Trachoma (မျက်ခမ်းစပ်ရောဂါ)

Trachoma (မျက်ခမ်းစပ်ရောဂါ)

မျက်ခမ်းစပ်ရောဂါ (Trachoma) ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် မျက်စိကို ထိခိုက်စေသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ မျက်ခမ်းစပ်ရောဂါသည် ကမ္ဘာပေါ်ရှိ ကာကွယ်၍ရသော မျက်စိကွယ်ခြင်းများ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ မျက်ခမ်းစပ်ရောဂါကြောင့် လူဦးရေပေါင်း (၁.၈) သန်း အမြင်အာရုံချို့ယွင်းခဲ့ပြီး ထိုအထဲမှ လူပေါင်း (၄၅၀,၀၀၀) ခန့်သည် လုံးဝမျက်စိကွယ်သွားကြသည်။ နိုင်ငံပေါင်း (၄၀) ကျော်မှ မျက်ခမ်းစပ်‌ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ထားသည်။

ရောဂါဖြစ်ပွါးမှုသည် အာဖရိကတိုက်၏ ဆင်းရဲသောဒေသများတွင် အများဆုံးဖြစ်ပွါးပြီး အဆိုပါဒေသများတွင် ရောဂါရှိသူ (၈၅%) ခန့် နေထိုင်လျက်ရှိကြသည်။ မျက်ခမ်းစပ်‌ရောဂါ ဖြစ်ပွါးသော အခြားဒေသများမှာ အရှေ့တောင်အာရှ၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း‌ဒေသများနှင့် တောင်အမေရိကတို့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် သန့်ရှင်းသောရေနှင့် မိလ္လာစနစ် မရရှိနိုင်သည့် ဆင်းရဲနွမ်းပါး‌‌ ကျေးလက်ဒေသများ၊ လူဦးရေထူထပ်သည့်နေရာများတွင် အတွေ့ရများသော ရောဂါတစ်ခုဖြစ်သည်။

trachoma image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်ခမ်းစပ်ရောဂါသည် Chlamydia trachomatis ဘက်တီးရီးယားပိုး၏ မျိုးကွဲတစ်ခုကြောင့် ဖြစ်ပွါးသည်။ ထိုဘက်တီးရီးယားပိုး၏ အချို့ မျိုးကွဲများသည် လိင်မှတစ်ဆင့် ကူးစက်တတ်သော (Chlamydia) ရောဂါကိုလည်း ဖြစ်စေနိုင်သည်။

ကူးစက်ပုံ

မျက်ခမ်းစပ်ရောဂါသည် အလွန်ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးရှိသူတစ်ဦး၏ မျက်လုံးမှထွက်သော အရည် (သို့မဟုတ်) နှာရည်၊ တံတွေး စသည်တို့ အခြားသူများ၏မျက်လုံးများနှင့် ထိတွေ့ရာမှ ကူးစက်နိုင်သည်။ ရောဂါပိုးနှင့်ထိတွေ့ထားသော အဝတ်အစား၊ အသုံးအဆောင်များ၊ မျက်နှာသုတ်ပဝါများ ကိုင်တွယ်မိပြီးနောက် ထိုထိတွေ့သည့် လက်များမှတစ်ဆင့်လည်း ရောဂါကူးစက်နိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်ကောင်များမှတစ်ဆင့် ရောဂါကူးစက်ခြင်းသည်လည်း အရေးကြီးသော အချက်တစ်ခုဖြစ်သည်။

ဖြစ်ပွါးနိုင်ခြေ မြင့်မားစေသော အကြောင်းရင်းများ

မျက်ခမ်းစပ်‌ရောဂါ ကူးစက်နိုင်ခြေမြင့်စေသော အကြောင်းရင်းများမှာ_

  • လူနေထူထပ်သော ပတ်ဝန်းကျင် _ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ နေထိုင်ကြသောအခါ ရောဂါကူးစက်ပျံ့နှံ့ရန် အန္တရာယ်ပိုများသည်
  • တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း _ သန့်ရှင်းရေး အားနည်းခြင်း၊ ရေကောင်းရေသန့် မလုံလောက်ခြင်း၊ မျက်နှာ (သို့မဟုတ်) လက်များ မသန့်ရှင်းခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းများသည် ရောဂါပြန့်ပွါးမှုကို အားပေးသည်
  • အသက်အရွယ် _ ရောဂါဖြစ်ပွါးမှုများသော ဒေသများတွင် အသက် (၄)နှစ် မှ (၆)နှစ်ကြား ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သည်
  • ကျား/မ _ အချို့ဒေသများတွင် အမျိုးသမီးများ၏ ရောဂါကူးစက်ခံရနှုန်းသည် အမျိုးသားများထက် နှစ်ဆ မှ ခြောက်ဆအထိ ပိုများသည်
  • ယင်ကောင်များ _ ယင်ကောင်ပေါက်ပွါးမှုကို ထိန်းချုပ်ရန်ခက်ခဲသော ဒေသများတွင် နေထိုင်သူများသည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည်
ရောဂါလက္ခဏာများ

မျက်ခမ်းစပ် ရောဂါလက္ခဏာများသည် အများအားဖြင့် မျက်လုံးနှစ်ဖက်လုံးကို ထိခိုက်တတ်ပြီး အတွေ့ရများသောလက္ခဏာများမှာ_

  • မျက်လုံးနှင့်မျက်ခွံများ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • မျက်လုံးမှ မျက်ဝတ်ထွက်ခြင်း (သို့မဟုတ်) ပြည်ထွက်ခြင်း
  • မျက်ခွံရောင်ရမ်းခြင်း
  • အလင်းရောင်ဒဏ်မခံနိုင်ခြင်း (photophobia)
  • မျက်လုံးနာခြင်း
  • မျက်လုံးနီရဲခြင်း
  • အမြင်အာရုံ ချို့ယွင်းခြင်း

ကလေးငယ်များသည် ငယ်ရွယ်စဥ်မှပင် ရောဂါပိုးကူးစက်ခံရသော်လည်း အချို့ရောဂါလက္ခဏာများသည် အရွယ်ရောက်ပြီးမှ တဖြည်းဖြည်း ပေါ်လာနိုင်သည်။

ရောဂါအဆင့်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျက်ခမ်းစပ်ရောဂါဖြစ်ပွါးပုံကို အဆင့်ငါးဆင့် သတ်မှတ်ထားသည်။

  • မွေးညှင်းပေါက်များရောင်ရမ်းခြင်း (Follicular Inflammation)
    ကူးစက်မှုအစောပိုင်းတွင် မျက်ခွံအပေါ်ပိုင်း (conjunctiva) ၏ အတွင်းဘက်မျက်နှာပြင်တွင်ရှိသော မွေးညှင်းပေါက်ငယ် (follicles) (၅) ခုနှင့်အထက်တွင် ရောင်ရမ်းမှုများ ဖြစ်ပေါ်သည်။
  • ပြင်းထန်စွာ ရောင်ရမ်းခြင်း (Intense Inflammation)
    ဤအဆင့်တွင် မျက်လုံးမှရောဂါပိုးသည် တခြားသူထံ ကူးစက်နိုင်စွမ်း မြင့်မားပြီး မျက်စိအလွန်ယားယံ၍ မျက်ခွံအပေါ်ပိုင်း ထူလာခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်း ဖြစ်ပေါ်သည်။
  • မျက်ခွံတွင် အမာရွတ်များ ဖြစ်ခြင်း (Eyelid scarring)
    ထပ်ခါထပ်ခါ ပိုးဝင်၍ ရောင်ရမ်းမှုများ ဖြစ်သောကြောင့် မျက်ခွံအတွင်းပိုင်းတွင် အမာရွတ်များ ဖြစ်ပေါ်လာသည်။ ထိုအမာရွတ်များကို ပုံကြီးချဲ့ကြည့်လျှင် အဖြူရောင်အစင်းကြောင်းများအဖြစ် မြင်ရသည်။ နောက်ဆက်တွဲအနေဖြင့် မျက်ခွံ ပုံပျက်သွားနိုင်ပြီး အတွင်းဘက်သို့ ဝင်သွားကာ Entropion ဟုခေါ်သော အခြေအနေဖြစ်လာသည်။
  • မျက်တောင်များ အတွင်းဘက် ကုပ်ဝင်ခြင်း (Trichiasis)
    အပေါ်မျက်ခွံအတွင်းဘက်ရှိ အမာရွတ်များကြောင့် မျက်ခွံပုံသဏ္ဌာန် တဖြည်းဖြည်းပျက်စီးလာကာ မျက်တောင်များကိုပါ အတွင်းဘက်သို့ စိုက်ဝင်သွားစေပြီး မျက်လုံး၏ အပြင်ဘက်မျက်ကြည်လွှာ (Cornea) ကို ပွတ်တိုက်ခြစ်ခြင်းများ ဖြစ်လာသည်။
  • မျက်ကြည်လွှာ ကြည်လင်မှုလျော့လာခြင်း (Opacity)
    မျက်ကြည်လွှာသည် အထပ်ထပ် ရောင်ရမ်းခြင်းနှင့် အတွင်းဘက်ကုပ်ဝင်နေသော မျက်တောင်များ၏ ပွတ်တိုက်ခြစ်မိမှုများကြောင့် မျက်ကြည်လွှာကြည်လင်မှု လျော့နည်းလာသည်။ ထူထဲဝေဝါးလာသည်။

မျက်ခမ်းစပ်ရောဂါ၏ မျက်ခွံ‌ရောင်ရမ်းခြင်းသည် အောက်မျက်ခွံထက် အပေါ်မျက်ခွံများတွင် ပို၍ပြင်းထန်သည်။ ကလေးအရွယ်တွင် ကုသမှုမခံယူခဲ့ပါက အသက်အရွယ်ကြီးလာလျှင် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

မျက်ခမ်းစပ်ရောဂါသည် ပထမဆုံးအကြိမ်ဖြစ်ပွါးချိန်တွင် စောစီးစွာသိရှိပြီး ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသလျှင် အလွယ်တကူ ပျောက်ကင်းနိုင်သည်။ သို့ရာတွင် ဒုတိယအကြိမ် ကူးစက်ခံရလျှင် သို့မဟုတ် ရောဂါထပ်ခါထပ်ခါ ကူးစက်ခြင်းများဖြစ်လျှင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သည်။

  • မျက်ခွံအတွင်းဘက်တွင် အမာရွတ်များဖြစ်ခြင်း
  • မျက်ခွံပုံသဏ္ဌာန် ပျက်ယွင်းခြင်း
  • မျက်ခွံ အတွင်းဘက်သို့ကုပ်ဝင်ခြင်း (Entropion) သို့မဟုတ် မျက်တောင်များ မျက်လုံးထဲ စိုက်ဝင်ခြင်း (Trichiasis) တို့ကြောင့် မျက်ကြည်လွှာကို ခြစ်မိပြီး ထိခိုက်စေခြင်း
  • မျက်ကြည်လွှာတွင် အမာရွတ်များဖြစ်ခြင်း သို့မဟုတ် မျက်ကြည်လွှာ ဝါးခြင်း
  • မျက်စိအမြင်အာရုံ ချို့တဲ့ခြင်း သို့မဟုတ် အမြင်အာရုံ လုံးဝဆုံးရှုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ မျက်ခမ်းစပ်‌ရောဂါ ကူးစက်နိုင်ခြေ မြင့်စေသောအခြေအနေများတွင် မျက်လုံး ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် မျက်လုံးမှ မျက်ဝတ်များထွက်ခြင်း စသည့်လက္ခဏာများရှိလျှင် မိသားစုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်သင့်သည်။ အထူးသဖြင့် မျက်ခမ်းစပ်ရောဂါ အဖြစ်များသောဒေသများတွင် နေထိုင်ခြင်း သို့မဟုတ် မကြာသေးခင် ထိုဒေသများကို ခရီးသွားခဲ့လျှင် ပို၍ ဂရုစိုက်သင့်သည်။ မျက်ခမ်းစပ်ရောဂါသည် ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ကုသမှုခံယူခြင်းသည် ပြင်းထန်သော ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်။

ရောဂါရှာဖွေခြင်း

မျက်စိဆရာဝန်များသည် မျက်စိစစ်ဆေးမှုမှတစ်ဆင့် မျက်ခမ်းစပ်ရောဂါအများစုကို ရှာဖွေနိုင်သည်။ အပေါ်မျက်ခွံ၏ အတွင်းဘက်တွင် အမာရွတ်များဖြစ်ခြင်း၊ မျက်ကြည်လွှာတွင် သွေးကြောအသစ်များ ပေါ်လာခြင်းနှင့် မျက်တောင်များ အတွင်းဘက် စိုက်ဝင်နေခြင်း စသည့်လက္ခဏာများကို တွေ့ရပါက မျက်ခမ်းစပ်ရောဂါဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။ လိုအပ်ပါက မျက်လုံးမှ တစ်ရှူးနမူနာ (Sample) စစ်ဆေးနိုင်သည်။ မျက်လုံးကို ထုံဆေးပေးပြီး မျက်ခွံ၏ အတွင်းမျက်နှာပြင်ကို ဂွမ်းစ (Swab) ဖြင့် အသာပွတ်ဆွဲ၍ ထိုနမူနာကို ဓာတ်ခွဲခန်းပို့ကာ ရောဂါပိုး ရှိမရှိ ပိုးမွေးစစ်ဆေးနိုင်သည်။

ကုသခြင်း

မျက်ခမ်းစပ်ရောဂါကုသခြင်းသည် ရောဂါ၏အဆင့်ပေါ် မူတည်သည်။

ဆေးဝါးများ
မျက်ခမ်းစပ်ရောဂါ အစောပိုင်းအဆင့်များတွင် ပဋိဇီဝပိုးသတ်ဆေး တစ်မျိုးတည်းဖြင့် ရောဂါပိုးကို နှိမ်နင်းနိုင်သည်။ Tetracycline မျက်စဉ်းဆေး သို့မဟုတ် Azithromycin သောက်ဆေးများဖြင့် ရောဂါကုသနိုင်သည်။ ဒေသတစ်ခုရှိ ကလေးငယ်များ၏ (၁၀%) ကျော် ရောဂါကူးစက်ခံရပါက ထိုဒေသရှိ လူအားလုံးကို ပဋိဇီဝပိုးသတ်ဆေးများပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှအကြံပြုထားသည်။ ရည်ရွယ်ချက်မှာ မျက်ခမ်းစပ်ရောဂါကို ထိတွေ့ဖူးသည့် မည်သူ့ကိုမဆို ကုသပြီး ရောဂါပျံ့နှံ့မှုကို လျှော့ချရန် ဖြစ်သည်။

ခွဲစိတ်မှု

  • မျက်ခမ်းစပ်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများ (ဥပမာအားဖြင့် မျက်ခွံအတွင်းဘက် ကုပ်ဝင်၍ နာကျင်ခြင်း၊ မျက်တောင်များ အတွင်းဘက်သို့ စိုက်ဝင်နေခြင်း) စသည်တို့ကို ခွဲစိတ်ကုသရန် လိုအပ်သည်၊ မျက်ခွံလှည့်ခွဲစိတ်မှု (Bilamellar tarsal rotation) တွင် အမာရွတ်ရှိသော မျက်ခွံကို ခွဲစိတ်ပြီး မျက်တောင်များကို မျက်ကြည်လွှာနှင့် ဝေးအောင် လှည့်ပေးသည်၊ ထိုသို့ ခွဲစိတ်ခြင်းအားဖြင့် မျက်ကြည်လွှာထိခိုက်ခြင်း၊ အမာရွတ်ဖြစ်ခြင်းတို့ကို သက်သာစေပြီး မျက်စိအမြင်အာရုံ ထပ်မံဆုံးရှုံးခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်သည်
  • မျက်တောင်များကို ဖယ်ရှားသော ခွဲစိတ်မှု (Epilation) ကိုလည်း ပြုလုပ်နိုင်သည်၊ သို့ရာတွင် ထိုခွဲစိတ်မှုကို ထပ်တလဲလဲ ပြုလုပ်ရန် လိုနိုင်သည်
  • မျက်ကြည်လွှာ အလွန်ဝါးလာခြင်း၊ အမြင်အာရုံ ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်လာလျှင် မျက်ကြည်လွှာ အစားထိုးကုသခြင်း (Corneal transplant) ခွဲစိတ်မှု ပြုလုပ်ခြင်းဖြင့် မျက်စိအမြင်အာရုံ တိုးတက်စေနိုင်သည်။
ကာကွယ်ခြင်း

မျက်ခမ်းစပ်ရောဂါကို ဆေးကုသပြီးသည့်တိုင် ပိုးပြန်ကူးစက်နိုင်ခြေ အမြဲရှိသည်။ မျက်ခမ်းစပ်ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါ။ မိမိအပါအဝင် မိသားစုနှင့် ဘေးပတ်ဝန်းကျင်ကို ရောဂါကူးစက်မှု ကာကွယ်ရန်မှာ ရောဂါဖြစ်ပွါးမှု ရှိမရှိ စစ်ဆေးပြီး လိုအပ်ပါက ကုသမှုခံခြင်းသည် အရေးကြီးသည်။ မျက်ခမ်းစပ်ရောဂါ အဖြစ်များသောဒေသများတွင် ရေရရှိမှုနှင့် မိလ္လာစနစ်ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းသည် ရောဂါကို ရပ်တန့်ရန် အဓိကသော့ချက်ဖြစ်သည်။ အခြားနည်းဗျူဟာများမှာ လူနေထူထပ်သော နေအိမ်အခြေအနေများကို တိုးတက်အောင်လုပ်ဆောင်ခြင်းနှင့် ယင်ကောင်များကို ဖယ်ရှားပစ်ခြင်းတို့ဖြစ်သည်။

မှန်ကန်သော တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်များ
  • တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ
  • မျက်နှာနှင့် လက်များကို ကောင်းစွာဆေးကြောပါ
  • မျက်နှာသုတ်ပဝါ (သို့မဟုတ်) အိပ်ရာခင်းများ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
  • ဖြစ်နိုင်လျှင် ယင်ကောင်များရှိသော နေရာများကို ရှောင်ရှားပါ
  • စွန့်ပစ်ပစ္စည်း စနစ်တကျစီမံခန့်ခွဲခြင်း ပြုလုပ်ပါ
  • ရေကောင်း‌ရေသန့်ရရှိမှု ပိုမိုကောင်းမွန်စေရန် စီစဥ်ဆောင်ရွက်ပါ
WHO ၏ SAFE မဟာဗျူဟာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် (၂၀၂၀) ပြည့်နှစ်တွင် မျက်ခမ်းစပ်ရောဂါ အမြစ်ဖြတ်ရန် ရည်မှန်းချက်ဖြင့် ကာကွယ်ရေး မဟာဗျူဟာတစ်ခုကို ရေးဆွဲခဲ့သည်။ SAFE ဟု အမည်ပေးထားသော ထိုမဟာဗျူဟာတွင် အောက်ပါအချက်များ ပါဝင်သည်။

  • Surgery (ခွဲစိတ်ကုသခြင်း) _ မျက်ခမ်းစပ်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများကို ခွဲစိတ်ကုသခြင်း
  • Antibiotics (ပဋိဇီဝဆေးများ) _ ရောဂါပိုးကို ကုသရန်နှင့် ကာကွယ်ရန် ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း
  • Facial cleanliness (မျက်နှာသန့်ရှင်းရေး) _ မျက်နှာကို သန့်ရှင်းစေရန် ဂရုပြု ထိန်းသိမ်းခြင်း
  • Environmental improvements (ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေး) _ အထူးသဖြင့် ရေ၊ မိလ္လာစနစ်နှင့် ယင်ကောင်ထိန်းချုပ်ရေးတို့တွင် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ ပါဝင်သည်။

References:

  1. Trachoma – Symptoms and causes. (n.d.). Mayo Clinic. Retrieved May 24, 2025, from https://www.mayoclinic.org/diseases-conditions/trachoma/symptoms-causes/syc-20378505
  2. Trachoma. (2025). Cleveland Clinic. Retrieved May 24, 2025, from https://my.clevelandclinic.org/health/diseases/25148-trachoma
  3. What is Trachoma? (2024). American Academy of Ophthalmology. Retrieved May 24, 2025, from https://www.aao.org/eye-health/diseases/what-is-trachoma#:~:text=
  4. Rtromans. (2025). Trachoma and trichiasis: causes, symptoms and treatment | Sightsavers. Sightsavers. Retrieved May 24, 2025, from https://www.sightsavers.org/eye-conditions/trachoma/

Published: 26 June 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.