အမျိုးသားမျိုးပွါးအင်္ဂါဖြစ်သော ဝှေးစေ့သည် သုက်ပိုးများနှင့် ကျားဟော်မုန်းများ ထုတ်လုပ်ခြင်းအတွက် အရေးပါသည်။ အချို့မွေးကင်းစကလေးငယ်များတွင် ကပ်ပယ်အိတ်အတွင်း ဝှေးစေ့မရှိခြင်းသည် ပုံမှန်အခြေအနေဖြစ်ပြီး အများအားဖြင့် မွေးပြီးသုံးလအတွင်းတွင် ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းသို့ အလိုအလျောက် ဆင်းသွားနိုင်သည်။ အချို့ကလေးများတွင် အသက် (၆) လအတွင်းဆင်းသွားနိုင်ပြီး တစ်ခါတစ်ရံ လုံးဝဆင်းမသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ကလေးအသက် (၆) လပြည့်သည်အထိ ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းသို့ မရောက်ရှိပါက ထိုအခြေအနေကို ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်းဟုခေါ်ပြီး ခွဲစိတ်ပြုပြင်ရန် လိုအပ်သည်။
ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်းသည် တစ်ဖက်တည်းဖြစ်နိုင်သကဲ့သို့ နှစ်ဖက်လုံးလည်း ဖြစ်နိုင်သည်။ မွေးကင်းစယောက်ျားလေးများ၏ (၅) ရာခိုင်နှုန်းခန့်တွင် ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း ဖြစ်နိုင်သည်။ သင့်တော်သည့်ကုသမှုကို မရရှိပါက အသက်ကြီးလာသောအခါ ကျားဟော်မုန်း တက်စတိုစတီရုန်းပမာဏကို လျော့နည်းစေပြီး သုက်ပိုးထုတ်လုပ်နိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်။ ထို့ပြင် ကပ်ပယ်အိတ်အတွင်းမရှိသော ဝှေးစေ့၌ ဝှေးစေ့ကင်ဆာရောဂါ ဖြစ်ပွါးနိုင်ခြေများသောကြောင့် စောစီးစွာ ကုသမှုခံယူစေခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း – Undescended testis (Cryptorchidism) ၏ တိကျသောအကြောင်းရင်းကို မသိရသော်လည်း၊ ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသား၏ ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် တက်စတိုစတီရုန်း ဟော်မုန်းပမာဏ လျော့နည်းခြင်းနှင့် ဆက်စပ်နိုင်သည်ဟု ယူဆကြသည်။ သန္ဓေသားဘဝတွင် ဝှေးစေ့သည် စတင်ဖြစ်ပေါ်စဉ်က ဝမ်းဗိုက်အတွင်းတည်ရှိပြီး၊ ကိုယ်ဝန် (၈) လခန့်ရောက်မှသာ ပေါင်ခြံနှင့် ဝမ်းဗိုက်ဆက်ပြွန် (Inguinal Canal) မှတစ်ဆင့် ကပ်ပယ်အိတ်အတွင်းသို့ တဖြည်းဖြည်း ဆင်းသက်လာသည်။
ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း (Undescended Testis) အမျိုးအစား နှစ်မျိုးခွဲခြားနိုင်သည်။
- မွေးရာပါ ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း (Congenital undescended testis)
မွေးစကတည်းက ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းသို့ မဆင်းဘဲ ပေါင်ခြံ (သို့မဟုတ်) ဝမ်းဗိုက်တွင် ရှိနေခြင်းဖြစ်သည်။ ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို အတိအကျမသိနိုင်သော်လည်း အချို့သော ဟော်မုန်းဆိုင်ရာရောဂါများ၊ မျိုးဗီဇရောဂါများနှင့် ဆက်စပ်မှုရှိသည်။ - မွေးရာပါမဟုတ်သော ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း (Acquired undescended testis)
အချို့သောကလေးများသည် မွေးစတွင် ကပ်ပယ်အိတ်အတွင်း ဝှေးစေ့ပါသော်လည်း နောက်ပိုင်းတွင်မှ ဝှေးစေ့အပေါ်သို့ တက်သွားသည်များလည်းရှိသည်။ ကလေးကြီးလာသည်နှင့်အမျှ ကြီးထွားသည့်နှုန်း မတူညီခြင်းကြောင့် သုက်ပို့ပြွန်သည် တိုနေသဖြင့် ဝှေးစေ့ကို ပေါင်ခြံအတွင်းသို့ ပြန်ဆွဲတင်သကဲ့သို့ ဖြစ်နိုင်သည်။ ကလေးအသက် (၁)နှစ် မှ (၁၀)နှစ်အတွင်း ဖြစ်လေ့ရှိသည်။
စမ်းသပ်တွေ့ရှိသည့် နေရာအလိုက် အမျိုးအစားခွဲခြားခြင်း
ဝှေးစေ့မဆင်းခြင်းကို စမ်းသပ်တွေ့ရှိရသည့် နေရာအလိုက် အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်။
- အမှန်တကယ် ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း (True Undescended Testis)
ဝှေးစေ့သည် ပုံမှန်ဆင်းသင့်သော လမ်းကြောင်း [ဝမ်းဗိုက် (သို့မဟုတ်) ပေါင်ခြံ] တစ်လျှောက်တွင် ရှိနေသော်လည်း ကပ်ပယ်အိတ်အတွင်းသို့ မရောက်ရှိသေးခြင်း ဖြစ်သည်။ - ပုံမှန်ဆင်းရမည့် လမ်းကြောင်း၏အပြင်ဘက်တွင် ဝှေးစေ့ရောက်ရှိနေခြင်း (Ectopic Testis)
ဝှေးစေ့သည် ပုံမှန်ဆင်းရမည့် လမ်းကြောင်း၏ အပြင်ဘက် (ဥပမာ _ ပေါင်ရင်းထိပ်၊ ဆန့်ကျင်ဘက်ကပ်ပယ်အိတ်) တွင် တည်ရှိခြင်းဖြစ်သည်။ အဖြစ်အများဆုံးနေရာမှာ ပေါင်ခြံအပေါ်ယံ (Superficial Inguinal Pouch) ဖြစ်ပြီး၊ ဤကဲ့သို့ နေရာလွဲမှားစွာတည်နေသော ဝှေးစေ့သည် အလိုအလျောက် ကပ်ပယ်အိတ်အတွင်းသို့ ဆင်းလာနိုင်ခြင်းမရှိပါ။ - ဝှေးစေ့မပါခြင်း သို့မဟုတ် ကျုံ့သွားခြင်း (Absent or Atrophic Testis)
ဝှေးစေ့လုံးဝမဖွံ့ဖြိုးခြင်း သို့မဟုတ် ဖွံ့ဖြိုးမှုမပြည့်ဝဘဲ အရွယ်အစား အလွန်သေးငယ်နေခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- နေ့မစေ့၊ လမစေ့မွေးသော ကလေးများ၊ ပေါင်မပြည့်သောကလေးများ
- အချို့သော မျိုးဗီဇရောဂါရှိသူများ၊ ဟော်မုန်းဆိုင်ရာရောဂါရှိသူများ (ဥပမာ _ Prader-Willi syndrome၊ Congenital adrenal hyperplasia)
- မိသားစုမျိုးရိုးရှိသူများ
- ဝမ်းဗိုက်ကြွက်သားနံရံ ပုံမှန် ကြီးထွားဖွံ့ဖြိုးမှု မရှိသောကလေးများ
- ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ဆီးချိုရှိသူများ
- ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်း
- ကိုယ်ဝန်ဆောင်ကာလအတွင်း အချို့သောပေါင်းသတ်ဆေးများနှင့် ထိတွေ့မိခြင်း
ရောဂါလက္ခဏာများ
ယေဘုယျအားဖြင့် ကပ်ပယ်အိတ်အတွင်းတွင် ဝှေးစေ့ရှိမနေခြင်းမှလွဲ၍ အခြားမည်သည့်လက္ခဏာမျှ ဖြစ်ပေါ်လေ့မရှိပါ။ ကလေးများ၏ ဆီးလမ်းကြောင်းပြဿနာများ၊ နာကျင်မှုများနှင့်လည်း ဆက်စပ်မှုမရှိပါ။
နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် အသက်ငယ်ရွယ်စဉ်၌ ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့မရှိသော်လည်း အချို့တွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- ဝှေးစေ့အညှာတံလိမ်ခြင်း (Testicular torsion)
- ဝှေးစေ့အညှာတံလိမ်သောကြောင့် ဝှေးစေ့သို့သွားသည့် သွေးစီးဆင်းမှုကို ပြတ်တောက်စေသည်၊ အချိန်မီကုသမှု မပြုလုပ်ပါက ဝှေးစေ့ပျက်စီးနိုင်သဖြင့် ခွဲစိတ်ရန် လိုအပ်နိုင်သည်
- ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေများခြင်း
- မျိုးပွါးခြင်းနှင့်ဆိုင်သောပြဿနာများဖြစ်ခြင်း
- ဝမ်းဗိုက်အတွင်းရှိ ခန္ဓာကိုယ်အပူချိန်သည် ကပ်ပယ်အိတ်အတွင်းရှိ အပူချိန်ထက် ပိုမြင့်သည့်အတွက် သုက်ပိုးများထုတ်လုပ်ခြင်းကို သက်ရောက်မှုရှိစေသည်
- ထိခိုက်ဒဏ်ရာရခြင်း
- ဝှေးစေ့သည် ပေါင်ခြံနေရာတွင် ရှိနေပါက တင်ပါးဆုံရိုး၏ဖိအားကြောင့် ထိခိုက်ဒဏ်ရာရနိုင်သည်
- ပေါင်ခြံ၌အူကျွံခြင်း (Inguinal hernia)
- မိမိကိုယ်ကို ယုံကြည်မှုကျဆင်းခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
မွေးစအရွယ်တွင် ကပ်ပယ်အိတ်အတွင်း ဝှေးစေ့မရှိခြင်း သို့မဟုတ် အထက်ပါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာအထူးကုဆရာဝန်မှ လက္ခဏာများ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းဖြင့် ကပ်ပယ်အိတ်အတွင်း ဝှေးစေ့မရှိခြင်းကို သိရှိနိုင်သည်။ ယေဘုယျအားဖြင့် ပုံရိပ်ဖော်စစ်ဆေးမှုများ အထူးပြုလုပ်ရန် မလိုအပ်ပါ။ သို့သော် အချို့သောအခြေအနေများတွင် လိုအပ်ပါက ဝမ်းဗိုက်အာထရာဆောင်း (Abdominal USG) ရိုက်နိုင်သည်။ တစ်ခါတစ်ရံတွင် မှန်ပြောင်းဖြင့်ခွဲစိတ်၍ ရောဂါရှာဖွေရသည်များလည်း ရှိသည်။ ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်ပြီး ဟော်မုန်းနှင့်မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုများ လိုအပ်နိုင်သည်။
ကုသခြင်း
ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်းကို ပုံမှန်အားဖြင့် မွေးကင်းစကလေး ပုံမှန်စစ်ဆေးမှု (Newborn examination) တွင် တွေ့ရှိနိုင်သည်။ အချို့သောကလေးများတွင် အသက် (၃)လ မှ (၆) လကြားတွင် အလိုအလျောက် ပြန်ဆင်းသွားနိုင်သည့်အတွက် သီးသန့်ကုသမှုမပေးဘဲ စောင့်ကြည့်ရန်သာ လိုအပ်သည်။
သို့သော် အသက် (၆) လနောက်ပိုင်းတွင်မူ အလိုအလျောက်ဆင်းရန် အခွင့်အရေး နည်းပါးသွားသည့်အတွက် ခွဲစိတ်ကုသမှု ပြုလုပ်ရန်လိုအပ်သည်။ ကုသမှု၏ရည်ရွယ်ချက်သည် ဝှေးစေ့ကို ကပ်ပယ်အိတ်အတွင်းရှိ နေရာမှန်သို့ ရောက်ရှိစေရန် ရွှေ့ပြောင်းပေးခြင်းဖြစ်သည်။
ကုသရန်အကောင်းဆုံးအချိန်မှာ ကလေးအသက် (၁၈) လမတိုင်မီ (အထူးသဖြင့် ၁ နှစ်မတိုင်မီ) ဖြစ်သည်။ ဤကဲ့သို့စောစီးစွာကုသခြင်းဖြင့် _
- မျိုးမပွါးနိုင်ခြင်း
- ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေ စသည့်နောက်ဆက်တွဲပြဿနာများကို သိသိသာသာ လျော့ချနိုင်သည်။
ခွဲစိတ်မှုပြုလုပ်သင့်သောအချိန်သည်
- ကလေး၏ ကျန်းမာရေးအခြေအနေ
- လိုအပ်သောခွဲစိတ်မှုအဆင့်ဆင့်
- ခွဲစိတ်မှုအတွက် လိုအပ်သည့်အချိန် စသည်တို့ပေါ် တွင်လည်း မူတည်သည်။
ဆေးဝါးများဖြင့်ကုသခြင်း
ဝှေးစေ့နှစ်ခုလုံး လုံးဝအလုပ်မလုပ်ခြင်း (သို့မဟုတ်) မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများတွင် ဟော်မုန်းအထူးကု (Endocrinologist) နှင့် တိုင်ပင်ပြီး အောက်ပါဟော်မုန်းဆေးများဖြင့် ကုသနိုင်သည်။
- Gonadotrophin-releasing hormone (GnRH)
- Human chorionic gonadotrophin (hCG)
ဤဆေးများသည် ဝှေးစေ့များ ကပ်ပယ်အိတ်အတွင်းသို့ ဆင်းလာစေရန် အားပေးနိုင်သော်လည်း ခွဲစိတ်ကုသမှုနှင့် နှိုင်းယှဉ်ပါက ထိရောက်မှုနည်းပါးသည်။
ခွဲစိတ်ကုသခြင်း
ခွဲစိတ်၍ ဝှေးစေ့ကိုကပ်ပယ်အိတ်အတွင်း နေရာချခြင်း (Orchidopexy)
ခွဲစိတ်မှုကို မေ့ဆေးပေး၍ ပြုလုပ်လေ့ရှိသည်။ အဓိကအားဖြင့် ခွဲစိတ်နည်းနှစ်မျိုးရှိသည်။
- သမားရိုးကျခွဲစိတ်ခြင်း
ခွဲစိတ်ဆရာဝန်မှ ဝှေးစေ့တည်နေရာကို စမ်းသပ်၍ရရှိပါက သမားရိုးကျခွဲစိတ်နည်းကို အသုံးပြု၍ ခွဲစိတ်လေ့ရှိသည်၊ အများအားဖြင့် ဝှေးစေ့ကို ကပ်ပယ်အိတ်အပေါ် ပေါင်ခြံနှင့် ဝမ်းဗိုက်ဆက်ပြွန်အတွင်း စမ်းသပ်ရရှိတတ်သည်၊ ပထမဦးစွာ ပေါင်ခြံနေရာတွင် သေးငယ်သောခွဲကြောင်း ပြုလုပ်၍ ဝှေးစေ့တည်နေရာကို အတည်ပြုသည်၊ ထို့နောက် ကပ်ပယ်အိတ်တွင် ဒုတိယခွဲကြောင်းပြုလုပ်၍ ဝှေးစေ့ကို အောက်သို့ဆွဲချပြီး ကပ်ပယ်အိတ်အတွင်း နေရာမှန်ပြန်ထားပြီး ချုပ်ကြိုးများဖြင့် တွဲချုပ်သည်၊ နောက်ဆုံးခွဲကြောင်းများအားလုံးကို ပြန်ချုပ်၍ ပလတ်စတာဖြင့် ကပ်ထားပေးမည်၊ ထိုခွဲစိတ်မှုကို နေ့ချင်းပြန်ခွဲစိတ်မှုအနေဖြင့် ပြုလုပ်နိုင်သည် - မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း
ခွဲစိတ်ဆရာဝန်မှ ဝှေးစေ့ကို အပြင်ဖက်တွင် စမ်းသပ်၍မရပါက မှန်ပြောင်းကို အသုံးပြု၍ ဝမ်းဗိုက်အတွင်းရှိ ဝှေးစေ့တည်နေရာကို ရှာဖွေ၍ နေရာမှန်ပြန်ထားရန် ခွဲစိတ်ကုသပေးခြင်းဖြစ်သည်
ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်မှုများ
- ကလေးကောင်းစွာ သတိရပြီးနောက်တွင် ပုံမှန်အတိုင်း အစာကျွေးခြင်း၊ ရေတိုက်ခြင်းများ ပြုလုပ်ပေးနိုင်သည်
- နာကျင်မှုသက်သာစေရန် ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးများ၊ ပိုးဝင်ခြင်းမှကာကွယ်နိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများ သောက်ခြင်းတို့ကို ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရမည်
- ခွဲစိတ်ပြီးနောက်တွင် ပုံမှန်လှုပ်ရှားမှုများကို ပြုလုပ်နိုင်သော်လည်း ခွထိုင်၍စီးရသော ကလေးစက်ဘီးစီးခြင်း၊ လမ်းလျှောက်လှည်းစီးခြင်း စသည့် ပြင်းထန်သော လှုပ်ရှားမှုများကို နှစ်ပတ်ခန့် ရှောင်ကြဥ်ရမည်
- ထို့နောက်တွင် ချုပ်ရိုးအခြေအနေများကြည့်ရန်၊ အနာအခြေအနေများ ကြည့်ရန်အတွက် ရက်ချိန်းအတိုင်း ပြသရမည်
ကလေးတွင် အဖျားကြီးခြင်း၊ အနာပိုးဝင်ခြင်း (အနာရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ထွက်ခြင်း)၊
ခွဲကြောင်းနေရာမှ သွေးထွက်ခြင်းများရှိပါက သက်ဆိုင်ရာဆရာဝန် (သို့မဟုတ်) ဆေးရုံသို့ ချက်ချင်းပြန်ပြရန် လိုအပ်သည်။
ကာကွယ်ခြင်း
အတိအကျ ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။ အရေးကြီးဆုံးမှာ လက္ခဏာများကို စောစီးစွာသတိထားမိ၍ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ရန် မိသားစုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် အချိန်မီပြသ၍ ကုသမှုခံယူခြင်းပင်ဖြစ်သည်။
References:
- Undescended testes. (2025). Patient.info. Retrieved June 30, 2025, from https://patient.info/doctor/undescended-and-maldescended-testes
- Royal Children’s Hospital Melbourne. (n.d.). Kids Health Info: Undescended testes. Retrieved June 30, 2025, from https://www.rch.org.au/kidsinfo/fact_sheets/undescended_testes/
- Mayo Clinic. (n.d.). Undescended testicle – Diagnosis and treatment. Retrieved June 30, 2025, from https://www.mayoclinic.org/diseases-conditions/undescended-testicle/diagnosis-treatment/drc-20352000
- Cleveland Clinic. (2025). Undescended testicles. Retrieved June 30, 2025, from https://my.clevelandclinic.org/health/diseases/17594-undescended-testicles#prevention
- Children’s Hospital of Philadelphia. (n.d.). Undescended testicle surgery (Orchiopexy). Retrieved June 30, 2025, from https://www.chop.edu/treatments/surgery-undescended-testicles-orchiopexy
Published: 24 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.