Breast Cyst (ရင်သား အရည်အိတ်တည်ခြင်း)

Breast Cyst (ရင်သား အရည်အိတ်တည်ခြင်း)

ရင်သားအရည်အိတ်တည်ခြင်းဆိုသည်မှာ ရင်သားအတွင်း အရည်များပြည့်နေသော အလုံးငယ်များ ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။ အများအားဖြင့် ကင်ဆာမဟုတ်သော ရိုးရိုးရင်သားအလုံးများ (benign breast lump) ဖြစ်ကြပြီး တစ်လုံးတည်း ရှိနိုင်သကဲ့သို့ တစ်လုံးထက်ပို၍လည်း တွေ့ရှိရတတ်သည်။ တစ်ခါတစ်ရံတွင် ဓမ္မတာမလာမီ ရက်အနည်းငယ်အလို၌ နာကျင်မှု ခံစားရနိုင်သည်။ ရင်သားအရည်အိတ် (breast cysts) အများစုသည် ကုသရန် မလိုအပ်ပါ။

ရင်သားအရည်အိတ်တည်ခြင်း အမျိုးအစားများ
အဓိကအားဖြင့် သုံးမျိုး ခွဲခြားနိုင်သည်။

  1. အရည်တစ်မျိုးတည်းသာရှိသော အမျိုးအစား (Simple breast cyst)
    ရင်သားအရည်အိတ်တည်ခြင်း အားလုံး၏ (၉၀) ရာခိုင်နှုန်းခန့်သည် simple breast cyst များဖြစ်သည်။ အိတ်အတွင်း မာကျောသော တစ်ရှူးများ မပါဝင်ဘဲ အရည်များသာရှိသော အမျိုးအစားဖြစ်သည်။ ညီညာလုံးဝန်းသော ရင်သားအကျိတ်အဖြစ် စမ်းသပ်တွေ့ရှိနိုင်သည်။
  2. အရည်နှင့် မာကျောသော တစ်ရှူးတို့ ရောနှောပါဝင်သော အမျိုးအစား (Complex breast cyst)
    ဤအမျိုးအစားတွင် အရည်နှင့် မာကျောသောတစ်ရှူးတို့ ရောနှောပါဝင်သည်။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၂၀) ရာခိုင်နှုန်းခန့်ရှိသည်။ အသားစယူစစ်ဆေးခြင်း (biopsy) ပြုလုပ်ရန် လိုအပ်သည်။
  3. နောက်ကျိသောအရည်ပါဝင်သည့် မညီမညာသောအလုံးများ (Complicated breast cyst)
    ဤအိတ်အမျိုးအစားအတွင်းရှိ အရည်များသည် အနည်းငယ် နောက်ကျိနေနိုင်ပြီး မညီမညာ အလုံးအဖြစ် စမ်းသပ်တွေ့ရှိရသည်။ အရည်ကို အပ်ဖြင့်စုပ်ထုတ်၍ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် လိုအပ်သည်။ ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ရှိသည်။

ထို့အပြင် ရင်သားအရည်အိတ်များကို အရွယ်သေးငယ်သောအိတ်များ (microcysts) နှင့် အရွယ်ကြီးသောအိတ်များ (macrocysts) ဟူ၍လည်း ခွဲခြားနိုင်သည်။ ပုံမှန်ရင်သားတစ်ရှူးအများစုတွင် microcysts များပါဝင်ပြီး ၎င်းတို့သည် အလွန်သေးငယ်သောကြောင့် အာထရာဆောင်း (USG) (သို့မဟုတ်) မိုက်ခရိုစကုပ်အောက်တွင်သာ မြင်တွေ့နိုင်သည်။ Macrocysts များမှာ အချင်း (၂.၅) မှ (၅) စင်တီမီတာ အရွယ်ခန့်ရှိပြီး လက်ဖြင့် စမ်းသပ်တွေ့ရှိနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရင်သားအရည်အိတ်များ ဖြစ်ပေါ်ရခြင်းအကြောင်းရင်းကို တိကျစွာ မသိရှိသေးသော်လည်း အမျိုးသမီးဟော်မုန်း အပြောင်းအလဲများကြောင့် ဖြစ်ပေါ်သည်ဟု ယူဆကြသည်။ အီစတိုဂျင် (oestrogen) အမျိုးသမီးဟော်မုန်းပမာဏ လျော့နည်းသွားသော သွေးဆုံးပြီးသည့် အမျိုးသမီးများတွင် ရင်သား အရည်အိတ် တည်လေ့မရှိပါ။
ပုံမှန်ဓမ္မတာစက်ဝန်းအရ နို့ရည်ထုတ် ဂလင်းတစ်သျှူးများ ကျုံ့သွားသည့် (involution) အခါ နို့ပြွန်များအတွင်း အရည်များ ပိတ်မိသွားသောကြောင့် အရည်အိတ်များ ဖြစ်ပေါ်လာသည်ဟု လေ့လာတွေ့ရှိထားကြသည်။

ရင်သားအရည်အိတ်တည်ခြင်း ဖြစ်နိုင်ခြေများသူများ
  • အသက် (၃၅)နှစ် မှ (၅၀)နှစ်ကြားရှိ အမျိုးသမီးများ
  • ဓမ္မတာလာဆဲ အမျိုးသမီးများ (Premenopausal)
  • သွေးဆုံးပြီးသော်လည်း ဟော်မုန်းကုထုံး (Hormone Replacement Therapy) ခံယူနေသော အမျိုးသမီးများ (Postmenopausal)
ရောဂါလက္ခဏာများ

ရင်သားတစ်ဖက်တည်း (သို့မဟုတ်) ရင်သားနှစ်ဖက်စလုံးတွင် ဖြစ်ပေါ်နိုင်သည်။ ရင်သားအရည်အိတ်များသည် အလွန်သေးငယ်သည့်အရွယ်မှ လိမ္မော်သီးအရွယ်အထိ အရွယ်အစား အမျိုးမျိုးရှိနိုင်သည်။
အဆိုပါ ရင်သားအရည်အိတ်အများစုကို_

  • အနည်းငယ်ပျော့သောအလုံးအဖြစ် စမ်းမိခြင်း (အချို့အရည်အိတ်များကို မာတင်းသောအလုံးအဖြစ် စမ်းမိနိုင်သည်)
  • လုံးဝန်းပြီး ပြောင်ချောသောအလုံးအဖြစ် စမ်းမိခြင်း
  • အရေပြားအောက်တွင် အလွယ်တကူ ရွေ့လျားနိုင်ခြင်း
  • နို့သီး‌ခေါင်းမှ အရည်ကြည်၊ အဝါရောင် အရည်ကြည်၊ အညိုရောင် (သို့မဟုတ်) အစိမ်းရောင်အရည်များ ထွက်ခြင်း (nipple discharge)
  • ရင်သားနာကျင်ကိုက်ခဲခြင်း (အထူးသဖြင့် ရာသီသွေးမပေါ်မီ)
  • ရာသီသွေးမပေါ်မီ အရွယ်အစား ကြီးလာတတ်ပြီး၊ ရာသီသွေးပေါ်ပြီးလျှင် ပြန်သေးသွားခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ရင်သားအရည်အိတ်များကြောင့် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ မရှိပါ။ သို့သော် အရည်အိတ်တွင် ပိုးဝင်ပြီး ရင်သားရောင်ရမ်းကာ နာကျင်ကိုက်ခဲတတ်သည်။ ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းပါးသော်လည်း မိမိရင်သားတွင် ပြောင်းလဲမှု တစ်စုံတစ်ရာရှိတိုင်း မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိရင်သားတွင် အလုံးအကျိတ်အသစ်တစ်ခု သတိပြုစမ်းသပ်မိပါက ရိုးရိုးရင်သားအကျိတ်ဟူ၍ မည်သည့်အခါမျှ မယူဆသင့်ပါ။

  • ရင်သားအကျိတ် အသစ်ပေါ်ခြင်း
  • ရင်သားအကျိတ် ပိုကြီးလာခြင်း
  • ဓမ္မတာစက်ဝန်း တစ်ခု (သို့မဟုတ်) နှစ်ခုအကြားတွင် အကျိတ်ဆက်ရှိနေခြင်း
  • ရင်သားအရေပြားပြောင်းလဲမှုများ စသည့် မိမိရင်သား ပြောင်းလဲမှုများ သတိပြုမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်သည်။
ရောဂါရှာဖွေခြင်း

ရင်သားတွင် အလုံးအကျိတ်ပေါ်ပါက ဆရာဝန်မှ အဆင့် (၃) ဆင့်ကို ပြုလုပ်လေ့ရှိသည်။

  • ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Breast examination)
  • Breast imaging – ရင်သားဓာတ်မှန် (Mammogram) (သို့မဟုတ်) ရင်သား အာထရာဆောင်း (USG Breast) ရိုက်ခြင်း
  • အသားစယူ စစ်ဆေးခြင်း (Biopsy) တို့ဖြစ်သည်။

ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
ရိုးရိုးအကျိတ် (သို့မဟုတ်) ကင်ဆာအကျိတ် ဖြစ်သည်ကို ကွဲပြားစွာသိရှိနိုင်ရန် ဆရာဝန်မှ စမ်းသပ်မည်။ ရင်သား (၂) ဖက်၊ ချိုင်း၊ ရင်ဘတ်နှင့် လည်ပင်းများကို ထိုင်လျက် တစ်ကြိမ်၊ လဲလျောင်းလျက် တစ်ကြိမ် စမ်းသပ်မည်ဖြစ်သည်။

ရင်သား အာထရာဆောင်းရိုက်ခြင်း
ရင်သားအာထရာဆောင်း ရိုက်ခြင်းဖြင့် မာခဲသော အလုံးအကျိတ်၊ အရည်အိတ် (သို့မဟုတ်) အရည်အိတ်အတွင်း မာကျောသော တစ်ရှူးများ ရှိမရှိ ခွဲခြားသိရှိနိုင်သည်။ ထို့အပြင် အရည်အိတ်အတွင်းမှ အရည်များအား အာထရာဆောင်းလမ်းညွှန်ဖြင့် တိကျစွာ စုပ်ထုတ်နိုင်သည်။

ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram)
အသက် (၄၀) ကျော် အမျိုးသမီးများတွင် ရင်သားဓာတ်မှန်ရိုက် စစ်ဆေးနိုင်သည်။ ပုံမှန်လူများတွင် ရင်သားကင်ဆာ ကြိုတင်စစ်ဆေးရှာဖွေခြင်း (Breast cancer screening) ပြုလုပ်သည့်အခါ ဓာတ်မှန်ရိုက်စစ်ဆေးရာတွင်လည်း အရည်အိတ်များ တွေ့ရှိရတတ်သည်။

သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားသူများ (ဥပမာ _ ရင်သားကင်ဆာမျိုးဗီဇ ပါရှိသူများ) တွင် သံလိုက်ဓာတ်မှန်ရိုက်ရန် လိုအပ်နိုင်သည်။

အသားစယူစစ်ဆေးခြင်း (Biopsy)
အထက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်ပြီး

  • ကင်ဆာဟု သံသယရှိလျှင် အသားစယူစစ်ဆေးခြင်း (Biopsy) ကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်
    သို့မဟုတ်
  • ရင်သားအရည်အိတ်တည်ခြင်းဟု အဖြေထွက်ပါက အပ်ငယ်ဖြင့် အရည်များ စုပ်ထုတ်ခြင်း (fine-needle aspiration) ပြုလုပ်သည်၊ ထုတ်ယူရရှိသောအရည်ကို ဓာတ်ခွဲခန်းသို့ ပို့ကာ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးမည်ဖြစ်သည်
ကုသခြင်း

ရင်သားအာထရာဆောင်းရိုက်ခြင်း (သို့မဟုတ်) အရည်စုပ်ထုတ်ခြင်းဖြင့် ကင်ဆာမဟုတ်သော ရိုးရိုးအရည်အိတ် (Simple breast cyst) အဖြစ် အတည်ပြုပြီးပါက ကုသရန် မလိုအပ်ဘဲ အလိုအလျောက် ပျောက်ကင်းသွားတတ်သည်။

  • အပ်ငယ်ဖြင့် အရည်များ စုပ်ထုတ်ခြင်း (Fine-needle aspiration of breast cyst)
    ပထမဆုံးအကြိမ် ရင်သားတွင် အရည်အိတ်တည်ပါက အရည်စုပ်ထုတ်ကာ ဓာတ်ခွဲခန်းပို့စစ်ဆေးသည်။ အကယ်၍ အရည်သည် သွေး မပါဝင်ဘဲ စုပ်ထုတ်ပြီး ရင်သားအလုံးပျောက်သွားပါက နောက်ထပ် စစ်ဆေးမှု (သို့မဟုတ်) ကုသမှု မလိုအပ်ပါ။
    ထို့အပြင် ဆိုး၀ါးသော ရင်သားနာကျင်ကိုက်ခဲခြင်း သို့မဟုတ် အရည်အိတ်များ ဆက်လက်ကြီးထွားလာခြင်း စသည့်အခြေအနေများတွင် အရည်စုပ်ထုတ်ခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာနိုင်သည်။
    သို့သော် အရည်အိတ်အတွင်း အရည်များ ပြန်လည်စုလာနိုင်သောကြောင့် တစ်ကြိမ်ထက်ပို၍ စုပ်ထုတ်ရန် လိုအပ်နိုင်သည်။
  • အမျိုးသမီး ဟော်မုန်းဆေးများ
    ရာသီသွေး ဓမ္မတာစက်ဝန်းအား ထိန်းညှိရန် သန္ဓေတားဆေးများ (Oral contraceptives) ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုခြင်းနှင့် သွေးဆုံးပြီးနောက် ဟော်မုန်းအစားထိုးကုထုံးအား ရပ်ဆိုင်းခြင်းဖြင့် ရင်သားအရည်အိတ်တည်ခြင်းကို လျှော့ချနိုင်သည်။
  • ခွဲစိတ်ကုသခြင်း
    အောက်ဖော်ပြပါ အခြေအနေများတွင် ခွဲစိတ်ကုသရန် လိုအပ်သည်။
    • စုပ်ထုတ်ပြီးချိန်တွင် ရင်သား အလုံးအကျိတ် ကျန်နေခြင်း
    • စုပ်ထုတ်ယူလိုက်သော အရည်တွင် သွေးအရောင်ပါနေခြင်း
    • စုပ်ထုတ်ပြီး မကြာခဏ အရည်ပြန်စုခြင်း
    • ရောဂါလက္ခဏာများ ဆိုးဝါးစွာ ခံစားရခြင်း
    • Complicated breast cyst အမျိုးအစားများ
ကာကွယ်ခြင်း

ရင်သားအရည်အိတ်တည်ခြင်းအား ကာကွယ်၍မရပါ။ သို့သော် ရင်သားအရည်အိတ်များကြောင့် ခံစားရသော ရောဂါလက္ခဏာများ သက်သာစေရန် အောက်ပါနည်းလမ်းများ အသုံးပြုနိုင်သည်။

  • မိမိရင်သားနှင့် ကောင်းစွာကိုက်ညီ၍ ထောက်ကူပေးနိုင်သော အတွင်းခံ ဝတ်ဆင်ခြင်း
  • ရေနွေး (သို့မဟုတ်) ရေခဲအိတ် ကပ်ခြင်း
  • ကဖိန်းဓာတ် ရှောင်ခြင်း
  • ဆရာဝန်ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း

References:

  1. Satherley, L., & Sweetland, H. (2022). Breast surgery. In G. R. McLatchie, N. H. S. Kumar, & A. W. Craig (Eds.), Oxford handbook of clinical surgery (5th ed., pp. 312–325). Oxford University Press.
  2. Mayo Clinic. (n.d.). Breast cysts – Diagnosis and treatment. Retrieved July 7, 2025, from https://www.mayoclinic.org/diseases-conditions/breast-cysts/diagnosis-treatment/drc-20370290
  3. Cleveland Clinic. (2025, June 2). Breast cysts. Retrieved July 7, 2025, from https://my.clevelandclinic.org/health/diseases/15691-breast-cysts

Published: 24 July 2025

Share

24 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.