Vaginismus (မိန်းမကိုယ်ကြွက်သားများ သူ့အလိုအလျောက်တောင့်တင်းနေခြင်း)

Vaginismus (မိန်းမကိုယ်ကြွက်သားများ သူ့အလိုအလျောက်တောင့်တင်းနေခြင်း)

လိင်ဆက်ဆံမှုပြုရန် အစပြုချိန်၊ မိန်းမကိုယ်တွင်းသို့ ဂွမ်းတောင့် ထည့်သည့်အခါ သို့မဟုတ် တင်ပါးဆုံရိုးကွင်းအတွင်းစမ်းသပ်မှုပြုလုပ်ချိန်တို့တွင် ညှစ်ထားခြင်း၊ ကျုံ့ထားခြင်းမရှိဘဲ မိန်းမကိုယ် ကြွက်သားများ သူ့အလိုအလျောက်တောင့်တင်းနေခြင်းကို စတင်သတိထားမိကြသည်။ ကြွက်သားတောင့်တင်းနေခြင်းသည် အနည်းငယ်မသက်မသာဖြစ်စေသော တောင့်တင်းနေခြင်းမှ အလွန်နာကျင်သော တောင့်တင်းမှုထိဖြစ်နိုင်သည်။ မိန်းမကိုယ်ကြွက်သားများ သူ့အလိုအလျောက် တောင့်တင်းနေခြင်းကြောင့် လိင်ဆက်ဆံရာတွင် နာကျင်စေနိုင်သည်။
တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသော လေ့ကျင့်ခန်း (Kegel exercise) ပြုလုပ်ခြင်း၊ မိန်းမကိုယ်ချဲ့ပေးခြင်း (Vaginal dilators)၊ အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy-CBT) များဖြင့် ကြွက်သားများပြေလျော့စေနိုင်ပြီး ကြွက်သားတောင့်တင်းနေခြင်းကို သက်သာစေသည်။ ထိုသို့ခံစားနေရသော အမျိုးသမီးအများစုမှာ မိမိဖြစ်ပေါ်နေသောခံစားမှုများကို ကျန်းမာရေး စောင့်ရှောက်ပေးသောသူများအား ဖွင့်ဟတိုင်ပင်ရန် တွန့်ဆုတ်တတ်ကြသောကြောင့် ကုသမှုရရှိရန် ခက်ခဲသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်းသည် ဆယ်ကျော်သက်အလွန် ပထမဆုံးအကြိမ် လိင်ဆက်ဆံမှု ပြုသည့်အချိန်၌ စတင်ဖြစ်ပေါ်တတ်သည်။ အလားတူ ရာသီသွေးပေါ်ချိန် ဂွမ်းတောင့်ကို မိန်းမကိုယ်ထဲ ထည့်သွင်းအသုံးပြုချိန်၊ ဆရာဝန်မှ ရောဂါရှာဖွေရန်အတွက် ဆေးရုံ၊ ဆေးခန်းတွင် တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်မှု ပြုလုပ်ချိန်၌ မိန်းမကိုယ်ကြွက်သား အလိုအလျောက် တောင့်တင်းမှု ဖြစ်တတ်ကြသည်။ တချို့သောအမျိုးသမီးများသည် ပြဿနာတစ်စုံတစ်ရာမရှိဘဲ နှစ်အတော်ကြာရောက်မှ မိန်းမကိုယ်ကြွက်သား အလိုအလျောက် တောင့်တင်းတတ်သည်လည်းရှိသည်။ မိန်းမကိုယ်ကြွက်သား အလိုအလျောက် တောင့်တင်းနေခြင်း၏ ဖြစ်ရသောအကြောင်းရင်း သေချာစွာမသိနိုင်ပါ။ ဆီးအိမ်ရောဂါပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်းနှင့် မိန်းမကိုယ်၌ မှိုစွဲခြင်းတို့ကြောင့် မိန်းမကိုယ်ကြွက်သား တောင့်တင်းနာကျင်မှုကို ပိုခံစားရနိုင်သည်။

မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်းကို ဖြစ်စေနိုင်သောအကြောင်းရင်းများမှာ_

  • စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ (Anxiety disorders)
  • မီးဖွားချိန် မိန်းမကိုယ်စုတ်ပြဲဒဏ်ရာရခြင်း
  • ယခင်ခွဲစိတ်ဖူးသောရာဇဝင်ရှိခြင်း
  • လိင်ဆက်ဆံရမည်ကို ကြောက်ရွံ့နေခြင်း၊ လိင်စိတ်ခံစားမှုကို မကြိုက်နှစ်သက်ခြင်း၊ အလိုမတူဘဲ လိင်ဆက်ဆံမှုရှိခဲ့ဖူးခြင်း၊ လိင်ဆက်ဆံမှုပြုရာတွင် စိတ်ဒဏ်ရာများရှိခဲ့ဖူးခြင်းစသည်တို့ဖြစ်သည်။
မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်းနှင့် လက္ခဏာဆင်တူသော ရောဂါများ
  • မိန်းမကိုယ်ကျုံ့သွားခြင်း (Vaginal atrophy)
    မီးယပ်သွေးဆုံးပြီးနောက် အီစတိုဂျင်ဟော်မုန်း ထွက်ရှိခြင်းမရှိတော့သောကြောင့် မိန်းမကိုယ်အတွင်းနံရံများပါးလာပြီး ခြောက်သွေ့ခြင်းဖြစ်ပေါ်လာသည်။
  • မိန်းမကိုယ်အဝမှ တြိဂံပုံရှိအင်္ဂါ ရောင်ရမ်းခြင်း (Vulvar vestibulitis)
    Vestibule သည် မိန်းမကိုယ်အတွင်းနှုတ်ခမ်းသားနှစ်ခုကြားတွင်တည်ရှိပြီး ယောနိလမ်းကြောင်းအပေါက်ဝနှင့် ဆီးစွန့်ပြွန်အပေါက်ဝ၊ ဘာသိုလင်းဂလင်းအပေါက်ဝနှင့် စကင်နီးဂလင်းအပေါက်ဝတို့ပါဝင်သော တြိဂံပုံရှိ မိန်းမအင်္ဂါဖြစ်သည်။ ထိုနေရာ ရောင်ရမ်းခြင်းဖြစ်လျှင် လိင်ဆက်ဆံချိန်၌ နာကျင်တတ်သည်။
မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်းအမျိုးအစားများ
  • မူလကတည်းကရှိနှင့်သော မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်း (Primary Vaginismus)
    မိန်းမကိုယ်အတွင်း မည်သည့်ထိတွေ့မှုတိုင်းမဆို (အမျိုးသားလိင်အင်္ဂါအပါအဝင်)၊ အချိန်တိုင်း မရည်ရွယ်ဘဲ မိန်းမကိုယ်ကြွက်သား တောင့်တင်းခြင်း၊ မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်း သို့မဟုတ် မိန်းမကိုယ်အတွင်းသို့ မည်သည့်ပစ္စည်းမှ ထည့်မရခြင်းကို ခေါ်ဆိုသည်။
  • နောက်မှဖြစ်ပေါ်လာသော မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်း (Secondary Vaginismus)
    ယခင်လိင်ဆက်ဆံစဥ် နာကျင်မှုမရှိခဲ့ဘဲ ယခုအခါ ခက်ခဲပြီး လိင်ဆက်ဆံရန် မဖြစ်နိုင်တော့သော အခြေအနေကို ခေါ်သည်။
ရောဂါလက္ခဏာများ

မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်းဖြစ်လျှင် အောက်ပါလက္ခဏာများ ခံစားရသည်။

  • မိန်းမကိုယ်တွင်းသို့ ထိုးသွင်းသည့်အခါ မသက်မသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း
  • လိင်ဆက်ဆံမှု မပြုနိုင်ခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးမှု မပြုလုပ်နိုင်ခြင်း
  • နာကျင်သောလိင်ဆက်ဆံမှုဖြစ်ခြင်း
နောက်ဆက်တွဲပြဿနာများ

မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်းသည် လိင်ဆက်ဆံဖော်နှစ်ဦးကြားရှိ အိမ်ထောင်ရေးသဘာဝနှင့် လူနေမှုဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ ထို့အတူ မိမိ၏ စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိစေပြီး စိုးရိန်ပူပန်မှုများစေသည်။ အကယ်၍ သားသမီးရယူချင်နေသော အိမ်ထောင်ရေးအခြေအနေတွင် မိန်းမကိုယ်ကြွက်သား အလိုအလျောက် တောင့်တင်းနေခြင်းသည် သန္ဓေသားရနိုင်ခြေကို အဟန့်အတားဖြစ်စေသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

နာကျင်သောလိင်ဆက်ဆံမှုရှိခြင်း သို့မဟုတ် ရာသီလာချိန် မိန်းမကိုယ်တွင်းသို့ ဂွမ်းတောင့်ထည့်ချိန် နာကျင်ခြင်းရှိလျှင် မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသဆွေးနွေးတိုင်ပင်၍ စစ်ဆေးကုသမှု ခံယူသင့်သည်။

ရောဂါရှာဖွေခြင်း

မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်မှ ခံစားနေရသော လက္ခဏာများ၊ ကျန်းမာရေးရာဇဝင်၊ လိင်ဆက်ဆံခြင်းနှင့်ဆိုင်သော မေးခွန်းများ မေးမြန်းမည်။ တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်မှုပြုလုပ်ခြင်းဖြင့် မိန်းမကိုယ်ကြွက်သား တောင့်တင်းခြင်း သို့မဟုတ် အခြားသော ကျန်းမာရေးပြဿနာများကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေသည်။ ထိုသို့မပြုလုပ်မီ မိန်းမကိုယ်ပြင်ပတစ်ဝိုက်တွင် ထုံဆေးပါသော လိမ်းဆေးများ သုတ်လိမ်းထားပါက စမ်းသပ်မှုပြုလုပ်ခြင်းကို ပို၍သက်သောင့်သက်သာဖြစ်စေသည်။

ကုသခြင်း

မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေခြင်းကို ကုသရာတွင် ကြွက်သားတောင့်တင်းမှုကို ဖြစ်ပေါ်စေသောလှုံ့ဆော်မှုနှင့် ကြွက်သားတုံ့ပြန်မှုကို လျော့ကျစေရန်၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ကြောက်ရွံ့ စိုးထိတ်မှုကို သက်သာစေရန် ရည်ရွယ်သည်။

  • လိမ်းဆေးများအသုံးပြုခြင်း
    • Lidocaine ထုံဆေးနှင့် အခြားထုံဆေးပါဝင်သောလိမ်းဆေးများကို မိန်းမကိုယ်၌ လိမ်းထားခြင်းဖြင့် လိင်ဆက်ဆံခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် နာကျင်မှုနှင့်ပတ်သက်သောဝေဒနာများကို သက်သာစေသည်။
  • တင်ပါးဆုံရိုးကွင်းခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးကုသမှု (Pelvic floor physical therapy)
    • ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးကုသမှုပညာရှင်မှ မိန်းမကိုယ်ရှိကြွက်သားများ တောင့်တင်းနေမှုကို သက်သာလျော့ကျစေရန် မည်သို့လေ့ကျင့်ပြုလုပ်ပေးရမည်ကို ညွှန်ကြားပြသပေးမည်။
  • မိန်းမကိုယ်ချဲ့ပေးသောအလေ့အကျင့်ပြုလုပ်ခြင်း (Vaginal dilator therapy)
    • အရွယ်အစားအမျိုးမျိုးဖြင့် ပြွန်ပုံသဏ္ဌာန်ရှိသော ပစ္စည်းများကိုသုံး၍ မိန်းမကိုယ်ရှိ ကြွက်သားကို ဆွဲဆန့်ပေးခြင်းပြုလုပ်သည်၊ ဤသို့အလေ့အကျင့်ပြုလုပ်ခြင်းဖြင့် မိန်းမကိုယ်နှင့် မည်သည့်အရာဝတ္ထုမဆို ထိတွေ့သည့်အခါ သက်သောင့်သက်သာ ဖြစ်လာစေသည်၊ ဤအလေ့အကျင့်ကို ပထမဆုံးအကြိမ်ပြုလုပ်သည့်အခါ မိန်းမကိုယ်၌ ထုံဆေးလိမ်းပေးထားခြင်းဖြင့် မိန်းမကိုယ်ထဲသို့ ပြွန်ထည့်သည့်အခါ လွယ်ကူစေသည်။
  • အထိအတွေ့ယဥ်ပါးအောင် ပြုလုပ်ခြင်း (Progressive desensitization)
    • မိမိအိမ်တွင် မိန်းမကိုယ်ကြွက်သားကျုံ့ခြင်း၊ ဖြေလျော့ခြင်းလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် လိင်ဆက်ဆံသည့်အခါနှင့် မိန်းမကိုယ်ထဲသို့ ဂွမ်းတောင့်ထည့်သည့်အခါ သက်သောင့်သက်သာ ဖြစ်စေရန် လုပ်ဆောင်ပေးနိုင်သည်
    • ပထမဦးစွာ တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသောလေ့ကျင့်ခန်း (Kegel exercise) ကိုပြုလုပ်ပေးရသည်။ ထိုင်ပြီးဆီးသွားနေစဥ် ဆီးခဏအောင့်ရန် ထိန်းချုပ်သည့်အခါ သို့မဟုတ် လေမလည်အောင် ဟန့်တားရသည့်အခါ အသုံးပြုရသော ကြွက်သားကို (၂) စက္ကန့် မှ (၁၀) စက္ကန့်ကြား ညှစ်ထားလိုက်ပါ၊ ထို့နောက် ထိုညှစ်ထားသော ကြွက်သားကို (၃) စက္ကန့်မျှ ဖြေလျှော့ပေးပါ
    • ဤသို့ပြုလုပ်ခြင်းသည် တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများတင်းရင်းစေသော လေ့ကျင့်ခန်း တစ်ခါပြုလုပ်ခြင်း ဖြစ်သည်၊ တင်ပါးဆုံရိုးကွင်း ကြွက်သားလေ့ကျင့်ခန်း တစ်ကြိမ်တွင် ကြွက်သား ညှစ်ခြင်း၊ ဖြေလျှော့ခြင်းတစ်လှည့်စီကို အခါ(၂၀) ပြုလုပ်ပေးရသည်၊ တစ်နေ့တွင် လေ့ကျင့်ခန်းကို မိမိတတ်နိုင်သလောက် ပြုလုပ်နိုင်သည်
    • လေ့ကျင့်ခန်း စတင်ပြုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာတွင် လေ့ကျင့်ခန်းပြုလုပ်နေစဥ် မိမိလက်တစ်ချောင်းကို မိန်းမကိုယ်ထဲသို့ လက်တစ်ဆစ်ဝင်အောင်ထည့်ပါ၊ လက်သည်းတိထားခြင်း၊ ဖြတ်ထားခြင်း ပြုလုပ်ရမည်ဖြစ်ပြီး ချောဆီအသုံးပြုပါ၊ သို့မဟုတ် ရေချိုးကန် (bathtub) ထဲတွင်ပြုလုပ်ပါ၊ ရေကို သဘာဝချောဆီအဖြစ် အသုံးပြုနိုင်သည်၊ လက်တစ်ချောင်းမှသည် လက်သုံးချောင်းထည့်၍ ရသည်အထိ အလေ့အကျင့်ပြုလုပ်ရမည်၊ မိမိ၏လက်ချောင်းကို မိန်းမကိုယ်ကြွက်သားများ ညှစ်ထားသည်ကို ခံစားသိရှိမည်ဖြစ်ပြီး သက်သောင့်သက်သာ ဖြစ်မနေလျှင် မိမိ၏လက်ချောင်းကို ပြန်ထုတ်ပါ
    • ထို့သို့ လက်ချောင်းများဖြင့် လေ့ကျင့်ခန်း ပြုလုပ်ပြီးခံနိုင်ရည်ရှိလာသောအခါ ကန်တော့ပုံသဏ္ဌာန်ရှိသောပစ္စည်း (cone-shaped inserts) ကို မိန်းမကိုယ်ထဲသို့ (၁၀) မိနစ် သို့မဟုတ် (၁၅) မိနစ်ခန့်ထည့်၍ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် မိန်းမကိုယ်ကြွက်သား ဖိအားခံနိုင်ရည်ရှိလာလိမ့်မည်။
  • အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive behavioral therapy – CBT)
    • အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံးသည် မိမိ၏ စိတ်လှုပ်ရှားမှု၊ အလေ့အကျင့် အပြုအမူများပေါ် အကျိုးသက်ရောက်စေသောအတွေးများကို နားလည်စေရန် ကူညီပေးသည်၊ ဤနည်းလမ်းသည် စိုးရိမ်စိတ်လွန်ကဲနေခြင်းများ၊ စိတ်ဓာတ်ကျနေခြင်းများ၊ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post traumatic stress disorder- PTSD) များကိုလည်း သက်သာသောအကျိုးရရှိစေသောကုသမှုနည်းလမ်းဖြစ်သည်။
  • လိင်ကျန်းမာရေးကုထုံး (Sex therapy)
    • လေ့ကျင့်ပေးထားသော လိင်ကျန်းမာရေးကုသမှု ပညာရှင် (Sex therapists) သည် တစ်ဦးချင်းသော်လည်းကောင်း၊ စုံတွဲလိုက်သော်လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး လိင်ဆက်ဆံကြောင့်ရရှိနိုင်သော ကြည်နူးသာယာခြင်းကို ရှာဖွေခံစားနိုင်ရန် ကူညီပေးသည်။
ကာကွယ်ခြင်း
  • မိန်းမကိုယ်ကြွက်သား အလိုအလျောက်တောင့်တင်းနေသော အမျိုးသမီးအများစုသည် ကုသမှုခံယူပြီး နောက်ပိုင်းတွင် ပြဿနာများ မရှိသလောက်လျော့နည်းသွားသည်၊ သို့သော် ကုသမှုအောင်မြင်ရန် အချိန်ယူရပြီး စိတ်ရှည်ရန်လိုအပ်သည်၊ မိန်းမကိုယ်ကြွက်သားများ သူ့အလိုအလျောက် တောင့်တင်းခြင်းကို ဖြစ်စေသော အကြောင်းခြင်းရာများကို ‌ရှောင်ကြဥ်ခြင်းထက် ကြည်နူးသာယာဖွယ်ကောင်းသော ပြည့်စုံသောလိင်ဆက်ဆံခြင်းဖြစ်ပေါ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍လွယ်ကူသည်
  • တချို့သောအမျိုးသမီးများတွင် မည်သည့်အတွက်ကြောင့် မိန်းမကိုယ်ကြွက်သား အလိုအလျောက် တောင့်တင်းရသည့်အကြောင်းရင်းကို မသိနိုင်‌သောကြောင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ

References:

  1. Vaginismus. (2025). Cleveland Clinic. Retrieved July 8, 2025, from https://my.clevelandclinic.org/health/diseases/15723-vaginismus
  2. Goodman, B., MA. (2024). Vaginismus. WebMD. Retrieved July 8, 2025, from https://www.webmd.com/women/vaginismus-causes-symptoms-treatments

Published: 28 July 2025

Share

28 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.