ဆင်ခြေထောက်ရောဂါသည် အပ်ချည်ကြိုးမျှင်ငယ်ပုံစံ ကပ်ပါးသန်ကောင် (Filarial Nematodes) များကြောင့် ဖြစ်ပွါးသော ကူးစက်ရောဂါဖြစ်သည်။ ရောဂါပိုးသယ်ဆောင်ထားသော ခြင်ကိုက်ခံရခြင်းကြောင့် ကူးစက်သည်။ လူ၏ ပြန်ရည်ကြောစနစ် (Lymphatic system) ကို ထိခိုက်စေသောကြောင့် ပြန်ရည်ကြောအကျိတ်ရောင် သန်ကောင်ရောဂါ (Lymphatic Filariasis- LF) ဟုလည်းခေါ်သည်။ ပြန်ရည်ကြောများကို ရောင်ရမ်းစေခြင်း၊ ပိတ်ဆို့စေခြင်းကြောင့် ပြန်ရည် (Lymphatic fluid) များစုပုံလာပြီး ခြေထောက်အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် လွန်ကဲစွာရောင်ရမ်းခြင်း၊ အရေပြား အလွန်ထူလာခြင်းနှင့် မူလပုံစံပျက်ယွင်းခြင်းတို့ကို ဖြစ်စေသည်။
ဆင်ခြေထောက်ရောဂါကို “လျစ်လျူရှုခံရသော အပူပိုင်းဒေသရောဂါ” (Neglected Tropical disease) ဟုသတ်မှတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လုံလောက်သော ဆေးဝါးကုသမှု (သို့မဟုတ်) သန့်ရှင်းသော ပတ်ဝန်းကျင်မရရှိသော ဒေသများတွင် ပိုမိုဖြစ်ပွါးပြီး နောက်ဆက်တွဲ မသန်စွမ်းမှုများစွာ ဖြစ်စေသောကြောင့်ဖြစ်သည်။ လက်ရှိကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်း (၁၂၀) ခန့် (ကမ္ဘာ့လူဦးရေ၏ ၁.၅%) သည် ဆင်ခြေထောက်ရောဂါ ကူးစက်ခံနေရသည်။ ထိုရောဂါသည် အာရှ၊ အာဖရိကနှင့် တောင်အမေရိကနိုင်ငံများရှိ အပူပိုင်းဒေသများတွင် အဖြစ်အများဆုံးဖြစ်ပြီး မြောက်အမေရိကနှင့် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွါးမှုနည်းပါးသည်။ ရောဂါဖြစ်နှုန်းများသောနိုင်ငံများသို့ ခေတ္တလည်ပတ်ရုံမျှဖြင့် ဆင်ခြေထောက်ရောဂါ မကူးစက်နိုင်သော်လည်း လပေါင်းများစွာ (သို့မဟုတ်) နှစ်ပေါင်းများစွာ နေထိုင်ပါက ရောဂါကူးစက်နိုင်ခြေ များလာသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆင်ခြေထောက်ရောဂါကို ဖြစ်စေသော ကပ်ပါးသန်ကောင် (Filaria) မျိုးစိတ် (၃) မျိုးရှိသည်။ ၎င်းတို့မှာ – Wuchereria bancrofti, Brugia malayi နှင့် Brugia timori တို့ဖြစ်ပြီး ရောဂါဖြစ်ပွားမှုများ၏ (၉၀%) ခန့်သည် W. bancrofti ကြောင့် ဖြစ်သောကြောင့် (Bancroftian filariasis) ဟုလည်းခေါ်သည်။
ရောဂါကူးစက်ပုံ
ဆင်ခြေထောက်ရောဂါသည် ရောဂါပိုးရှိသော လူတစ်ဦးမှ နောက်တစ်ဦးထံသို့ ခြင်မှတစ်ဆင့် ကူးစက်သည်။ ရောဂါပိုးရှိသူတစ်ဦး ခြင်ကိုက်ခံရသောအခါ လူ၏သွေးထဲရှိ ကပ်ပါးသန်ကောင်ငယ် (Microfilariae) များသည် ခြင်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသည်။ ခြင်၏ ကိုယ်ခန္ဓာထဲတွင် ကပ်ပါးသန်ကောင်ငယ်များသည် သားလောင်း (Larva) အဖြစ် ဖွံ့ဖြိုးလာပြီး၊ ထိုခြင်မှ အခြားလူတစ်ဦးကို ကိုက်သောအခါ သားလောင်းများသည် အရေပြားမှတစ်ဆင့် လူ၏ခန္ဓာကိုယ်ထဲသို့ ရောက်သည်။
လူ၏ကိုယ်ခန္ဓာထဲတွင် သားလောင်းများသည် အရွယ်ရောက်သန်ကောင် (Adult worm) များအဖြစ် ကြီးထွားလာကာ ပြန်ရည်ကြောများထဲတွင် (၅) နှစ်မှ (၇) နှစ်အထိ အသက်ရှင်နိုင်ပြီး သန်ကောင်ငယ်များစွာကို သွေးထဲသို့ ထုတ်ပေးသည်။ အရွယ်ရောက်သန်ကောင်များ သေဆုံးသောအခါ ပြန်ရည်သွေးကြောများ ပိတ်ဆို့ခြင်း၊ ရောင်ရမ်းပျက်စီးခြင်းများကို ဖြစ်စေသည်။ ပြန်ရည်ကြောများထဲမှ သန်ကောင်ငယ်များ သွေးထဲရောက်လာချိန်တွင် ခြင်ကိုက်ခံရပါက ခြင်ထံသို့ ရောဂါတဖန် ကူးစက်စေသည်။ ဤသို့ဖြင့် ရောဂါကူးစက်မှုစက်ဝန်း ဆက်လက်ဖြစ်ပေါ်သည်။ ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်ခါခြင်ကိုက်ခံရရုံဖြင့် ရောဂါမကူးစက်နိုင်ဘဲ လပေါင်းများစွာ အကြိမ်ကြိမ် အကိုက်ခံရမှသာ ရောဂါဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
ဆင်ခြေထောက်ရောဂါသည် ခန္ဓာကိုယ်နေရာအနှံ့ကို ထိခိုက်စေသော ကူးစက်ရောဂါဖြစ်သည်။ သို့ရာတွင် လူတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာများ၊ လက္ခဏာပြသောအချိန်များ ကွာခြားပြီး ရောဂါပိုးရှိသူတိုင်းလည်း လက္ခဏာမပြတတ်ပါ။ ရောဂါပိုးရှိသူ (၃) ဦးတွင် (၁) ဦးခန့်သာ လက္ခဏာပြတတ်သည်။ အချို့လူများတွင် လပိုင်းအတွင်း လက္ခဏာများ ပေါ်တတ်သော်လည်း တချို့တွင်မူ နှစ်အနည်းငယ်ကြာပြီးမှ ဖြစ်ပေါ်သည်။ လက္ခဏာမပြသူများတွင်လည်း ကိုယ်ခန္ဓာအတွင်း၌ ပြန်ရည်ကြောများ ကျယ်လာခြင်းနှင့် ကိုယ်ခံအားစနစ် ထိခိုက်ခြင်းများ ဖြစ်နိုင်သည်။ ဆင်ခြေထောက်ရောဂါ၏ အတွေ့ရများသော ရောဂါလက္ခဏာများမှာ_
- ကိုယ်ခံအားစနစ် လွန်ကဲစွာတုံ့ပြန်မှုကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရောင်ရမ်းခြင်း
- ပြန်ရည်ကြောများ ရောင်ရမ်းပိတ်ဆို့ခြင်းကြောင့် ခန္ဓာကိုယ်အသားမျှင်များတွင် ပြန်ရည်များစုပုံခြင်း (Lymphedema)
- ကပ္ပါယ်အိတ်တွင်း အရည်စုပုံခြင်း (Hydrocele) တို့ဖြစ်သည်။
အောက်ပါ ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်တတ်သည်။
- လက်နှင့် ခြေထောက်များ
- မျက်နှာ
- ရင်သားများ
- ကပ္ပါယ်အိတ်၊ လိင်တံ၊ မိန်းမကိုယ် စသည်တို့ဖြစ်သည်။
ဖြစ်ပေါ်နိုင်သော အခြားလက္ခဏာများ
- သန်ကောင်ကြောင့် အကျိတ်ရောင်ခြင်း
ရောဂါပိုးရှိသော ကလေးများတွင် အများဆုံး တွေ့ရသည်၊ လူပျိုဖော်၊ အပျိုဖော်မဝင်ခင်အချိန်တွင် အရွယ်ရောက်သန်ကောင်များကို ပေါင်ခြံ၊ ပေါင်ရင်းနှင့် ချိုင်းရှိ ပြန်ရည်ကျိတ်များနှင့် ပြန်ရည်ကြောများတွင် အာထရာဆောင်း (USG) ရိုက်ခြင်းဖြင့် တွေ့နိုင်သည်။ - ပြန်ရည်ကြောတစ်လျှောက် ပြင်းထန်စွာ ရောင်ရမ်းခြင်း
အရွယ်ရောက်ပြီးသန်ကောင်များ သေဆုံးပါက ပြင်းထန်သော တုံ့ပြန်ရောင်ရမ်းမှုကို ဖြစ်စေပြီး ခြေထောက်နှင့် လက်များတွင် ပြန်ရည်ကြောများတစ်လျှောက် ပြင်းထန်သော ရောင်ရမ်းခြင်းဖြစ်စေသည်။ တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်း (သို့မဟုတ်) ဖျားနာခြင်းကဲ့သို့သော လက္ခဏာများတွဲလျက် တွေ့ရသည်။ - အရွယ်ရောက်ပြီး အမျိုးသားများတွင် သန်ကောင်များကို များသောအားဖြင့် ဝှေးစေ့အတွင်းရှိ ပြန်ရည်ကြောများတွင် တွေ့ရှိရပြီး အာထရာဆောင်း (USG) ဖြင့် စစ်ဆေးနိုင်သည်၊ ထိုသူများတွင် အရွယ်ရောက်ပြီး သန်ကောင်သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ရောင်ရမ်းခြင်းသည် သုက်ပို့ပြွန်ရောင်ရမ်းခြင်း (Funiculitis)၊ သုက်ပိုးအိတ်ရောင်ရမ်းခြင်း (Epididymitis) နှင့် ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis) စသည့် လက္ခဏာများ တွေ့ရနိုင်သည်။ အရွယ်ရောက်သန်ကောင် သေဆုံးသည့်အခါ ပြန်ရည်ကျိတ်တွင် အဖုအကျိတ်မာ (Granulomatous nodule) အနေဖြင့် တွေ့ရတတ်သည်။
နောက်ဆက်တွဲပြဿနာများ
ဆင်ခြေထောက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် နှစ်အနည်းငယ်ကြာမှ ဖြစ်ပေါ်သော နာတာရှည်လက္ခဏာများဖြစ်ပြီး သန်ကောင်များကြောင့် တိုက်ရိုက်ဖြစ်ခြင်းမဟုတ်ဘဲ ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုလွန်ကဲခြင်း (သို့မဟုတ်) ပြန်ရည်ကြောများ ပိတ်ဆို့ပျက်စီးခြင်းကြောင့်ဖြစ်သည်။
- အမျိုးသားများတွင် ကပ္ပါယ်အိတ်အတွင်း အရည်စုခြင်း (Hydrocele)၊ သုက်ပို့ပြွန်နှင့် သုက်ပိုးအိတ်များ ရောင်ရမ်းခြင်းတို့ကြောင့် မျိုးမပွါးနိုင်ခြင်း (Infertility)
- အရေပြား ထူထဲ၍ မာကျောလာခြင်း၊ အရေပြားအောက် အရည်စု၍ ဖောရောင်ခြင်း (Elephantiasis) (ထပ်တလဲလဲ ပိုးဝင်၍ ရောင်ရမ်းသောအခါ ခြေထောက်တစ်ချောင်းလုံး ဖောရောင်၍ ကြီးလာပြီး ဆင်ခြေထောက်ပုံစံ ဖြစ်လာသောကြောင့် ဆင်ခြေထောက်ရောဂါ (Elephantiasis) ဟုခေါ်သည်)
- ဆက်တိုက် ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း
- ကိုယ်ခံအားစနစ် ထိခိုက်သောကြောင့် မကြာခဏ ဘက်တီးရီးယားပိုးဝင်ခြင်း
- ကျောက်ကပ်အတွင်းရှိ ပြန်ရည်ကြောများ ပျက်စီးသောကြောင့် နို့နှစ်ရောင်ဆီး သွားခြင်း (Chyluria)၊ ဆီးထဲ သွေးပါခြင်းနှင့် အသားဓာတ်ပါခြင်း (Microscopic haematuria and proteinuria)
- ရှားပါးသော်လည်း ပြင်းထန်သည့် အဆုတ်ရောဂါ [Tropical Pulmonary Eosinophilia syndrome (TPE)]
ဖျားနာခြင်း၊ ညဘက် ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့်လက္ခဏာများ ပြတတ်သည်။ အဆုတ်သွေးကြောမျှင်များအတွင်းရှိ သန်ကောင်ငယ် (Microfilariae) များအပေါ် ကိုယ်ခံအားစနစ်မှ လွန်ကဲစွာ တုံ့ပြန်မှုကြောင့်ဖြစ်သည်။ နောက်ဆက်တွဲ အဆုတ်ရောဂါကို အာရှတိုက်ဒေသများ၌ ရေရှည်နေထိုင်သူများတွင် တွေ့ရပြီး အသက် ၂၀ မှ ၄၀ ကြား အမျိုးသားများတွင် အများဆုံး တွေ့ရသည်။ သွေးစစ်ဆေးပါက- Eosinophil ဆဲလ်အများအပြားရှိခြင်း
- သွေးရည်ကြည် Immunoglobulin E ပမာဏ မြင့်မားခြင်း
- သန်ကောင်အတွက် ပဋိပစ္စည်းများကို တွေ့နိုင်သော်လည်း သွေးတွင်းတွင် သန်ကောင်များကို မတွေ့ရပါ
- လူမှုရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
ခြေထောက်ရောင်ရမ်းခြင်းကြောင့် လူကြားထဲတွင် သွားလာရန် ခက်ခဲခြင်း၊ ပုံပျက်ပန်းပျက် ဖြစ်သောကြောင့် ခွဲခြားဆက်ဆံခံရခြင်း၊ နာတာရှည်ရောင်ရမ်းခြင်း (သို့မဟုတ်) နာကျင်ခြင်းတို့ကြောင့် အလုပ်မလုပ်နိုင်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ကို ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဆင်ခြေထောက်ရောဂါ အဖြစ်များသောဒေသများတွင် နေထိုင်သူများ (သို့မဟုတ်) အဖြစ်များသောဒေသသို့ အချိန်ကြာကြာ ခရီးထွက်ထားသူများ ဖျားနာ၍ အထက်ပါလက္ခဏာများကို သံသယရှိပါက မိသားစုဆရာဝန်များနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ အထက်ဖော်ပြပါ ပြင်းထန်သည့် ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခဲ့လျှင် အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဆင်ခြေထောက်ရောဂါကို သွေးစစ်ဆေးခြင်း၊ တစ်ရှူးနမူနာများ စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် ရှာဖွေနိုင်သည်။
- သွေးစစ်ဆေးခြင်း
လက်ချောင်းထိပ် (သို့မဟုတ်) သွေးကြောမှ သွေးနမူနာယူ၍ စစ်ဆေးနိုင်သည်။ - အဏုကြည့်မှန်ဘီလူးဖြင့် သွေးစစ်ဆေးခြင်း (Microscopic Blood test)
သွေးထဲရှိ သန်ကောင်ငယ်များကို ရှာဖွေရာ၌ သုံးသည်။ သန်ကောင်ငယ်များ သွေးထဲတွင် အများဆုံး ပျံ့နှံ့သည့် ညဘက်အချိန် [များသောအားဖြင့် ညဘက် (၁၀)နာရီ မှ မနက် (၂)နာရီ] အတွင်း သွေးနမူနာယူရန်လိုသည်။ မှန်ပြားငယ်များပေါ်တွင် သွေးစက်များကို အဝိုင်းပုံစံတင်၍ Thick film များပြုလုပ်ကာ အခြောက်ခံသည်။ ထို့နောက် Giemsa (သို့မဟုတ်) Hematoxylin stain ဖြင့် ဆေးဆိုးပြီး အဏုကြည့်မှန်ဘီလူးအောက်တွင်ကြည့်၍ သန်ကောင်ငယ်များကို ရှာဖွေခြင်းဖြစ်သည်။ သွေးထဲတွင် သန်ကောင်ငယ် နည်းပါးနေသော အခြေအနေများတွင် သွေးကို ပိုပျစ်အောင် ပြုလုပ်၍ စစ်ဆေးသော နည်းလမ်းများ (Concentration techniques) ကို အသုံးပြုနိုင်သည်။ သန်ကောင်၏ DNA ကို ရှာဖွေရန် (Polymerase Chain Reaction – PCR) နည်းများကို အသုံးပြုနိုင်သည်။ - ကိုယ်ခံအားပဋိပစ္စည်းများ စစ်ဆေးခြင်း (Antibody tests)
သွေးထဲရှိ သန်ကောင်များကို တိုက်ထုတ်ရန် ကိုယ်ခန္ဓာမှ ထုတ်ပေးသော ကိုယ်ခံအားပဋိပစ္စည်းများ (Antifilarial IgG1 and IgG4) ကို Enzyme immunoassays စမ်းသပ်မှုများဖြင့် တိုင်းတာခြင်းဖြစ်သည်။ အဆိုပါစစ်ဆေးမှုကိုမူ အချိန်မရွေး ပြုလုပ်နိုင်သည်။ - အမြန်စစ်ဆေးခြင်း (Rapid Diagnostic Test – RDT)
သန်ကောင်၏ ပဋိလှုံ့ပစ္စည်း (Antigen) ကို Filaria test strip (FTS) များဖြင့် အမြန်စစ်ဆေးနိုင်သည်။ သို့သော် ထိုစစ်ဆေးမှုများကို လက်ရှိတွင် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (U.S. Food and Drug Administration) မှ အတည်ပြုထားခြင်း မရှိသေးပါ။
ရောဂါရှာဖွေနိုင်သော အခြားနည်းလမ်းများမှာ_
- တစ်ရှူးနမူနာများ (Tissue specimens) ထဲတွင် အရွယ်ရောက်သန်ကောင်များကို ရှာခြင်း (ဥပမာ _ အကျိတ်ကို ခွဲစိတ်၍ နမူနာယူခြင်း)
- အရွယ်ရောက်သန်ကောင်များကို ပြန်ရည်ကြောအတွင်း အာထရာဆောင်း (USG) ရိုက်၍ရှာဖွေခြင်း တို့ဖြစ်သည်။
ကုသခြင်း
ဆင်ခြေထောက်ရောဂါကို ကုသရာတွင် ရောဂါလက္ခဏာများနှင့် ၎င်းတို့၏ ပြင်းထန်မှုပေါ် မူတည်၍ ကွာခြားနိုင်သည်။ ယေဘုယျအားဖြင့် ဆင်ခြေထောက်ရောဂါကုသမှုတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- ကပ်ပါးပိုးသတ်ဆေးများဖြင့် ကုသခြင်း (Antiparasitic drugs)
ထိုဆေးများတွင် Diethylcarbamazine citrate (DEC), Ivermectin နှင့် Albendazole ကဲ့သို့ ဆေးဝါးများ ပါဝင်သည်။ ဆေးပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ သွေးထဲရှိ သန်ကောင်များကို သေစေခြင်းဖြင့် အခြားသူများထံ ကူးစက်ခြင်းကို ကာကွယ်လျှော့ချရန်ဖြစ်သည်။ သန်ကောင်များသည် ခန္ဓာကိုယ်ထဲတွင် ကြာရှည်စွာ ရှိနေနိုင်သောကြောင့် ဆေးများကို တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ရက်သတ္တပတ် အနည်းငယ်ကြာအောင် သောက်သုံးရန်လိုသည်။- Diethylcarbamazine citrate (DEC)
DEC ဆေးသည် အရွယ်ရောက်သန်ကောင် (Adult worm) များသာမက သန်ကောင်ငယ်များ (Microfilaria) ကိုပါ သေစေနိုင်သဖြင့် ဆင်ခြေထောက်ရောဂါတွင် အဓိကအသုံးပြုသောဆေးဖြစ်သည်။ သို့သော် ရောဂါ၏ နောက်ဆက်တွဲပြဿနာများ (ဥပမာ _ ဆင်ခြေထောက်ရောဂါအဆင့်) ကိုမူ ဆေးဝါးများဖြင့် ကုသ၍ မသက်သာနိုင်ပါ။ DEC ဆေးကို ရောဂါအနေအထားပေါ် မူတည်၍ (၁)ရက် မှ (၁၂)ရက်အထိ သောက်ရန်လိုသည်။ ပြင်းထန်သော အဆုတ်ရောဂါ (Tropical Pulmonary Eosinophilia (TPE) syndrome) တွင်မူ DEC ဆေးကို (၁၄)ရက် မှ (၂၁)ရက်အထိ ကြာကြာပေးရန် လိုအပ်သည်။ များသောအားဖြင့် DEC ဆေးကို ခံနိုင်ရည်ရှိကြပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းသည်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်းသည် သွေးထဲရှိ သန်ကောင် အရေအတွက်ပေါ် မူတည်သည်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်းတို့ဖြစ်သည်။ - Ivermectin
သွေးထဲရှိ သန်ကောင်ငယ်များကိုသာ သေစေနိုင်ပြီး အရွယ်ရောက်သန်ကောင်များကို သေစေနိုင်ခြင်းမရှိပါ - Albendazole
ဤဆေးကို အထက်ပါဆေး (၂) မျိုးနှင့် တွဲ၍အသုံးပြုလေ့ရှိသည် - DEC ဆေးမရှိလျှင် Doxycycline ပိုးသတ်ဆေးကိ (၄)ပတ် မှ (၆)ပတ်အထိ ပေးခြင်းဖြင့် အရွယ်ရောက်သန်ကောင်များကို ကုသနိုင်သည်
- Diethylcarbamazine citrate (DEC)
- နောက်ဆက်တွဲ ခြေထောက်ရောင်ရမ်းခြင်းနှင့် ဆင်ခြေထောက်ရောဂါအတွက် ကုသခြင်း
- ခြေထောက်ရောင်ရမ်းခြင်း (Lymphedema) နှင့် ဆင်ခြေထောက်ရောဂါ (Elephantiasis) ဖြစ်သော လူနာများတွင်မူ ကိုယ်ခန္ဓာထဲတွင် သန်ကောင်များမရှိတော့သောကြောင့် ကပ်ပါးပိုးသတ်ဆေးများဖြင့် ကုသရန်မလိုပါ
- ထိုလူနာများတွင်မူ ခြေထောက်ကို ရောင်ရမ်းမှု ပိုမဆိုးလာစေရန် ထိန်းချုပ်သော နည်းလမ်းများကို လမ်းညွှန်ပေးရန် လိုအပ်သည်
- ခြေထောက်ကို မြှောက်နည်း
- ဖိအားပေးအဝတ်များ (compression garments) ဝတ်ဆင်နည်း
- ခြေထောက်ကို သေချာစွာ သန့်ရှင်းရေးလုပ်နည်း
- လေ့ကျင့်ခန်း (Complex decongestive physiotherapy) များ ပြုလုပ်နည်း
- ပိုးဝင်ခြင်းနှင့် အနာဖြစ်ခြင်းကို ကုသနည်း
- သင့်တော်သော ဖိနပ်စီးနည်းစသည့် အခြေခံနည်းလမ်းများကို သိရှိရန် လိုအပ်သည်
- Doxycycline ဆေးကို (၄)ပတ် မှ (၆)ပတ်အထိ ပေးခြင်းဖြင့် ရောင်ရမ်းမှု အခြေအနေကို ပိုဆိုးမလာအောင် ထိန်းထားနိုင်ကြောင်း အချို့သုတေသနများက ဖော်ပြသည်
- ခွဲစိတ်ကုသခြင်း (Surgery)
- ပြန်ရည်ကြောများ ရောင်ရမ်းပိတ်ဆို့ခြင်းကြောင့် ကပ္ပါယ်အိတ်အတွင်း အရည်စုခြင်း (Hydrocele) ရောဂါကို ကုသရန် ကပ်ပါးပိုးသတ်ဆေးများ ပေးနိုင်သော်လည်း ဆေးဝါးများဖြင့် မသက်သာသောလူနာများတွင် ခွဲစိတ်မှုခံယူခြင်းသည် အကောင်းဆုံးဖြစ်သည်
ကာကွယ်ခြင်း
ဆင်ခြေထောက်ရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ခြင်ကိုက်ခြင်းကို ရှောင်ရှားရန်ဖြစ်သည်။
ခြင်ကိုက်ခြင်းမှ ကာကွယ်ခြင်း
- သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (EPA) တွင် မှတ်ပုံတင်ထားသော အောက်ပါဓာတုပစ္စည်းများပါဝင်သည့် ခြင်ဆေးများကို အသုံးပြုနိုင်သည်
- DEET (DEET ပါဝင်သော ခြင်ဆေးများသည် အကောင်းဆုံး ကာကွယ်မှုကို ပေးသည်)
- Picaridin
- IR3535
- သံပုရာ ယူကလစ်ဆီ (Oil of lemon eucalyptus – OLE)
- Para-menthane-diol (PMD)
- 2-undecanone စသည်တို့ဖြစ်သည်။
- ပွ၍ ချောင်ချိသော အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နှင့် ခြေအိတ်များကို ဝတ်ဆင်ပါ
- 0.5% Permethrin ဖျန်းဆေးကို အဝတ်အစားများနှင့် ပစ္စည်းကိရိယာများ (ဥပမာ_ဘွတ်ဖိနပ်၊ ဘောင်းဘီ၊ ခြေအိတ်နှင့် တဲများ) ကို ဖျန်းပါ (သို့မဟုတ်) Permethrin ဆေးဖျန်းထားပြီးသား အဝတ်အစားနှင့် အသုံးအဆောင်များကို ဝယ်ယူသုံးစွဲပါ (Permethrin ထုတ်ကုန်များကို အရေပြားပေါ်တွင် တိုက်ရိုက် မသုံးရပါ)
- ခြင်များ မဝင်ရောက်နိုင်ရန် ပြတင်းပေါက်များနှင့် တံခါးများကို ပိတ်ထားပါ သို့မဟုတ် ခြင်လုံဇကာ တပ်ဆင်ပါ
- ခြင်လုံစနစ် ကောင်းစွာတပ်ဆင်ထားသော သို့မဟုတ် လေအေးပေးစက်တပ်ဆင်ထားသော အခန်းတွင် အိပ်စက်ပါ (သို့မဟုတ်) permethrin ဖြင့် ဆေးစိမ်ထားသော ခြင်ထောင်နှင့် အိပ်ပါ
- ခရီးသွားလာမည်ဆိုပါက
- ခရီးမသွားမီ သွားလာမည့်ဒေသ၏ ကျန်းမာရေးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်မှုများကို လေ့လာပါ
- ပိုးသတ်ဆေးဖြင့် ဆေးစိမ်ထားသော ခြင်ထောင်ဖြင့် အိပ်ပါ (သို့မဟုတ်) ခြင်လုံသောအခန်းတွင် အိပ်ပါ
ရောဂါကာကွယ်ရန် ကပ်ပါးပိုးသတ်ဆေးများကို ကြိုတင်တိုက်ခြင်း
ယခုအခါ ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုဖြစ်နေသော ဆင်ခြေထောက်ရောဂါကို အပြီးတိုင်ဖယ်ရှားရန် ကမ္ဘာအနှံ့ ဆောင်ရွက်နေကြသည်။ ဆောင်ရွက်မှုများတွင် ခြင်များကို ထိန်းချုပ်ခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွါးမှုကို ရပ်တန့်ရန်နှင့် ရောဂါဖြစ်ပွါးမှုများသောဒေသရှိ လူထုကို ကပ်ပါးပိုးသတ်ဆေးများ ကြိုတင်တိုက်ကျွေးခြင်းဖြင့် သွေးထဲရှိ သန်ကောင်ငယ်များကို ထိရောက်စွာ နှိမ်နင်းရန် စသည်တို့ပါဝင်သည်။ ထို့ပြင် ရောဂါကူးစက်ခံရပြီးသူများအတွက်လည်း မရှိမဖြစ်လိုအပ်သော အခြေခံပြုစုစောင့်ရှောက်မှုများ ပေးခြင်းဖြင့် ရောဂါပြင်းထန်မှုကို သက်သာစေရန်နှင့် နောက်ဆက်တွဲ မသန်စွမ်းမှုများကို လျှော့ချရန် ဆောင်ရွက်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကမ္ဘာပေါ်ရှိ ဆင်ခြေထောက် အဖြစ်များသောဒေသများတွင် နေထိုင်သည့်လူထုကို ဆေးဝါးများဖြင့် ကြိုတင်ကာကွယ်ခြင်း (Preventive Chemotherapy) ပြုလုပ်ရန် လမ်းညွှန်ထားသည်။ ရောဂါကူးစက်နိုင်ခြေရှိသူများကို လူစုလူဝေးလိုက် ကပ်ပါးပိုးသတ်ဆေးများကို တစ်ပြိုင်တည်း တိုက်ကျွေးခြင်း (Mass Drug Administration) ဖြင့် သွေးထဲရှိ သန်ကောင်ငယ်များကို လျှော့ချနိုင်ပြီး လူမှတစ်ဆင့် ခြင်သို့ ပြန်လည်ကူးစက်ခြင်းကိုလည်း ကာကွယ်ပေးသည်။
References:
- Centers for Disease Control and Prevention. (n.d.). About lymphatic filariasis. Retrieved August 6, 2025, from https://www.cdc.gov/filarial-worms/about/lymphatic-filariasis.html
- Centers for Disease Control and Prevention. (n.d.). Clinical overview of lymphatic filariasis. Retrieved August 6, 2025, from https://www.cdc.gov/filarial-worms/hcp/clinical-overview/index.html
- Centers for Disease Control and Prevention. (n.d.). Clinical treatment of lymphatic filariasis. Retrieved August 6, 2025, from https://www.cdc.gov/filarial-worms/hcp/clinical-care/index.html
- Centers for Disease Control and Prevention. (n.d.). Signs and symptoms of lymphatic filariasis. Retrieved August 6, 2025, from https://www.cdc.gov/filarial-worms/signs-symptoms/index.html
- Cleveland Clinic. (n.d.). Elephantiasis. Retrieved August 6, 2025, from https://my.clevelandclinic.org/health/diseases/elephantiasis
- World Health Organization. (n.d.). Lymphatic filariasis. Retrieved August 6, 2025, from https://www.who.int/news-room/fact-sheets/detail/lymphatic-filariasis
- Panda, D. K., & Mohapatra, D. P. (2018). Bancroftian filariasis associated with male sterility. BMJ Case Reports, 2018, bcr2017223236. https://doi.org/10.1136/bcr-2017-223236
Published: 16 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.