Sprains and Strains (အရွတ်နှင့်ကြွက်သား ထိခိုက်ဒဏ်ရာရခြင်း)

Sprains and Strains (အရွတ်နှင့်ကြွက်သား ထိခိုက်ဒဏ်ရာရခြင်း)

ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ အသုံးပြုမှုများသောကြောင့်ဖြစ်စေ၊ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကြောင့်ဖြစ်စေ အရွတ်နှင့် ကြွက်သားများသည် ၎င်းတို့၏ ပုံမှန်ခံနိုင်ရည်အားကို ကျော်လွန်သွားပါက အရွတ်ထိခိုက်ဒဏ်ရာရခြင်း (Sprains) နှင့် ကြွက်သားထိခိုက်ဒဏ်ရာရခြင်း (Strains) တို့ ဖြစ်စေနိုင်သည်။ အရွတ် (Ligaments)၊ အရွတ်ကြော (Tendons)၊ ကြွက်သား (Muscles) စသည်ဖြင့် ထိခိုက်ဒဏ်ရာရသည့်နေရာ ကွဲပြားသော်လည်း ခံစားရသည့် ရောဂါလက္ခဏာများမှာ ဆင်တူသည်။

အရွတ်ထိခိုက်ဒဏ်ရာရခြင်း (Sprains) ကို ခြေချင်းဝတ်ဆစ်၊ ဒူးဆစ်၊ လက်ကောက်ဝတ်ဆစ်၊ လက်ချောင်းဆစ်နှင့် လက်မအဆစ်များအနီးတွင် အများအားဖြင့်တွေ့နိုင်သည်။
ကြွက်သားထိခိုက်ဒဏ်ရာရခြင်း (Strains) ကို ဝမ်းဗိုက်ကြွက်သား၊ ကျောရိုးအောက်ပိုင်း ခါးနေရာရှိကြွက်သား၊ ပေါင်အရှေ့ဘက်ရှိကြွက်သား၊ ပေါင်အနောက်ဘက်ရှိကြွက်သား၊ ပေါင်ခြံကြွက်သားနှင့် ခြေသလုံးကြွက်သားနေရာများ၌ တွေ့ရလေ့ရှိသည်။

အရွတ်နှင့်ကြွက်သား ထိခိုက်ဒဏ်ရာရမှု ပြင်းထန်သည့်အဆင့်ပေါ် မူတည်၍ ပြန်လည်ကောင်းမွန်ရန် (၃-၄) ပတ် မှ (၃-၄) လအထိ ကြာမြင့်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အရွတ်ထိခိုက်ဒဏ်ရာရခြင်း (Sprains) ဖြစ်စေသောအကြောင်းရင်းများမှာ_

  • ရုတ်တရက် ခြေထောက်လှုပ်ရှားမှု လည်ထွက်သွားခြင်း
  • ခြေထောက်ခွင်၍လဲကျခြင်း
  • အဆစ်ကိုဒဏ်ဖြစ်စေသော ထိခိုက်ဒဏ်ရာရခြင်း
  • အင်အားအသုံးပြု ပြိုင်ဆိုင်မှုပြင်းထန်သော အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်း

ကြွက်သားထိခိုက်ဒဏ်ရာရခြင်း (Strains) ဖြစ်စေသောအကြောင်းရင်းများမှာ_

  • ကြွက်သားကိုရုတ်တရက်ဆွဲဆန့်ခြင်း
  • နည်းစနစ်မမှန်ကန်ဘဲ အလေးမခြင်း
  • ကြွက်သားတစ်နေရာကို ထပ်တလဲလဲ လွန်ကဲစွာ အသုံးပြုခြင်း
  • အကြောအဆစ်တောင့်တင်းခြင်း
  • အားကစားလှုပ်ရှားမှုများအတွက် သွေးပူလေ့ကျင့်ခန်း ကောင်းစွာမလုပ်ခြင်းတို့ကြောင့်ဖြစ်သည်။
ရောဂါလက္ခဏာများ

အရွတ်နှင့်ကြွက်သားထိခိုက်ဒဏ်ရာရခြင်း ရောဂါလက္ခဏာများမှာ အရွတ်နှင့်ကြွက်သား စုတ်ပြဲမှု အပါ်မူတည်၍ သာမာန်နာကျင်မှုမှ ပြင်းထန်သောနာကျင်မှုအထိ ခံစားရနိုင်သည်။ထိခိုက်ဒဏ်ရာပြင်းထန်မှုအရ အခြားတွေ့ရသောရောဂါလက္ခဏာများမှာ_

  • အဆစ်ရောင်ရမ်းခြင်း
  • အရေပြားအရောင်ပြောင်းခြင်း၊ အညိုအမဲစွဲခြင်း
  • လက်နှင့်ဖိကြည့်လျှင် နာကျင်ခြင်း
  • ဒဏ်ရာရချိန်တွင် အဆစ်အတွင်းမှ အသံတစ်ခုခုကို ခံစားသိရှိခြင်း
  • အဆစ်လှုပ်ရှားမှု လျော့ကျခြင်း
  • အဆစ်အသုံးပြုမှု ခက်ခဲခြင်း
  • မတ်တတ်မရပ်နိုင်ခြင်းတို့ဖြစ်သည်။

အရွတ်ထိခိုက်ဒဏ်ရာရခြင်းတွင် အဆစ်မတည်ငြိမ်မှုကို ခံစားသိရှိနိုင်သည်။ ကြွက်သားထိခိုက်ဒဏ်ရာရခြင်းတွင် ကြွက်သားအားနည်းခြင်း၊ တင်းတောင့်ခြင်း၊ ကြွက်သားလှုပ်ရှားမှုကို ခံစားသိရှိခြင်း၊ ကြွက်သားအမြှောင်းနေရာတွင် အချိုင့် ဖြစ်ပေါ်နေခြင်းတို့ ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  • နာကျင်မှုအမြဲတမ်း ခံစားနေရကာ အဆစ်တင်းတောင့်မှု ဖြစ်နိုင်သည်
  • ကြွက်သားအားနည်းခြင်းနှင့် ကြွက်သားသိမ်လှီခြင်း တို့ဖြစ်နိုင်သည်
  • အရွတ်နှင့်ကြွက်သား ထိခိုက်မှုနေရာများတွင် ထိဆက်နေသော တစ်ရှူးများနှင့်ပူးကပ်ကာ အမာရွတ်ဖြစ်နိုင်သည်
  • ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ စနစ်တကျ မပြုလုပ်ပါက မကြာခဏထိခိုက်ဒဏ်ရာရခြင်းဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အိမ်တွင်းကုသသည့်နည်းလမ်းဖြင့် ကုသသော်လည်း (၂-၃) ရက်ကြာသည်အထိ နာကျင်မှုနှင့်ရောင်ရမ်းမှု မသက်သာခြင်း၊ ပုံမှန်အဆစ်လှုပ်ရှားမှု မပြုလုပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ အဆစ်တစ်ခုတည်း ထပ်ခါထပ်ခါ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပါက မိသားစုဆရာဝန်နှင့် ရှေးဦးစွာတိုင်ပင်၍ လိုအပ်ပါက အရိုးအထူးကုဆရာဝန်နှင့် ပြသရမည်။

အရေးပေါ်ပြသရန်

သိသာထင်ရှားသော ပုံသဏ္ဌာန်ပျက်ယွင်းမှုများကို သတိထားမိခြင်း၊ အလွန်အမင်းနာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်ဖြူဖျော့နေခြင်း၊ ရောင်ရမ်းမှုတိုးလာခြင်း၊ ထိခိုက်ဒဏ်ရာရချိန်တွင် အသံတစ်ခုခုကြားရခြင်း၊ အဆစ်နှင့် ကြွက်သားလှုပ်ရှားမှု မပြုလုပ်နိုင်ခြင်းတို့ ရှိပါက အရိုးအဆစ်ပြဿနာများနှင့် ယှဉ်တွဲနိုင်သဖြင့် အရေးပေါ်ပြသသင့်သည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင် မေးမြန်းပြီး အရွတ်နှင့်ကြွက်သားထိခိုက်ဒဏ်ရာရခြင်း ပြင်းထန်မှုကို သိရှိနိုင်ရန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည်။ ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိရှိရန် အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်။

  • ဓာတ်မှန်ရိုက်စစ်ဆေးခြင်း _ အရိုးကျိုးခြင်း (သို့မဟုတ်) အရွတ်တွယ်သည့် အရိုးပဲ့ခြင်း ရှိမရှိကို တွေ့နိုင်သည်
  • အာထရာဆောင်း (USG) ရိုက်စစ်ဆေးခြင်း _ အရွတ်၊ ကြွက်သား စုတ်ပြဲမှုအခြေအနေနှင့် အဆစ်အတွင်း သွေးထွက်ထားခြင်း ရှိမရှိကို သိနိုင်သည်
  • သံလိုက်ဓာတ်မှန် (MRI) ရိုက်စစ်ဆေးခြင်း _ အရွတ်နှင့်ကြွက်သားတို့၏ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို တိတိကျကျသိနိုင်သည်
ကုသခြင်း

စနစ်တကျကုသမှုခံယူခြင်းဖြင့် ရောဂါခံစားရမှုများ တဖြည်းဖြည်း သက်သာလာမည်။ အရွတ်နှင့်ကြွက်သား ထိခိုက်ဒဏ်ရာရပြီးနောက် ဒဏ်ရာအနာကျက်နေသည့်ကာလအတွင်း အဆစ်နှင့် ကြွက်သားများ အပေါ် ဒဏ်ဖြစ်စေမည့် အပြုအမူများ၊ လှုပ်ရှားမှုများကို ရှောင်ကြဉ်သင့်သည်။

အိမ်တွင်းကုသမှုနည်းလမ်း
အရွတ်နှင့်ကြွက်သားထိခိုက်ဒဏ်ရာရခြင်းကို RICE (Rest, Ice, Compression, Elevation) နည်းလမ်းဖြင့် အိမ်တွင် ကုသနိုင်သည်။

  • အနားယူခြင်း (Rest) _ နာကျင်ခြင်းပိုဆိုးမလာစေရန် အနားယူပါ၊ နာကျင်မှုဖြစ်စေသော ကိုယ်လက်လှုပ်ရှားမှုကို ရပ်တန့်ပါ
  • ရေခဲကပ်ခြင်း (Ice) _ ဖြစ်ဖြစ်ချင်း ပထမဆုံးနေ့တွင် နာကျင်သည့်နေရာ၌ ရေခဲအိတ် (သို့မဟုတ်) အအေးကပ်ပတ်တီးကို တစ်ကြိမ်လျှင် (၁၀) မိနစ် မှ (၁၅) မိနစ်ခန့် တစ်နာရီခြား အသုံးပြုပါ၊ နောက်ရက်များတွင် သုံးနာရီ (သို့မဟုတ်) လေးနာရီခြားတစ်ခါ ရေခဲကပ်နိုင်သည်၊ ရေခဲကို အရေပြားပေါ် တိုက်ရိုက်မကပ်ပါနှင့် [ရေခဲအိတ်ကို မျက်နှာသုတ်ပဝါ (သို့မဟုတ်) အဝတ်စဖြင့် ပတ်၍အသုံးပြုပါ]
  • ဖိအားပေးခြင်း (Compression) _ ဆွဲဆန့်နိုင်သော မျှော့ပတ်တီး (Elastic Bandage) ဖြင့် ထိခိုက်ဒဏ်ရာရသည့်နေရာကို စည်းနှောင်ကာ ဖိအားပေးနိုင်သည်၊ ဖိအားပေးခြင်းဖြင့် နာနေသော နေရာသို့ သွေးစီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်
  • အမြင့်တင်ထားခြင်း (Elevation) _ ထိခိုက်ဒဏ်ရာရသည့် အဆစ်ကို နှလုံးရှိသည့်နေရာထက် ပိုမြင့်နေစေရန် မြှင့်ထားပေးပါ။ ခေါင်းအုံးများ၊ ကူရှင်များကို ခြေထောက်အောက်တွင် ခုခံထားနိုင်သည်
မခွဲစိတ်ဘဲကုသသည့်နည်းလမ်း

ဆေးဝါးဖြင့်ကုသခြင်း
ကြွက်သားဒဏ်ဖြစ်၍ နာကျင်ခြင်း၊ အရွတ်များ ထိခိုက်မိခြင်းအတွက် အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း – Paracetamol, Ibuprofen, Diclofenac စသည့် နာကျင်မှုသက်သာစေမည့် ဆေးဝါးများ သောက်နိုင်သည်။

ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ

  • အရွတ်နှင့်ကြွက်သားထိခိုက်ဒဏ်ရာရမှု ပြင်းထန်ပါက အဆစ်အထိန်း (Brace or splint) ဝတ်ဆင်ခြင်းဖြင့် အဆစ်ကိုတည်ငြိမ်စေပြီး ဒဏ်ရာကောင်းမွန်မှုကို မြန်ဆန်စေသည်
  • မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းများတွင် နာကျင်ပါက ချိုင်းထောက်အသုံးပြုနိုင်သည်
  • နာကျင်မှုခံစားရသည့် အပေါ်မူတည်၍ အဆစ်လှုပ်ရှားမှုများကို ဖြည်းညင်းစွာ တိုးတက်ပြုလုပ်သွားရမည်
  • ကြွက်သားသန်မာမှု လေ့ကျင့်ခန်းများကိုလည်းပြုလုပ်ရမည်
ခွဲစိတ်ကုသသည့်နည်းလမ်း

အရွတ်နှင့်ကြွက်သား ထိခိုက်ဒဏ်ရာရခြင်း ခံစားရသူအများစုသည် ခွဲစိတ်ကုသမှု မလိုအပ်ပေ။ သို့သော် ပြင်းထန်သည့် အရွတ်နှင့်ကြွက်သား ထိခိုက်ဒဏ်ရာရခြင်းများနှင့် အရိုးကျိုးသည့် လူနာများအတွက် ခွဲစိတ်ကုသမှုလိုအပ်နိုင်သည်။
အဆစ်တစ်ခုတည်း မကြာခဏ ထိခိုက်ဒဏ်ရာရခြင်းများအတွက်လည်း ခွဲစိတ်ကုသမှုလိုအပ်သည်။

ကာကွယ်ခြင်း

အရွတ်နှင့်ကြွက်သား ထိခိုက်ဒဏ်ရာရနိုင်ခြေကို ကာကွယ်ခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်သည်။ ရိုးရှင်းသည့် လမ်းညွှန်ချက်အချို့ကို လိုက်နာခြင်းအားဖြင့် ဘေးအန္တရာယ်မှ ကာကွယ်နိုင်သည်။

လိုက်နာသင့်သည့်အချက်များ
  • ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်မီ အမြဲတမ်း သွေးပူလေ့ကျင့်ခန်းများပြုလုပ်ပါ
  • သင့်လျော်သော ဖိနပ်များကို ဝတ်ဆင်ပါ
  • အန္တရာယ်များသော အားကစားများအတွက် အကာအကွယ်ပစ္စည်းများကို အသုံးပြုပါ
  • ကိုယ်ခံအားနှင့် ကြွက်သားသန်မာမှုကို မြှင့်တင်ပါ
  • မှန်ကန်သော နည်းစနစ်ဖြင့် လေ့ကျင့်ပြီး အလွန်အကျွံ လေ့ကျင့်ခြင်းကို ရှောင်ကြဉ်ပါ။
  • လုံလောက်သော အနားယူချိန်နှင့် ပြန်လည်နာလန်ထူချိန်ကို ပေးပါ။
ပတ်ဝန်းကျင်ဘေးကင်းရေး
  • ကြမ်းပြင်များနှင့် လမ်းလျှောက်သည့်နေရာများကို ချော်လဲစေနိုင်သော အရာများ ကင်းရှင်းအောင်ထားပါ
  • အိမ် (သို့မဟုတ်) လုပ်ငန်းခွင်တွင် သင့်လျော်သော လှေကားများနှင့် အထောက်အကူပစ္စည်းများကို အသုံးပြုပါ
  • သက်ကြီးရွယ်အိုများအတွက် ချော်လဲခြင်းမှ ကာကွယ်ရန် နည်းဗျူဟာများ (ဥပမာ _ အထောက်အကူပြုပစ္စည်းများ) အသုံးပြု၍ အိမ်တွင်းဘေးကင်းရေး အစီအမံများ ဆောင်ရွက်ပါ

References:

  1. Cleveland Clinic. (n.d.). Sprains. Retrieved July 16, 2025, from https://my.clevelandclinic.org/health/diseases/sprains
  2. Cleveland Clinic. (n.d.). Muscle strains. Retrieved July 16, 2025, from https://my.clevelandclinic.org/health/diseases/22336-muscle-strains
  3. Mayo Clinic. (n.d.). Sprains: Symptoms, causes, and treatment. Retrieved July 16, 2025, from https://www.mayoclinic.org/diseases-conditions/sprains/symptoms-causes/syc-20377938
  4. Mayo Clinic. (n.d.). Muscle strains: Symptoms, causes, and treatment. Retrieved July 16, 2025, from https://www.mayoclinic.org/diseases-conditions/muscle-strains/symptoms-causes/syc-20450507#:~:text=The%20difference%20between%20a%20strain,%2C%20ice%2C%20compression%20and%20elevation

Published: 29 July 2025

Share

29 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.