Hydronephrosis (ကျောက်ကပ်ဖောင်းခြင်း)

Hydronephrosis (ကျောက်ကပ်ဖောင်းခြင်း)

ကျောက်ကပ်ဖောင်းခြင်းသည် ကျောက်ကပ်ထဲမှ ဆီးများကို ဆီးပို့ပြွန်၊ ဆီးအိမ်မှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ ကောင်းစွာစွန့်ထုတ်နိုင်ခြင်းမရှိသဖြင့် တင်းအား၊ ဖိအားများလာခြင်းကြောင့် ကျောက်ကပ်အရွယ်အစားကြီးမားလာပြီး ဖောင်းလာခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆီးလမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေခြင်းကြောင့် ဖြစ်နိုင်ပြီး၊ မွေးရာပါ ဆီးလမ်းကြောင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့်လည်း ဖြစ်နိုင်သည်။ ကျောက်ကပ်ဖောင်းခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အချို့အခြေအနေများတွင် သန္ဓေသားဘဝတွင်ပင် စတင်ဖြစ်ပေါ်နိုင်သည်။

ကျောက်ကပ်ဖောင်းခြင်းသည် ဖြစ်ပေါ်စေသည့် အခြေအနေပေါ်မူတည်၍ ကျောက်ကပ်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။ ၄င်းအခြေအနေသည် ရုတ်တရက်ဖြစ်ပေါ်နိုင်သကဲ့သို့ တဖြည်းဖြည်းချင်းလည်း ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် ရောဂါ၏ပြင်းထန်မှုပေါ် မူတည်၍ သာမန်၊ အလယ်အလတ်နှင့် အလွန်ပြင်းထန်ကျောက်ကပ်ဖောင်းခြင်းဟု ခွဲခြားနိုင်သည်။ မပြင်းထန်သော သာမန်ကျောက်ကပ်ဖောင်းခြင်းတွင် ကုသမှုမလိုဘဲ အလိုအလျောက် ပြန်ကောင်းသွားနိုင်သော်လည်း အလွန်ပြင်းထန်သော အခြေအနေများတွင် အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ လျော့ကျလာပြီး နာတာရှည် ကျောက်ကပ်လုပ်ငန်းပျက်စီးမှုကို ဖြစ်စေနိုင်သောကြောင့် စောစီးစွာ ကုသမှုရယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဆီးလမ်းကြောင်း၏ အဓိကလုပ်ဆောင်ချက်မှာ စွန့်ပစ်ပစ္စည်းများနှင့် အရည်များပါဝင်သည့် ဆီးကို ခန္ဓာကိုယ်မှ ဖယ်ရှားပေးခြင်းဖြစ်သည်။ ဆီးလမ်းကြောင်းတစ်လျှောက်ကို အောက်ပါတို့ဖြင့် ဖွဲ့စည်းထားသည်။

  1. ကျောက်ကပ် (Kidney) _ ကျောက်ကပ်သည် ဘယ်ညာ နှစ်ခုရှိပြီး သွေးထဲမှ အဆိပ်အတောက်များနှင့် စွန့်ပစ်ပစ္စည်းများကို သန့်စင်ပေးသည်
  2. ဆီးပို့ပြွန် (Ureter) _ ဘယ်ညာ နှစ်ခုရှိပြီး ကျောက်ကပ်မှ ဆီးများကို ဆီးအိမ်သို့ပို့ပေးသည့် ပြွန်များဖြစ်သည်
  3. ဆီးအိမ် (Bladder) _ ဆီးသိုလှောင်ထားသော အင်္ဂါဖြစ်သည်
  4. ဆီးစွန့်ပြွန်_ ဆီးအိမ်မှဆီးကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးသည့် ပြွန်ဖြစ်သည်

ကျောက်ကပ်ဖောင်းခြင်း၏ အဓိကအကြောင်းရင်းမှာ အဆိုပါဆီးလမ်းကြောင်းတစ်လျှောက်၌ လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေသောအတားအဆီးတစ်ခုခု ရှိနေခြင်းကြောင့်ဖြစ်သည်။ ကျောက်ကပ်ဖောင်းခြင်းကို ဖြစ်စေသည့်အကြောင်းရင်းပေါ်မူတည်၍ အောက်ပါအတိုင်းခွဲခြားနိုင်သည်။

လူကြီးများတွင် ကျောက်ကပ်ဖောင်းစေသော အကြောင်းရင်းများ
  • ကျောက်ကပ်ကျောက်တည်ခြင်း (Kidney stones)
    ကယ်လ်ဆီယမ်နှင့် အောက်ဇလိတ် (Oxalate) တို့ဖြင့် ဖွဲ့စည်းထားသော ကျောက်များသည် ကျောက်ကပ် သို့မဟုတ် ဆီးလမ်းကြောင်းတွင် ပိတ်နိုင်သည်
  • ဆီးပို့ပြွန်ပိတ်ဆို့ခြင်း (Ureteral obstruction)
  • အကျိတ်များဖြစ်ခြင်း (Tumors)
    ဆီးအိမ်၊ ဆီးကျိတ်ဂလင်း၊ သားအိမ် သို့မဟုတ် ဆီးလမ်းကြောင်းအနီးတွင်ရှိသော အင်္ဂါများတွင် အကျိတ်များရှိနေပါက ဆီးလမ်းကြောင်း ပိတ်ဆို့နိုင်သည်
  • ဆီးကျိတ်ကြီးခြင်း (Benign prostatic hyperplasia – BPH)
    ဆီးကျိတ်ဂလင်း ကြီးထွားလာခြင်းကြောင့် ဆီးပို့ပြွန် (Ureter) အပေါ်တွင် ဖိအားဖြစ်စေနိုင်သည်
  • ဆီးလမ်းကြောင်း ကျဉ်းမြောင်းခြင်း (Narrowing of urinary tract)
    ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်း၊ မွေးရာပါပြဿနာများ သို့မဟုတ် ခွဲစိတ်မှုများကြောင့် ဆီးလမ်းကြောင်း ကျဥ်းမြောင်းနိုင်သည်
  • အာရုံကြော (သို့မဟုတ်) ကြွက်သားဆိုင်ရာပြဿနာများ (Nerve or muscle problems)
    ဤပြဿနာများသည် ဆီးအိမ်၏ လုပ်ငန်းဆောင်တာကို အဓိကထိခိုက်စေပြီး ​ကျောက်ကပ် (သို့မဟုတ်) ဆီးပို့ပြွန်များအပေါ် ဖိအားဖြစ်စေနိုင်သည်
  • ဆီးအိမ်မှ ကျောက်ကပ်သို့ ဆီးပြန်ဆန်တက်ခြင်း (Vesicoureteral reflux)
    ဆီးပို့ပြွန်နှင့် ဆီးအိမ်ဆုံသည့်နေရာရှိ ကြွက်သားများ ကောင်းစွာအလုပ်မလုပ်သောကြောင့် ဆီးများသည် ဆီးအိမ်ပြည့်လာချိန် သို့မဟုတ် ဆီးသွားသည့်အခါ ကျောက်ကပ်ဆီသို့ နောက်ပြန် ပြန်လည်စီးဆင်းခြင်းကြောင့်ဖြစ်သည်
  • ဆီးပို့ပြွန်ကျွံခြင်း (Ureterocele)
    ဆီးပို့ပြွန်၏အောက်ပိုင်းသည် ဆီးအိမ်အတွင်းသို့ ကျွံဝင်နေခြင်းဖြစ်သည်
အမျိုးသမီးများတွင် ကျောက်ကပ်ဖောင်းစေသော အကြောင်းရင်းများ
  • ကိုယ်ဝန်ဆောင်ခြင်း (Pregnancy) _ သားအိမ်ကြီးထွားလာသည်နှင့်အမျှ ဆီးပြွန်များကို ဖိမိပြီး ဆီးစီးဆင်းမှုကို ပိတ်ဆို့နိုင်သည်
  • သားအိမ်ကျွံခြင်း (Uterine prolapse) _ သားအိမ်ပုံမှန်အနေအထားမှ လျှောကျခြင်း သို့မဟုတ် ကျွံကျခြင်းဖြစ်သည်
  • ဆီးအိမ်ကျွံခြင်း (Cystocele – fallen bladder) _ ဆီးအိမ်နှင့် မိန်းမကိုယ်ကြားရှိ နံရံအားနည်းလာပြီး ဆီးအိမ်သည် မိန်းမကိုယ်ထဲသို့ ကျွံကျလာခြင်းဖြစ်သည်
သန္ဓေသားနှင့်ကလေးများတွင် ကျောက်ကပ်ဖောင်းစေသော အကြောင်းရင်းများ

သန္ဓေသားဘဝတွင် အယောက် (၁၀၀) လျှင် (၁) ယောက်တွင် ကျောက်ကပ်ဖောင်းခြင်း ဖြစ်နိုင်ပြီး ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို တိကျစွာမသိနိုင်ပါ။

  • သန္ဓေသားမှ ထုတ်လုပ်သော ဆီးပမာဏ တိုးလာခြင်း
    ကိုယ်ဝန်တတိယသုံးလပတ် သန္ဓေသားဘဝတွင် သန္ဓေသားမှ ထုတ်လုပ်သော ဆီးပမာဏ တိုးလာခြင်းကြောင့် ဖြစ်သည်ဟု ယူဆသည်
  • ဆီးလမ်းကြောင်းရှိ တစ်နေရာရာတွင် ဆီးစီးဆင်းမှု ပိတ်ဆို့ခြင်း
    • ကျောက်ကပ်နှင့် ဆီးပို့ပြွန်ဆုံသည့်နေရာတွင် ပိတ်ဆို့ခြင်း (Ureteropelvic junction (UPJ) obstruction)
    • ဆီးပို့ပြွန်နှင့် ဆီးအိမ်ဆုံသည့်နေရာတွင် ပိတ်ဆို့ခြင်း (Ureterovesical junction (UVJ) obstruction)
  • Posterior urethral valve (PUV)
    ယောက်ျားလေးများတွင်သာ တွေ့ရ‌သော မွေးရာပါအခြေအနေတစ်ခုဖြစ်သည်၊ ဆီးစွန့်ပြွန်နှင့် ဆီးအိမ်ကြားနေရာတွင် ပုံမှန်မဟုတ်သော တစ်ရှူးအပိုပါခြင်းဖြစ်ပြီး ဆီးအိမ်ထွက်ပေါက်ပိတ်ဆို့ခြင်းကို ဖြစ်စေသည်၊ ဆီးအိမ်မှ ကျောက်ကပ်သို့ ဆီးပြန်ဆန်တက်ခြင်းနှင့်လည်း တွဲ၍တွေ့ရနိုင်သည်
  • ဆီးအိမ်မှ ကျောက်ကပ်သို့ ဆီးပြန်ဆန်တက်ခြင်း
  • မွေးရာပါချို့ယွင်းချက်များ
    အချို့သောမွေးရာပါချို့ယွင်းချက်များ (ဥပမာ _ ဆီးပို့ပြွန်အပိုပါခြင်း၊ ဆီးပို့ပြွန်နေရာလွဲခြင်း) သည် ဆီးလမ်းကြောင်းပိတ်ဆို့မှုများကို ဖြစ်စေသည်
ရောဂါလက္ခဏာများ

ကျောက်ကပ်ဖောင်းခြင်းသည် အစောပိုင်းအခြေအနေများတွင် ပုံမှန်အားဖြင့် လက္ခဏာပြလေ့မရှိပါ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_

  • ရုတ်တရက် ပြင်းထန်စွာ ခါးနာခြင်း၊ နောက်ကျောနာခြင်း (ထိုနာကျင်မှုများသည် ဝမ်း‌ဗိုက်အောက်ပိုင်းနှင့် ဆီးခုံနေရာများသို့ ပြန့်သွားနိုင်သည်)
  • ပျို့ခြင်း၊ အန်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ဆီးသွားလျှင်နာကျင်ခြင်း
  • ဆီးထဲသွေးပါခြင်း
  • ဆီးမကြာခဏသွားချင်စိတ်ဖြစ်ပေါ်ခြင်း
  • ဆီးမကြာခဏသွားရခြင်း
  • ဆီးကျန်သကဲ့သို့ခံစားရခြင်း
  • မကြာခဏ ဆီးပိုးဝင်ခြင်း (ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ နုံးချည့်ခြင်း၊ ဆီးအရောင်မကြည်ခြင်း) စသည့်လက္ခဏာများ ခံစားရနိုင်သည်။

တချို့လက္ခဏာများသည် ကျောက်ကပ်ဖောင်းခြင်းကြောင့် မဟုတ်ဘဲ ထိုအခြေအနေကို ဖြစ်ပေါ်စေသော နောက်ခံရောဂါများကြောင့်ဖြစ်သည်။

သန္ဓေသားဘဝတွင် ကျောက်ကပ်ဖောင်းခြင်းပါရှိသော ကလေးငယ်များတွင်လည်း ယေဘုယျအားဖြင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့မရှိပါ။ အချို့ကလေးငယ်များတွင်မူ ကြီးထွားမှုနှေးခြင်း၊ ဗိုက်ဖောင်းခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ ခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ယေဘုယျအားဖြင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့မရှိသော်လည်း ပြင်းထန်သော ကျောက်ကပ်ဖောင်းခြင်းတွင်မူ အချိန်မီကုသမှုမရရှိပါက ကျောက်ကပ်ထိခိုက်ခြင်း သို့မဟုတ် ကျောက်ကပ်လုပ်ငန်းပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ ကျောက်ကပ်ပျက်စီးလျှင် ကျောက်ကပ်ဆေးခြင်း သို့မဟုတ် ကျောက်ကပ်လဲခြင်းများ ပြုလုပ်ရနိုင်သည်။ မပြင်းထန်သော အခြေအနေအများစုတွင်မူ အလိုအလျောက်သက်သာနိုင်ပြီး နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းများ မဖြစ်စေပါ။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ကျောက်ကပ်ဖောင်းခြင်း ရှိမရှိ သာမက နောက်ခံရောဂါ ရှိမရှိကိုပါ ရှာဖွေရမည်။ သက်ဆိုင်ရာအထူးကုဆရာဝန်မှ လက္ခဏာများမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်။ ထို့နောက်လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်၍ ရောဂါအမည်သတ်မှတ်မည်။

စမ်းသပ်စစ်ဆေးခြင်း

  • စမ်းသပ်စစ်ဆေးရာတွင် ကျောက်ကပ်ဖောင်းခြင်း ရှိမရှိ၊ နာကျင်မှု ရှိမရှိ စမ်းသပ်နိုင်သည်
  • ယောက်ျားတွင် စအိုတွင်း လက်ချောင်းထည့်၍ ဆီးကျိတ်ကိုစစ်ဆေးခြင်း၊ မိန်းမတွင် မိန်းမကိုယ်မှတစ်ဆင့် မွေးလမ်းကြောင်း၊ သားအိမ်ကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်

ဓာတ်ခွဲစစ်ဆေးမှုများ

  • သွေးစစ်ဆေးမှုများ _ ကျောက်ကပ်လုပ်ငန်းများကို စစ်ဆေးမှုများ ပြုလုပ်နိုင်သည်
  • ဆီးစစ်ဆေးမှုများ _ ဆီးစစ်ဆေးခြင်းများဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ ဆီးကျောက်များ ရှိမရှိကို သိရှိနိုင်သည်၊ အချို့လူနာများတွင် ဆီးစွန့်ပြွန်ပိတ်ဆို့မှုရှိပါက ဆီးပိုက်ထည့်၍ ဆီးချူရနိုင်သည်

ပုံရိပ်ဖော်စစ်ဆေးမှုများ

  • အာထရာဆောင်း (USG) ရိုက်ခြင်း _ အာထရာဆောင်းရိုက်ခြင်းအားဖြင့် ကျောက်ကပ်၊ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းအစိတ်အပိုင်းများ၏ အခြေအနေများကို သိရှိနိုင်သည်
  • ဆီးလမ်းကြောင်း ကွန်ပျူတာဓာတ်မှန် (CT Urogram) ရိုက်ခြင်း _ ပုံရိပ်ဖော်ဆေးရည်ကို အသုံးပြု၍ ဓာတ်မှန်ရိုက်ခြင်းဖြစ်ပြီး ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နှင့် ဆီးစွန့်ပြွန်တို့၏ ပုံရိပ်များကို သိရှိနိုင်သည်
  • Micturating cystourethrogram (MCUG) ရိုက်ခြင်း _ ဆီးအိမ်မှ ကျောက်ကပ်သို့ ဆီးပြန်ဆန်တက်ခြင်း (Vesicoureteral reflux) ရှိမရှိသိစေရန် သေးငယ်သောပြွန်မှတစ်ဆင့် အထူးပြုလုပ်ထားသော ဆေးရည်ကို ဆီးအိမ်အတွင်းသို့ ထည့်၍ ဓာတ်မှန်အဆင့်ဆင့်ရိုက်ခြင်းဖြစ်သည်

ထို့ပြင် လိုအပ်ပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ ဆီးလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းတို့ကိုပါ ပြုလုပ်ရနိုင်သည်။

ကုသခြင်း

ကုသမှု၏ ရည်ရွယ်ချက်သည် ကျောက်ကပ်မှ ဆီးစီးဆင်းမှုပြန်လည်ကောင်းမွန်စေရန်၊‌ ကျောက်ကပ်အဖောကျစေရန်နှင့် ဖိအားလျှော့ချရန်တို့ဖြစ်သည်။ ထို့အပြင် ကျောက်ကပ်ဖောင်းခြင်း ဖြစ်စေသည့် နောက်ခံရောဂါရှိပါက ထိုရောဂါကိုပါ ကုသရမည်​။ ဥပမာ _ ကျောက်ကပ် (သို့မဟုတ်) ဆီးပို့ပြွန်တွင် ဆီးကျောက်တည်ခြင်းများကြောင့် ဖြစ်ပါက ထိုဆီးကျောက်များကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်။

နောက်ခံရောဂါမရှိဘဲ သာမန်ကျောက်ကပ်ဖောင်းခြင်းအဆင့်တွင် တစ်ခါတစ်ရံ ကုသမှုမလိုအပ်ဘဲ အလိုအလျောက်ပြန်ကောင်းသွားသည်များလည်း ရှိသောကြောင့် အချို့သောသူများတွင် စောင့်ကြည့်စစ်ဆေးရန်သာ လိုအပ်သည်။

ခွဲစိတ်ကုသခြင်း
ကျောက်ကပ်ဖောင်းခြင်းသည် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် ရုတ်တရက်ဖြစ်ပေါ်ခြင်းဖြစ်ပါက အရေပြားမှတစ်ဆင့် ကျောက်ကပ်အတွင်းသို့ ဆီးပိုက်ပြွန် (Nephrostomy tube) ထည့်ခြင်းဖြင့် ဆီးများကို ဖယ်ရှားနိုင်သည်။
ဆီးပို့ပြွန်၊ ဆီးအိတ်၊ ဆီးစွန့်ပြွန် တစ်လျှောက်တွင် ဆီးကျောက်၊ အကျိတ် သို့မဟုတ် ဆီးကျိတ်ကြီးခြင်းကြောင့် ဖြစ်လျှင် ပိတ်ဆို့မှုများကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့်လည်း ကျောက်ကပ်ဖောင်းခြင်းကို ကုသနိုင်သည်။

ဆေးဝါးများဖြင့်ကုသခြင်း
နာကျင်မှုများကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများပေးခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်ဖြစ်သော အခြေအနေများတွင်မူ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်းဖြင့် ကုသရမည်။

ကလေးငယ်များတွင် ကုသခြင်း
ယေဘုယျအားဖြင့် သန္ဓေသားဘဝ ကျောက်ကပ်ဖောင်းခြင်းသည် အလိုအလျောက်ပြန်ကောင်းသွားနိုင်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လေ့မရှိပါ။ မွေးဖွားပြီးနောက်ကုသမှုသည် ဖြစ်စေသည့် အကြောင်းအရင်းများနှင့် ရောဂါပြင်းထန်မှုပေါ်မူတည်သည်။ ပြုလုပ်နိုင်သောကုသမှုများမှာ _

  • စောင့်ကြည့်စစ်ဆေးခြင်း
    သာမန်ပြင်းထန်နှင့် အလယ်အလတ်ပြင်းထန်သော ကျောက်ကပ်ဖောင်းခြင်းများသည် ကုသမှုမလိုအပ်ဘဲ အလိုအလျောက် ကောင်းသွားနိုင်သည်။ သို့သော် အာထရာဆောင်းရိုက်ခြင်း၊ MCUG ရိုက်ခြင်းများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်ပြုလုပ်ရန်လိုပြီး ရောဂါအခြေအနေနှင့် ဆက်လက်ဖြစ်ပေါ်နေသော ပြဿနာများ ရှိမရှိကို စောင့်ကြည့်ရမည်။
  • ပဋိဇီဝပိုးသတ်ဆေးပေးခြင်း
    ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် လိုအပ်ပါက ပဋိဇီဝပိုးသတ်ဆေးများကို ပေးရမည်။
  • ခွဲစိတ်ကုသခြင်း
    အလွန်ပြင်းထန်သော ကျောက်ကပ်ဖောင်းခြင်းတွင်မူ ခွဲစိတ်ကုသရန်လိုအပ်နိုင်သည်။ ဖြစ်စေသည့်အကြောင်းအရာနှင့် ပိတ်နေသည့်လမ်းကြောင်းပေါ်မူတည်၍ ပြုလုပ်သည့်နည်းလမ်းများ ကွာခြားမှုရှိသည်။
ကာကွယ်ခြင်း

မွေးရာပါအကြောင်းရင်းများကြောင့်ဖြစ်သော ကျောက်ကပ်ဖောင်းခြင်းကို ကာကွယ်၍မရနိုင်သော်လည်း အခြားအကြောင်းရင်းများကြောင့် ဖြစ်ပွါးနိုင်ခြေကို လျှော့ချရန်အတွက် လုပ်ဆောင်နိုင်သည့် နည်းလမ်းများရှိသည်။

  • ဆီးကျောက်တည်ခြင်းမှ ကာကွယ်ရန်အတွက် ရေဓာတ်ပြည့်ဝမှုရှိစေရန် နေထိုင်ခြင်း၊ အစားအသောက် ရွေးချယ်စားသောက်ခြင်း (ပရိုတင်းနှင့် ဆား အလွန်အကျွံစားသုံးမှုကို လျှော့ချခြင်း)၊ ကယ်လ်ဆီယမ်နှင့် အောက်ဇလိတ်ပါဝင်သော အစားအစာများကို သင့်တင့်သော ပမာဏသာစားသုံးခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသခြင်း
    ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို အချိန်မီကုသခြင်းဖြင့် ဆီးပို့ပြွန်များတွင် ပိတ်ဆို့မှုဖြစ်ပေါ်ခြင်းနှင့် နောက်ဆက်တွဲ ကျောက်ကပ်ဖောင်းခြင်းကို တားဆီးပေးသည်။
  • ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း
    ကျောက်ကပ်ကျောက်တည်ခြင်း သို့မဟုတ် အခြားဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများတွင် စောစီးစွာသိရှိနိုင်ပြီး ကုသမှုများကို ဆောလျင်စွာ ရယူနိုင်သည်။

References:

  1. UPMC. (n.d.). Hydronephrosis. Retrieved July 4, 2025, from https://www.upmc.com/services/womens-health/conditions/hydronephrosis
  2. Mayo Clinic. (n.d.). Hydronephrosis: Diagnosis and treatment. Retrieved July 4, 2025, from https://www.mayoclinic.org/diseases-conditions/hydronephrosis/diagnosis-treatment/drc-20575279
  3. Cleveland Clinic. (n.d.). Hydronephrosis. Retrieved July 4, 2025, from https://my.clevelandclinic.org/health/diseases/15417-hydronephrosis#diagnosis-and-tests
  4. Cincinnati Children’s Hospital Medical Center. (n.d.). Hydronephrosis. Retrieved July 4, 2025, from https://www.cincinnatichildrens.org/health/h/hydronephrosis
  5. WebMD. (n.d.). What to know about hydronephrosis. Retrieved July 4, 2025, from https://www.webmd.com/a-to-z-guides/what-to-know-hydronephrosis
  6. Boston Children’s Hospital. (n.d.). Hydronephrosis. Retrieved July 4, 2025, from https://www.childrenshospital.org/conditions/hydronephrosis

Published: 29 July 2025

Share

29 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.