ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်သော ကိုဗစ်-၁၉ ရောဂါသည် လူကြီးများသာမက ကလေးများတွင်လည်း ကူးစက်နိုင်ခြေ မြင့်မားသောရောဂါဖြစ်သည်။ ကလေးများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရပါက လူကြီးများကဲ့သို့ လက္ခဏာများ ပြင်းထန်ခြင်းမရှိဘဲ တစ်ခါတစ်ရံ လက္ခဏာ လုံးဝမပြသည်များလည်း တွေ့ရတတ်သည်။ သို့သော် ကလေးငယ်များတွင် ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည့် ကိုယ်ခန္ဓာအနှံ့ရောင်ရမ်းမှု လက္ခဏာစု (MIS-C) ရောဂါ ဖြစ်ပေါ်နိုင်ခြေ ပိုမိုများပြားသည်။ ထိုသို့ခန္ဓာကိုယ်အနှံ့ရောင်ရမ်းခြင်းသည် လူကြီးများတွင်လည်း ဖြစ်ပေါ်နိုင်သည်။ အသက် (၂၁) အောက်တွင် တွေ့ရှိပါက MIS-C ဟုသတ်မှတ်ပြီး၊ အသက် (၂၁) နှစ်အထက်တွင် ဖြစ်ပါက MIS-A (Multisystem Inflammatory Syndrome – Adult) ဟုခေါ်ကာ ရောဂါလက္ခဏာများလည်း တူညီလေ့ရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
MIS-C ဖြစ်ပေါ်ရခြင်းအကြောင်းရင်းကို တိတိကျကျ မသိရှိနိုင်ပါ။ MIS-C ကို (၂၀၂၀) ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်သိရှိခဲ့ပြီး လက်ရှိတွင် ကိုဗစ်ဗိုင်းရပ်စ်ရောဂါပိုးနှင့် အဓိကဆက်စပ်သည်ဟု လေ့လာချက်များအရ သိရှိထားကြသည်။ ခန္ဓာကိုယ်အတွင်းသို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီးနောက် (၂)ပတ် မှ (၆)ပတ်အကြာတွင် ဖြစ်လေ့ရှိသော ရှားပါးအခြေအနေတစ်ခု ဖြစ်သော်လည်း ပြင်းထန်ပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်သည်။
ကိုဗစ်ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီးနောက် ကိုယ်ခံအားစနစ်ကို အလွန်အကျွံတုံ့ပြန်စေခြင်းကြောင့် လက္ခဏာများ ဖြစ်ပေါ်ရခြင်းဖြစ်သည်။ အချို့ကလေးများတွင် MIS-C ဖြစ်နိုင်ခြေများသော မျိုးဗီဇပါလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
ကိုဗစ် – ၁၉ ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွါးသောနေရာဒေသများတွင် ပျမ်းမျှ (၁) လအကြာတွင် MIS-C ဖြစ်နှုန်း အလွန်မြင့်လာနိုင်သည်ဟု အဆိုပြုကြသည်။ ကိုဗစ် – ၁၉ ရောဂါသည် တစ်ဦးမှတစ်ဦး ကူးစက်နိုင်သော်လည်း MIS-C ရောဂါသည် ကူးစက်နိုင်သော ရောဂါမျိုးမဟုတ်ပါ။
ရောဂါလက္ခဏာများ
ကလေးအသက် (၅)နှစ် မှ (၁၁)နှစ်ကြား ကျောင်းနေအရွယ်ကလေးများတွင် အဖြစ်များသော်လည်း (၁)နှစ် မှ (၅)နှစ်ကြားတွင်လည်း ရံဖန်ရံခါဖြစ်တတ်သည်။
ကိုဗစ်ရောဂါ ကူးစက်ခံရပြီးနောက် သို့မဟုတ် ကိုဗစ်ဖြစ်သူတစ်ဦးနှင့် ထိတွေ့မိပြီးနောက် သို့မဟုတ် ကိုဗစ်ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပွါးပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အရေပြား၊ မျက်လုံး (သို့မဟုတ်) အစာအိမ်နှင့် အူလမ်းကြောင်း အပါအဝင် မတူညီသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းလာသောကြောင့် ကလေးများ၌ အောက်ပါလက္ခဏာများ တွေ့ရနိုင်သည်။
- အဖျားကြီးခြင်း (အနည်းဆုံး ၂၄ နာရီ)
- ဗိုက်အောင့်၊ ဗိုက်နာခြင်း
- အန်ခြင်း
- ဝမ်းပျက်၊ ဝမ်းလျှောခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်ခန္ဓာအနှံ့ အနီစက်၊ အနီပြင်များ ထွက်ခြင်း
- မျက်စိနီခြင်း
- နှုတ်ခမ်းနှင့်လျှာ နီရဲခြင်း
- လက်ဖဝါး၊ ခြေဖဝါးများ နီရဲခြင်း၊ အရေခွံများ ကွာကျခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း၊ မှိန်းနေခြင်း
- ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
- ခြေလက်များအေးစက်ခြင်း စသည်တို့ဖြစ်သည်။ လက္ခဏာများသည် ကလေးတိုင်းတွင် ထပ်တူမကျနိုင်ပါ။
အန္တရာယ်ရှိသော အရေးကြီးလက္ခဏာများ
- ခြေလက်များ အေးစက်ခြင်း
- အသက်ရှူကျပ်ခြင်း
- ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်တုန်ခြင်း
- ကယောင်ကတမ်း ဖြစ်ခြင်း၊ နိုးနိုးကြားကြား မရှိခြင်း
- သတိလစ်ခြင်း
- နှုတ်ခမ်းနှင့် ခြေသည်းလက်သည်းများ ပြာနှမ်းခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက သင်၏မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ သက်ဆိုင်ရာဆရာဝန်များမှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
MIS-C ၏ လက္ခဏာများသည် အခြားရောဂါများနှင့် လက္ခဏာဆင်တူနိုင်သောကြောင့် ရောဂါဖြစ်စေသည့် အခြားအကြောင်းရင်းများကိုလည်း ရှာဖွေသင့်သည်။ ဥပမာ_
- သွေးလွန်တုပ်ကွေးရောဂါ
- ကာဝါဆာကီရောဂါ (Kawasaki disease) ဟုခေါ်သော အရွယ်အလတ်စားနှင့် အသေးစားသွေးကြောများ ရောင်ရမ်းခြင်း
- ဘက်တီးရီးယားပိုးဝင်၍ ပိုးဆိပ်ပျံ့နှံ့ခြင်း (Toxic shock syndrome)
- ပိုးဆိပ်ပျံ့ခြင်းကြောင့် သွေးလန့်ခြင်း (Septic shock) စသည်တို့သည် MIS-C ကဲ့သို့ လက္ခဏာများ ရှိသောကြောင့် အသေးစိတ် ဓာတ်ခွဲစစ်ဆေးမှုများ လိုအပ်သည်။
စမ်းသပ်စစ်ဆေးမှုများတွင်
- ကိုယ်ခန္ဓာ၏ရောင်ရမ်းမှုကို တိုင်းတာသောဓာတ်များ စစ်ဆေးခြင်း
- သွေးပိုးမွေးခြင်း
- ကျောက်ကပ်ဓာတ်၊ အသည်းဓာတ်များ စစ်ဆေးခြင်း
- ဆီးစစ်ခြင်း
- ရင်ဘတ်ဓာတ်မှန်နှင့် အီးစီဂျီ စစ်ဆေးခြင်း
- အသံလှိုင်းသုံးနှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
- အာထရာဆောင်း (USG) ရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
- ကိုဗစ် – ၁၉ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခဲ့ကြောင်း ညွှန်ပြနိုင်သည့် ပဋိပစ္စည်း (Covid Antibody) ကို စစ်ဆေးခြင်း စသည်တို့ပါ၀င်သည်။
ကုသခြင်း
MIS-C ရောဂါသံသယရှိသော ကလေးများအား ဆေးရုံတင်၍ စောင့်ကြည့်ကာ ကုသမှုများပေးရန်လိုသည်။
ဖြစ်ပေါ်ခံစားရသောလက္ခဏာများ သက်သာစေရန်
- ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ တိုက်ပေးခြင်း
- ကလေးအား အနားယူစေခြင်း
- အရည်များများ တိုက်ပေးခြင်း၊ သွေးကြောတွင်း ဆေးရည်သွင်းပေးခြင်း
- အာဟာရရှိသော အစားအစာများ နည်းနည်းနှင့် မကြာခဏကျွေးပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
MIS-C ရောဂါအတွက် ကုသရန်
- အောက်ဆီဂျင်ပေးခြင်း၊ လိုအပ်ပါက အသက်ရှူကူစက် (Ventilator) ဖြင့် ကုသမှုပေးခြင်း
- သွေးခဲများ ဖြစ်ပေါ်ပိတ်ဆို့ခြင်းကို ကာကွယ်ရန် အက်စ်ပရင်ကဲ့သို့ သွေးကျဲဆေးများပေးခြင်း
- သွေးလန့်ခြင်းလက္ခဏာများအတွက် သွေးပေါင်ပြန်တက်စေသောဆေးများ ပေးခြင်း
- ရောင်ရမ်းမှုများ လျော့ကျစေရန်
- စတီးရွိုက် (Steroids) သောက်ဆေးနှင့် ထိုးဆေးများ
- ပဋိဇီဝပိုးသတ်ဆေးများပေးခြင်းအပြင်
- လက္ခဏာပြင်းထန်သော အချို့ကလေးများတွင် ပဋိပစ္စည်းတစ်မျိုးဖြစ်သော အင်မျူနိုဂလိုဗျူလင် (Immunoglobulin) ဆေးပေး၍ ကုသခြင်းများ လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
MIS-C ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရန် ခက်ခဲသော်လည်း ကိုဗစ် – ၁၉ ရောဂါမဖြစ်အောင် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid 19 vaccines) များကို အသက် (၆) လနှင့်အထက်မှ စတင်၍ လူတိုင်းအတွက် ထိုးနှံနိုင်ပြီဖြစ်သည်။ ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းကို ထိရောက်စွာ ကာကွယ်နိုင်သည့်အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါကလည်း လက္ခဏာများ ပြင်းထန်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ကာကွယ်ဆေးထိုးခြင်းအပြင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခြင်းနှင့် အခြားသူများထံ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် အောက်ပါကြိုတင်ကာကွယ်မှုများကို လိုက်နာသင့်သည်။
- လက်များကို သန့်ရှင်းအောင်ထားပါ၊ ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာ မကြာခဏ လက်ဆေးပါ၊ ဆပ်ပြာနှင့်ရေ မရှိပါက အနည်းဆုံး ၆၀% အရက်ပါဝင်သော လက်သန့်စင်ဆေးကို အသုံးပြုပါ
- ဖျားနာနေသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ ချောင်းဆိုးနေသူများ၊ နှာချေနေသူများ သို့မဟုတ် ဖျားနာပြီး ရောဂါကူးစက်နိုင်သည့်သူများကို ရှောင်ကြဉ်ပါ
- ပန်းခြံ၊ ရုံးအဆောက်အဦးအပါအဝင် အများပြည်သူသုံး နေရာများစွာတွင် တစ်ဦးနှင့် တစ်ဦးကြား အနည်းဆုံး (၆) ပေခန့် ခပ်ခွာခွာနေပါ၊ လေဝင်လေထွက်မကောင်းသော နေရာများတွင် ပို၍ခပ်ခွာခွာနေရန် အထူးအရေးကြီးသည်
- COVID-19 ရောဂါကူးစက်မှုများ မြင့်မားနေပါက အများပြည်သူပိုင် အဆောက်အဦး အတွင်းနေရာများတွင် နှာခေါင်းစည်း (Facemask) တပ်ဆင်ပါ၊ မိမိ ပုံမှန်နေ့စဥ်တပ်နိုင်မည့် သက်သောင့်သက်သာရှိသော ကာကွယ်မှုမြင့်မားသည့် နှာခေါင်းစည်းများကို ရွေးချယ်တပ်ဆင်သင့်သည်
- ကလေးများကို မိမိ၏ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့ကို လက်ဖြင့် မထိမိ၊ မပွတ်မိစေရန် သတိပေးသင်ကြားပေးပါ
- နှာချေခြင်း သို့မဟုတ် ချောင်းဆိုးသောအခါ ပါးစပ်ကို တစ်ရှူး (သို့မဟုတ်) တံတောင်ဆစ်ဖြင့် ဖုံးအုပ်ပါ၊ အသုံးပြုပြီးသား တစ်ရှူးကို စွန့်ပစ်ပါ၊ လက်များကို ချက်ချင်းဆေးကြောပါ
- မကြာခဏ ထိတွေ့ရသော မျက်နှာပြင်များ၊ တံခါးလက်ကိုင်များ၊ မီးခလုတ်များ၊ ရီမုဒ်များနှင့် ကီးဘုတ်များကဲ့သို့သော အိမ်သုံးပစ္စည်းများကို ပုံမှန်သန့်ရှင်းပေး၍ ပိုးသတ်ပေးပါ။
References:
- Cleveland Clinic. (2025). Multisystem inflammatory syndrome in children (MIS-C). Cleveland Clinic. Retrieved June 29, 2025, from https://my.clevelandclinic.org/health/diseases/24592-multisystem-inflammatory-syndrome-in-children
- Mayo Clinic. (n.d.). Multisystem inflammatory syndrome in children (MIS-C) and COVID-19 – Diagnosis and treatment. Mayo Clinic. Retrieved June 29, 2025, from https://www.mayoclinic.org/diseases-conditions/mis-c-in-kids-covid-19/diagnosis-treatment/drc-20502561
- Centers for Disease Control and Prevention. (2024). Signs and symptoms of MIS. Multisystem Inflammatory Syndrome (MIS). Retrieved June 29, 2025, from https://www.cdc.gov/mis/signs-symptoms/index.html
- Johns Hopkins Medicine. (2024). MIS-C and COVID-19: Uncommon but serious inflammatory syndrome in kids and teens. Johns Hopkins Medicine. Retrieved June 29, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/misc-and-covid19-rare-inflammatory-syndrome-in-kids-and-teens
Published: 25 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.