Breast Cancer (ရင်သားကင်ဆာ)

Breast Cancer (ရင်သားကင်ဆာ)

ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အတွေ့ရအများဆုံးသော ကင်ဆာဖြစ်သည်။ ယေဘုယျအားဖြင့် ရင်သားကင်ဆာသည် အသက် (၅၀) နှင့်အထက် အမျိုးသမီးများတွင် အများဆုံး ဖြစ်ပွါးလေ့ရှိသော်လည်း အသက် (၅၀) အောက် ငယ်ရွယ်သော အမျိုးသမီးများနှင့် အမျိုးသားများတွင်လည်း ဖြစ်ပွါးနိုင်သည်။

ရင်သားကင်ဆာ အမျိုးအစားများ

အဖြစ်များသော ရင်သားကင်ဆာ အမျိုးအစားများမှာ_

  1. နို့ရည်ပြွန်များမှ ဖြစ်ပွါးပျံ့နှံ့သော ရင်သားကင်ဆာ (Invasive Ductal Carcinoma)
    အဖြစ်အများဆုံး ရင်သားကင်ဆာ အမျိုးအစားဖြစ်ပြီး နို့ရည်ပြွန်များတွင် စတင်ဖြစ်ပွါးကာ အနီးအနားရှိ ရင်သားတစ်ရှူးများသို့ ပျံ့နှံ့သွားတတ်သည်။
  2. နို့ရည်ထုတ်လုပ်သော ဂလင်းများမှ ဖြစ်ပွါးပျံ့နှံ့သော ရင်သားကင်ဆာ (Lobular breast cancer)
    ဒုတိယ အဖြစ်အများဆုံး ရင်သားကင်ဆာ အမျိုးအစားဖြစ်ပြီး နို့ရည်ထုတ်လုပ်ပေးသော ရင်သားဂလင်းတစ်ရှူးများတွင် စတင်ဖြစ်ပွါးကာ အနီးအနားရှိ ရင်သားတစ်ရှူးများသို့ ပျံ့နှံ့သွားတတ်သည်။
  3. နို့ရည်ပြွန်တွင်း ရင်သားကင်ဆာ (Ductal Carcinoma in-situ – DCIS)
    နို့ရည်ပြွန်တွင်သာ ကင်ဆာအကျိတ်တည်ရှိပြီး အခြား ရင်သားတစ်ရှူးများသို့ မပျံ့နှံ့သေးသော ကင်ဆာအမျိုးအစားဖြစ်သည်။
  4. နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်လည်ရှိ အရေပြားတွင် ဖြစ်သော ရင်သားကင်ဆာ (Paget’s disease of the breast)
    ရှားပါးသော ကင်ဆာအမျိုးအစားဖြစ်ပြီး နို့သီးခေါင်းအရေပြားတွင် အင်ပျဥ် (သို့မဟုတ်) နှင်းခူထွက်သကဲ့သို့ ပေါ်လာတတ်သည်။
  5. ရောင်ရမ်းနေသည့် ရင်သားကင်ဆာ (Inflammatory breast cancer)
    ဤကင်ဆာအမျိုးအစားသည် လျင်မြန်စွာ ကြီးထွားတတ်ပြီး ရောဂါပြင်းထန်တတ်သည်။ နို့ရည်ပြွန် ကင်ဆာ အမျိုးအစားတစ်မျိုးဖြစ်ပြီး ပြန်ရည်ကြောများ ပိတ်ဆို့ခြင်းကြောင့် ရင်သားတစ်ခုလုံး နီရဲရောင်ရမ်းနေသည့်သဏ္ဌာန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
    ထို့အပြင် အီစတိုဂျင်ဟော်မုန်း၊ ပရိုဂျက်စတီရုန်းဟော်မုန်းနှင့် HER2 ပရိုတင်းဓာတ် လက်ခံသည့် မော်လီကျူး (၃) မျိုး (Oestrogen receptor, Progesterone receptor, HER2 receptor) ပါရှိမှု အခြေအနေအပေါ်မူတည်၍ ရင်သားကင်ဆာကို အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်။ အဆိုပါ လက်ခံမော်လီကျူးများကို ရင်သားကင်ဆာ အသားစတွင် စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာကုထုံးများ ရွေးချယ်ရာတွင်လည်း အထောက်အကူပြုသည်။
    • ER-positive (ER+) – အီစတိုဂျင်ဟော်မုန်းလက်ခံမော်လီကျူး ပါရှိသော ရင်သားကင်ဆာ
    • PR-positive (PR+) – ပရိုဂျက်စတီရုန်းဟော်မုန်းလက်ခံမော်လီကျူး ပါရှိသော ရင်သားကင်ဆာ
    • HR-positive (HR+) – အီစတိုဂျင်ဟော်မုန်း နှင့် ပရိုဂျက်စတီရုန်းဟော်မုန်း (၂) ခု၏ လက်ခံမော်လီကျူးများ ပါရှိသော ရင်သားကင်ဆာ
    • HR-negative (HR-) – အီစတိုဂျင်ဟော်မုန်း နှင့် ပရိုဂျက်စတီရုန်းဟော်မုန်း (၂) ခု၏ လက်ခံမော်လီကျူးများ မပါရှိသော ရင်သားကင်ဆာ
    • HER2-positive (HER2+) – HER2 ပရိုတင်းဓာတ်လက်ခံမော်လီကျူး ပါရှိသော ရင်သားကင်ဆာ
    • Triple-positive – အထက်ပါ လက်ခံမော်လီကျူး (၃) မျိုးလုံး ပါရှိသော ရင်သားကင်ဆာ
    • Triple negative – အထက်ပါ လက်ခံမော်လီကျူး (၃) မျိုးလုံး မပါရှိသော ရင်သားကင်ဆာ

အထက်ပါ အမျိုးအစားများအနက် Triple-negative ရင်သားကင်ဆာ အမျိုးအစားသည် ပြင်းထန်တတ်ပြီး အခြားရင်သားကင်ဆာများထက် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့တတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ယေဘုယျအားဖြင့် ဆဲလ်များ ပုံမှန်ပွါးများခြင်း၊ ကြီးထွားခြင်းနှင့် သေဆုံးခြင်းများကို ဆဲလ်အတွင်းရှိ ဒီအန်အေမှ ထိန်းချုပ်ထားသည်။ ပုံမှန်ဆဲလ်များ၏ ဒီအန်အေတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသောအခါ ကင်ဆာဆဲလ်အဖြစ် ပြောင်းသွားသည်။ ထိုကင်ဆာဆဲလ်များသည် ထိန်းချုပ်၍ မရနိုင်အောင် ပွါးများစုစည်းလာသောအခါ အလုံးအကျိတ် (Tumor) ဖြစ်လာသည်။

သို့သော် ထိုသို့ပြောင်းလဲမှုကို စတင်ဖြစ်ပွါးစေသည့် အကြောင်းရင်းကို တိကျသေချာစွာ မသိရှိသေးပေ။ သုတေသနပြုချက်များအရ ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေကို မြင့်တက်စေနိုင်သော အန္တရာယ်အချက်များစွာရှိကြောင်း တွေ့ရှိရသည်။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေသောအချက်များ
  • အသက်အရွယ် _ အသက် (၅၅) နှစ်နှင့်အထက် ဖြစ်ခြင်း
  • ကျား၊ မ _ အမျိုးသားများထက် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေ ပိုများသည်
  • မိသားစုတွင် ရင်သားကင်ဆာ ရာဇဝင်ရှိခြင်း _ မိဘ၊ မောင်နှမ (သို့မဟုတ်) သားသမီးတစ်ဦးဦးတွင် ရင်သားကင်ဆာ ဖြစ်ပွါးခဲ့လျှင်၊ အသက်ငယ်ရွယ်စဉ် ရင်သားကင်ဆာ ဖြစ်ပွါးခဲ့သော မိသားစုဝင်ရှိလျှင် (သို့မဟုတ်) ရင်သားကင်ဆာ ဖြစ်ပွါးခဲ့သော မိသားစုဝင်များစွာရှိလျှင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများသည်
  • မျိုးဗီဇ _ ရင်သားကင်ဆာ ဖြစ်ပွါးသူများ၏ (၁၅) ရာခိုင်နှုန်းသည် မျိုးရိုးလိုက်သော မျိုးဗီဇပြောင်းလဲမှုများကြောင့်ဖြစ်သည်၊ BRCA1 နှင့် BRCA2 မျိုးဗီဇ ပြောင်းလဲမှုသည် အဖြစ်အများဆုံးဖြစ်သည်
  • ရင်သားကင်ဆာ ဖြစ်ဖူးခြင်း _ ရင်သားတစ်ဖက်တွင် ကင်ဆာဖြစ်ပွါးခဲ့လျှင် အခြားတစ်ဖက်တွင် ကင်ဆာဖြစ်ပွါးနိုင်ခြေ ပိုများသည်
  • အချို့ရင်သားရောဂါအခြေအနေများ _ ဥပမာ – lobular carcinoma in situ (LCIS) နှင့် atypical hyperplasia of the breast တို့တွင် ရင်သားကင်ဆာဖြစ်နိုင်ခြေ များသည်
  • အသက် (၁၂) နှစ်မတိုင်မီ ရာသီသွေး စပေါ်သူများ
  • အသက် (၅၅) နှစ်ကျော်မှ သွေးဆုံးသူများ
  • အသက် (၃၀) နှစ်ကျော်မှ ပထမဆုံးအကြိမ် ကလေးမွေးဖွားသူများ
  • ကိုယ်ဝန်မဆောင်ဖူးသူများ
  • အရက်သောက်ခြင်း
  • ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်း
  • အဝလွန်ခြင်း
  • ဓာတ်ရောင်ခြည်ထိတွေ့မှု _ အထူးသဖြင့် ဦးခေါင်း၊ လည်ပင်း (သို့မဟုတ်) ရင်ဘတ်တို့အား ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးခြင်း
  • သွေးဆုံးချိန် ဟော်မုန်းအစားထိုးကုထုံး ယူထားသူများ
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ သိသာထင်ရှားစွာ မပြသဘဲ ရင်သားကင်ဆာ ရှိနေနိုင်သည်။ ကင်ဆာအဆင့်အလိုက် ကွဲပြားခြားနားသော လက္ခဏာများစွာရှိသည်။

ရင်သားကင်ဆာ လက္ခဏာများမှာ_

  • ရင်သား၏ အရွယ်အစား၊ ပုံသဏ္ဌာန် (သို့မဟုတ်) အသွင်အပြင် ပြောင်းလဲခြင်း
  • ရင်သားအကျိတ်ပေါ်ခြင်း (အလွန်သေးငယ်သော ပဲစေ့အရွယ်အစားမျှသာ ရှိနေနိုင်သည်)
  • ရင်သားအတွင်း (သို့မဟုတ်) ချိုင်းကြားတွင် အကျိတ် စမ်းမိခြင်း (သို့မဟုတ်) မာမာအခဲ စမ်းမိခြင်း
  • ရင်သား (သို့မဟုတ်) နို့သီးခေါင်းရှိ အရေပြား၏ အသွင်အပြင် (သို့မဟုတ်) ခံစားမှု ပြောင်းလဲခြင်း
  • အရေပြား ချိုင့်ဝင်နေခြင်း၊ လိမ္မော်ခွံကဲ့သို့ ဖြစ်ခြင်း၊ အကြေးခွံများကဲ့သို့ အဖတ်များ ဖြစ်ပေါ်ခြင်း (သို့မဟုတ်) ရင်သား ရောင်ရမ်းနေခြင်း
  • ရင်သားအရေပြား (သို့မဟုတ်) နို့သီးခေါင်းအောက်တွင် ကျောက်ပြားကဲ့သို့ မာကျောသောအရာတစ်ခု စမ်းမိခြင်း
  • နို့သီးခေါင်းမှ သွေးရည်ကြည် (သို့မဟုတ်) အရည်ကြည်ထွက်ခြင်း
  • နို့သီးခေါင်း ချိုင့်ဝင်သွားခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ရင်သားကင်ဆာ၏ အဓိကအကျဆုံး နောက်ဆက်တွဲပြဿနာမှာ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ကင်ဆာပျံ့ပွါးခြင်းဖြစ်သည်။ အထူးသဖြင့် ဦးနှောက်၊ အဆုတ်၊ အသည်း၊ အရိုးများအထိ ကင်ဆာပျံ့နှံ့နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရင်သားကင်ဆာ လက္ခဏာများ ခံစားရပါက (သို့မဟုတ်) မိမိရင်သားတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ သတိပြုမိပါက အချိန်မဆိုင်းဘဲ မိသားစုဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

ရင်သားကင်ဆာလက္ခဏာများ၊ ရင်သားကင်ဆာ ပိုမိုဖြစ်နိုင်သောအချက်များ ရှိမရှိ စသည့် ရောဂါရာဇဝင်ကို ဆရာဝန်မှ အသေးစိတ်မေးမြန်းပြီး အောက်ဖော်ပြပါ စစ်ဆေးခြင်း အဆင့် (၃) ဆင့်ကို ပြုလုပ်မည်ဖြစ်သည်။

  1. ဆရာဝန်မှ ရင်သား စမ်းသပ်စစ်ဆေးခြင်း (Breast examination)
  2. ရင်သားဓာတ်မှန် (သို့မဟုတ်) ရင်သား အာထရာဆောင်းရိုက် စစ်ဆေးခြင်း (Breast imaging)
  3. အသားစယူ စစ်ဆေးခြင်း (Biopsy) တို့ဖြစ်သည်။
  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
    ရိုးရိုးအကျိတ် (သို့မဟုတ်) ကင်ဆာအကျိတ် ဖြစ်သည်ကို ကွဲပြားစွာသိရှိနိုင်ရန် ဆရာဝန်မှ စမ်းသပ်မည်။ ရင်သား (၂) ဖက်၊ ချိုင်း၊ ရင်ဘတ်နှင့် လည်ပင်းများကို ထိုင်လျက် တစ်ကြိမ်၊ လဲလျောင်းလျက် တစ်ကြိမ် စမ်းသပ်မည် ဖြစ်သည်။
  2. ရင်သားဓာတ်မှန် (Mammogram) (သို့မဟုတ်) အာထရာဆောင်းရိုက်ခြင်း
    ရင်သားဓာတ်မှန် ဖြစ်စေ၊ ရင်သား အာထရာဆောင်းဖြစ်စေ၊ (၂) မျိုးလုံးဖြစ်စေ ရိုက်ရန်လိုအပ်သည်။ လိုအပ်ပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ရန် ညွှန်ကြားနိုင်သည်။
  3. အသားစယူစစ်ဆေးခြင်း
    အသားစယူ စစ်ဆေးနည်း အမျိုးမျိုးရှိသည်။
    • ဆေးထိုးအပ်ဖြင့် အသားစယူခြင်း
    • အထူးပြုလုပ်ထားသောအပ်ဖြင့် အသားစယူခြင်း
    • အလုံးတစ်ခုလုံး ခွဲစိတ်ထုတ်ယူစစ်ဆေးခြင်းတို့ ဖြစ်ကြသည်။
      ရရှိလာသောအသားစကို ဓာတ်ခွဲခန်းသို့ပို့၍ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးအတည်ပြုမည်ဖြစ်သည်။ အသားစတွင် ကင်ဆာဆဲလ်များ တွေ့ရှိပါက ရင်သားကင်ဆာရောဂါ ဖြစ်ပွါးနေကြောင်း ဆရာဝန်မှ ရှင်းပြမည်။

ထို့နောက် ရင်သားကင်ဆာ အဆင့်သတ်မှတ်ရန် (Breast cancer staging) နှင့် သင့်လျော်သော ကုထုံးများ သိရှိနိုင်ရန် အောက်ဖော်ပြပါ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် ညွှန်ကြားမည်။

ရင်သားကင်ဆာ အဆင့်သတ်မှတ်ခြင်း (Breast Cancer Staging)

ရင်သားကင်ဆာအဆင့် သတ်မှတ်ခြင်းသည် ရင်သားကင်ဆာ အမျိုးအစား၊ အကျိတ်၏ အရွယ်အစားနှင့် တည်နေရာ၊​ ကင်ဆာသည် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ရှိမရှိ စသည့်အချက်များပေါ်တွင် မူတည်သည်။
အောက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ကင်ဆာအဆင့် သိရှိနိုင်သည်။

  • ရင်ခေါင်းနှင့် ဝမ်းဗိုက်အတွင်း ကင်ဆာပျံ့နှံ့မှုအား သိရှိနိုင်ရန် ကွန်ပျူတာဓာတ်မှန်ရိုက်စစ်ဆေးခြင်း (Chest and Abdominal CT scan)
  • တစ်ကိုယ်လုံးရှိ အရိုးများတွင် ကင်ဆာပျံ့နှံ့မှုအား သိရှိနိုင်ရန် ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan)
  • ကင်ဆာဆဲလ်ရောက်ရှိနေနိုင်သော ကိုယ်ခန္ဓာအပိုင်းများအား သိရှိနိုင်ရန် ပီအီးတီစကင်န် ရိုက်ခြင်း Positron Emission Tomography scan (PET scan) စသည်တို့ဖြစ်သည်။
ရင်သားကင်ဆာအဆင့်များ

ရင်သားကင်ဆာအဆင့်များသည် အဆင့် (၀) မှ (၄) အထိရှိသည်။ အဆင့်နံပါတ် နည်းသည်နှင့်အမျှ ကင်ဆာအဆင့် ပိုနိမ့်ပြီး ပျောက်ကင်းနိုင်ခြေ ပိုများသည်။

ရင်သားကင်ဆာအဆင့်သတ်မှတ်ချက်
အဆင့် (၀)နို့ရည်ပြွန်များအတွင်း၌သာ တည်ရှိနေပြီး ရင်သား၏ အခြားအစိတ်အပိုင်းများသို့ ထိုးဖောက်ဝင်ရောက်ခြင်း မရှိသေးသော အဆင့်
အဆင့် (၁)ကင်ဆာအကျိတ် အရွယ်အစား (၂) စင်တီမီတာထက် သေးငယ်ပြီး ရင်သားတစ်ရှူးအတွင်းသာ တည်ရှိသည့် အဆင့်
အဆင့် (၂)ကင်ဆာအကျိတ် အရွယ်အစား (၂) စင်တီမီတာထက် သေးငယ်သော်လည်း ချိုင်းရှိ ပြန်ရည်ကြောအကျိတ် (တစ်လုံး မှ သုံးလုံးအထိ) တွင်ပါ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေသော အဆင့်
သို့မဟုတ်
ကင်ဆာအကျိတ် (၂)စင်တီမီတာ မှ (၅)စင်တီမီတာကြား အရွယ်အစားရှိပြီး ချိုင်းပြန်ရည်ကြောအကျိတ်များသို့ ကင်ဆာဆဲလ်များ မရောက်သေးသော အဆင့်
အဆင့် (၃)ကင်ဆာအကျိတ်သည် (၅) စင်တီမီတာထက် ကြီးပြီး ချိုင်းပြန်ရည်ကြောအကျိတ် (တစ်လုံး မှ သုံးလုံးအထိ) တွင်ပါ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေသောအဆင့်
သို့မဟုတ်
ချိုင်းပြန်ရည်ကြောအကျိတ် (၄) လုံးနှင့်အထက်တွင် ကင်ဆာဆဲလ်များ ရောက်ရှိနေသော အဆင့်
သို့မဟုတ်
ရင်ဘတ်ကြွက်သားများ (သို့မဟုတ်) ရင်သားအရေပြားသို့ ကင်ဆာဆဲလ်များ ရောက်ရှိနေသောအဆင့်
အဆင့် (၄)ကင်ဆာဆဲလ်များသည် ရင်သားမှ အဆုတ်၊ အသည်း၊ ဦးနှောက်၊ အရိုးစသည့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိသွားသောအဆင့်

ထို့အပြင် ရင်သားကင်ဆာကုထုံးများ ရွေးချယ်ရာတွင် အထောက်အကူပြုသည့် အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

  • ရင်သားကင်ဆာကို ဖြစ်စေသော မျိုးဗီဇ စစ်ဆေးခြင်း (Genetic tests)
  • ဟော်မုန်းလက်ခံမော်လီကျူးများ ရှိမရှိ စစ်ဆေးခြင်း (Immunohistochemistry)
ကုသခြင်း
ခွဲစိတ်ကုသခြင်း (Breast Cancer Surgery)

ရင်သားကင်ဆာကုသရာတွင် ခွဲစိတ်ကုသခြင်းသည် အဓိကဖြစ်သည်။ အမေရိကန် အမျိုးသားကင်ဆာဌာန၏ စာရင်းများအရ ရင်သားကင်ဆာအား စနစ်တကျ ကုသမှုခံယူလျှင် လူနာ (၉၁%) တွင် အနည်းဆုံး (၅) နှစ်ကြာ ကျန်းမာစွာအသက်ရှင်ခွင့် ရှိကြသည်။

ခွဲစိတ်ကုသမှုပြုလုပ်ရာတွင်

  • ရင်သားထဲတွင်သာ ကင်ဆာကျိတ်ရှိပြီး၊ ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့မှုမရှိသေးလျှင် (၉၉%)
  • ပြန်ရည်ကျိတ်များထိ ပျံ့နှံ့ပြီးလျှင် (၈၆%)
  • အခြားအင်္ဂါအစိတ်အပိုင်းများသို့ပါ ပျံ့နှံ့ပြီးလျှင် (၃၀%) ကျန်းမာစွာအသက်ရှင်ခွင့် ရနိုင်ကြောင်းတွေ့ရသည်။

ထို့ကြောင့် ကင်ဆာအဆင့်နိမ့်ချိန်တွင် ခွဲစိတ်ကုသမှုသည် ကုသအောင်မြင်မှုနှုန်းများကြောင်း တွေ့နိုင်သည်။

ရင်သားကင်ဆာ ခွဲစိတ်ကုသခြင်း နည်းလမ်းများ

  • ကင်ဆာအကျိတ်ရှိသော ရင်သားအစိတ်အပိုင်းကိုသာ ခွဲစိတ်ဖယ်ရှားခြင်း (Lumpectomy)
  • ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (Mastectomy) ဟူ၍ (၂) မျိုးရှိသည်။

ထို့အပြင် အောက်ပါ ခွဲစိတ်မှုများကို လိုအပ်သကဲ့သို့ ဆက်လက်ပြုလုပ်သည်။

  • နမူနာ ပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်း (Sentinel Node Biopsy)
  • ချိုင်းကြားရှိ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေနိုင်သော ပြန်ရည်ကျိတ်များ ခွဲစိတ်ထုတ်ခြင်း (Lymphadenectomy)

ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားမှုအပြီးတွင် ရင်သားပုံသဏ္ဌာန် ပြန်ရရန် ရင်သားပြန်လည်ပြုပြင်ခြင်း (Breast reconstruction) ခွဲစိတ်မှုကို ရောဂါအခြေအနေအလိုက် ပြုလုပ်သည်။

ခွဲစိတ်မှုနှင့် ပေါင်းစပ်၍ တွဲဖက်ကုသမှုများ (Adjuvant therapy)

ကင်ဆာအဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံ စသည့်အချက်များပေါ် မူတည်၍ ခွဲစိတ်ကုသမှုမတိုင်မီ သို့မဟုတ် ခွဲစိတ်မှုအပြီးတွင် အောက်ဖော်ပြပါ အခြားကုသနည်း တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ပေါင်းစပ်ကုသသည်။

ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)

များသောအားဖြင့် ခွဲစိတ်မှု အပြီးတွင် ပေးလေ့ရှိသည်။ ခွဲစိတ်ပြီးနောက် ကျန်ရှိနေနိုင်သည့် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော ကင်ဆာဆဲလ်များကို သေစေပြီး ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။

  • ကင်ဆာအရွယ်အစားကို သေးငယ်စေရန်အတွက်လည်း ခွဲစိတ်မှုမတိုင်မီတွင် အသုံးပြုနိင်သည်၊ ထိုသို့ကုသပါက ချိုင်းပြန်ရည်ကြောအကျိတ်များရှိ ကင်ဆာဆဲလ်များကိုပါ သေစေသောကြောင့် ပြန်ရည်ကျိတ်များ ခွဲစိတ်ထုတ်ရန် မလိုတတ်ပေ
  • ခွဲစိတ်၍မရသော ကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေသော ကင်ဆာများအတွက် လက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
  • တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်၍ အသုံးပြုသည်
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)

ခွဲစိတ်၍မရနိုင်သော ကင်ဆာအကျိတ်များတွင် ကင်ဆာအရွယ်အစား ကျုံ့သွားစေရန်နှင့် ချိုင်းပြန်ရည်ကြောအကျိတ်များတွင် ပျံ့နှံ့ရောက်ရှိနေနိုင်သော ကင်ဆာဆဲလ်များ သေစေရန် အသုံးပြုသည်။

  • တစ်ခါတစ်ရံတွင် ကင်ဆာဆေးဝါးများနှင့်အတူ တစ်ပြိုင်တည်း အသုံးပြုသည်
  • ကင်ဆာအကျိတ်ရှိသော ရင်သားအစိတ်အပိုင်းကိုသာ ခွဲစိတ်ဖယ်ရှားကာ ကျန်ရှိသော အကျိတ်အနီးရှိ ပုံမှန်ရင်သားတစ်ရှူးများအား ချက်ချင်း ဓာတ်ရောင်ခြည်ဖြင့် ကုသနိုင်သည်၊ ၄င်းကို Intraoperative radiation therapy (IORT) ဟုခေါ်သည်
ဟော်မုန်းထိန်းညှိဆေးဝါးများဖြင့် ကုသခြင်း (Hormonal therapy)
  • ခန္ဓာကိုယ်မှ ထုတ်လုပ်လိုက်သော အီစတိုဂျင်ဟော်မုန်းနှင့် ပရိုဂျက်စတီရုန်းဟော်မုန်းများသည် ‌ဟော်မုန်းလက်ခံမော်လီကျူးများနှင့် ပေါင်းကာ ကင်ဆာအကျိတ်ကို ကြီးထွားစေသည်၊ ထို့ကြောင့် အဆိုပါ ဟော်မုန်းများ ထုတ်လုပ်မှုနှင့် ဟော်မုန်းအာနိသင် သက်ရောက်မှုတို့အား ပိတ်လိုက်ခြင်းဖြင့် ကင်ဆာဆဲလ်များ ကြီးထွားပွါးများခြင်းကို တားဆီးခြင်းဖြစ်သည်
  • အီစတိုဂျင်ဟော်မုန်းနှင့် ပရိုဂျက်စတီရုန်းဟော်မုန်းလက်ခံမော်လီကျူးများ ပါရှိသော ရင်သားကင်ဆာ (ER positive and PR positive breast cancer) အမျိုးအစားများအတွက် ထိရောက်သော ကုသမှုတစ်ခုဖြစ်သည်
ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)

ကင်ဆာဆဲလ်များတွင်သာ ရှိသော ဓာတုမော်လီကျူး၊ ပဋိပစ္စည်း (သို့မဟုတ်) ပရိုတင်းမော်လီကျူးများကို ပစ်မှတ်ထား ရှာဖွေတိုက်ခိုက်သောဆေးများ အသုံးပြုကုသခြင်းဖြစ်သည်။

  • ရင်သားကင်ဆာတွင် ရှိသော HER2 ပရိုတင်းအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်
  • ခွဲစိတ်မှုမတိုင်မီ ကင်ဆာအရွယ်အစား သေးငယ်စေရန် အသုံးပြုနိုင်သည်
  • ခွဲစိတ်မှုပြီးနောက် ကင်ဆာ ပြန်လည်ဖြစ်ပွါးမှုအား လျှော့ချရန်အတွက်လည်း အသုံးပြုသည်
ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)

ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြုသည်။ အီစတိုဂျင်ဟော်မုန်း၊ ပရိုဂျက်စတီရုန်းဟော်မုန်းနှင့် HER2 ပရိုတင်းဓာတ်များကို လက်ခံမော်လီကျူး (Receptors) များ မပါရှိသည့် Triple-negative breast cancer အမျိုးအစားတွင် အသုံးပြုသည်။

ခံစားရသော ဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care)

ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်းဖြင့် ကင်ဆာဝေဒနာရှင်များ၏ ဘဝနေထိုင်မှု အရည်အသွေး ပိုမိုကောင်းမွန်စေသည်။

ကာကွယ်ခြင်း

ကျန်းမာရေးနှင့်ညီညွတ်သော နေ့စဉ်ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။

အောက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။

  1. ရင်သားကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Breast cancer screening)
    ကြိုတင်ရှာဖွေစစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွါးပါက ဆောလျင်စွာ သိရှိနိုင်သည်။
    • ရင်သားကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်းအကြောင်း မိသားစုဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးထားသင့်သည်
    • Screening test အား မည်သည့်အချိန်တွင် စတင်စစ်ဆေးသင့်သည်၊ စစ်ဆေးခြင်း၏ အကျိုးကျေးဇူးများနှင့် မပြုလုပ်ပါက ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများအကြောင်း သိရှိထားသင့်သည်
  2. မိမိရင်သားအခြေအနေကို သတိပြုမိစေရန် ကိုယ်တိုင်စမ်းသပ်ခြင်း (Breast awareness)
    • မိမိရင်သား၏ ပုံမှန်အခြေအနေကိုသိရှိစေရန် မိမိကိုယ်တိုင် စမ်းသပ်ပါ
    • အကယ်၍ ရင်သားတွင် အဖုအကျိတ်အသစ်များ (သို့မဟုတ်) ပုံမှန်မဟုတ်သော ပြောင်းလဲမှုတစ်ခုခုကို တွေ့ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းပြသပါ
    • မိမိရင်သားနှင့် ပြောင်းလဲမှုများကို သိရှိထားခြင်းသည် ရင်သားကင်ဆာကို ကာကွယ်နိုင်ခြင်းမရှိသော်လည်း ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများကို ဆောလျင်စွာ သိရှိနိုင်သောကြောင့် ရင်သားကင်ဆာ ဖြစ်ပွါးပါက ချက်ချင်း ကုသမှု ခံယူနိုင်သည်
  3. ဆေးလိပ်ဖြတ်ခြင်း၊ အရက်ဖြတ်ခြင်း သို့မဟုတ် သောက်သုံးမှု လျှော့ချခြင်း
  4. တစ်ပတ်လျှင် အနည်းဆုံး ငါးရက်ခန့်ကို တစ်ရက်လျှင် မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း
  5. သွေးဆုံးပြီးနောက် ဟော်မုန်းဖြည့်တင်းကုသခြင်း (Hormone replacement therapy) သည် ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေ များစေသောကြောင့် ကုသမှု မခံယူမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း
  6. ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေ အလွန်များသူများတွင် ကြိုတင်ကာကွယ်ခြင်း

မိသားစုတွင် ရင်သားကင်ဆာ ဖြစ်ပွားသူ ရှိပါက သို့မဟုတ် ရင်သားကင်ဆာမျိုးဗီဇ ပါရှိပါက သို့မဟုတ် ရင်သားအကျိတ်တွင် ကင်ဆာအကြိုဆဲလ်များ တွေ့ရှိပါက ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေ အလွန်များသည်။ အဆိုပါအခြေအနေများတွင် အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကြိုတင်ကာကွယ်နိုင်သည်။

  1. ဆေးဝါးများ
    Selective oestrogen receptor modulators နှင့် aromatase inhibitors စသည့် အီစတိုဂျင် (oestrogen) ဟော်မုန်းကို တားဆီးပေးသည့် ဆေးဝါးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ အဆိုပါဆေးဝါးများကို ရင်သားကင်ဆာ ကုသမှုအတွက်လည်း အသုံးပြုသည်။ ထိုဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အလွန်မြင့်မားသူများအတွက်သာ အသုံးပြုသည်။ ဆေး၏ အကျိုးကျေးဇူးများနှင့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးမှ သောက်သုံးရသည်။
  2. ခွဲစိတ်ခြင်း
    ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေ အလွန်မြင့်မားသူများအနေဖြင့် ရင်သားကို ဖယ်ရှားသည့် ခွဲစိတ်မှု (Prophylactic mastectomy) သို့မဟုတ် သားဥအိမ်များကို ဖယ်ရှားသည့် ခွဲစိတ်မှု (Prophylactic oophorectomy) တို့ကို ပြုလုပ်နိုင်သည်။ ဤခွဲစိတ်မှုသည် ရင်သားကင်ဆာနှင့် သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်သည်။

References:

  1. Cleveland Clinic. (2025). Breast cancer. Retrieved August 4, 2025, from https://my.clevelandclinic.org/health/diseases/3986-breast-cancer#management-and-treatment
  2. Mayo Clinic. (n.d.). Breast cancer: Symptoms and causes. Retrieved August 4, 2025, from https://www.mayoclinic.org/diseases-conditions/breast-cancer/symptoms-causes/syc-20352470
  3. Satherley, L., & Sweetland, H. (2022). Breast surgery. In G. R. McLatchie, N. H. S. Kumar, & A. W. Craig (Eds.), Oxford handbook of clinical surgery (5th ed., pp. 312–325). Oxford University Press.

Published: 25 August 2025

Share

25 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.