အစာအိမ်ထွက်ပေါက်ကြွက်သား ထူလာပြီးကျဉ်းမြောင်းခြင်း (Hypertrophic pyloric stenosis) သည် အစာအိမ်နှင့်အူသိမ်ကို ဆက်ထားသောနေရာရှိ ကြွက်သားထူလာပြီး လမ်းကြောင်းကျဥ်းမြောင်းခြင်းကြောင့် အစာအိမ်ထဲမှအစာများ အူသိမ်အတွင်းသို့ မရောက်ရှိနိုင်သော အခြေအနေတစ်ခုဖြစ်သည်။ မွေးစမှ ပထမလအနည်းငယ်အတွင်း ကလေးများတွင် ပြင်းထန်သော ထိုးအန်ခြင်းများ ခံစားရနိုင်ပြီး စောစီးစွာကုသမှု မပြုလုပ်ပါက ရေဓာတ်ခန်းခြောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ရောဂါလက္ခဏာများသည် ယေဘုယျအားဖြင့် ကလေးအသက် (၃)ပတ် မှ (၆)ပတ်အတွင်း ဖြစ်ပေါ်လေ့ရှိသော်လည်း မွေးစမှ အသက် (၆) လအတွင်း မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်နိုင်သည်။ ကလေးငယ်များတွင် ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သည့် အဖြစ်အများဆုံးပြဿနာများအနက် တစ်ခုဖြစ်ပြီး၊ ကလေးအယောက် (၁၀၀၀) တွင် (၂-၃) ယောက်ခန့် ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ်ရသောအကြောင်းရင်း အတိအကျကို မသိနိုင်ပါ။ ဆေးသုတေသနပညာရှင်များမှ မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များစွာကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ အစာအိမ်ထွက်ပေါက်ကြွက်သားသည် ကျုံ့နိုင်၊ ဆန့်နိုင်သော ကြွက်သားဖြစ်ပြီး အစာအိမ်၏အဆုံး အစာအိမ်နှင့်အူသိမ်ကို ဆက်ထားသောနေရာတွင် တည်ရှိသည်။ အစာအိမ်မှ အစာနှင့်အရည်များကို ချေဖျက်နေသည့်အချိန်တွင် ထိုကြွက်သားက ညှစ်ထားပြီး၊ အစာခြေပြီးသည့်နောက် အစာနှင့်အရည်များကို အူသိမ်သို့ပို့ဆောင်သည့်အချိန်တွင် ကြွက်သားကို ဖြေလျှော့လိုက်သည်။ အစာအိမ်ထွက်ပေါက်ကြွက်သား ထူထဲလာပါက လမ်းကြောင်းကျဥ်းလာပြီး အစာအိမ်ထဲမှ အစာများသည် အူသိမ်အတွင်းသို့ ရွေ့လျားနိုင်ခြင်းမရှိတော့ချေ။ ဤရောဂါအခြေအနေပါရှိသော ကလေးများတွင် နို့စို့ပြီးချိန်၌ မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့သည် အစာအိမ်အတွင်း စုလာသောကြောင့် ပြင်းထန်သောထိုးအန်ခြင်းများ ဖြစ်လာသည်။ မကြာခဏအန်ခြင်းများကြောင့် ကလေးများတွင် ကိုယ်အလေးချိန်တက်ရန် ခက်ခဲလာပြီး အာဟာရချို့တဲ့ခြင်းများ ဖြစ်လာနိုင်သည်။ ထိုသို့အန်ခြင်းများသည် အစာစားပြီးချိန်တိုင်း သို့မဟုတ် အစာစားပြီး အချိန်တစ်ခုအကြာတွင် ဖြစ်လာနိုင်သည်။ ထိုအခြေအနေသည် မွေးရာပါအခြေအနေတစ်ခု မဟုတ်ဘဲ မွေးပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
အောက်ပါအခြေအနေများသည် ရောဂါဖြစ်နိုင်ခြေ အနည်းငယ်ပိုများစေသော အကြောင်းရင်းများဖြစ်သည်။
- မိသားစုမျိုးရိုးတွင် အလားတူရောဂါ ဖြစ်ဖူးခြင်း [ထိုကလေးများ၏ (၁၅) ရာခိုင်နှုန်းခန့်သည် မိသားစုတွင်း ဖြစ်ဖူးသောအခြေအနေရှိသည်]
- နေ့စေ့လစေ့ မွေးသော သားဦးယောက်ျားလေး ဖြစ်ခြင်း
- ဥရောပမျိုးနွယ်ဝင် လူဖြူကလေးများ ဖြစ်ခြင်း
- ကိုယ်ဝန်ဆောင်ကာလ မိခင်ဆေးလိပ်သောက်ခြင်း
- ကလေးငယ်များတွင် မွေးပြီးပြီးချင်း ပဋိဇီဝပိုးသတ်ဆေးပေးရန်လိုခြင်း သို့မဟုတ် မိခင်သည် ကိုယ်ဝန်တတိယလပတ်တွင် ပဋိဇီဝပိုးသတ်ဆေး သုံးစွဲခြင်း
- ဖော်မြူလာနို့တိုက်ခြင်း
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ယေဘုယျအားဖြင့် အသက် (၃)ပတ် မှ (၆)ပတ်အတွင်း ဖြစ်ပေါ်လေ့ရှိသည်။ တွေ့နိုင်သောလက္ခဏာများမှာ_
- နို့စို့ပြီးနောက် ပြင်းထန်စွာအန်ခြင်း (အဓိကလက္ခဏာဖြစ်ပြီး ယေဘုယျအားဖြင့် နို့စို့ပြီး တစ်နာရီအတွင်း ဖြစ်နိုင်သည်)
- ကလေးမအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်း
- ရေဓာတ်ခန်းခြောက်ခြင်း
- အမြဲတစေဗိုက်ဆာနေခြင်း
- ဝမ်းပမာဏ အနည်းငယ်သာသွားခြင်း
- အစာစားပြီးနောက် မအန်ခင်တွင် ရင်ညွန့်အောက်ရှိ ဝမ်းဗိုက်နေရာ (အစာအိမ်နေရာ) တွင် လှိုင်းကဲ့သို့ လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း
- ထိုအစာအိမ်နေရာတွင် သံလွင်သီးပုံသဏ္ဌာန်ရှိ အလုံးစမ်းမိတတ်ခြင်း
- ကိုယ်အလေးချိန်ကျလာခြင်း စသည်တို့တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
အာဟာရကောင်းမွန်စွာ မရရှိသောကြောင့် ကြီးထွားမှုနှေးခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်းများ ဖြစ်နိုင်သည်။ - ရေဓာတ်ခန်းခြောက်ခြင်း
မကြာခဏအန်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၊ ဆားဓာတ်ပုံမမှန်ခြင်းများ ဖြစ်နိုင်သည်။ အထူးသဖြင့် ပိုတက်စီယမ်နှင့် ကလိုရိုက်ဓာတ်များ လျော့နည်းနိုင်သည်။ ထိုဆားဓာတ်များ ပုံမမှန်ဖြစ်ပါက ခန္ဓာကိုယ်တွင်း လုပ်ငန်းဆောင်တာများတွင် ကမောက်ကမဖြစ်နိုင်သည်။ - အသားဝါခြင်း
ဘီလီရူဘင်ဟုခေါ်သော အသည်းမှစွန့်ထုတ်ဓာတ်များ အစာလမ်းကြောင်းမှတစ်ဆင့် မစွန့်ထုတ်နိုင်ပဲ ခန္ဓာကိုယ်တွင်း တဖြည်းဖြည်းစုပုံလာသောကြောင့် အသားဝါလာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာအထူးကုဆရာဝန်မှ ရောဂါလက္ခဏာများကို အသေးစိတ်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်ပါက မိခင်နို့တိုက်နေစဉ် ကလေးငယ်၏ဝမ်းဗိုက်ကို စမ်းသပ်ခြင်းတို့အပြင် ရောဂါကို သေချာစွာသိရှိစေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
ပုံရိပ်ဖော်စစ်ဆေးခြင်းများ
ထိုစစ်ဆေးမှုများကို ရောဂါတိကျစွာ အဖြေထုတ်ရန် သို့မဟုတ် အခြားသောအခြေအနေများနှင့် ခွဲခြားနိုင်ရန် အသုံးပြုသည်။ ထိုစစ်ဆေးမှုများတွင်
- အာထရာဆောင်း (USG) _ အာထရာဆောင်းရိုက်ခြင်းအားဖြင့် အစာအိမ်ထွက်ပေါက်ကြွက်သား ထူနေသောအခြေအနေကို သိရှိနိုင်သည်
- အစာအိမ်လမ်းကြောင်း ဆေးဓာတ်မှန်ရိုက်ခြင်း (Upper GI series) _ ဆေးရည်တစ်မျိုးကို သောက်စေခြင်းအားဖြင့် ထိုဆေးရည်များ အစာအိမ်မှတစ်ဆင့် အူသိမ်အတွင်းသို့ စီးဆင်းသွားမှုကို အဆင့်ဆင့်ဓာတ်မှန်ရိုက်၍ ကြည့်ခြင်းဖြစ်သည်
- သွေးစစ်ဆေးမှုများ _ ဆားဓာတ်ပမာဏ ပုံမှန် ဖြစ်မဖြစ်ကို သိရှိနိုင်သည်
ကုသခြင်း
ခွဲစိတ်ကုသခြင်းသည် ရောဂါသက်သာပျောက်ကင်းစေရန် အဓိကကုသမှုဖြစ်သည်။ ကုသမှု၏ ပထမအဆင့်တွင် မခွဲစိတ်မီ ရေဓာတ်ခန်းခြောက်မှုများနှင့် ဆားဓာတ်ပုံမမှန်ခြင်းများကို ကုသရန်လိုသည်။ ရေနှင့်အာဟာရဓာတ် ဆုံးရှုံးမှုများကို တွက်ချက်၍ လိုအပ်သည့်ပမာဏအတိုင်း ကိုက်ညီအောင် ဖြည့်ဆည်းပေးရမည်။ ထိုသို့ကုသနေစဥ်အတွင်း ကလေးအခြေအနေများအပြင် သွေးအဖြေများကိုလည်း စောင့်ကြည့်နေရမည်ဖြစ်သည်။ ဆားဓာတ်ပုံမမှန်ခြင်းများကို ကုသပြီးနောက် ကလေးသည်လည်း ခွဲစိတ်မှုဒဏ်ကိုခံနိုင်သည့် အခြေအနေရှိပါက ခွဲစိတ်မှုပြုလုပ်ရန် စီစဉ်ရသည်။
ခွဲစိတ်ကုသခြင်း (Pyloromyotomy)
Hypertrophic pyloric stenosis ကို ကုသရာတွင် ခွဲစိတ်ကုသမှုသည် မလုပ်မဖြစ် လိုအပ်သော အဓိကကုသမှုဖြစ်သည်။ ခွဲစိတ်မှုမပြုလုပ်မီတွင် ညွှန်ကြားချက်အတိုင်း မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့ကို ရပ်ထားရမည်ဖြစ်သည်။
- ခွဲစိတ်သည့်အချိန်တွင် ကလေးအိပ်နေစေရန်နှင့် နာကျင်မှုမခံစားရစေရန် မေ့ဆေးပေးမည်
- ကလေး၏ ချက်အပေါ် ဝမ်းဗိုက်တွင် သေးငယ်သောခွဲကြောင်းတစ်ခု ပြုလုပ်မည်
- ထို့နောက်တွင် ခွဲကြောင်းမှတစ်ဆင့် ခွဲစိတ်မှုပြုလုပ်မည် (ခွဲစိတ်ခြင်းကို ဝမ်းဗိုက်တွင် အပေါက်သေးသေး ဖောက်ပြီး မှန်ပြောင်းဖြင့်လည်း ပြုလုပ်နိုင်သည် – Laparoscopic or keyhole surgery)
- ခွဲစိတ်ရာတွင် ခွဲကြောင်းမှတစ်ဆင့် ထူနေသော အစာအိမ်ထွက်ပေါက်ကြွက်သားနေရာကို ခွဲစိတ်ခြင်းဖြစ်သည်
- ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကလေး၏အစာအိမ်အတွင်းမှ အရည်များသည် အူသိမ်အတွင်းသို့ ကောင်းမွန်စွာ ရွေ့သွားနိုင်သည်
- ထို့နောက်တွင် ခွဲကြောင်းကို ချုပ်ကြိုးဖြင့်ပြန်ပိတ်၍ ပလတ်စတာဖြင့်အုပ်ထားမည်
- ထိုခွဲစိတ်မှုသည် ယေဘုယျအားဖြင့် တစ်နာရီခန့်ကြာမြင့်သည်
ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်မှုများ
- ခွဲစိတ်ပြီးနောက် အနည်းဆုံး (၂၄) နာရီအထိ သေချာစွာ စောင့်ကြပ်ကြည့်ရှုရမည်
- ခွဲစိတ်မှုနှင့် ကလေး၏အခြေအနေပေါ် မူတည်၍ အရည်တိုက်ခြင်း၊ အစာကျွေးခြင်းကို စတင်နိုင်သည်၊ ယေဘုယျအားဖြင့် ခွဲပြီး (၁၂-၂၄) နာရီ နောက်ပိုင်းတွင် အစာစတင်ကျွေးနိုင်သည်
- နို့တိုက်ခြင်း၊ အရည်တိုက်ခြင်း၊ အစာကျွေးခြင်းကို ပေးရမည့်ပမာဏ၊ ပေးရမည့်အချိန်ကို ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း ပြုလုပ်ရမည်
- ခွဲစိတ်ပြီးနောက်တွင် အနည်းငယ်ပျို့အန်ခြင်း ဖြစ်နိုင်သည်
ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် တစ်ခါတစ်ရံတွင်
- ခွဲစိတ်ထားသည့်နေရာတွင် ရောင်ရမ်းခြင်း
- ခွဲစိတ်ထားသည့်နေရာတွင် ပိုးဝင်ခြင်း
- ခွဲစိတ်နေချိန်နှင့် ခွဲစိတ်ပြီးချိန်တွင် သွေးထွက်များခြင်း
- မေ့ဆေး၊ ထုံဆေးဖြင့် ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်သည်။
ခွဲစိတ်ပြီးနောက် အိမ်တွင်နောက်ဆက်တွဲစောင့်ရှောက်မှုများ
- ခွဲစိတ်ပြီးနောက် အစားအစာကျွေးခြင်းကို ခွဲစိတ်အထူးကုဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရန် လိုအပ်သည်
- နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်အတိုင်းပြုလုပ်နိုင်သည်
- ခွဲစိတ်ဒဏ်ရာကို အနည်းဆုံး (၃) ရက်ခန့် ခြောက်သွေ့သန့်ရှင်းစေရန် ဂရုစိုက်ရမည်၊ ထို့နောက်တွင် အနာကို ရေ၊ ဆပ်ပြာဖြင့် သန့်ရှင်းရေးပြုလုပ်နိုင်သည်၊ ယေဘုယျအားဖြင့် ခန္ဓာကိုယ်ထဲတွင် ပျော်ဝင်နိုင်သော ချုပ်ကြိုးကိုသာ အသုံးပြုသည့်အတွက် အနာချုပ်ရိုးဖြည်ရန် မလိုအပ်ပါ
- သို့သော် အနာမှအရည်များ ထွက်နေခြင်း၊ အနာရင်းနေခြင်း၊ အဖျားကြီးခြင်း၊ မကြာခဏအန်ခြင်း၊ အစိမ်းရောင်အရည်များအန်ခြင်း၊ ဗိုက်ဖောင်းခြင်းများရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းပြန်ပြရန် လိုအပ်သည်
ကာကွယ်ခြင်း
ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို သေချာစွာမသိသောကြောင့် အလုံးစုံကာကွယ်ရန် မဖြစ်နိုင်ပါ။ အရေးကြီးဆုံးမှာ အထက်ပါရောဂါလက္ခဏာများကို သတိထားမိပါက မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် အချိန်မီပြသ၍ ညွှန်ကြားချက်များအတိုင်း ကုသမှုခံယူခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။
References:
- Children’s Hospital of Philadelphia. (n.d.). Pyloric stenosis. Retrieved June 5, 2026, from https://www.chop.edu/conditions-diseases/pyloric-stenosis
- Children’s Hospital Colorado. (n.d.). Hypertrophic pyloric stenosis. Retrieved June 5, 2026, from https://www.childrenscolorado.org/conditions-and-advice/conditions-and-symptoms/conditions/hypertrophic-pyloric-stenosis/
- Cleveland Clinic. (n.d.). Pyloric stenosis (HPS). Retrieved June 5, 2026, from https://my.clevelandclinic.org/health/diseases/4524-pyloric-stenosis-hps
- Mayo Clinic. (n.d.). Pyloric stenosis: Diagnosis and treatment. Retrieved June 5, 2026, from https://www.mayoclinic.org/diseases-conditions/pyloric-stenosis/diagnosis-treatment/drc-20351421
- Pediatric Surgery Library. (n.d.). Pyloric stenosis. Retrieved June 5, 2026, from https://www.pedsurglibrary.com/apsa/repview?type=682-134&name=70_1884007_PDF
- The Royal Children’s Hospital Melbourne. (n.d.). Pyloric stenosis. Retrieved June 5, 2026, from https://www.rch.org.au/clinicalguide/guideline_index/Pyloric_stenosis/
Published: 25 June 2025
Last updated: 20 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.