မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်း (Labial Fusion) ဆိုသည်မှာ မိန်းမကိုယ် အတွင်းနှုတ်ခမ်းသား (labia minora) တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပူးကပ်နေပြီး မိန်းမကိုယ်အဝကို ဖုံးထားသော အခြေအနေတစ်ခုဖြစ်သည်။ အမျိုးသမီးများတွင် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားသည် မိန်းမကိုယ်လမ်းကြောင်း အပြင်ဝ၏ ဘေးတစ်ဖက်စီတွင် သီးခြားတည်ရှိသည်။ ထိုသို့မဟုတ်ဘဲ ပူးကပ်နေပါက အတွင်းနှုတ်ခမ်းသားနှစ်ခုသည် ဇစ်ဖြင့် ပိတ်ထားသကဲ့သို့ မိန်းမကိုယ်အဝကို ဖုံးအုပ်ထားမည်ဖြစ်သည်။ တစ်ခါတစ်ရံ ဆီးထွက်ပေါက်နေရာကို ဖုံးအုပ်ထားမိပါက ဆီးသွားရာတွင် အခက်အခဲဖြစ်စေနိုင်သည်။ မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းသည် ကလေးငယ်များတွင် အတွေ့ရများပြီး အများအားဖြင့် ဘေးအန္တရာယ်မဖြစ်စေနိုင်ပါ။ နှုတ်ခမ်းသားပူးနေပြီး ရောဂါလက္ခဏာမပြသော ကလေးများသည် ကုသမှုခံယူရန် မလိုအပ်ဘဲ အရွယ်ရောက်လာသည်နှင့်အမျှ အလိုအလျောက် ပျောက်ကင်းနိုင်သည်။ သို့သော် ရောဂါလက္ခဏာများရှိပါက ကုသမှုခံယူရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်း ဖြစ်စေသောအကြောင်းရင်းကို သေချာစွာ မသိရှိသော်လည်း အောက်ဖေါ်ပြပါ ရောဂါအခြေအနေများနှင့်တွဲ၍ တွေ့ရှိရတတ်သည်။
မိန်းမကိုယ်ပိုးဝင်ရောင်ရမ်းခြင်း
ကလေးငယ်များတွင် မကြာခဏ မိန်းမကိုယ် အရေပြားရောင်ရမ်းခြင်းကြောင့် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်း ပို၍ဖြစ်စေနိုင်သည်။ ပြင်ပမိန်းမကိုယ် ရောင်ရမ်းခြင်း၊ ဆီးပူလောင်ခြင်း၊ သေးခံလောင်သောကြောင့် အရေပြားရောင်ရမ်းခြင်းနှင့် အရေပြားမာ၍ ထူသောရောဂါ (Lichen sclerosus) စသည့် အခြေအနေများကြောင့် မိန်းမကိုယ်ပိုးဝင်ရောင်ရမ်းခြင်း အဖြစ်များသည်။
အီစတိုဂျင်ဟော်မုန်း နည်းခြင်း
ကလေးငယ်များတွင် အပျိုဖော်ဝင်ချိန်မတိုင်မီ အီစတိုဂျင်ဟော်မုန်းသည် ပမာဏနည်းပြီး ကောင်းစွာအလုပ်မလုပ်သောကြောင့် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းကို ပို၍တွေ့ရသည်။ ထို့ကြောင့် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးနေသော ကလေးများသည် အီစတိုဂျင်ဟော်မုန်းများသည့် အပျိုဖော်ဝင်ချိန်ရောက်သောအခါ အလိုအလျောက် ပျောက်ကင်းနိုင်ပြီး အဆိုပါ အခြေအနေကို အကြောင်းရင်းမရှိသော မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားကပ်ခြင်း (Primary labial adhesions) ဟုခေါ်သည်။ လူကြီးများတွင် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းကို အီစတိုဂျင်ပမာဏနည်းသော အခြေအနေများဖြစ်သည့် သွေးဆုံးပြီးချိန်နှင့် ကလေးမွေးဖွားပြီးချိန်တို့တွင် တွေ့ရနိုင်ပြီး ၎င်းအခြေအနေကို အကြောင်းရင်းတစ်ခုကြောင့်ဖြစ်သော မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားကပ်ခြင်း (Secondary labial adhesions) ဟုခေါ်သည်။
ကလေးများတွင် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းသည် အခြားရောဂါများနှင့် ဆက်စပ်မှုမရှိပါ။ ထို့ပြင် လူကြီးဘဝရောက်ချိန်၌ မျိုးပွါးမှုနှင့် လိင်ဆက်ဆံရာတွင်လည်း အခက်အခဲ မရှိနိုင်ပါ။ အပျိုဖော်ဝင်ချိန်ရောက်ပါက သူ့အလိုအလျောက် ပြန်ကောင်းသွားနိုင်ပြီး ပြန်၍ ဖြစ်ပွါးမှု မရှိသလောက်ရှားပါးသည်။
ရောဂါလက္ခဏာများ
မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းသည် မွေးကင်းစတွင် လက္ခဏာများ ဖြစ်ပေါ်လေ့ မရှိသော်လည်း အများအားဖြင့် အသက် (၁)နှစ် မှ (၂)နှစ်ကြားတွင် ဖြစ်ပေါ်လေ့ရှိသည်။ ကလေးတွင် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးနေပါက နှုတ်ခမ်းသားနှစ်ခုကို သီးခြားမြင်တွေ့ရမည့်အစား အတွင်းနှုတ်ခမ်းသားနှစ်ခု ပူးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တွေ့ရနည်းသော အခြားလက္ခဏာများမှာ_
- မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- ဆီး တစ်စက် တစ်စက် ထွက်ကျခြင်း
- ဆီးသွားရာတွင် ခက်ခဲခြင်း
- မိန်းမကိုယ်မှ အရည်ဆင်းခြင်း
- ပူးကပ်နေသော အတွင်းနှုတ်ခမ်းသား နောက်တွင် ဆီးများစုပုံခြင်း
- အထူးသဖြင့် ခွထိုင်၍ ဆော့ကစားသောအချိန်တွင် မိန်းမကိုယ် နှုတ်ခမ်းသားတစ်ဝိုက်တွင် နာကျင်ခြင်း (ဥပမာ _ စက်ဘီးစီးခြင်း) စသည်တို့ဖြစ်သည်။
အသက်အရွယ်ကြီးသူများတွင်မူ
- မိန်းမကိုယ်နှုတ်ခမ်းသား ယားယံခြင်း၊ ရောင်ရမ်းခြင်း
- လိင်ဆက်ဆံစဥ် နာကျင်ခြင်း စသည့်လက္ခဏာများကို တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ မဖြစ်သလောက်ရှားပါးသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြခဲ့သော ရောဂါလက္ခဏာများကို သတိထားမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်လျှင် အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာ အထူးကုဆရာဝန်မှ ကလေးငယ်ကို ပုံမှန်စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းကို ရှာဖွေတွေ့ရှိနိုင်သည်။ ထို့ပြင် ကလေးကို ပြုစုစောင့်ရှောက်သူများမှ အနှီးလဲစဥ်၊ သေးခံလဲစဥ်နှင့် ရေချိုးပေးစဥ် အချိန်များတွင် သတိထားမိတတ်ကြသည်လည်းရှိသည်။ ဆီးလမ်းကြောင်းပိုးဝင်သော လက္ခဏာများနှင့် အတူတကွ တွေ့ရှိရပါက ဆီးစစ်ဆေးမှုကိုပါ ပြုလုပ်ရန်လိုသည်။
ကုသခြင်း
မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးနေသော ကလေးငယ်များတွင် မည်သည့်လက္ခဏာမျှ မပြပါက သို့မဟုတ် ဆီးသွားရာတွင် ပြဿနာမရှိပါက အပျိုဖော်ဝင်ချိန်ရောက်သည်အထိ စောင့်ကြည့်နိုင်သည်။ သို့သော် အခြားသောလက္ခဏာများရှိပါက ကုသရန်လိုသည်။
- လိမ်းဆေးဖြင့် ကုသခြင်း
မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးနေသော နေရာသည် ဧရိယာများပါက အီစတိုဂျင် (သို့မဟုတ်) စတီးရွိုက်လိမ်းဆေးခရင်မ်ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိမ်းရန်လိုအပ်သည်။ လိမ်းဆေးခရင်မ်ကို (၆)ပတ် မှ (၈)ပတ်ကြာသည်အထိ တစ်နေ့ (၂) ကြိမ် လိမ်းရန်လိုသည်။ လိမ်းဆေးသည် မိန်းမကိုယ်နေရာ အသားအရောင်ရင့်ခြင်း၊ ရာသီလာသကဲ့သို့ သွေးဆင်းခြင်းများဖြစ်နိုင်ပြီး လိမ်းဆေးရပ်လိုက်ပါက အဆိုပါပြဿနာများ သက်သာပျောက်ကင်းသွားမည်ဖြစ်သည်။ ထို့ပြင် ဆေးလိမ်းကုသခြင်းဖြင့် ပူးနေသော မိန်းမကိုယ် အတွင်းသား ကွာသွားပါက ပြန်၍ပူးခြင်းမှ ကာကွယ်ရန် ချောဆီပါသောဂျယ်လ်ခရင်မ် (ဥပမာ _ Vaseline) ကို ကွာသွားသော နှုတ်ခမ်းသားတစ်ဖက်ချင်းစီကို လိမ်းပေးရန်လိုသည်။ - ခွဲစိတ်ကုသခြင်း
လိမ်းဆေးခရင်မ်များဖြင့် မသက်သာသော၊ ကြီးမားပြီး ထူထပ်သည့် မိန်းမကိုယ် အတွင်းနှုတ်ခမ်းသား ပူးကပ်နေခြင်း (သို့မဟုတ်) ဆီးသွားရန် အခက်အခဲဖြစ်နေပါက ထုံဆေးဖြင့် ပိုးသတ်ထားသော ကိရိယာများအသုံးပြု၍ ခွာပေးနိုင်သည်။
- ခွဲစိတ်ပြီး (၂၄) နာရီကျော်ပါက ရေချိုးနိုင်သည်
- အနာနေရာ ယားယံခြင်းကို ကာကွယ်ရန် အနံ့ပြင်းဆပ်ပြာရည်ဖြင့် ရေချိုးခြင်းကို တစ်ပတ်ခန့်ရှောင်ကြဉ်ရန် လိုအပ်သည်
- ခွဲစိတ်ပြီးနောက် အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ပြသရန် လိုသည်
- အဖျားတက်ခြင်း
- မိန်းမကိုယ်နှင့် အတွင်းနှုတ်ခမ်းသား ရောင်ရမ်းခြင်း
- သွေး (သို့မဟုတ်) ပြည်ထွက်ခြင်း
- အနာသက်သာစေရန် ဆေးပေးသော်လည်း မသက်သာခြင်း
ခွဲစိတ်ပြီးအိမ်တွင် ပြုစုစောင့်ရှောက်ခြင်း
- ခွဲထားသောနေရာကို သန့်ရှင်းခြောက်သွေ့စွာထားရန် အရေးကြီးသည်
- ကလေး ဆီးသွားပြီးနောက် အနှီးလဲခြင်း (သို့မဟုတ်) သန့်ရှင်းရေးလုပ်သည့်အခါ ဆီးလမ်းကြောင်းပိုးမဝင်စေရန် သန့်ရှင်းသောဂွမ်းစဖြင့် ရှေ့မှနောက်သို့ ညင်သာစွာ သုတ်ပေးရမည်
- ကလေးအား အိမ်သာအိုးအသုံးပြုပြီးလျှင် ရှေ့မှနောက်သို့ သန့်ရှင်းရန် လိုအပ်ကြောင်း ရှင်းပြပြီး လေ့ကျင့်ပေးပါ
- ရေချိုးသည့်အခါ အမွှေးနံ့မပါသော ဆပ်ပြာအပျော့စားနှင့် ရေနွေးနွေးကို အသုံးပြု၍ မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ပေးပါ
- ချောဆီပါသော ဂျယ်လ် (ဥပမာ – Vaseline) ကို နှုတ်ခမ်းသားတစ်ဖက်စီတွင် လိမ်းပေးနိုင်သည်
ကာကွယ်ခြင်း
- မိန်းမကိုယ် အတွင်းနှုတ်ခမ်းသား ပူးကပ်ခြင်းအတွက် တိကျသောကာကွယ်နည်း မရှိသော်လည်း အောက်ပါနည်းလမ်းများဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
- မိန်းမကိုယ် အတွင်းနှုတ်ခမ်းသား ပိုးဝင်ရောင်ရမ်းခြင်း မဖြစ်စေရန် သန့်ရှင်းခြောက်သွေ့စွာထားရှိခြင်း
- အရောင်ပြောင်းခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ နာကျင်ယားယံခြင်းစသည့် လက္ခဏာများကို မှန်မှန်စောင့်ကြည့်ခြင်းတို့ ပြုလုပ်နိုင်သည်။
References:
- NHS. (2025). Labial fusion. nhs.uk. Retrieved June 30, 2025, from https://www.nhs.uk/conditions/labial-fusion/
- Royal Children’s Hospital Melbourne. (n.d.). Kids Health Info: Labial fusion. Retrieved June 30, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Labial_fusion/
- Cleveland Clinic. (2025). Labial adhesions. Retrieved June 30, 2025, from https://my.clevelandclinic.org/health/diseases/16435-labial-adhesions
- Nemours KidsHealth. (n.d.). Labial adhesions. Retrieved June 30, 2025, from https://kidshealth.org/en/parents/labial-adhesions.html
- KidsHealth New Zealand. (2023). Labial fusion in children. KidsHealth. Retrieved June 30, 2025, from https://www.kidshealth.org.nz/vulval-conditions/labial-fusion-in-children
- Oxford University Hospitals NHS Foundation Trust. (n.d.). Labial adhesions. In The Children’s Hospital, Children’s Day Care Ward, & Tom’s Ward: Information for parents and carers (pp. 2–8). Retrieved June 30, 2025, from https://www.ouh.nhs.uk/media/b5gjseqi/80373adhesions.pdf
Published: 24 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.