Phimosis (လိင်တံထိပ်အရေပြားငုံခြင်း)

Phimosis (လိင်တံထိပ်အရေပြားငုံခြင်း)

လိင်တံထိပ်အရေပြားဆိုသည်မှာ လိင်တံထိပ်ဖူးကို ဖုံးအုပ်ထားသော အရေပြားအစိတ်အပိုင်းဖြစ်သည်။ လိင်တံထိပ်အရေပြားငုံခြင်း (Phimosis) ဆိုသည်မှာ လိင်တံထိပ်အရေပြားကို လိင်တံထိပ်ဖူးမှ နောက်သို့ လုံးဝဆွဲမလှန်နိုင်ဘဲ တင်းကျပ်စွာပိတ်နေသော အခြေအနေကို ဆိုလိုသည်။ ဤအခြေအနေသည် ကလေးငယ်များနှင့် လိင်တံထိပ်အရေပြား မဖြတ်ထားသည့် အရွယ်ရောက်ပြီးယောက်ျားလေးများတွင် တွေ့ရတတ်သည်။

မွေးကင်းစကလေးများတွင် လိင်တံထိပ်အရေပြား တင်းကျပ်နေခြင်းသည် ပုံမှန်ဖြစ်ပြီး အသက် (၂) နှစ်အရွယ်ခန့်တွင် တဖြည်းဖြည်းလျော့လာကာ နောက်သို့ဆွဲလှန်နိုင်လာသည်။ အသက် (၂)နှစ် မှ (၆)နှစ်အတွင်း၌ အရေပြားသည် လိင်တံထိပ်မှ စတင်ကွာလာပြီး အသက် (၁၇) နှစ်အရွယ်ရောက်လျှင် အများစုတွင် လုံးဝနောက်သို့ ဆွဲလှန်နိုင်သွားလေ့ရှိသည်။ Phimosis သည် အမြဲတမ်းကုသရန် လိုအပ်သောပြဿနာ မဟုတ်သော်လည်း ပိုးဝင်ခြင်း သို့မဟုတ် အခြားနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ပါက ခွဲစိတ်ကုသမှု (ဥပမာ _ လိင်တံထိပ်အရေပြားဖြတ်ခြင်း) ခံယူရန် လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လိင်တံထိပ်အရေပြားငုံခြင်းဖြစ်ပေါ်နိုင်သောအကြောင်းရင်းများမှာ_

  1. သဘာဝဖြစ်စဉ်အရ လိင်တံထိပ်အရေပြားငုံခြင်း (Physiological phimosis)
    မွေးကင်းစ ယောက်ျားလေးအားလုံးနီးပါးတွင် တွေ့ရှိရသော ပုံမှန်ဖြစ်စဉ်ဖြစ်သည်။ ကလေးကြီးထွားလာသည်နှင့်အမျှ အရေပြား တဖြည်းဖြည်းလျော့ရဲလာကာ နောက်သို့ဆွဲလှန်နိုင်လာသည်။ ကုသမှုမလိုအပ်ဘဲ အသက်အရွယ်အရ ပုံမှန်ဖြစ်လာလေ့ရှိသည်။
  2. ရောဂါဆိုင်ရာ လိင်တံထိပ်အရေပြားငုံခြင်း (Pathological phimosis)
    အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပေါ်နိုင်သည်။
    • လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ
    • အရေပြားရောဂါများ
    • နှင်းခူ (Eczema)
    • ဆိုရီးယားစစ် (Psoriasis)
    • Lichen sclerosus (အရေပြားမာပြီးထူသောရောဂါ)
    • ထိခိုက်ဒဏ်ရာရခြင်း
    • ကလေးဘဝတွင် အရေပြားကို အလွန်အကျွံဆွဲလှန်မိခြင်း

လိင်တံထိပ်အရေပြားငုံခြင်းကို အောက်ပါအတိုင်းအဆင့်များသတ်မှတ်နိုင်သည်။

ပုံမှန်အနေအထား – လုံးဝပြန်ဆွဲလှန်နိုင်ခြင်း
အဆင့် ၁ – လုံးဝပြန်ဆွဲလှန်နိုင်သော်လည်း လိင်တံထိပ်ဖူး နောက်တွင်ကျပ်နေခြင်း
အဆင့် ၂ – လိင်တံထိပ်ဖူး၏ တစ်စိတ်တစ်ပိုင်းပေါ်ခြင်း
အဆင့် ၃ – တစ်စိတ်တစ်ပိုင်းသာ ပြန်ဆွဲလှန်နိုင်ပြီး ဆီးထွက်ပေါက်ကို မြင်ရုံသာရှိခြင်း
အဆင့် ၄ – အနည်းငယ်သာ ပြန်ဆွဲလှန်နိုင်ပြီး ဆီးထွက်ပေါက် (သို့မဟုတ်) လိင်တံထိပ်ကိုပါ ထုတ်ဖော်၍ မရနိုင်ခြင်း
အဆင့် ၅ – လုံးဝပြန်လှန်၍ မရခြင်း

Phimosis image 1
ရောဂါလက္ခဏာများ

လိင်တံထိပ် အရေပြားကို နောက်သို့ဆွဲလှန်၍ မရခြင်းသည် အဓိကလက္ခဏာဖြစ်သည်။ လိင်တံထိပ် အရေပြားငုံခြင်းတွင်တွေ့နိုင်သည့် အခြားသောလက္ခဏာများမှာ_

  • ဆီးသွားချိန်တွင် လိင်တံထိပ်အရေပြား ဖောင်းလာခြင်း
  • ပိုးဝင်ခြင်း သို့မဟုတ် ယားယံခြင်းရှိပါက လိင်တံထိပ် အရေပြားအ‌ရောင်ပြောင်းခြင်း (အနီရောင်၊ ခရမ်းရောင်၊ အညိုရင့်ရောင်နှင့် အမဲရောင်)
  • အလိုအလျောက်နာကျင်ခြင်း
  • ဆီးသွားလျှင် နာကျင်ခြင်း
  • ဆီးသွားလျှင် ဆီးကြောင်းအားနည်းခြင်း
  • လိင်တံအရေပြားအောက် အဖုများဖြစ်ခြင်း (Smegma pearl)
  • လိင်တံမာတင်းလာသည့်အခါ သို့မဟုတ် လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း
နောက်ဆက်တွဲပြဿနာများ

လိင်တံထိပ်အရေပြားငုံခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • လိင်တံထိပ်အရေပြားရောင်ခြင်း (Posthitis)
  • လိင်တံထိပ်ရောင်ခြင်း (Balanitis)
  • လိင်တံထိပ်​နှင့် အရေပြား နှစ်ခုလုံးရောင်ခြင်း (Balanoposthitis)
  • လိင်တံထိပ်အရေပြား ပြဲခြင်း
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
  • လိင်တံထိပ်အရေပြား နောက်သို့ဆွဲလှန်ရာမှ ရှေ့ပြန်ဖုံး၍မရဘဲ ထိပ်ဖူးကိုညှစ်ထားခြင်းကဲ့သို့ ဖြစ်ခြင်း (Paraphimosis) စသည်တို့ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့‌သော နောက်ဆက်တွဲပြဿနာများအနက် လိင်တံထိပ်အရေပြား နောက်သို့ဆွဲလှန်ရာမှ ရှေ့ပြန်ဖုံး၍မရဘဲ ထိပ်ဖူးကိုညှစ်ထားခြင်းကဲ့သို့ ဖြစ်ခြင်းသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသရန်လိုသည်။ ‌၎င်းအခြေနေသည် လိင်တံထိပ်အရေပြားကို အားသုံး၍ပြန်ဆွဲမိခြင်းနှင့် လိင်တံထိပ်ဖူးကို ပြန်ဖုံးရန်မေ့ခြင်း စသည်တို့ကြောင့် ဖြစ်တတ်သည်။ တွေ့ရှိရသော ရောဂါလက္ခဏာများမှာ_

  • လိင်တံထိပ်ဖောင်းလာခြင်း
  • အလွန်အမင်း နာကျင်ခြင်း
  • လိင်တံထိပ်အရေပြားသည် လိင်တံထိပ်ဖူးကို ပြန်မဖုံးနိုင်ခြင်း
  • လိင်တံထိပ်အ‌ရေပြား အရောင်ပြောင်းလာခြင်း (ခရမ်းရောင်၊ အညိုရင့်ရောင်နှင့် အမဲရောင်) စသည်တို့ဖြစ်သည်။
    အချိန်မီကုသမှုမခံယူပါက ပြန်ရည်ကျိတ်စီးဆင်းမှုနှင့် လိင်တံသို့ သွေးစီးဆင်းမှုကို ထိခိုက်ခြင်းကြောင့် လိင်တံရှိတစ်ရှူးများ ပုပ်ခြင်းစသည့် ပြဿနာများ ဖြစ်‌ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြခဲ့သော လိင်တံထိပ်အရေပြားငုံခြင်း၏ ရောဂါလက္ခဏာများကို သတိထားမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပြသရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်လျှင် အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။ သို့သော် လိင်တံထိပ်အရေပြား နောက်သို့ဆွဲလှန်ရာမှ ရှေ့ပြန်ဖုံး၍မရဘဲ ထိပ်ဖူးကိုညှစ်ထားခြင်းဖြစ်လျှင် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးပြသ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာ အထူးကုဆရာဝန်မှ ကလေးကို ပုံမှန်စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် လိင်တံထိပ်အရေပြားငုံခြင်းကို ရှာဖွေတွေ့ရှိနိုင်သည်။ တစ်ခါတစ်ရံတွင် နောက်ဆက်တွဲပြဿနာများ၏ လက္ခဏာများဖြင့် လာတတ်သည်။ ဆီးလမ်းကြောင်းပိုးဝင်သော လက္ခဏာများနှင့် အတူတကွ တွေ့ရှိရပါက ဆီးစစ်ဆေးမှုကိုပါ ပြုလုပ်ရန်လိုသည်။

ကုသခြင်း

မွေးရာပါ လိင်တံထိပ်အရေပြားငုံခြင်းကို များသောအားဖြင့် ကုသရန်မလိုပါ။ သို့သော် အချို့အခြေအနေများတွင် စတီးရွိုက်ခရင်မ် (သို့မဟုတ်) ဂျယ်လ်ကို တစ်လခန့် လိမ်းပေးနိုင်သည်။ ဆေးလိမ်းပြီး (၂) ပတ်အတွင်း အရေပြားလျော့ရဲလာပြီး နောက်သို့ဆွဲနိုင်လာမည်။ ပိုးဝင်ပါက ပဋိဇီဝဆေးများဖြင့် ကုသရမည်။ စတီးရွိုက်ဆေးဖြင့် မသက်သာပါက သို့မဟုတ် ပြင်းထန်စွာ အရေပြားငုံခြင်း၊ အရေပြားမာခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်းစသည့် ပြဿနာများရှိပါက လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision) ပြုလုပ်ရန် လိုအပ်သည်။

အရေးပေါ်အခြေအနေတစ်ခုဖြစ်သည့် လိင်တံထိပ်အရေပြား နောက်သို့ဆွဲပြီး ပြန်မဖုံးနိုင်ဘဲ လိင်တံထိပ်ဖူးညှပ်မိခြင်းတွင် ချက်ချင်းကုသရမည်။ ဆရာဝန်က ထုံဆေးဂျယ်လ်လိမ်းပေးပြီး ပုံမှန်အနေအထားပြန်ရရှိစေရန် လိင်တံထိပ်ကို လိင်တံထိပ်အရေပြားညှစ်ထားသော နေရာ၏ အနောက်ဘက်သို့ ရောက်အောင် ဖြေးညင်းစွာ ဖိပြီး တွန်းသွင်းရသည်။ ရောင်ရမ်းနေသော လိင်တံထိပ်ဖူးကို Osmotic solution ဆေးရည် (ဥပမာ – Mannitol) လိမ်းပေးနိုင်သည်။ ထိုသို့ပြုလုပ်၍ မသက်သာပါက လိင်တံထိပ်အရေပြားဖြတ်ခြင်း အရေးပေါ် လုပ်ဆောင်ရန် စီစဥ်မည်ဖြစ်သည်။ လိင်တံထိပ်ဖူးကို ညှစ်ထားခြင်းသည် အလိုအလျောက်ပျောက်ကင်းနိုင်ခြင်း မရှိသောကြောင့် ကုသမှုခံယူရန် လိုအပ်ပြီး ကုသမှုမခံယူပါက ပြန်၍ ဖြစ်ပေါ်တတ်သည်။

ကာကွယ်ခြင်း

မွေးရာပါသဘာဝ လိင်တံထိပ်အရေပြားငုံခြင်းကို ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။

သို့သော် လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် အကြောင်းရင်းတစ်ခုခုကြောင့် လိင်တံထိပ်အရေပြားငုံခြင်းသာမက အရေပြားနောက်ဆွဲပြီး ပြန်မဖုံးနိုင်ဘဲ လိင်တံထိပ်ဖူးညှပ်မိခြင်းစသည့် ပြဿနာများကို ကာကွယ်နိုင်သည်။

အခြားကာကွယ်ရန်နည်းလမ်းများ
  • ကလေးငယ်များအတွက်
    • လိင်တံပိုးဝင်ခြင်းသည် လိင်တံထိပ်အရေပြားငုံခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သောကြောင့် လိင်တံသန့်ရှင်းရေးလုပ်ရန် နည်းလမ်းများကို မိဘများမှ ကလေးများကို လမ်းညွှန်သင်ကြားပေးရန် လိုသည်။ ကလေးအသက် (၁) နှစ်အောက်တွင် လိင်တံထိပ်အရေပြားနောက်သို့ ဆွဲလှန်မရခြင်းဘဲ တင်းကျပ်နေခြင်းမှာ ပုံမှန်ဖြစ်ကြောင်း သိရှိရန်လိုပြီး ကလေးသည် မိမိဘာသာရေချိုးနိုင်သည့် အရွယ်‌ရောက်သောအခါ မှန်ကန်စွာ သန့်ရှင်းရေးလုပ်နည်းကို သင်ကြားနိုင်သည်။
  • ဆယ်ကျော်သက်နှင့် လူကြီးများအတွက်
    • ဆီးသွားတိုင်း အရေပြားကို အပြည့်အဝနောက်ပြန်ဆွဲပါ
    • ရေချိုးတိုင်း အရေပြားဆွဲလှန်ပြီး အတွင်းပိုင်းသန့်ရှင်းပါ
    • ဆီးသွားပြီး၊ ရေချိုးပြီးတိုင်း အရေပြားကို လိင်တံထိပ်ဖူးပေါ်သို့ ပြန်ဖုံးပါ

References:

  1. Cleveland Clinic. (2025). Phimosis. Retrieved July 4, 2025, from https://my.clevelandclinic.org/health/diseases/22065-phimosis
  2. Boston Children’s Hospital. (n.d.). Phimosis and paraphimosis. Retrieved July 4, 2025, from https://www.childrenshospital.org/conditions/phimosis-and-paraphimosis
  3. MU Health Care. (n.d.). Pediatric phimosis and paraphimosis. Retrieved July 4, 2025, from https://www.muhealth.org/conditions-treatments/pediatrics/pediatric-urology/phimosis-paraphimosis
  4. University of Rochester Medical Center. (n.d.). Phimosis and paraphimosis. Health Encyclopedia. Retrieved July 4, 2025, from https://www.urmc.rochester.edu/encyclopedia/content?ContentTypeID=90&ContentID=P03104
  5. Cleveland Clinic. (2025). Paraphimosis. Retrieved July 4, 2025, from https://my.clevelandclinic.org/health/diseases/22244-paraphimosis
  6. Mayo Clinic. (n.d.). How to take care of a baby’s uncircumcised penis. Retrieved July 4, 2025, from https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/expert-answers/uncircumcised-penis/faq-20058327

Published: 24 July 2025

Share

24 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.