Mastitis and Breast Abscess (ရင်သားပိုးဝင်ရောင်ရမ်းခြင်းနှင့် ရင်သားပြည်တည်နာ)

Mastitis and Breast Abscess (ရင်သားပိုးဝင်ရောင်ရမ်းခြင်းနှင့် ရင်သားပြည်တည်နာ)

အမျိုးသမီးတို့၏ ရင်သားအတွင်း ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်ရင်သားပိုးဝင်ရောင်ရမ်းခြင်း (Mastitis) နှင့် ရင်သားပြည်တည်နာ (Breast Abscess) တို့ဖြစ်ပွါးသည်။ မြန်မာအခေါ်အဝေါ်အရ နို့အဆိပ်ခဲခြင်း သို့မဟုတ် နို့အုံနာဟုလည်း ခေါ်ကြသည်။

အထူးသဖြင့် နို့တိုက်မိခင်များတွင် ပိုမိုတွေ့ရှိလေ့ရှိသော်လည်း နို့မတိုက်သော အမျိုးသမီးများတွင်လည်း ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နို့တိုက်မိခင်များ
  • နို့သီးခေါင်း ပွန်းရှအက်ကွဲခြင်း
  • နို့တိုက်ရာတွင် နို့ရည်အပြည့်အဝ မထုတ်ခြင်း၊ နို့အကုန်အစင် မထွက်ခြင်း၊ (နို့အကြွင်းအကျန်ကျန်ခဲ့ခြင်း) တို့ကြောင့် နို့ခဲခြင်း (milk stasis)
  • နို့ရည်ပြွန် ပိတ်ခြင်း
  • အချိန်မှန်မှန် နို့မတိုက်ခြင်း
  • နို့မညှစ်ထုတ်ခြင်း
  • နို့တိုက်ကျွေးပုံ မမှန်ကန်ခြင်း
  • ရင်သားသန့်ရှင်းမှုမရှိခြင်း

အထက်ပါအခြေအနေများတွင် ဘက်တီးရီးယားပိုးများ (အထူးသဖြင့် Staphylococcus aureus) ဝင်ရာမှ ရောင်ရမ်းခြင်းဖြစ်သည်။

နို့တိုက်မိခင်မဟုတ်သော သူများ
  • နို့ရည်ပြွန် ကျယ်ခြင်း (ductal ectasia)
  • ဆေးလိပ်သောက်ခြင်း
  • ရောဂါအခံ (ဥပမာ _ ဆီးချိုရောဂါ) ရှိနေခြင်း
  • ရင်သား ထိခိုက်ဒဏ်ရာရဖူးခြင်း
  • မိမိရင်သားအရွယ်အစားနှင့် အဆင်မပြေသော အလွန်ကျပ်သော အတွင်းခံများဝတ်ခြင်းစသည့် အခြေအနေရှိသော အမျိုးသမီးများတွင် အဖြစ်များသည်။
ရောဂါလက္ခဏာများ
  • ရင်သားတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် နာကျင်ခြင်း
  • အရေပြားပေါ်တွင် ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ဖြစ်သောနေရာတွင် ပူနွေးနေခြင်း
  • အရေပြားဖောင်းလာ၍ အစဦးပိုင်းတွင် ပျော့ရာမှ တဖြည်းဖြည်း မာမာခဲခဲ ဖြစ်လာခြင်း၊ အလုံးကဲ့သို့ ဖြစ်ပေါ်လာခြင်း
  • ပျော့ပျောင်းသော သို့မဟုတ် မာသော အဖုအကျိတ် (ပြည်ကဲ့သို့) စမ်းမိခြင်း
  • မိခင်နို့တိုက်ချိန်တွင် နာကျင်မှုပိုမိုဖြစ်ခြင်း
  • တစ်ခါတစ်ရံ နို့သီးခေါင်းမှ သို့မဟုတ် ပြည်တည်နာအပေါ်ရှိ အရေပြားမှ ပြည်များ ပေါက်ထွက်လာခြင်း
  • ကိုယ်ပူခြင်း (ဖျားခြင်း)၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ရင်သားပိုးဝင်ရောင်ရမ်းခြင်းနှင့် ရင်သားပြည်တည်နာသည် မကုသပါက အောက်ပါအခြေအနေများ ဆက်လက် ဖြစ်ပေါ်လာနိုင်သည်။

  • ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
  • နာတာရှည် ပြည်တည်နာ ဖြစ်လာပြီး ရင်သားတစ်ရှူးနှင့် အရေပြားအကြား ပုံမှန်မဟုတ်သော လမ်းကြောင်းများ ဖြစ်ပေါ်လာခြင်း
  • ရင်သားပြွန်ပျက်စီးခြင်းနှင့် ရင်သားပုံသဏ္ဌာန် ပြောင်းလဲသွားခြင်း
  • နို့တိုက်ရန်ခက်ခဲခြင်း သို့မဟုတ် နို့မတိုက်နိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ဖော်ပြပါ လက္ခဏာများ တစ်ခုခုဖြစ်ပွါးပါက မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေး၍ အမြန်ဆေးကုသမှုခံယူသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

  • ရင်သားပိုးဝင်ရောင်ရမ်းခြင်းနှင့် ဆက်တိုက်နာကျင်ခြင်း
  • နို့သီးခေါင်းမှ ပြည် (သို့မဟုတ်) သွေးရောင် အရည်ထွက်လာခြင်း
  • နာကျင်မှုကြောင့် နို့မတိုက်နိုင်ခြင်း သို့မဟုတ် နို့တိုက်စဥ်တွင် သက်သောင့်သက်သာမရှိခြင်း
  • ရင်သားပိုမိုရောင်ရမ်းလာခြင်း သို့မဟုတ် ပြည်တည်နာ အရွယ်အစား လျင်မြန်စွာ ကြီးလာခြင်း
ရောဂါရှာဖွေခြင်း

ဆရာဝန်မှ အောက်ဖော်ပြပါ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်။

  • ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Breast examination)
  • ရင်သား အာထရာဆောင်း (Ultrasound Breast) ရိုက်ခြင်း
  • ပိုးမွေး စစ်ဆေးခြင်း (Pus for culture & sensitivity)
  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
    ရိုးရိုးပြည်တည်နာ (သို့မဟုတ်) ရင်သား အလုံးအကျိတ် ရှိမရှိ ကွဲပြားစွာသိရှိနိုင်ရန် ဆရာဝန်မှ စမ်းသပ်မည်။ ရင်သား (၂) ဖက်၊ ချိုင်း၊ ရင်ဘတ်နှင့် လည်ပင်းများကို ထိုင်လျက် တစ်ကြိမ်၊ လဲလျောင်းလျက် တစ်ကြိမ် စမ်းသပ်မည်ဖြစ်သည်။
  2. ရင်သားအာထရာဆောင်းရိုက်ခြင်း (Ultrasound breast)
    ရင်သားအာထရာဆောင်း ရိုက်ခြင်းဖြင့် အရွယ်အစား၊ ပြည်ပမာဏနှင့် တည်နေရာတို့ကို အတည်ပြုနိုင်သည်။ ထို့အပြင် ပြည်တည်သည့် နေရာအား အာထရာဆောင်းလမ်းညွှန်မှုဖြင့် တိကျစွာ ရှာဖွေကာ ပြည် စုပ်ထုတ်နိုင်သည်။
  3. ပြည်ပိုးမွေးခြင်းနှင့် ပဋိဇီဝပိုးသတ်ဆေး ထိရောက်မှုအား စစ်ဆေးခြင်း (Pus for culture & sensitivity)
    ပြည်တည်နာဟု အဖြေထွက်ပါက အပ်ဖြင့် ပြည်များ စုပ်ထုတ်၍ ထုတ်ယူရရှိသောအရည်ကို ဓာတ်ခွဲခန်းသို့ ပို့ကာ ဘက်တီးရီးယား ပိုးမွေး၍ စစ်ဆေးပြီး မည်သည့်ပိုးသတ်ဆေးဖြင့် ပိုးကို ကုသနိုင်မည်ကို စစ်ဆေးမည်ဖြစ်သည်။ တစ်ခါတစ်ရံ နို့ရည်နမူနာကိုယူကာ ပိုးမွေး၍ စမ်းသပ်နိုင်သည်။
ကုသခြင်း
  1. ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
    • ပိုးမွေးစစ်ဆေးချက်အရ အတည်ပြုပြီးသော သို့မဟုတ် ဖြစ်နိုင်ခြေရှိသော ဘက်တီးရီးယားပိုး အမျိုးအစားပေါ် အခြေခံ၍ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများ သုံးစွဲနိုင်သည်
    • ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း အတိအကျ လိုက်နာသုံးစွဲသင့်သည်
    • ဆေးပမာဏနှင့်ကုသမှုကြာချိန်တို့သည် ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုအပြင် လူနာ၏ကျန်းမာရေးအခြေအနေများ‌ပေါ်တွင် မူတည်၍ ကွဲပြားနိုင်သည်။
  2. ရောဂါလက္ခဏာများ သက်သာစေရန် ကုသခြင်း
    • အကိုက်အခဲပျောက်ဆေးများ (paracetamol, NSAIDs) အား ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးသင့်သည်
    • ရင်သားနာကျင်မှုအတွက် ရေအေးအိတ် (သို့မဟုတ်) ရေအေးဆွတ်ထားသော အဝတ်ကပ်ပေးခြင်းဖြင့် နာကျင်မှု သက်သာနိုင်သည်
    • နို့ထွက်ကောင်းစေရန်အတွက် ရေနွေးအိတ် (သို့မဟုတ်) ရေနွေးဝတ်ဆွတ်ထားသော အဝတ်ကပ်ပေးခြင်းဖြင့် နို့ထွက်အား ကောင်းစေသည်
    • နို့ရည်များဖြင့် ပြည့်တင်းခဲနေလျှင် ရေနွေးဝတ်ဖြင့် နှိပ်နယ်ပြီး နို့အုံပျော့ပျောင်းလာသည်အထိ နို့ရည်များညှစ်ထုတ်ပါ
    • ရင်သား နှစ်ဖက်စလုံးမှ မိခင်နို့တိုက်ကျွေးရန် အရေးကြီးသည်
  3. ခွဲစိတ်ကုသခြင်း
    • ရင်သားပြည်တည်နာ အရွယ်အစားနှင့် ပြင်းထန်မှုပေါ် မူတည်၍ ရင်သားတွင် ခွဲကြောင်းပေး၍ ပြည်များကို ခွဲစိတ်ဖယ်ရှားသည်
    • အနာအ‌ခြေအနေအရ စနစ်တကျ ဆေးထည့်ကုသရန်လည်း လိုအပ်သည်
  4. အပ်ဖြင့် စုပ်ထုတ်ခြင်း
    • အာထရာဆောင်း အထောက်အကူဖြင့် စုပ်ထုတ်လေ့ရှိသည်
    • သေးငယ်သောပြည်တည်နာ (၃ စင်တီမီတာထက်ငယ်သော) နှင့် အခန်းတစ်ခုတည်းရှိသော ပြည်တည်နာများတွင် သင့်တော်သည်
    • (၂–၃) ရက် တစ်ကြိမ်ခန့် ထပ်စုပ်ထုတ်ရန် လိုအပ်နိုင်သည်
ကာကွယ်ခြင်း

ရင်သားပိုးဝင်ရောင်ရမ်းခြင်းနှင့် ရင်သားပြည်တည်နာကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • နို့တိုက်ကျွေးစဥ် နို့ရည်ကုန်စင်အောင် သတိထား၍ နို့တိုက်ခြင်း၊ နို့ရည်ညှစ်ပေးခြင်း
  • နို့သီးခေါင်းသန့်ရှင်းမှုကို ဂရုစိုက်ပြီး၊ ကွဲအက်ဒဏ်ရာတစ်ခုခု ရှိမရှိ မကြာခဏစစ်ဆေးခြင်း
  • နို့ရည်ပြွန်ပိတ်ခြင်းမှ ကာကွယ်ရန် မှန်ကန်သော နို့တိုက်နည်းကို အသုံးပြုခြင်း
  • ရင်သားအရွယ်အစားနှင့် အဆင်မပြေသော အလွန်ကျပ်သော အမျိုးသမီးအတွင်းခံများ ဝတ်ခြင်းမှ ရှောင်ကြဥ်ခြင်း
  • ရင်သားပြောင်းလဲမှုများကို သိရှိနိုင်စေရန် မိမိကိုယ်တိုင် ရင်သားစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ခြင်း

ရင်သားမသက်မသာဖြစ်ခြင်း သို့မဟုတ် မူမမှန်ခြင်းများ တွေ့ရှိပါက မိသားစုဆရာဝန်နှင့် စောစီးစွာ ဆွေးနွေးကုသမှုခံယူသင့်သည်။

References

  1. Cleveland Clinic. (2024). How to know if you could have a breast abscess — and what to do about it. Retrieved August 5, 2025, from https://health.clevelandclinic.org/breastfeeding-that-hot-hard-painful-lump-in-your-breast-might-be-an-abscess
  2. Mayo Clinic. (n.d.). Mastitis: Diagnosis and treatment. Retrieved August 5, 2025, from https://www.mayoclinic.org/diseases-conditions/mastitis/diagnosis-treatment/drc-20374834
  3. National Health Service. (2025). Mastitis. Retrieved August 5, 2025, from https://www.nhs.uk/conditions/mastitis/
  4. National Health Service. (2025). Breast abscess. Retrieved August 5, 2025, from https://www.nhs.uk/conditions/breast-abscess/

Published: 22 August 2025

Share

22 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.