြောင်းအဝကို ပိတ်ကာထားခြင်းကို တွေ့ရှိလျှင် အချင်း၌ ချက်ကြိုးထွက်ရှိသည့်နေရာကို ဆက်လက်ရှာဖွေကြည့်ရှုရသည်။ ကိုယ်ဝန်ဒုတိယ (၃) လပတ်တွင် အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိသော်လည်း ကိုယ်ဝန်တတိယ (၃) လပတ် (ကိုယ်ဝန်သက် ၂၈ ပတ်မှ ၄၀ ပတ်အတွင်း) တွင် ကလေးဖွံ့ဖြိုးလာသည်နှင့်အမျှ သားအိမ်ကြီးထွားလာပြီး အချင်းတည်ရှိရာနေရာလည်း သားအိမ်အပေါ်ပိုင်းသို့ ရောက်ရှိသွားတတ်သည်။ သို့ဖြစ်၍ အချင်းတည်နေရာကို ကိုယ်ဝန်တတိယ (၃) လပတ်တွင် အာထရာဆောင်းရိုက်ပြီး ပြန်လည်စစ်ဆေးရန် လိုအပ်သည်။
  • အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်း
    ပုံမှန်အာထရာဆောင်းရိုက်ချိန်တွင် အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်းကို တွေ့ရှိနိုင်ခြေအလွန်နည်းသည်။ အချင်းသည် သားအိမ်‌အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် သားအိမ်ခေါင်းအဝကို ပိတ်ကာထားခြင်းရှိလျှင်၊ သားအိမ်ခွဲစိတ်ဖူးသော ရာဇဝင်ရှိလျှင် ကျန်းမာရေးစောင့်ရှောက်သူများမှ အချင်းသည် သားအိမ်တွင်း မည်မျှထိ ထိုးဖောက်နေသည်ကို သိရှိရန် ဂရုတစိုက်သေချာစစ်ဆေးသည်။ အာထရာဆောင်းဖြင့် အချင်းမှ သားအိမ်သို့ သွေးကြောအတွင်း သွေးစီးဆင်းမှုကို ကြည့်ရှုစစ်ဆေးခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ဖြင့် စစ်ဆေးခြင်းဖြင့် သားအိမ်အတွင်းသို့ အချင်းမည်မျှ ထိုးဖောက်ဝင်ရောက်နေသည်ကို သိနိုင်သည်။
ကုသခြင်း
အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း

ကိုယ်ဝန်တစ်လျှောက် မည်သည့်အချိန်မဆို သွေးဆင်းလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်မှ မိခင်ကျန်းမာရေးအခြေအနေ၊ သွေးဆင်းသောပမာဏ၊ ကိုယ်ဝန်သက်ပေါ်မူတည်၍ ကုသမှုပေးသည်။
ကိုယ်ဝန်ဒုတိယ (၃) လပတ်တွင် အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိသော်လည်း တတိယ (၃)လပတ် ရောက်ရှိချိန်တွင် အာထရာဆောင်းရိုက်ပြီး ပြန်လည်စစ်ဆေးသည့်အခါ အချင်းသည် သားအိမ်အပေါ်ပိုင်းသို့ ပြန်ရောက်သွားလျှင် သဘာဝအတိုင်းမွေးဖွားနိုင်ပြီး အချင်းသည် သားအိမ်အောက်ပိုင်း၌ ဆက်လက်တည်ရှိနေပါက ခွဲစိတ်၍ ကလေးမွေးဖွားရမည်။

ကိုယ်ဝန်ဆောင်စဥ်သွေးဆင်းခြင်း

  • ကိုယ်ဝန်သက် (၂၀) ပတ်ကျော်ပြီးသည့်နောက် မိန်းမကိုယ်မှ သွေးဆင်းလျှင် အရေးပေါ် အခြေအနေသတ်မှတ်၍ ဆေးကုသမှုခံယူရမည်၊ လိုအပ်လျှင် ဆေးရုံတက်ရောက်၍ မိခင်နှင့် ကလေးကျန်းမာရေးကို အနီးကပ်ကြည့်ရှုစောက်ရှောက်မှုခံယူရမည့်အပြင် သွေးဆင်းများလျှင် ဆုံးရှုံးသွားသော သွေးများအတွက် သွေးသွင်းခြင်းခံယူရမည်
  • အကယ်၍ ကိုယ်ဝန်သက် (၃၆) ပတ်နှင့် အထက်ဖြစ်လျှင် ခွဲစိတ်၍ ကလေးမွေးဖွားရမည်၊ မိခင်နှင့် ကလေးကျန်းမာရေး ထိခိုက်နိုင်လောက်သည်အထိ သွေးဆင်းများလျှင်လည်း ကိုယ်ဝန်သက် (၃၆) ပတ် မပြည့်သော်လည်း အရေးပေါ်ခွဲစိတ်၍ ကလေးမွေးဖွားရနိုင်သည်
  • သွေးဆင်းခြင်းသည် ပထမအကြိမ်ဖြစ်ပြီး အနည်းဆုံး (၄၈) နာရီကြာအောင် သွေးထပ်မဆင်းတော့လျှင် မိမိအိမ်သို့ပြန်နိုင်သည်
  • သို့သော် သွေးဆင်းများခြင်းမရပ်တန့်လျှင် ဆေးရုံ၌ ဆက်လက်စောင့်ကြပ်ကြည့်ရှုမှု ခံယူရမည်။

သွေးဆင်းခြင်းလက္ခဏာမရှိသောသူများ
အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝကို ပိတ်ကာထားသော်လည်း သွေးဆင်းခြင်းလက္ခဏာမရှိသော ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားရန်ရက် ရောက်သည်အထိ သွေးဆင်းခြင်းဖြစ်စေသောအခြေအနေများကို ရှောင်ကြဥ်နေထိုင်ရန် လိုအပ်သည်။ ရှောင်ကြဥ်ရန်လိုအပ်သောအခြေအနေများမှာ

  • အမျိုးသားနှင့် လိင်ဆက်ဆံမှုပြုခြင်း
  • အသင့်အတင့်မှ ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်ခြင်း
  • အလေးအပင်မခြင်း
  • အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်းတို့ဖြစ်သည်။

သွေးဆင်းခြင်း ပထမအကြိမ်ဖြစ်ပြီးနောက် စိတ်ချရ၍ အိမ်သို့ပြန်ရသောအခါတွင်လည်း နောက်ထပ်သွေးဆင်းခြင်းမဖြစ်ပေါ်စေရန် အထက်ပါအခြေအနေများကို ‌ရှောင်ကြဉ်ရန်လိုအပ်သည်။ ထို့ပြင် ကလေးမွေးရန် ဗိုက်နာလာခြင်း၊ သို့မဟုတ် မိန်းမကိုယ်မှ သွေးဆင်းခြင်းဖြစ်လျှင် အရေးပေါ်ကုသမှုရရှိရန်၊ အနီးစပ်ဆုံးဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် မိမိအိမ်၌ အနီးကပ်စောင့်ရှောက်ပေးနိုင်သူထားရန် လိုအပ်သည်။

ခွဲစိတ်၍ ကလေးမွေးဖွားခြင်း
အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝကို ပိတ်ထားသော်လည်း ကိုယ်ဝန်တစ်လျှောက်သွေးဆင်းခြင်းမရှိလျှင် သို့မဟုတ် တစ်ကြိမ်တစ်ခါသွေးဆင်းပြီးနောက် ထပ်မံသွေးဆင်းခြင်းမရှိလျှင် ကိုယ်ဝန်သက် (၃၇) ပတ်တွင် ခွဲစိတ်၍ကလေးမွေးဖွားရသည်။ အကယ်၍ (၃၇) ပတ်မတိုင်မီ ကလေးမွေးဖွားရလျှင် ကလေးအဆုတ်ဖွံ့ဖြိုးမှုကောင်းစေရန် သားဖွားမီးယပ်အထူးကုဆရာဝန်မှ စတီးရွိုက်ဆေးကို ထိုးရန် အကြုံပြုမည်။

အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်း

အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေသည်ဟု သံသယရှိလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်မှ အန္တရာယ်ကင်းစွာ ကလေးမွေးဖွားနိုင်ရန် စီမံပေးမည်။ အချင်းခွာသည့်အခါ အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ သွေးထွက်လွန်နိုင်သည့်အတွက် ခွဲစိတ်၍ ကလေးမွေးဖွားပြီးနောက် သားအိမ်ကို တပါတည်းထုတ်ရနိုင်သည် (Cesarean hysterectomy)။

ခွဲစိတ်၍ ကလေးမမွေးဖွားမီ
သားဖွားမီးယပ်အထူးကုဆရာဝန်အဖွဲ့၊ မေ့ဆေးဆရာဝန်အဖွဲ့၊ မွေးကင်းစကလေးဆရာဝန်အဖွဲ့နှင့် ခွဲစိတ်ဆရာဝန်တို့မှ ဖြစ်ပေါ်နိုင်သောအန္တရာယ်များ၊ မွေးဖွားပြီးနောက် သွေးသွင်းရနိုင်ခြင်း၊ အသက်အန္တရာယ်ထိခိုက်နိုင်လောက်သည်အထိ သွေးထွက်အလွန်များလျှင် အထူးကြပ်မတ်ကုသဆောင်၌ ထားရှိကုသရန် လိုအပ်နိုင်ခြင်း၊ သားအိမ်ထုတ်ရနိုင်ခြင်း၊ သားအိမ်အနီးအနားရှိ ဆီးအိမ်၊ အူလမ်းကြောင်းထိခိုက်နိုင်ခြင်း အစရှိသော နောက်ဆက်တွဲပြဿနာများကို ဆွေးနွေးရှင်းပြမည်။

ခွဲစိတ်မွေးဖွားနေစဥ်
ခွဲစိတ်၍ ကလေးမွေးဖွားပြီးနောက် သွေးအများအပြားထွက်ခြင်းကို ‌ရှောင်ကြဥ်နိုင်ရန် ပုံမှန်အတိုင်း အချင်းကို မခွာဘဲ သားအိမ်ထုတ်ခြင်းကို ဆက်လက်လုပ်ဆောင်မည်။ သားအိမ်ထုတ်ပြီးနောက် နောက်ထပ်သားသမီး ရနိုင်ခြေမရှိတော့သည့်အတွက် အနာဂတ်တွင် သားသမီးရယူရန် ဆန္ဒရှိသေးပါက သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးရမည်။ အကယ်၍ မိခင်မှ သားအိမ်မထုတ်လိုပါက အချင်းကို မခွာဘဲ သားအိမ်နှင့်အတူချန်ခဲ့ခြင်း လုပ်ဆောင်နိုင်သည်။ အချိန်ကြာလာလျှင် ချန်ထားခဲ့သော အချင်းသည် ပျော်ဝင်ပျောက်ပျက်သွားနိုင်သည်။ သို့သော်ထိုအခြေအနေမျိုးတွင် သွေးဆင်းအလွန်များနိုင်ခြင်း၊ ရောဂါပိုးဝင်နိုင်ခြင်း၊ သားအိမ်ကို နောက်ကျမှထုတ်ရခြင်း အစရှိသည့် နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ သားအိမ်မထုတ်ဘဲ အောင်မြင်ခဲ့သည့်တိုင်အောင် နောက်ကိုယ်ဝန်များတွင် အချင်းသည် အလားတူပြဿနာမျိုးရှိနိုင်သည်။

ကာကွယ်ခြင်း
  • အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝကို ပိတ်ထားခြင်း သို့မဟုတ် အချင်းသည် သားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နေခြင်းများ မဖြစ်စေရန် ကြိုတင်ကာကွယ်သည့် နည်းလမ်းမရှိပါ
  • တစ်ကြိမ်ထက်ပို၍ ခွဲစိတ်မွေးဖွားခြင်းကြောင့် အချင်းသည် သားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း ပို၍ဖြစ်နိုင်သလို အချင်း သားအိမ်အတွင်းထိ ထိုးဖောက်တွယ်ကပ်ခြင်း ဖြစ်နိုင်သောကြောင့် မလိုအပ်ဘဲ ခွဲစိတ်မွေးဖွားခြင်းမပြုရန် စဥ်းစားသင့်သည်
  • အဖြစ်များစေသော အကြောင်းရင်းများဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ ကိုကင်းကဲ့သို့ မူးယစ်ဆေးသုံးစွဲမှုကို ရှောင်ကြဥ်ပါ
  • မိမိ၌ အချင်းသားအိမ်အတွင်းနံရံ၊ သားအိမ်ကြွက်သားအတွင်း ထိုးဖောက်တွယ်ကပ်နိုင်သော ကျန်းမာရေးရာဇဝင်ရှိလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်ကို ပြောပြပါ

References:

  1. Aliabadi, T. (n.d.). Placenta abnormalities (placenta previa). Retrieved August 12, 2025, from https://www.draliabadi.com/obstetrics/high-risk-obstetrics/placenta-abnormalities/
  2. Cleveland Clinic. (n.d.). Placenta accreta. Retrieved August 12, 2025, from https://my.clevelandclinic.org/health/diseases/17846-placenta-accreta
  3. Cleveland Clinic. (n.d.). Placenta previa. Retrieved August 12, 2025, from https://my.clevelandclinic.org/health/diseases/24211-placenta-previa
  4. Mayo Clinic. (n.d.). Placenta accreta: Symptoms and causes. Retrieved August 12, 2025, from https://www.mayoclinic.org/diseases-conditions/placenta-accreta
  5. Mayo Clinic. (n.d.). Placenta previa: Diagnosis and treatment. Retrieved August 12, 2025, from https://www.mayoclinic.org/diseases-conditions/placenta-previa/diagnosis-treatment/drc-20352773

Published: 25 August 2025

Share

25 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.