Breech baby (တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်နေသောသန္ဓေသား)

Breech baby (တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်နေသောသန္ဓေသား)

သန္ဓေသားအများစုသည် မိခင်သားအိမ်တွင်း၌ ဦးခေါင်းဖြင့် ဦးတိုက်အနေအထားရှိကြပြီး ၎င်းသည် မွေးဖွားရာတွင် အန္တရာယ်အကင်းဆုံး အနေအထားဖြစ်သည်။ ဦးတိုက်အနေအထားမှန်လျှင် သန္ဓေသားကလေး၏ ဦးခေါင်းသည် မိခင်ကျောဘက်သို့ မျက်နှာမူ၍ မေးနှင့်ရင်ခေါင်းထိနေပြီး မွေးလမ်းကြောင်းအတွင်းသို့ ဆင်းရန် အသင့်အနေအထားဖြစ်နေသည်။

တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားသောသန္ဓေသား (Breech Baby)
တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားသောသန္ဓေသားသည် မိခင်သားအိမ်အတွင်း တင်ပါးဆုံ (သို့မဟုတ်) ခြေဖဝါးဖြင့် ဦးတိုက်အနေအထား ရှိနေတတ်သည်။ မွေးဖွားရာတွင် ခြေချောင်း (သို့မဟုတ်) တင်ပါးဆုံပိုင်းကို စတင်မွေးဖွားပြီးနောက် ခန္ဓာကိုယ်နှင့် နောက်ဆုံးမှ ကလေးဦးခေါင်းကို မွေးဖွားသည်။ တင်ပါးဆုံပိုင်းဖြင့် မွေးဖွားခြင်းသည် သားဖွားမီးယပ် အထူးကုဆရာဝန်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သလို မိခင်နှင့် သန္ဓေသားအတွက်လည်း အန္တရာယ်များသည်။ အကယ်၍ တင်ပါးဆုံဖြင့် ဦးတိုက်ထားသော သန္ဓေသားကို အန္တရာယ်ကင်းစွာမွေးဖွားနိုင်လျှင် မွေးကင်းစကာလသည် ဦးခေါင်းပိုင်းဖြင့် ဦးတိုက်မွေးသော ကလေးများနည်းတူ ကြီးထွားဖွံ့ဖြိုးမှု၊ ကျန်းမာရေး၊ သန်စွမ်းမှု တူညီစွာရှိမည်ဖြစ်သည်။

ကိုယ်ဝန်အစောပိုင်းကာလများတွင် တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်နေသော်လည်း ကိုယ်ဝန်သက် (၃၆) ပတ် ကျော်လာသည့်အခါ သန္ဓေသားသည် ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့် အနေအထားသို့ လှည့်သွားတတ်သည်။ အကယ်၍ ကိုယ်ဝန်သက် (၃၆) ပတ်ကျော်သည်အထိ မလှည့်ပါက သားဖွားမီးယပ် အထူးကုဆရာဝန်မှ လှည့်ပေးနိုင်သည်။ လှည့်သော်လည်း ဦးခေါင်းပိုင်းသို့ မလည်သည့်အခါ တင်ပါးဆုံပိုင်းဖြင့် သဘာဝအတိုင်း ကလေးမွေးဖွားခြင်းသည် အန္တရာယ်များနိုင်သောကြောင့် ခွဲစိတ်၍ ကလေးမွေးဖွားခြင်းကို ရွေးချယ်တတ်ကြသည်။

တင်ပါးဆုံပိုင်းဖြင့် သန္ဓေသားကလေးဦးတိုက်နိုင်သည့် အနေအထားများ
အနေအထား (၃) မျိုး ရှိနိုင်သည်။

  1. Frank breech
    တင်ပါးဆုံပိုင်းဖြင့် သားအိမ်အတွင်း၌ ဦးတိုက်ထားပြီး သန္ဓေသား၏ ခြေထောက်နှစ်ဖက် စလုံးကို ခန္ဓာကိုယ်ရှေ့ဘက်တွင် ဆန့်တန်းထားသည့် အနေအထား (ခြေဖဝါးသည် မျက်နှာနှင့်နီးကပ်စွာရှိနေသည့် အနေအထား) ဖြစ်သည်။
  2. Complete breech
    တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားပြီး ဒူးကွေးပေါင်ကွေးအနေအထား (သန္ဓေသား ဆောင့်ကြောင့်ထိုင်နေသော အနေအထား) ဖြစ်သည်။
  3. Footling breech
    သားအိမ်အတွင်း၌ သန္ဓေသား၏ ခြေဖဝါးတစ်ဖက်သော်လည်းကောင်း၊ နှစ်ဖက်စလုံးသော်လည်းကောင်း တင်ပါးဆုံအောက်ရောက်နေသည့် အနေအထားဖြစ်သည်။ မွေးဖွားရာတွင် ခြေချောင်းမှ စတင်မွေးဖွားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကိုယ်ဝန်အစောပိုင်းကာလများတွင် တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်အနေအထားကို တွေ့ရများသော်လည်း ကိုယ်ဝန်သက် (၃၆ – ၃၇) ပတ်ရသည်နှင့် သန္ဓေသားအများစုသည် သဘာဝအတိုင်း ဦးခေါင်းဖြင့် ဦးတိုက်သည့်အနေအထားသို့ လှည့်လည်သွားကြသည်။ မလည်ဘဲ တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်အနေအထားသည် (၃ – ၄) ရာခိုင်နှုန်းခန့် ကျန်ရှိနိုင်သည်။

တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်အနေအထား ကျန်ရှိစေသောအကြောင်းရင်းများမှာ အောက်ပါတို့ဖြစ်သည်။

  • သားဦးကိုယ်ဝန်ဖြစ်ခြင်း
    သားဦးကိုယ်ဝန်သည် တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်သောသန္ဓေသား ဖြစ်နိုင်ခြေများသည်
  • ရေမြွှာရည်နည်းလွန်းခြင်း (Oligohydramnios)၊ ရေမြွှာရည်များလွန်းခြင်း (Polyhydramnios)
  • အချင်းသည် မွေးလမ်းကြောင်းကိုပိတ်ထားခြင်း (Placenta Previa)
  • နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော အမြွှာကိုယ်ဝန်ဖြစ်ခြင်း (Multiple babies)
  • သားအိမ်တွင် အသားလုံးရှိနေခြင်း (Fibroids)၊ သားအိမ်အတွင်း ကန့်ထားသော အလွှာများရှိနေခြင်း (Uterine septum)
  • အချိန်မတိုင်မီ မွေးဖွားရန်ဖြစ်လာခြင်း (Preterm)
  • သန္ဓေသားကလေးတွင် ဦး‌ခေါင်းပိုင်းသို့သဘာဝအတိုင်းလှည့်ရန် မဖြစ်နိုင်သော အခြေအနေရှိနေခြင်း [ဥပမာ _ သန္ဓေသားသည် ကြွက်သား (သို့မဟုတ်) အရိုးနှင့်ဆိုင်သောချို့ယွင်းမှု ရှိနေလျှင် လှုပ်ရှားမှုကောင်းစွာ မလုပ်နိုင်သောကြောင့် ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားသို့ မလှည့်နိုင်တော့ခြင်း]
ရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင်လက္ခဏာများ
  • မည်သည့်အနေအထား၌ ဦးတိုက်သည်ဖြစ်စေ ပျို့ခြင်း၊ အန်ခြင်းနှင့် အခြားသောခံစားရသော ကိုယ်ဝန်ဆောင် လက္ခဏာများမှာ ကွာခြားမှုမရှိပါ၊ သို့သော် တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားလျှင် သန္ဓေသားကန်သည်ကို ဝမ်းဗိုက်အောက်ပိုင်း၌ သိရှိခံစားရမည်ဖြစ်ပြီး မာမာလုံးလုံးသ‌န္ဓေသား ဦးခေါင်းကို နံရိုးအောက် ဝမ်းခေါင်းအပေါ်ဘက်၌ တွေ့ထိခံစားရမည်
  • သားဖွားမီးယပ်အထူးကုဆရာဝန်မှ မိခင်ဝမ်းဗိုက်ပေါ်လက်တင်၍ သန္ဓေသားအနေအထားကို စမ်းသပ်သည့်အခါ၌လည်းကောင်း၊ အာထရာဆောင်းရိုက်ကြည့်သည့်အခါ၌လည်းကောင်း သ‌န္ဓေသားအနေအထားကို သေချာစွာ သိနိုင်မည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ

တင်ပါးဆုံပိုင်းဖြင့်ဦးတိုက်ထားသော သန္ဓေသားကို ပစ္စည်းကိရိယာစုံလင်သော ဆေးရုံကြီးတွင် တက်‌ရောက်မွေးဖွားပါက မိခင်ရောကလေးပါ အန္တရာယ်ကင်းနိုင်သည်။ တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားသော သန္ဓေသားကို သဘာဝအတိုင်း မွေးဖွားသည်ဖြစ်စေ၊ ခွဲစိတ်မွေးဖွားသည်ဖြစ်စေ ရေရှည်အတွက် ကလေး၏ကျန်းမာရေးတွင် မည်သို့မှ ကွာခြားမှုမရှိပါ။ သဘာဝအတိုင်းမွေးဖွားချိန်တွင်သာ နောက်ဆက်တွဲပြဿနာများကို အဓိကတွေ့ရှိရသည်။

  • သန္ဓေသား၏ အကြီးဆုံးခန္ဓာကိုယ်အစိတ်အပိုင်းမှာ ဦးခေါင်းဖြစ်သည်၊ ဦးခေါင်းပိုင်းဖြင့် ဦးတိုက် ထားသော သန္ဓေသားသည် ဦးခေါင်းပိုင်း မွေးဖွားရန် မိခင်၏ တင်ပါးဆုံရိုးကွင်းမွေးလမ်းကြောင်းကို မကျော်ဖြတ်နိုင်လျှင် ခွဲစိတ်၍ မွေးဖွားရသည်၊ တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားသော သန္ဓေသားသည် တင်ပါးဆုံပိုင်းမွေးဖွားပြီးနောက် ကျန်ရှိသော ဦးခေါင်းပိုင်းသည် မွေးလမ်းကြောင်းကို မကျော်ဖြတ်နိုင်သည့်အခါ အန္တရာယ်ရှိသော အခြေအနေဖြစ်လာသည်
  • သန္ဓေသား၏ ချက်ကြိုးသည် ကလေး၏ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် ဖိထားမိသည့်အခါ အောက်ဆီဂျင် နှင့် သွေးစီးဆင်းမှုပြတ်တောက်ပြီး မိနစ်ပိုင်းအတွင်း သန္ဓေသား၌ ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေ နိုင်သည်
  • အကယ်၍ မီးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်ပေါက်ခဲ့လျှင် ချက်ကြိုးထွက်ကျတတ်သည်၊ ချက်ကြိုး ထွက်ကျခြင်းကြောင့် သန္ဓေသားအတွက် အလွန်ပြင်းထန်သော အန္တရာယ်ရှိလာနိုင်သည်၊
  • သန္ဓေသားလက်မောင်းနှင့်ခြေထောက်တွင် အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အာရုံကြောထိခိုက်ခြင်း အစရှိသော ထိခိုက်မှုဖြစ်နိုင်သည်
  • တင်ပါးဆုံပိုင်းဖြင့်ဦးတိုက်နေသော သန္ဓေသားသည် မွေးရာပါ တင်ပါးဆုံဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ရောဂါ [Developmental dysplasia of the hip (DDH)] ဖြစ်နိုင်ခြေများသည်၊ မွေးဖွားပြီး (၄)ပတ် မှ (၆)ပတ်အတွင်း တင်ပါးဆုံဆစ်နေရာအား အာထရာဆောင်းရိုက်လျှင် သိနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

သန္ဓေသားသည် တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားလျှင် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် မှန်မှန်ရက်ချိန်းရယူတွေ့ဆုံပြီး စမ်းသပ်စစ်ဆေးမှု ခံယူခြင်း၊ မွေးဖွားရန်အတွက် သေချာစွာတိုင်ပင် ဆွေးနွေး ခြင်းများ ပြုလုပ်ရမည်။ အောက်ဖော်ပြပါလက္ခဏာများ ခံစားရလျှင် မိမိ၏သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ချက်ချင်းဆက်သွယ် ပြသရမည်။

  • တင်ပါးဆုံရိုးကွင်းအတွင်း ပြင်းထန်သောနာကျင်မှု သို့မဟုတ် မွေးဖွားရန် နာကျင်မှုစတင်ခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ရေမြွှာရည်ဆင်းခြင်း

ကလေးအနေအထားကို အတည်ပြုခြင်း

  • ကိုယ်ဝန်သက် (၃၆) ပတ်ထိတိုင် သန္ဓေသားသည် လှည့်လည်နိုင်သေးသဖြင့် (၃၇) ပတ် ပြည့်သည့်အခါမှ ကလေးအနေအထားကို စမ်းသပ်၍ အတည်ပြုသတ်မှတ်နိုင်သည်
  • တင်ပါးဆုံပိုင်းဖြင့်ဦးတိုက်ထားခြင်းကို မိမိ၏ မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်မှ မိခင်ဝမ်းဗိုက်ပေါ် စမ်းသပ်ကြည့်ခြင်းဖြင့် သန္ဓေသားအနေအထားကို သိနိုင်သည်၊ ထို့နောက် အာထရာဆောင်း ရိုက်ကြည့်ခြင်းဖြင့် အတည်ပြုနိုင်သည်
ကုသခြင်း
တင်ပါးဆုံပိုင်းမှ ဦးခေါင်းပိုင်းသို့ ဦးတိုက်သည့်အနေအထားဖြစ်အောင်လှည့်ပေးခြင်း (External cephalic version-ECV)

သားဖွားမီးယပ် အထူးကုဆရာဝန်မှ ကိုယ်ဝန်သက် (၃၇) ပတ်ပြည့်လျှင် တင်ပါးဆုံပိုင်းမှ ဦးခေါင်းပိုင်းသို့ ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးခြင်းနှင့် ပတ်သက်၍ သေချာစွာရှင်းပြအသိပေးပြီး လုပ်ဆောင်လိုခြင်း ပြုမပြု သဘောဆန္ဒတောင်းခံမည်။

ပြုလုပ်ပုံ

  • ရှေးဦးစွာ ကလေးကျန်းမာရေးကောင်းမွန်ကြောင်း သိရှိရန် သန္ဓေသားကလေးနှလုံးခုန်နှုန်းပုံစံ စီတီဂျီ (CTG) ကို စက်ဖြင့်ဆွဲကြည့်သည်
  • သန္ဓေသားကျန်းမာလျှင် သားဖွားမီးယပ် အထူးကုဆရာဝန်မှ မိခင်ဝမ်းဗိုက်ပေါ်ရှိ သန္ဓေသားဦးခေါင်းနေရာနှင့် တင်ပါးဆုံနေရာတို့ပေါ်တွင် လက်တင်ပြီး ဦးခေါင်းပိုင်းကို ဖိအားပေး၍ သန္ဓေသားကို လှည့်ခြင်းဖြင့် ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားရောက်အောင် လည်စေသည်
  • ထို့သို့ပြုလုပ်ခြင်းသည် မိခင်အတွက် အနည်းငယ်မသက်မသာဖြစ်နိုင်သည်
  • လိုအပ်ပါက လှည့်သည့်အခါ လွယ်ကူစေရန် သားအိမ်ကြွက်သား ပျော့ပျောင်းစေသော ထိုးဆေးအသုံးပြုနိုင်သည်
  • အောင်မြင်မှုနှုန်း (၅၀) ရာခိုင်နှုန်းဖြစ်ပြီး အောင်မြင်လျှင် ဦးခေါင်းပိုင်းဖြင့် ဦးတိုက်ထားသော သန္ဓေသား အနေအထားအမှန်ဖြင့် သဘာဝအတိုင်းမွေးဖွားနိုင်မည်
  • မအောင်မြင်လျှင် နောက်တစ်ရက်၌ ထပ်မံကြိုးစား ခွင့်ရှိသည်
  • ထိုသို့လှည့်လည်ခြင်းကို ကလေးမွေးဖွားရန် စတင်ဗိုက်နာလာသည့် အစောဆုံးအချိန်ထိ ကြိုးစားခွင့်ရှိသည်

တင်ပါးဆုံပိုင်းမှ ဦးခေါင်းပိုင်းသို့ ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးခြင်းသည် စိတ်ချရသော လုပ်ဆောင်မှုဖြစ်သော်လည်း

  • အချင်းမှ သွေးထွက်ခြင်း
  • သန္ဓေသားကလေးနှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်းများ ရှိခဲ့လျှင် အရေးပေါ်ခွဲစိတ်မွေးဖွားရနိုင်သည်။ သို့ဖြစ်၍ တင်ပါးဆုံပိုင်းမှ ဦးခေါင်းပိုင်းသို့ ဦးတိုက်သည့် အနေအထားဖြစ်အောင် လှည့်ပေးခြင်းကို အရေးပေါ်ခွဲစိတ်ခန်းရှိသောဆေးရုံတွင်သာ လုပ်ဆောင်ရသည်။ ထို့သို့ဖြစ်နိုင်ခြေကို အယောက် (၂၀၀) လှည့်လျှင် (၁) ယောက် ကြုံတွေ့နိုင်သည်။
မွေးဖွားခြင်း

မွေးလမ်းကြောင်းမှ တင်ပါးဆုံပိုင်းဖြင့်မွေးဖွားရန် သို့မဟုတ် ခွဲမည့်ရက် ကြိုတင်သတ်မှတ်ပြီး ခွဲစိတ်မွေးဖွားခြင်းကို သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေး၍ ဆုံးဖြတ်ရမည်။ ခွဲမည့်ရက်ကြိုတင် သတ်မှတ်ပြီး ခွဲစိတ်မွေးဖွားခြင်းသည် သန္ဓေသားအတွက် ပို၍ အန္တရာယ်ကင်းသည်။

မွေးလမ်းကြောင်းမှ တင်ပါးဆုံပိုင်းဖြင့် မွေးဖွားခြင်း
မွေးလမ်းကြောင်းမှ တင်ပါးဆုံပိုင်းဖြင့်မွေးဖွားရန် ဆုံးဖြတ်ပါက လိုအပ်လျှင် အရေးပေါ် ခွဲစိတ်မွေးဖွားနိုင်သောဆေးရုံ၌ မွေးပါ။ မွေးကင်းစကလေးကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သော ကလေးဆရာဝန် အဆင်သင့်ရှိနေရမည်။ အောင်မြင်စွာမွေးဖွားနိုင်နှုန်း (၆၀) ရာခိုင်နှုန်းရှိသည်။ မွေးလမ်းကြောင်းမှ တင်ပါးဆုံပိုင်းဖြင့် မွေးဖွားရန် မဖြစ်နိုင်သော အခြေအနေများမှ_

  • သားအိမ်အတွင်း၌ သန္ဓေသား၏ ခြေဖဝါးတစ်ဖက်သော်လည်းကောင်း၊ နှစ်ဖက်စလုံးသော်လည်းကောင်း တင်ပါးဆုံအောက်ရောက်နေသည့် အနေအထားဖြစ်နေခြင်း
  • သန္ဓေသားသည် ပုံမှန်ထက်ထွားနေခြင်း၊ ညှက်နေခြင်း
  • တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားသောသန္ဓေသား၏ ဦးခေါင်းနောက်သို့လန်နေခြင်း
  • အချင်းသည် မွေးလမ်းကြောင်းကို ပိတ်ထားခြင်း (Placenta Previa)
  • ကိုယ်ဝန်ဆောင်စဥ် နောက်ဆက်တွဲပြဿနာများရှိခြင်း (ဥပမာ _ ကိုယ်ဝန်ဆိပ်တက်ခြင်း)

ခွဲစိတ်မွေးဖွားခြင်း
ခွဲမည့်ရက် ကြိုတင်သတ်မှတ်ပြီး ခွဲစိတ်မွေးဖွားခြင်းကို ကလေးအဆုတ် ကောင်းစွာဖွံ့ဖြိုးနေပြီဖြစ်သော ကိုယ်ဝန်သက် (၃၉) ပတ်တွင် လုပ်ဆောင်လေ့ရှိသည်။ မိခင်အများစု ကလေးမွေးဖွားရန် ဗိုက်စတင်မနာနိုင်သေးသော အချိန်လည်းဖြစ်သည်။ ခွဲစိတ်မွေးဖွားခြင်းသည် သန္ဓေသားကိုလည်း အန္တရာယ်ကင်းစေသည်။ သို့သော်မိခင်တွင် အောက်ပါအန္တရာယ်များရှိနိုင်သည်။

  • သွေးထွက်လွန်ခြင်း (Excessive blood loss)
  • ခြေထောက်ရှိသွေးကြောသွေးခဲပိတ်ခြင်း (Blood clots in the legs)
  • ခွဲထားသောအနာပိုးဝင်ခြင်း
  • ခွဲစိတ်မွေးဖွားစဥ် ဆီးလမ်းကြောင်းထိခိုက်မိခြင်း
  • နောက်ထပ်ကိုယ်ဝန် ခွဲစိတ်မွေးဖွားရနိုင်ခြေများခြင်း

ခွဲမည့်ရက်ကြိုတင်သတ်မှတ်ပြီး ခွဲစိတ်မွေးဖွားရန် ပြင်ဆင်ထားသော်လည်း ထိုရက်မတိုင်မီ ကလေးမွေးဖွားရန် ဗိုက်စတင်နာလာပါက ဆေးရုံသို့ ချက်ချင်းသွားရောက်ရန် အ‌ရေးကြီးသည်။ ဆေးရုံသို့‌ ရောက်သည့်အခါ သားဖွားမီးယပ် အထူးကုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး သားအိမ်ပွင့်နှုန်းကောင်းမွန်၍ ကလေးဖွားမြင်ရန် အလွန်နီးကပ်နေပါက မိန်းမကိုယ်လမ်းကြောင်းမှ သဘာဝအတိုင်း မွေးဖွားရန် အကြံပေးမည်။ ထိုအခြေအနေတွင် သဘာဝအတိုင်းမွေးဖွားလိုက်ခြင်းသည် ပိုမိုအန္တရာယ်ကင်းသည်။

ကာကွယ်ခြင်း

တင်ပါးဆုံပိုင်းဖြင့် သန္ဓေသားဦးတိုက်ခြင်းမရှိအောင် မည်သို့မှ ကြိုတင်ကာကွယ်ခြင်းမပြုလုပ်နိုင်ပါ။

References:

  1. Cleveland Clinic. (n.d.). Breech baby. Retrieved July 8, 2025, from https://my.clevelandclinic.org/health/diseases/21848-breech-baby
  2. WebMD. (n.d.). What to know about breech baby. Retrieved July 8, 2025, from https://www.webmd.com/baby/what-to-know-about-breech-baby

Published: 24 July 2025

Share

24 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.