Lactose Intolerance (နို့တွင်ပါဝင်သော သကြားဓာတ်အား မချေဖျက်နိုင်ခြင်း)

Lactose Intolerance (နို့တွင်ပါဝင်သော သကြားဓာတ်အား မချေဖျက်နိုင်ခြင်း)

အစာအိမ်နှင့်အူလမ်းကြောင်းတွင် နို့နှင့်နို့ထွက်ပစ္စည်းများ၌ ပါဝင်သော လက်တို့စ် (Lactose) သကြားဓာတ်အား ချေဖျက်ရန်လိုအပ်သော လက်တေ့စ် (Lactase) အင်ဇိုင်းဓာတ်ချို့တဲ့မှုကြောင့် အဆိုပါသကြားဓာတ်ကို မဖြိုခွဲ၊ မချေဖျက်နိုင်သဖြင့် အူနံရံမှ စုပ်ယူခြင်း မပြုလုပ်နိုင်သော အခြေအနေဖြစ်သည်။ နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံးချိန်တိုင်း အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများပြလေ့ရှိပြီး လူတစ်ဦးနှင့်တစ်ဦး လက္ခဏာပြင်းထန်မှု ကွာခြားနိုင်သည်။

နို့တွင်ပါဝင်သော သကြားဓာတ်ကို ဖြိုခွဲပေးသည့် Lactase အင်ဇိုင်းကို အူသိမ်မှ အဓိကထုတ်လုပ်ပြီး အင်ဇိုင်းပမာဏအနည်းငယ်သာ လျော့နည်းပါက နို့နှင့် နို့ထွက်ပစ္စည်းများကို အတန်အသင့် ချေဖျက်နိုင်သောကြောင့် လက္ခဏာများ ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် Lactase အင်ဇိုင်းပမာဏ အလွန်နည်းပါးသွားပါက လုံးဝချေဖျက်နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်လာပြီး အူလမ်းကြောင်းဆိုင်ရာလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အူသိမ်နှင့်အူမကြီးတို့သည် ခန္ဓာကိုယ်တွင်းရှိအစာခြေစနစ်၏ အစိတ်အပိုင်းများဖြစ်ပြီး စားသုံးလိုက်သော အစားအစာများကို ချေဖျက်ရာတွင် အဓိကပါဝင်လုပ်ဆောင်ပေးသည်။ အူသိမ်လမ်းကြောင်းတစ်လျှောက် အစာခြေအင်ဇိုင်းများမှ အစားအစာများကို ဖြိုခွဲချေဖျက်ပေးပြီး အူသိမ်နှင့် အူမကြီးနံရံများမှ ချေဖျက်ပြီး ထွက်ရှိလာသော အာဟာရဓာတ်များကို စုပ်ယူသည်။ အူနံရံများမှ စုပ်ယူခြင်းမခံရသော အရာများသည် အူမကြီးလမ်းကြောင်းတစ်လျှောက် ဆက်လက်ဆင်းသွားပြီး ဝမ်းအဖြစ် စွန့်ထုတ်ခံရသည်။

အူသိမ်ရှိ အစာချေဖျက်ပေးသော အင်ဇိုင်းများ၌ Lactase အင်ဇိုင်းသည်လည်း အပါအဝင်ဖြစ်သည်။ ပုံမှန်အားဖြင့် Lactase အင်ဇိုင်းသည် Lactose သကြားဓာတ်ကို ဖြိုခွဲ၍ ဂလူးကို့စ် (Glucose) နှင့် ဂလက်တို့စ် (Galactose) ဟူသော အခြေခံသကြားဓာတ်နှစ်မျိုးအဖြစ် ပြောင်းလဲပေးသည်။ ထို့နောက် ထိုသကြားဓာတ်နှစ်မျိုးလုံးကို အူနံရံမှတစ်ဆင့် သွေးကြောထဲသို့ အာဟာရအဖြစ် စုပ်ယူသွားသည်။ Lactose သကြားဓာတ်သည် မိခင်နို့တွင် အဓိကပါဝင်သောကြောင့် ကလေးများမွေးစကတည်းကပင် အူနံရံမှ Lactase အင်ဇိုင်းထုတ်လုပ်ပြီး မိခင်နို့ကို ချေဖျက်၍ အာဟာရစုပ်ယူရရှိနိုင်သည်။

အူသိမ်တွင် Lactase အင်ဇိုင်း ချို့တဲ့နေပါက အစားအစာထဲတွင်ပါဝင်သော Lactose သကြားဓာတ်သည် ချေဖျက်စုပ်ယူခြင်း မခံရဘဲ အူမကြီးထဲသို့ ရောက်ရှိသွားသည်။ အူမကြီးထဲတွင်ရှိသော ပုံမှန်ဘက်တီးရီးယားများနှင့် မချေဖျက်ရသေးသော Lactose သကြားမော်လီကျူးများ အချင်းချင်း ဓာတ်ပြုမှုများကြောင့် အူလမ်းကြောင်းလက္ခဏာများ ဖြစ်ပေါ်ခံစားရစေသည်။

လက်တို့စ်သကြားဓာတ်ပါဝင်သော အစားအစာများ
လက်တို့စ်သကြားဓာတ်ပါဝင်သော နို့ထွက်ပစ္စည်းများတွင် အောက်ပါတို့ပါဝင်သည်။

  • နွားနို့၊ ဆိတ်နို့၊ သိုးနို့စသည့် နို့အမျိုးမျိုး (Milk)
  • ထောပတ် (Butter)
  • ဒိန်ခဲ (Cheese)
  • ခရင်မ် (Cream)
  • ဒိန်ချဉ် (Yogurt)
  • ရေခဲမုန့် (Ice cream)

ထို့အပြင် ပြုပြင်စီမံထားသော အစားအစာများစွာတွင်လည်း လက်တို့စ် ပါဝင်နိုင်သည်။ ၎င်းတို့မှာ_

  • Lactose ပါသော စီရီယယ်များ (Cereals)
  • ပေါင်မုန့်၊ ခရက်ကာ၊ ကိတ်မုန့်၊ ဘီစကစ်၊ မုန့်ပဲသရေစာ စသည့် အစားအစာများ (Baked foods like bread, crackers, cakes, biscuits, and pastry)
  • ဆော့စ်များနှင့် အသုပ်များတွင် အသုံးပြုသော အနှစ်များ (Sauces and salad dressings)
  • ကိုယ်အလေးချိန်ထိန်းသိမ်းရန် ထုတ်လုပ်ထားသော ပရိုတင်းရှိတ်ခ်များ (Diet and protein shakes)
အမျိုးအစားများ

Lactase အင်ဇိုင်းချို့တဲ့မှုကို ဖြစ်စေသော အကြောင်းရင်းများပေါ်မူတည်၍ အမျိုးအစား (၃) မျိုးခွဲခြားနိုင်သည်။

  1. မူလအကြောင်းရင်းခံမရှိသော ပထမအမျိုးအစား (Primary Lactose Intolerance)
    အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။ မွေးကင်းစကလေးများသည် Lactase အင်ဇိုင်း လုံလောက်စွာ ထုတ်လုပ်နိုင်စွမ်းရှိသည်၊ နို့ကိုသာ အာဟာရအဖြစ် မှီခိုရသော ကလေးငယ်များတွင် အာဟာရ ရရှိရန် Lactase အင်ဇိုင်းလိုအပ်သောကြောင့်ဖြစ်သည်။ ကလေးများအသက်ကြီးလာသည်နှင့်အမျှ နို့အစား အခြားအစားအစာများကို အစားထိုးစားသုံးလာသည်။ ထိုအခါ ခန္ဓာကိုယ်မှ ထုတ်လုပ်သော Lactase ပမာဏသည် ပုံမှန်အားဖြင့် ကျဆင်းလာတတ်သော်လည်း လူကြီးတစ်ယောက်၏ ပုံမှန်စားသုံးမှုတွင် ပါဝင်သော နို့ထွက်ပစ္စည်းပမာဏကို ချေဖျက်နိုင်ရန် လုံလောက်သည့်ပမာဏ ကျန်ရှိနိုင်သေးသည်။ အကယ်၍ Lactase အင်ဇိုင်းထုတ်လုပ်မှုသည် သိသိသာသာ ကျဆင်းသွားပြီး နို့ထွက်ပစ္စည်းများကို ချေဖျက်ရန် ခက်ခဲလာလျှင် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများပေါ်လာသည်။
  2. အကြောင်းရင်းခံ တစ်ခုခုကြောင့်ဖြစ်သော အမျိုးအစား (Secondary Lactose Intolerance)
    အူသိမ်ကို ထိခိုက်စေသော ရောဂါပိုးဝင်ခြင်း၊ အူသိမ်ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်မှုခံယူရခြင်းတို့ကြောင့် Lactase အင်ဇိုင်းထုတ်လုပ်မှု လျော့နည်းသွားသော အမျိုးအစားဖြစ်သည်။ ယာယီသာဖြစ်လေ့ရှိသော အမျိုးအစားဖြစ်ပြီး အကြောင်းရင်းခံရောဂါကို ကုသခြင်းဖြင့် Lactase အင်ဇိုင်းပမာဏကို ပြန်လည်တိုးမြှင့်စေနိုင်ပြီး လက္ခဏာများကို သက်သာစေနိုင်သည်။ အဖြစ်များသော အကြောင်းရင်းများမှာ _
    • ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း (Enterocolitis) – ကလေးများတွင် အဖြစ်များသည်။
    • နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease)
    • ဂလူတန်ပရိုတင်းနှင့် ဓာတ်မတည့်သော Celiac ရောဂါ
    • အူသိမ်တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်တောက်ခြင်း (Small bowel resection)
    • အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းများကို ထိခိုက်စေသော Cystic fibrosis ရောဂါ
    • ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံးများကြောင့် ဖြစ်တတ်သည်။
  3. မွေးရာပါ (သို့မဟုတ်) ဖွံ့ဖြိုးမှုဆိုင်ရာ အင်ဇိုင်းချို့ယွင်းသော အမျိုးအစား (Congenital or Developmental Lactose Intolerance)
    • မွေးရာပါ အင်ဇိုင်းချို့ယွင်းသော အမျိုးအစားတွင် Lactase အင်ဇိုင်းလုံးဝမထုတ်လုပ်နိုင်ခြင်းကြောင့် မွေးကင်းစကလေးဘဝ၌ပင် လက္ခဏာများပြနိုင်သော်လည်း အလွန်ရှားပါးသည်
    • မျိုးဗီဇချို့ယွင်းမှုကြောင့် အဓိကဖြစ်ပြီး ရောဂါရှိသော မိဘမှ ကလေးထံသို့ လက်ဆင့်ကမ်းခြင်းဖြစ်သည်၊ Autosomal Recessive ဟုခေါ်သော မျိုးဗီဇဆက်ခံမှုပုံစံဖြင့် လက်ဆင့်ကမ်း၍ ကလေးတွင် ရောဂါပါလာတတ်သည်
    • ဖွံ့ဖြိုးမှုဆိုင်ရာ အင်ဇိုင်းချို့ယွင်းသော အမျိုးအစားကို လမစေ့ဘဲ မွေးဖွားသော ကလေးများတွင် တွေ့ရသည်၊ အူသိမ်တွင် Lactase အင်ဇိုင်းထုတ်လုပ်သော ဆဲလ်များသည် ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးသုံးလပတ်တွင်မှသာ ကောင်းစွာဖွံ့ဖြိုးလာသောကြောင့် လမစေ့ဘဲ စောစီးစွာ မွေးဖွားလာသော ကလေးများတွင် Lactase အင်ဇိုင်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ဘဲ လက္ခဏာများ ပေါ်လာခြင်းဖြစ်သည်
ရောဂါဖြစ်နိုင်ခြေများစေသောအချက်များ (Risk Factors)
  • အသက်အရွယ် (Increasing age)
    အကြောင်းရင်းမရှိသော မူလပထမအမျိုးအစားတွင် ယေဘုယျအားဖြင့် လူကြီးဘဝတွင်မှ လက္ခဏာများ ပေါ်လာတတ်ပြီး ကလေးများတွင် အဖြစ်နည်းသည်
  • လူမျိုး (Ethnicity)
    အာဖရိက၊ အာရှ၊ ဟစ်စပန်းနစ် (စပိန်လူမျိုးစုများ) နှင့် အမေရိကန် အင်ဒီးယန်းလူမျိုးများတွင် အဖြစ်များသည်
  • လမစေ့ဘဲ မွေးဖွားသောကလေးများ (Premature birth)
  • အူထဲတွင် ဘက်တီးရီးယားပိုးများ ပုံမှန်ထက် ပိုမိုပေါက်ပွါးခြင်း (Bacterial Overgrowth)၊ ဂလူတန်ပရိုတင်းနှင့် ဓာတ်မတည့်သော Celiac ရောဂါနှင့် Crohn’s ခရုမ်းရောဂါ ရှိသူများ
  • ကင်ဆာအတွက် ကုသမှုခံယူနေသူများ (Certain cancer treatments)
ရောဂါလက္ခဏာများ

လက္ခဏာများသည် ယေဘုယျအားဖြင့် လက်တို့စ်ပါဝင်သော အစားအစာများ စားသောက်ပြီးနောက် မိနစ် (၃၀) မှ (၂) နာရီအတွင်း စတင်ဖြစ်ပေါ်လာတတ်သည်။ အဖြစ်များသော လက္ခဏာများမှာ_

  • ဝမ်းလျှောခြင်း (Diarrhea)
  • ပျို့အန်ခြင်း (Nausea and vomiting)
  • ဗိုက်အောင့်ခြင်း၊ ဗိုက်ကယ်ခြင်း (Stomach cramps)
  • လေပွခြင်း၊ ဗိုက်ဖောင်းခြင်း (Bloating)
  • လေထခြင်း (Intestinal Gas) စသည့် လက္ခဏာများအပြင်
  • ကလေးငယ်များတွင် မကြာခဏဝမ်းပျက်ခြင်း၊ အလွန်အီ၍ ဂျီကျခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်းနှင့် အက်ဆစ်ဓာတ်များသော ဝမ်းအရည်များကြောင့် ကလေး၏ စအိုတစ်ဝိုက်တွင် အရေပြားနီရဲရောင်ရမ်းခြင်း၊ ယားယံခြင်းများ (Anal excoriation) တွေ့ရတတ်သည်။

ထိုလက္ခဏာများသည် အူမကြီးထဲရှိ မချေဖျက်ရသေးသော Lactose သကြားဓာတ်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အစားအစာများ စားပြီးနောက် အူမကြီးထံရောက်ရန် (၆)နာရီ မှ (၁၀)နာရီအထိ ကြာမြင့်ပြီး၊ အူမကြီးတစ်လျှောက် ဖြတ်သန်းသွားလာချိန်သည် (၂၄)နာရီ မှ (၃၆)နာရီအထိ ကြာမြင့်သည်။ ထို့ကြောင့် ရောဂါလက္ခဏာများကို နာရီပိုင်းအတွင်းမှ တစ်ရက် သို့မဟုတ် နှစ်ရက်အထိ ခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

နို့နှင့် အခြားနို့ထွက်ပစ္စည်းများတွင် ကယ်လ်ဆီယမ် (Calcium)၊ ပရိုတင်းဓာတ်များ၊ ဗီတာမင် အေ (Vitamin A)၊ ဗီတာမင် B12 နှင့် ဗီတာမင် ဒီ (Vitamin D) ကဲ့သို့သော ဗီတာမင်များ ပါဝင်သည်။ Lactose သည် ခန္ဓာကိုယ်မှ မဂ္ဂနီဆီယမ်ဓာတ်နှင့် ဇင့်ဓာတ်များ စုပ်ယူနိုင်ရန်လည်း ကူညီပေးသည်။ ထိုဗီတာမင်နှင့် သတ္တုဓာတ်များသည် အရိုးများ သန်စွမ်းခိုင်မာရေးအတွက် အရေးကြီးသည်။
နို့နှင့် နို့ထွက်ပစ္စည်းများကို မချေဖျက်နိုင်ပါက အထက်ဖော်ပြပါ အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များကို လုံလောက်စွာရရှိရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် နောက်ဆက်တွဲပြဿနာများအနေဖြင့် ကိုယ်အလေးချိန်လျော့ကျခြင်းကို ဖြစ်စေနိုင်ပြီး အောက်ပါအခြေအနေများလည်း ဖြစ်ပေါ်လာနိုင်သည်။

  • အရိုးသိပ်သည်းဆနည်းခြင်း (Osteopenia) – အရိုးသိပ်သည်းဆနည်းခြင်းကို မကုသပါက အရိုးပွခြင်း (Osteoporosis) အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်
  • အရိုးပွခြင်း (Osteoporosis) – အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်းနှင့် အရိုးအက်ခြင်းများ ဖြစ်နိုင်ခြေများလာသည်
  • အာဟာရချို့တဲ့ခြင်း (Malnutrition) – အာဟာရချို့တဲ့ပါက ဒဏ်ရာများ ကျက်ရန် ပိုကြာနိုင်ပြီး မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းများ စတင်ခံစားရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

နို့နှင့် နို့ထွက်ပစ္စည်းများ စားသောက်ပြီးနောက် အထက်ပါလက္ခဏာများ မကြာခဏ ခံစားနေရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသကုသမှုခံယူရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

Lactase အင်ဇိုင်းချို့တဲ့ခြင်းဖြစ်သည်ဟု သံသယရှိပါက ဆရာဝန်မှ ဦးစွာ နို့နှင့်နို့ထွက်ပစ္စည်းများကို ခေတ္တရှောင်စေခြင်းဖြင့် စောင့်ကြည့်မည်ဖြစ်သည်။ ထို့နောက်လိုအပ်ပါက အောက်ပါဓာတ်ခွဲစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

အသက်ရှူထုတ်သောလေမှ ဟိုက်ဒရိုဂျင်ဓာတ် ပမာဏစစ်ဆေးခြင်း (Hydrogen breath test)
Lactose သကြားရည်ကို ဦးစွာသောက်ပြီး နာရီဝက်ခန့်စောင့်ရမည်။ ထို့နောက် အသက်ရှူထုတ်သောလေမှ ဓာတ်များကို စစ်ဆေးတိုင်းတာသော စက်ထဲသို့ အသက်ရှူထုတ်၍ ဟိုက်ဒရိုဂျင်ဓာတ်ကို တိုင်းတာသောနည်းဖြစ်သည်။ အူမကြီးထဲရှိ ဘက်တီးရီးယားများသည် Lactose နှင့် ထိတွေ့ဓာတ်ပြုခြင်းကြောင့် ဟိုက်ဒရိုဂျင်ဓာတ်များစွာကို ထုတ်လွှတ်နိုင်သည်။ ထို့ကြောင့် သကြားရည်သောက်ပြီးနောက် (၁၅ – ၃၀) မိနစ်စီခြား၍ အကြိမ်ကြိမ် အသက်ရှူထုတ်ကာ ဟိုက်ဒရိုဂျင်ဓာတ်များကို တိုင်းတာရမည်။ နာရီအနည်းငယ်ကြာသည်အထိ တိုင်းတာရန်လိုပြီး ထိုရှူထုတ်သော လေထဲတွင် ဟိုက်ဒရိုဂျင်ဓာတ်ပမာဏသည် ပုံမှန်ထက်များနေပါက Lactose ကို မချေဖျက်နိုင်ကြောင်း ရောဂါသတ်မှတ်နိုင်သည်။ တိကျသောအဖြေရရှိရန် ဤစစ်ဆေးမှုကို မပြုလုပ်မီ တစ်လအလို၊ တစ်ပတ်အလို၊ တစ်ရက်အလိုတွင် ကြိုတင်‌ရှောင်ရှားသင့်သော အချက်များရှိသောကြောင့် ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း လိုက်နာရန်လိုသည်။

သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း (Blood sugar test)
Hydrogen Breath test စစ်ဆေးခြင်းဖြင့် ရောဂါမသတ်မှတ်နိုင်ပါက ဤနည်းဖြင့် စစ်ဆေးနိုင်သည်။ Lactose သကြားရည်ကို မသောက်မီ တစ်ကြိမ်၊ သောက်ပြီး နှစ်နာရီအကြာတွင် တစ်ကြိမ် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးသည်။ သကြားရည်သောက်ပြီး တိုင်းတာသောအဖြေတွင် သွေးတွင်းသကြားဓာတ် မြင့်တက်လာခြင်းမရှိပါက ခန္ဓာကိုယ်မှ Lactose ကို စုပ်ယူနိုင်ခြင်းမရှိကြောင်း သိရှိနိုင်သည်။

ဝမ်းတွင် အက်ဆစ်ဓာတ်နှင့် သကြားဓာတ်များ စစ်ဆေးခြင်း (Stool acidity and reducing sugar tests)
မွေးကင်းစကလေးများနှင့် ကလေးငယ်များအတွက် စစ်ဆေးရန် အသုံးပြုနိုင်သည်။ ကလေးအား Lactose ပါသောနို့ကို တိုက်ကျွေးပြီးနောက် ဝမ်းနမူနာအနည်းငယ်ကိုယူကာ ဓာတ်ခွဲစစ်ဆေးနိုင်သည်။ ဝမ်းအဖြေတွင် Lactic acid ပါဝင်နေသည်ကို တွေ့ရှိပါက ခန္ဓာကိုယ်မှ Lactose သကြားဓာတ်ကို စုပ်ယူနိုင်ခြင်းမရှိကြောင်း သိရှိနိုင်သည်။ ထို့ပြင် ဝမ်းကို Benedict’s ဆေးရည်ဖြင့်ရောကာ မီးအပူပေးခြင်းဖြင့် ဝမ်း၌ သကြားဓာတ် ပါဝင်မှုမြင့်တက်နေခြင်း ရှိမရှိကို သိရှိနိုင်သည်။ ပုံမှန်အားဖြင့် မီးအပူပေးပြီးနောက် ဆေးရည်အရောင်သည် အပြာရောင်ဖြစ်ပြီး လိမ္မော်ရောင် (သို့မဟုတ်) အနီရောင်အဆင့်ထိ ပြောင်းသွားပါက ဝမ်း၌ သကြားဓာတ်ပါဝင်မှု မြင့်တက်နေခြင်းကို ပြသနေပြီး Lactose သကြားဓာတ်အပြင် Galactose နှင့် Maltose သကြားဓာတ်များ ပါဝင်နေပါက ထိုသို့အဖြေထွက်နိုင်သည်။

ကုသခြင်း

အကြောင်းရင်းခံ တစ်ခုခုကြောင့်ဖြစ်သော အမျိုးအစား (Secondary Lactose Intolerance) တွင်မူ ဖြစ်စေသောအကြောင်းရင်းကို ကုသခြင်းဖြင့် Lactose သကြားဓာတ် ချေဖျက်နိုင်စွမ်းကို ပြန်လည်ကောင်းမွန်လာစေနိုင်သည်။ သို့သော် ထိုသို့ပြန်လည်ကောင်းမွန်လာစေရန် တစ်ခါတစ်ရံ လပေါင်းများစွာ ကြာမြင့်နိုင်သည်။ အကြောင်းရင်းမရှိသော မူလပထမအမျိုးအစားတွင်မူ Lactose ပမာဏနည်းသော အစားအသောက်များ ရွေးချယ်စားသုံးခြင်းအားဖြင့် ရောဂါလက္ခဏာများ သက်သာစေနိုင်သည်။ Lactose ပမာဏကို လျှော့ချရန်

  • နို့နှင့်နို့ထွက်ပစ္စည်းများကို ကန့်သတ်စားသုံးခြင်း
  • နို့ထွက်ပစ္စည်းများကို နေ့စဥ်စားသော အစားအစာများ၌ အနည်းငယ်စီသာ ထည့်သွင်းစားသုံးခြင်း
  • Lactose ဓာတ်လျှော့ချထားသော နို့အမျိုးအစား (သို့မဟုတ်) ပဲနို့နှင့် ပဲပိစပ်မှ အခြေခံထုတ်လုပ်ထားသော နို့ထွက်ပစ္စည်းများ (Lactose reduced or lactose free formula or Soy based formula) များကိုသာ ရွေးချယ်ခြင်း
  • Lactose ကို ချေဖျက်ရန် သောက်သုံးမည့်နို့ထဲသို့ ဖန်တီးထုတ်လုပ်သော Lactase အင်ဇိုင်း အရည် သို့မဟုတ် အမှုန့် (Lactate supplements) ကို ရောထည့်ပြီး သောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

ထိုသို့ လိုက်နာပြုလုပ်ခြင်းဖြင့် မိမိခန္ဓာကိုယ်မှ Lactose ပါဝင်သော အစားအစာများအပေါ် တုံ့ပြန်မှုကို လေ့လာစောင့်ကြည့်နိုင်သည်။ နို့ထွက်ပစ္စည်းအားလုံးကို လုံးဝဖြတ်တောက်ရသည်အထိ ပြင်းထန်သော အခြေအနေများရှိသော်လည်း လူနည်းစုတွင်သာ တွေ့ရှိရသည်။

အခြား ဆေးဝါးများအနေဖြင့် Probiotics ဆေးများဖြင့် ကုသမှုပေးနိုင်သည်။ Probiotics ဆေးများကို အမှုန့်ပုံစံ (သို့မဟုတ်) ဆေးတောင့်ပုံစံဖြင့် ရရှိနိုင်သည်။ Probiotics ဆေးများသည် ကျန်းမာသော အစာခြေစနစ်ကို ထိန်းသိမ်းရန် ကူညီပေးသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အူလမ်းကြောင်းလှုပ်ရှား မှုမမှန်သောရောဂါ (Irritable bowel syndrome) များအတွက် အသုံးပြုကြသည်။ ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ Lactose သကြားဓာတ်ကို ချေဖျက်ရာတွင်လည်း ကူညီပေးနိုင်ကြောင်း လေ့လာတွေ့ရှိရသောကြောင့် ဤရောဂါတွင်လည်း တွဲဖက်သုံးစွဲနိုင်သည်။

ကာကွယ်ခြင်း

အကြောင်းရင်းမရှိသည့်အပြင် မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်‌သောအခြေအနေဖြစ်သဖြင့် ကြိုတင်ကာကွယ်၍ မရနိုင်ပါ။ သို့သော် နို့မှရရှိနိုင်သော အခြားဗီတာမင်များနှင့် သတ္တုဓာတ်များကို မလျော့နည်းစေရန် ကြိုတင်ဖြည့်တင်းပေးခြင်းဖြင့် အာဟာရဆိုင်ရာ ချို့တဲ့မှုများကို ကာကွယ်နိုင်သည်။

အာဟာရပြည့်ဝအောင် ထိန်းသိမ်းစားသောက်ခြင်း
နို့ထွက်ပစ္စည်းများကို လျှော့ချခြင်း၊ ရှောင်ကြဥ်ခြင်းများ ပြုလုပ်ရပါက နို့မှ ရရှိသော ကယ်လ်စီယမ် (Calcium) လျော့နည်းသွားနိုင်ခြေရှိသောကြောင့် ကယ်လ်စီယမ်ဓာတ်ပြည့်ဝသော

  • ပန်းဂေါ်ဖီစိမ်းနှင့် အခြားအသီးအရွက်များ
  • ကယ်လ်စီယမ် ဖြည့်စွက်ထားသော စီရီယယ်နှင့် ဖျော်ရည်ကဲ့သို့ စားသောက်ကုန်များ
  • ဆော်လမွန်ငါး (သို့မဟုတ်) ဆာဒင်းငါးဖြင့် ပြုလုပ်ထားသော ငါးသေတ္တာများ
  • ပဲနို့ကဲ့သို့ Lactose ပါဝင်မှုနည်းသော နို့များ
  • လိမ္မော်သီးစသော အသီးအနှံများ
  • ဗာဒံစေ့ကဲ့သို့ အစေ့အဆန်များကို စားသုံးပေးနိုင်သည်။

ထို့အပြင် နို့မှရရှိနိုင်သော ဗီတာမင်ဒီ (Vitamin D) လျော့နည်းမှု မဖြစ်စေရန် ဗီတာမင် ဒီ ကြွယ်ဝသော ကြက်ဥ၊ အသည်းစသည်တို့ကိုလည်း စားသုံးပေးနိုင်ပြီး လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြသ၍ ဗီတာမင် ဒီ၊ ကယ်လ်စီယမ် ဖြည့်စွက်အား‌ဆေးများကိုလည်း သောက်သုံးနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Lactose intolerance. Retrieved July 8, 2025, from https://my.clevelandclinic.org/health/diseases/7317-lactose-intolerance
  2. Mayo Clinic. (n.d.). Lactose intolerance: Diagnosis and treatment. Retrieved July 8, 2025, from https://www.mayoclinic.org/diseases-conditions/lactose-intolerance/diagnosis-treatment/drc-20374238
  3. Johns Hopkins Medicine. (n.d.). Lactose intolerance. Retrieved July 8, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/lactose-intolerance
  4. National Health Service (NHS). (n.d.). Lactose intolerance. Retrieved July 8, 2025, from https://www.nhs.uk/conditions/lactose-intolerance/
  5. Royal Children’s Hospital Melbourne. (n.d.). Lactose intolerance. Retrieved July 8, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Lactose_intolerance/

Published: 30 July 2025

Share

30 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.