မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးဘဲ ပိတ်နေခြင်း (Biliary Atresia) သည် မွေးကင်းစအရွယ်ကတည်းက စတင်တွေ့ရှိနိုင်ပြီး စောစီးစွာ မသိရှိမကုသလျှင် အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေတစ်ခုဖြစ်သည်။ သည်းခြေပြွန်သည် သည်းခြေရည်ကောင်းစွာစီးဆင်းနိုင်သော ပြွန်တစ်ခုအဖြစ် ဖွံ့ဖြိုးမလာဘဲ လမ်းကြောင်းလုံးဝပိတ်နေခြင်း သို့မဟုတ် အလွန်ကျဉ်းမြောင်းနေခြင်းဖြစ်သည်။ မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် အသည်းမှ သည်းခြေရည်များကို အူသိမ်အတွင်းသို့ ပို့ဆောင်နိုင်ခြင်း မရှိတော့ပါ။ ၎င်းအခြေအနသည် အရှင်မွေးကလေးငယ် အယောက် (၈၀၀၀ မှ ၁၈၀၀၀) တွင် (၁) ယောက် ဖြစ်နိုင်ပြီး ကလေးငယ်များတွင် အသည်းအစားထိုးကုသရန် လိုအပ်သည့် အများဆုံးအကြောင်းရင်းဖြစ်သည်။
သည်းခြေရည်သည် အသည်းမှထုတ်လုပ်သည့် အစာခြေရည်တစ်မျိုးဖြစ်ပြီး သည်းခြေပြွန်မှတစ်ဆင့် အူသိမ်ဘက်ဆီသို့ စီးဆင်းသည်။ သည်းခြေရည်သည် အူသိမ်အတွင်း အစာခြေရာတွင် ကူညီပေးပြီး အရေးကြီးသော အာဟာရများကို စုပ်ယူရန် ကူညီပေးသည်။ သည်းခြေပြွန်လမ်းကြောင်း ပိတ်ဆို့၍ သည်းခြေရည် စီးဆင်းမှုမရှိခြင်းကြောင့် သည်းခြေရည်များ အသည်းတွင် စုပုံလာပြီး ကလေး၏ အသည်းနှင့် သည်းခြေပြွန်ပတ်လည်ရှိ တစ်ရှူးများကို ထိခိုက်ပျက်စီးစေသည်။ ထိုမှတစ်ဆင့် အသည်းကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အမာရွတ်များဖြစ်လာပြီး အသည်းခြောက်ခြင်းကို ဖြစ်စေသည်။ ထို့ပြင် အူသိမ်အတွင်း လိုအပ်သောအာဟာရများကို ချေဖျက်စုပ်ယူရန် သည်းခြေရည်များမရှိသောကြောင့် ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း များစွာထိခိုက်စေသည်။ မွေးပြီး ရက်သတ္တပတ်အနည်းငယ်တွင်ပင် လက္ခဏာများစတင်ဖြစ်နိုင်ပြီး ကုသမှုမရရှိပါက လျင်မြန်စွာ အသည်းပျက်စီးစေနိုင်သည်။ ထို့ကြောင့် စောစီးစွာ စနစ်တကျ ခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မွေးရာပါ သည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးရခြင်း အကြောင်းရင်းကို အတိအကျ မသိနိုင်ပါ။ သို့သော် လေ့လာမှုများအရ အောက်ပါအချက်များနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ယူဆရသည်။
- အချို့သောဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းများ [ဥပမာ – Cytomegalovirus (CMV), Epstein-Barr virus (EBV)]
- အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိစပ်မှုရှိခြင်းများ
- ကိုယ်ခံအားစနစ်တွင် ချို့ယွင်းချက်ရှိသူများ
- သန္ဓေသား၏ အသည်းနှင့် သည်းခြေပြွန် ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဥ်တွင် ချို့ယွင်းချက်ရှိသူများ
- အချို့သော မျိုးဗီဇပြောင်းလဲမှု ရှိသူများ
မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းကို ယေဘုယျအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။
- မွေးရာပါချို့ယွင်းချက်များနှင့် တွဲနေသော မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်း
အချို့သောကလေးငယ်များတွင် နှလုံး၊ ဘေလုံး သို့မဟုတ် အူလမ်းကြောင်းချို့ယွင်းချက်များနှင့် တွဲ၍တွေ့ရှိနိုင်သည်။ ထိုအမျိုးအစားကို သန္ဓေသားဘဝတွင်ဖြစ်သော မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်း (Embryonic biliary atresia) ဟုလည်းခေါ်သည်။ - မွေးရာပါချို့ယွင်းချက်များမပါရှိသော မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်း
အဖြစ်အများဆုံးအမျိုးအစားဖြစ်ပြီး အခြားသောကြီးမားသည့် မွေးရာပါချို့ယွင်းချက်များနှင့် တွဲနေလေ့မရှိပါ။ သီးသန့်မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်း (Isolated biliary atresia) သို့မဟုတ် မွေးပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်သော မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်း (Perinatal biliary atresia) ဟုလည်း ခေါ်သည်။ မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းအားလုံး၏ (၈၄) ရာခိုင်နှုန်းသည် ၄င်းအမျိုးအစားဖြစ်သည်။
ရောဂါလက္ခဏာများ
မွေးပြီး ကလေးအသက် နှစ်ပတ် မှ နှစ်လအတွင်း ရောဂါလက္ခဏာများ စတင်ပေါ်လာတတ်သည်။
- အသားဝါခြင်း (အသက် ၂ ပတ်ကျော်သည်အထိ အသားဝါခြင်း၊ အချို့ကလေးများတွင် အသက် ၂ ပတ် နောက်ပိုင်းမှ စတင်၍ အသားဝါခြင်း)
- ဝမ်းအရောင်ဖျော့ခြင်း (ရွှံ့စေးရောင်ဝမ်းသွားခြင်း၊ ဝမ်းအဖြူရောင်သွားခြင်း)
- အဆီများသော ဝမ်းသွားခြင်း
- ဆီးအရောင်ရင့်ခြင်း
- အသားယားယံခြင်း
- ကလေးမအီမသာဖြစ်ခြင်း
- ကြီးထွားမှုနှောင့်နှေးခြင်း
- အာဟာရချို့တဲ့ခြင်း
- ဗိုက်ဖောင်းခြင်း
- ဘေလုံးကြီးခြင်း စသည့်လက္ခဏာများ တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အချိန်မီကုသမှုမပြုလုပ်ပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- အသည်းကြီးခြင်း
- အသည်းခြောက်ခြင်း
- အသည်းသွေးပြန်ကြောအတွင်း ဖိအားများလားခြင်း
- ရေဖျဥ်းစွဲခြင်း
- အစာရေမျိုပြွန် သွေးကြောဖောင်းခြင်းနှင့်
- အသည်းပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
အချိန်မီခွဲစိတ်ကုသမှု မပြုလုပ်နိုင်ပါက ကလေးအသက် (၆) လအတွင်း အသည်းခြောက်ခြင်းဖြစ်နိုင်ပြီး တစ်နှစ်အတွင်း အသည်းပျက်စီးခြင်း ဖြစ်နိုင်သည်။ အသက် (၂) နှစ်အထိ ထိရောက်သော ခွဲစိတ်ကုသမှု မရပါက အသက်ဆက်လက်ရှင်သန်နိုင်ရန်အတွက် အသည်းအစားထိုးကုသမှု ပြုလုပ်ရမည်ဖြစ်သည်။ အချို့သောအခြေအနေများတွင် စောစီးစွာခွဲစိတ်ကုသမှု ပြုလုပ်နိုင်ပါက အသည်းခြောက်ခြင်းနှင့် အသည်းပျက်စီးခြင်းကို အတန်အသင့် ကာကွယ်နိုင်သော်လည်း အချို့ကလေးများတွင်မူ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးသည့်တိုင်အောင် အသည်းအစားထိုးကုသမှု ပြုလုပ်ရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာအထူးကုဆရာဝန်မှ အသားဝါသည့်အခြေအနေ၊ ဆီးအရောင်၊ ဝမ်းအရောင် အပါအဝင် ရောဂါရာဇဝင် မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း အပါအဝင် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်သည်။
- သွေးစစ်ဆေးခြင်း
ဘီလီရူဘင် အဝါဓာတ်ပမာဏနှင့် အမျိုးအစားစစ်ဆေးခြင်း၊ အသားဓာတ်များ စစ်ဆေးခြင်း၊ အသည်းလုပ်ငန်း စွမ်းဆောင်ရည် စစ်ဆေးခြင်း၊ သွေးခဲဓာတ်စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ လိုအပ်ပါက ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်းများ၊ မျိုးဗီဇစစ်ဆေးခြင်းများကိုပါ ပြုလုပ်ရမည်။ - ပုံရိပ်ဖော်စစ်ဆေးခြင်း
အာထရာဆောင်း (USG) ရိုက်ခြင်း
ကြိမ်နှုန်းမြင့်အသံလှိုင်းကိုအသုံးပြု၍ သည်းခြေပြွန်လမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့်ဖြစ်သည့် လက္ခဏာများကို ရှာဖွေခြင်းဖြစ်သည်။
အသည်းနှင့် သည်းခြေပြွန်လမ်းကြောင်း ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (HIDA scan)
ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း ပမာဏအနည်းငယ်ကိုအသုံးပြု၍ အသည်းနှင့် သည်းခြေပြွန်ပုံရိပ်များကို ဖန်တီးခြင်းဖြစ်သည်။ အသည်းမှ အူသိမ်သို့ သည်းခြေရည် စီးဆင်းမှုလမ်းကြောင်းကို စစ်ဆေးခြင်းဖြစ်သည်။ - အသည်းအသားစယူစစ်ဆေးခြင်း
အသည်းမှ တစ်ရှူးပမာဏအနည်းငယ်ကိုယူ၍ စစ်ဆေးခြင်းဖြစ်သည်။
ကုသခြင်း
မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းကို စောစီးစွာသိရှိနိုင်ရန် အလွန်အရေးကြီးသည်။ ကလေးအသက် (၂) လမတိုင်မီ ခွဲစိတ်ကုသမှုပြုလုပ်ပါက အောင်မြင်နိုင်ခြေပိုများသည်။ ကလေးအသက် (၃) လကျော်ပါက ခွဲစိတ်မှုအောင်မြင်နှုန်း နည်းပါးသည်။ ထို့ကြောင့် မွေးကင်းစကလေးငယ်များအားလုံးသည် အသက် (၄) ပတ်ကျော်ပြီးသည်အထိ အသားဝါနေပါက မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်း ရှိမရှိ စစ်ဆေးသင့်သည်။
မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းကို ဆေးဝါးဖြင့်ကုသ၍ မရပါ။ ခွဲစိတ်ကုသခြင်းနှင့် အသည်းအစားထိုးကုသခြင်းဖြင့်သာ ကုသနိုင်သည်။
အသည်းနှင့် အူသိမ်ဆက်ခြင်း – Kasai procedure (Hepatoportoenterostomy)
Kasai ခွဲစိတ်မှုသည် မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းအတွက် ပြုလုပ်နိုင်သည့် ပထမဆုံးသော ကုသမှုဖြစ်သည်။ မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းကို ဤခွဲစိတ်မှုဖြင့် အလျဥ်းပျောက်ကင်းအောင် မပြုလုပ်နိုင်သော်လည်း ခွဲစိတ်မှုအောင်မြင်ပါက အသည်းပျက်စီးမှုကို နှေးကွေးစေပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းနှင့် အသည်းအစားထိုးကုသရန် လိုအပ်ခြင်းတို့ကို နှောင့်နှေးစေနိုင်သည်။ ခွဲစိတ်မှုကို စောစီးစွာပြုလုပ်နိုင်လေ ပို၍ထိရောက်လေဖြစ်သည်။ ခွဲစိတ်ရာတွင် အသည်းပြင်ပရှိ ပျက်စီးနေသော သည်းခြေပြွန်များအားလုံးကို ခွဲစိတ်ဖယ်ရှားသည်။ ထို့နောက်တွင် ကလေး၏ အူသိမ်အစိတ်အပိုင်းယူ၍ ဖယ်ရှားလိုက်သော သည်းခြေပြွန်နေရာတွင် အသည်းနှင့် တိုက်ရိုက်ဆက်သည်။ ခွဲစိတ်မှုအောင်မြင်ပါက သည်းခြေရည်များသည် အသည်းအတွင်းမှ အူသိမ်အတွင်းသို့ တိုက်ရိုက်စီးဆင်းမည်ဖြစ်သည်။
ခွဲစိတ်မှုသည် နာရီပေါင်းများစွာ ကြာနိုင်သည်။ ခွဲစိတ်မှုပြီးသည့်နောက်တွင် ကလေး၏အခြေအနေပေါ် မူတည်၍ အနည်းဆုံး (၅) ရက် မှ (၁၀) ရက်ခန့် ဆေးရုံတက်ရနိုင်သည်။ ဆေးရုံတက်နေစဥ်အတွင်း အနာသက်သာစေသော ဆေးများပေးခြင်း၊ ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း၊ ခွဲစိတ်ဒဏ်ရာအခြေအနေများကို စစ်ဆေးခြင်း၊ စားသောက်ပုံနည်းလမ်းများကို ညွှန်ကြားပေးခြင်းတို့ကို ပြုလုပ်မည်။
ခွဲစိတ်ပြီး (၃) လအတွင်း ခွဲစိတ်မှုအောင်မြင်ခြင်း ရှိမရှိကို သိရှိနိုင်သည်။ ခွဲစိတ်မှုအောင်မြင်ပြီးနောက် မွေးကင်းစကလေးငယ်အများစုသည် အသားဝါခြင်း မရှိတော့ဘဲ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ နည်းပါးသွားသည်။ ခွဲစိတ်မှု မအောင်မြင်ပါက သည်းခြေရည်စီးဆင်းမှု ပိတ်ဆို့နေဆဲဖြစ်သောကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး အများအားဖြင့် အသက် (၂) နှစ်အရွယ်တွင် အသည်းအစားထိုးကုသရန် လိုအပ်လာမည်ဖြစ်သည်။
သို့သော်ခွဲစိတ်မှုအောင်မြင်သည့်တိုင်အောင် ကလေးအချို့တွင် နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် နောက်ဆက်တွဲပြဿနာများ ဖြည်းဖြည်းချင်းပေါ်ပေါက်လာနိုင်ပြီး အသည်းအစားထိုးကုသရန် လိုအပ်လာနိုင်သည်။
ခွဲစိတ်ပြီးနောက်ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
ခွဲစိတ်ပြီးနောက် ဆက်လက်ဖြစ်ပေါ် နိုင်သော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါတို့ဖြစ်သည်။
- သည်းခြေလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်း (Cholangitis)
- အသည်းနှင့် အူလမ်းကြောင်းဆက်ထားသည့် ဆက်ကြောင်းနေရာမှ ပြန်ပွင့်ထွက်ပြီး သည်းခြေရည်ယိုစိမ့်ခြင်း (Anastomotic leak)
- အသည်းသို့သွားသော သွေးပြန်ကြောအတွင်း သွေးဖိအားများခြင်း (Portal Hypertension)
- အစာရေမျိုပြွန်သွေးကြောဖောင်းများ ဖြစ်ပေါ်ခြင်း
- အသည်းအတွင်း အရည်အိတ်ဖြစ်ခြင်း (Intrahepatic cysts)
- အသည်းပျက်စီးခြင်းမှတစ်ဆင့် အဆုတ်နှင့် အသက်ရှူလုပ်ငန်း ထိခိုက်ပျက်စီးခြင်း (Hepatopulmonary syndrome)
- ကင်ဆာဖြစ်ခြင်း စသည်တို့ကို တွေ့နိုင်သည်။
ခွဲစိတ်ပြီးနောက် လပေါင်းများစွာကြာသည်အထိ သည်းခြေလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်းနှင့် တခြား အသည်းရောဂါများ ဖြစ်နိုင်သောကြောင့် အောက်ပါလက္ခဏာများရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းပြန်ပြရန် လိုအပ်သည်။
- အဖျားကြီးခြင်း
- အစားမဝင်ခြင်း
- ချုပ်ရိုးရောင်ရမ်းခြင်း၊ ချုပ်ရိုးမှ အရည်စိမ့်ထွက်ခြင်း
- ဗိုက်နာခြင်း၊ ဗိုက်ဖောင်းခြင်း
- ပုံမှန်မဟုတ်သည့် သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း
- သုံးရက်ထက်ပို၍ ဝမ်းချုပ်ခြင်း၊ ဝမ်းအရည်သွားခြင်း
- အသားပြန်ဝါလာခြင်း၊ ရှိပြီးသား အသားဝါခြင်းပိုဆိုးလာခြင်း
- ဝမ်းအရောင်ဖျော့ခြင်း
- ဝမ်းထဲသွေးပါခြင်း
ခွဲစိတ်ပြီးသည့်နောက် အိမ်တွင်ပြုစုစောင့်ရှောက်မှုများ
ခွဲစိတ်ပြီးနောက် ကလေးတစ်ယောက် ကောင်းမွန်စွာ ပြန်လည်သက်သာလာစေရန် သုံးလ မှ လေးလခန့် ကြာမြင့်သည်။ ပြန်လည်သက်သာလာခြင်းကို မြန်ဆန်စေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားနိုင်ရန် အစားအစာများနှင့် ဆေးဝါးများသောက်သုံးမှုကို ဆရာဝန်ညွှန်ကြားချက်များအတိုင်း သေချာစွာလိုက်နာရမည်။
- အထူးပြုလုပ်ထားသည့်ဖော်မြူလာနို့ သို့မဟုတ် မိခင်နို့တိုက်ကျွေးခြင်း
ထိုအစာအမျိုးအစားများသည် အသည်းမှစုပ်ယူရန်လွယ်ကူသော အဆီအမျိုးအစားကို ထောက်ပံ့ပေးသည်။ - ဗီတာမင်ဖြည့်စွက်ဆေးများပေးခြင်း
အဆီတွင်ပျော်ဝင်သည့် ဗီတာမင်များဖြစ်သည့် ဗီတာမင် A, D, E, K များပေးရမည်။ သည်းခြေရည်မရှိလျှင် ထိုဗီတာမင်များကို ကောင်းမွန်စွာစုပ်ယူနိုင်မည် မဟုတ်သည့်အတွက် အချိန်ကာလတစ်ခုကြာသည်အထိ ပေးရန်လိုအပ်သည်။ - ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
ခွဲစိတ်ပြီးနောက် လအနည်းငယ်အထိ လိုအပ်နိုင်သည်။ ၎င်းသည် အူလမ်းကြောင်းမှ အသည်းနှင့် သည်းခြေပြွန်များသို့ ရောက်ရှိလာသော ဘက်တီးရီးယားများကြောင့် ဖြစ်သည့် သည်းခြေလမ်းကြောင်းရောင်ရမ်းခြင်းကို ကာကွယ်ပေးသည်။ - သည်းခြေရည်နှင့်ပတ်သက်၍ ဖြည့်စွက်ဆေးများပေးခြင်း (Bile acid replacement medicine)
၎င်းဆေးများသည် သည်းခြေရည်စီးဆင်းမှုကို ကောင်းမွန်စေရန် ကူညီပေးပြီး နှစ်ပေါင်းများစွာ သောက်သုံးရနိုင်သည်။
အသည်းအစားထိုးကုသခြင်း (Liver transplant)
မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာပါက အသည်းအစားထိုးကုသရန် လိုအပ်သည်။ အသည်းအစားထိုးကုသရာတွင် ပျက်စီးနေသည့်အသည်းကို ဖယ်ရှား၍ အလှူရှင်ထံမှ အသည်းအသစ်ဖြင့် အစားထိုးခြင်းဖြစ်သည်။ အစားထိုးမည့်အသည်းသည် သေဆုံးပြီးအလှူရှင်ထံမှ အသည်းကိုယူ၍ အစားထိုးနိုင်သကဲ့သို့ ကလေးနှင့် တစ်ရှူးအမျိုးအစားချင်း ကိုက်ညီမှုရှိသည့် သက်ရှိအလှူရှင်ထံမှ အသည်းတစ်စိတ်တစ်ပိုင်းဖြင့်လည်း အစားထိုးနိုင်သည်။
အသည်းအစားထိုးကုသမှုပြီးသည့်နောက်တွင် အစားထိုးထားသည့်အသည်းကို ခန္ဓာကိုယ်မှပြန်တိုက်ထုတ်ခြင်းကို ကာကွယ်ရန် ကိုယ်ခံအားနှိမ့်ချသည့်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရန် အရေးကြီးသည်။
ကာကွယ်ခြင်း
ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို အတိအကျမသိသောကြောင့် မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးခြင်းကို ကာကွယ်ရန် တိကျသေချာသော နည်းလမ်းမရှိပါ။ အရေးကြီးဆုံးမှာ အထက်ပါရောဂါလက္ခဏာများကို စောစီးစွာသတိထားမိပါက မိသားစုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသ၍ ညွှန်ကြားချက်များအတိုင်း အချိန်မီပြသကုသမှုခံယူခြင်းပင်ဖြစ်သည်။
References:
- Cincinnati Children’s Hospital Medical Center. (n.d.). Biliary atresia. Retrieved August 1, 2025, from https://www.cincinnatichildrens.org/health/b/biliary-atresia
- Children’s Hospital of Philadelphia. (n.d.). Biliary atresia. Retrieved August 1, 2025, from https://www.chop.edu/conditions-diseases/biliary-atresia
- Cleveland Clinic. (n.d.). Biliary atresia. Retrieved August 1, 2025, from https://my.clevelandclinic.org/health/diseases/21076-biliary-atresia
- National Institute of Diabetes and Digestive and Kidney Diseases. (n.d.). Biliary atresia. Retrieved August 1, 2025, from https://www.niddk.nih.gov/health-information/liver-disease/biliary-atresia
- Siddiqui, A. I., & Ahmad, T. (2023). Biliary atresia. In StatPearls [Internet]. StatPearls Publishing. Retrieved August 1, 2025, from https://www.ncbi.nlm.nih.gov/books/NBK537262/
- National University Health System. (2023). Biliary atresia (Children). Retrieved August 1, 2025, from https://www.nuhs.edu.sg/patient-care/find-a-condition/biliary-atresia-children
- Saint Luke’s Health System. (n.d.). Treatment for your child’s biliary atresia (Kasai procedure). Retrieved August 1, 2025, from https://www.saintlukeskc.org/health-library/treatment-your-childs-biliary-atresia-kasai-procedure
Published: 14 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.