Erectile Dysfunction – ED (ပန်းသေပန်းညှိုးရောဂါ)

Erectile Dysfunction – ED (ပန်းသေပန်းညှိုးရောဂါ)

ပန်းသေပန်းညှိုးရောဂါသည် အမျိုးသား လိင်အင်္ဂါပြဿနာဖြစ်သည်။ လိင်ဆက်ဆံမှုအတွက် လုံလောက်သော ထောင်မတ်တင်းမာမှု မလုပ်နိုင်ခြင်းဖြစ်သည်။ ထိုသို့ မလုပ်နိုင်ခြင်းသည် တစ်ခါတစ်ရံဖြစ်ခြင်းဆိုပါက စိုးရိမ်စရာအကြောင်းမရှိပါ။ သို့သော်လည်း ဆက်တိုက်ဖြစ်ပွားနေသည့် ပြဿနာတစ်ခုဖြစ်ပါက စိတ်ဖိစီးမှုဖြစ်စေနိုင်ကာ မိမိကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေပြီး လိင်မှု၊ အိမ်ထောင်မှုနှင့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။ အချို့သော လိင်အင်္ဂါ ထောင်မတ်တင်းမာမှု မလုပ်နိုင်ခြင်းများသည် နှလုံးရောဂါအတွက် အန္တရာယ်ဖြစ်စေသည့် ကျန်းမာရေးဆိုင်ရာ အချက်ပေး ရောဂါလက္ခဏာတစ်ရပ်ဖြစ်ပြီး ကုသမှုခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပန်းသေပန်းညှိုးရောဂါသည် အမျိုးသားများတွင် အသက်ကြီးလာလျှင် အဖြစ်များသော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။ အသက် (၄၀) မှ (၇၀) နှစ်အတွင်းရှိ အမျိုးသားများ၏ ထက်ဝက်ခန့်တွင် ပန်းသေပန်းညှိုးပြဿနာ ခံစားနေရသည်ဟု ယူဆထားကြသည်။

ပန်းသေပန်းညှိုးဖြစ်စေသော အဓိကအကြောင်းအရင်း (၅) ရပ်ရှိသည်။

  1. သွေးလည်ပတ်မှုစနစ်တွင် ပြဿနာရှိခြင်း
    သွေးလည်ပတ်မှုစနစ်တွင် ခန္ဓာကိုယ်အနှံ့ သွေးသယ်ဆောင်သည့် သွေးကြောများ ပါဝင်သည်။ လိင်တံသည် ထောင်မတ်လာစေရန်နှင့် ထောင်မတ်မှုကို ထိန်းသိမ်းရန် လိင်အင်္ဂါထံသို့ လုံလောက်သော သွေးစီးဆင်းမှု လိုအပ်သည်။ လိင်တံသို့ လုံလောက်သော သွေးစီးဆင်းမှုမရှိလျှင် ပန်းသေပန်းညှိုးဖြစ်စေသည်။ လိင်တံသည် သွေးများပြည့်လာသောအခါ လိင်ဆက်ဆံနေစဉ်အတွင်း ဆက်လက်ထောင်မတ်နေစေရန် အဆို့ရှင်အမြောက်အများဖြင့် လိင်တံသို့ စီးဝင်လာသောသွေးကို ပိတ်ရန် လိုအပ်သည်။ အချို့တွင် အဆို့ရှင်များ လုပ်ဆောင်သင့်သလောက် အလုပ်မလုပ်တော့လျှင်လည်း ပန်းသေပန်းညှိုးဖြစ်စေသည်။
  2. ဦးနှောက်အာရုံကြောစနစ်တွင် ပြဿနာရှိခြင်း
    လိင်တံအပါအဝင် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ခံစားမှုရစေရန် ကူညီပေးသည့် အာရုံကြောဆိုင်ရာ တုံ့ပြန်မှုများနှင့် အာရုံကြောအချက်ပြမှုများတွင် ပြဿနာရှိသည့်အခါတွင် ပန်းသေပန်းညှိုး ဖြစ်စေသည်။
  3. ကိုယ်တွင်းဟော်မုန်းစနစ် (Endocrine system) တွင် ပြဿနာရှိခြင်း
    ကိုယ်တွင်းဟော်မုန်းစနစ်တွင် ဟော်မုန်းများ ဖန်တီးပြီး ထုတ်လွှတ်သည့် ဂလင်းများ ပါဝင်သည်။ ၎င်းဟော်မုန်းများသည် ခန္ဓာကိုယ်မှ အချို့သော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ကူညီပေးသည်။ ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) သည် လိင်အင်္ဂါသို့ သွေးစီးဆင်းမှုကို ကူညီပေးသည့် သွေးကြောများကို ပွင့်ကျယ်စေရန် (Vasodilatation) အတွက် ကူညီပေးသည်။ ခန္ဓာကိုယ်တွင်းရှိ ကျားဟော်မုန်းဓာတ် မမျှမတဖြစ်လျှင် ပန်းသေပန်းညှိုး ဖြစ်စေသည်။
  4. စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိခြင်း
    စိုးရိမ်စိတ်များခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများရှိခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ သောက်သုံးနေရခြင်း စသည်တို့သည် ပန်းသေပန်းညှိုး ဖြစ်စေသည်။
  5. အခြားသော အကြောင်းအရင်းအများ
    • အဝလွန်ခြင်း
    • နာတာရှည်ရောဂါများရှိခြင်း
    • ကြွက်သားပြဿနာများရှိခြင်း
    • ဆေးလိပ်သောက်ခြင်း
    • အရက်သောက်ခြင်း
    • မူးယစ်ဆေးများသုံးစွဲခြင်း
    • အချို့ရောဂါများအတွက် ဆေးဝါးများ သောက်သုံးနေရခြင်း
    • အိမ်ထောင်ရေးအဆင်မပြေခြင်း
    • လိင်တံပုံစံမမှန်ခြင်း စသည်တို့သည်လည်း ပန်းသေပန်းညှိုး ဖြစ်စေသည်။
ရောဂါလက္ခဏာများ

အောက်ဖော်ပြပါ လိင်အင်္ဂါချို့ယွင်းမှုလက္ခဏာများ ဆက်တိုက်ဖြစ်ပေါ်နိုင်သည်။

  • လိင်အင်္ဂါ စတင်၍ ထောင်မတ်တင်းမာရန်နှင့် အချိန်အတိုင်းအတာတစ်ခုထိ ဆက်လက်၍ ထောင်မတ်တင်းမာရန် အခက်အခဲရှိခြင်း
  • လိင်အင်္ဂါ လုံးဝမထောင်မတ်နိုင်တော့ခြင်း
  • လိင်စိတ်ဆန္ဒ လျော့ကျခြင်း
  • လိင်အင်္ဂါထောင်မတ်မှုကို ထိန်းသိမ်းရန် လှုံ့ဆော်မှုများစွာ လိုအပ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ဖေါ်ပြပါ လိင်အင်္ဂါထောင်မတ်တင်းမာမှု မလုပ်နိုင်ခြင်းပြဿနာများ ရှိနေသောအခါတွင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပါ။

  • လိင်အင်္ဂါ ထောင်မတ်တင်းမာမှု မလုပ်နိုင်ခြင်း၊ လိင်ဆက်ဆံမှုဆိုင်ရာ စိုးရိမ်မှုများ၊ ပြဿနာများရှိခြင်း
  • အချိန်မတန်မီစော၍ သုက်လွှတ်ခြင်း (သို့မဟုတ်) နောက်ကျသုက်လွှတ်ခြင်းကဲ့သို့သော လိင်ပိုင်းဆိုင်ရာပြဿနာများ ကြုံတွေ့နေရခြင်း
  • ဆီးချိုရောဂါ၊ နှလုံးရောဂါ (သို့မဟုတ်) လိင်အင်္ဂါ ထောင်မတ်တင်းမာမှု မလုပ်နိုင်ခြင်း စသော လိင်အင်္ဂါချို့ယွင်းမှုနှင့် ဆက်နွယ်နေနိုင်သည့် ကျန်းမာရေးအခြေအနေများရှိခြင်း
  • လိင်အင်္ဂါ ထောင်မတ်တင်းမာမှု မလုပ်နိုင်ခြင်းနှင့်အတူ အခြားရောဂါလက္ခဏာများ ရှိခြင်း
ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုပြုလုပ်ခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါအခံ အခြေအနေများကို သိနိုင်ရန် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ နှလုံးအတွက် အီးစီဂျီ (ECG) ဖြင့် စစ်ဆေးခြင်း၊ ကြွက်သားနှင့် အာရုံကြောစစ်ဆေးခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ၊ သံလိုက်ဓာတ်မှန် (MRI) နှင့် အခြားလိုအပ်သော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ကုသခြင်း

မိသားစုဆရာဝန်မှ ပန်းသေပန်းညှိုး ပြဿနာကို ဖြစ်စေနိုင်သော သို့မဟုတ် ပိုဆိုးစေမည့် ကျန်းမာရေး အခြေအနေများအတွက် မှန်ကန်သောကုသမှုကို ရရှိစေရန် စီစဥ်ကုသပေးမည်ဖြစ်သည်။ ရောဂါအခြေအနေနှင့် နောက်ခံ ကျန်းမာရေးအခြေအနေများအပေါ် မူတည်၍ ကုသမှုနည်းလမ်းများကို ရှင်းပြပေးမည်။ ကုသမှုတစ်ခုစီ၏ အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ရှင်းပြပေးပြီး လူနာ၏ ရွေးချယ်မှုများကို ဦးစားပေးစဉ်းစားမည်ဖြစ်သည်။ လူနာ၏ အိမ်ထောင်ဘက် (သို့မဟုတ်) လိင်ဆက်ဆံဖော်၏ သဘောထားအမြင်သည်လည်း ကုသမှုရွေးချယ်ရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာနိုင်သည်။

သောက်ဆေးဖြင့် ကုသခြင်း
  • Sildenafil (Viagra)
  • Tadalafil (Adcirca, Cialis)
  • Vardenafil (Levitra, Staxyn)
  • Avanafil (Stendra) ကဲ့သို့ ဆေးဝါးများကို အသုံးပြုနိုင်သည်။

ထိုဆေးများသည် ခန္ဓာကိုယ်အတွင်းရှိ သဘာဝဓာတုပစ္စည်း နိုက်ထရစ်အောက်ဆိုဒ် (Nitric Oxide) ၏ လိင်တံရှိ ကြွက်သားများကို ပြေလျော့စေသော အာနိသင်ကို မြှင့်တင်ပေးသည်။ လိင်ပိုင်းဆိုင်ရာနှိုးဆွမှု ရှိလာချိန်တွင် ကြွက်သားများပြေလျော့စေကာ လိင်တံသို့ သွေးစီးဆင်းမှုကို များလာစေသော တုံ့ပြန်မှုများဖြင့် လိင်အင်္ဂါထောင်မတ်လာစေရန် အကူအညီပေးသည်။ လူနာတစ်ဦးနှင့်တစ်ဦး ရောဂါအခြေအနေနှင့် ခန္ဓာကိုယ်တုံ့ပြန်မှုပေါ် မူတည်၍ ဆေးဝါးများ၏ ပမာဏ၊ မည်မျှကြာကြာ အလုပ်လုပ်ပုံနှင့် ဘေးထွက်ဆိုးကျိုးများ ကွဲပြားသည်။

ထိုဆေးများသည် လိင်စိတ်နိုးကြွစေသောဆေးများ မဟုတ်သကဲ့သို့ လိင်အင်္ဂါထောင်မတ်ခြင်းကို အလိုအလျောက် တိုက်ရိုက် ဖြစ်ပေါ်စေသည့်ဆေးများ မဟုတ်ပါ။ ထို့ကြောင့် အဆိုပါဆေးများကြောင့် လိင်စိတ်လှုပ်ရှားမှုကို ပိုမိုတိုးစေမည်မဟုတ်သလို ပုံမှန်ထောင်မတ်သန်မာနေသူများသည်လည်း ဆေးသောက်ရန် မလိုအပ်ပါ။

ထိုးဆေးဖြင့် ကုသခြင်း
  1. တက်စတိုစတီရုန်း ကျားဟော်မုန်းများထိုး၍ ကုသခြင်း (Testosterone injection)
  2. လိင်တံအရင်းသို့ လိင်တံယာယီထောင်မတ်စေသော (တစ်နာရီထက်မပိုသော) ထိုးဆေးဖြင့် ကုသခြင်း (Alprostadil self-injection)
ခွဲစိတ်ကုသခြင်း

လိင်အင်္ဂါထောင်မတ်စေရန် ကူညီပေးသော ကိရိယာကို ခွဲစိတ်၍ ထည့်ပေးခြင်း

အကူပစ္စည်းကိရိယာဖြင့် ကုသခြင်း

လိင်အင်္ဂါထောင်မတ်စေရန် အထောက်အကူပြုပေးသော စုပ်ပြောင်းကိရိယာ (Vacuum erection device) ဖြင့် ကုသခြင်း

လေ့ကျင့်ခန်းလုပ်၍ ကုသခြင်း
  1. တင်ပါးဆုံတွင်းကြွက်သားလေ့ကျင့်ခန်း (သို့မဟုတ်) ကီးဂယ်လေ့ကျင့်ခန်း (Kegel Exercise) ဖြင့် ကုသခြင်း
  2. ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဖြင့် ကုသခြင်း _ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းသည် ပန်းသေပန်းညှိုးရောဂါကို သက်သာကောင်းမွန်စေသည်။
စိတ်ကုထုံးဖြင့် ကုသခြင်း

စိတ်ကြောင့်ဖြစ်သော ပန်းသေပန်းညှိုး ပြဿနာများအတွက် စိတ်ကုထုံးခံယူခြင်း၊ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုယူခြင်းတို့ဖြင့် ကုသနိုင်သည်။

ကာကွယ်ခြင်း

အချို့သောလူနေမှုပုံစံပြောင်းလဲမှုများသည် ပန်းသေပန်းညှိုး ပြဿနာ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

  • ကျန်းမာရေးနှင့် ညီညွတ်သော၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များကဲ့သို့ ပြည့်ဝဆီနည်းသော အစားအသောက်များ စားသုံးပါ
  • အိပ်ရေးဝအောင် အိပ်စက်ပါ
  • စိတ်ဖိစီးမှု လျှော့ချပါ၊ စိုးရိမ်ပူပန်စိတ်နည်းအောင် ကြိုးစားပါ
  • တစ်ပတ်လျှင် (၅) ရက်ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ၊ သို့မဟုတ် တစ်နေ့လျှင် အနည်းဆုံး နာရီဝက်မျှ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ၊ အထူးသဖြင့် ပြေးခြင်း၊ ရွရွပြေးခြင်း (သို့မဟုတ်) စက်ဘီးစီးခြင်းကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းများကို ပိုမိုလုပ်ဆောင်ပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန် ရှိစေရန် ထိန်းသိမ်းပါ
  • သွေးတိုး၊ သွေးတွင်း အဆီဓာတ် (ကိုလက်စထရော) မြင့်ခြင်းနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည် ကျန်းမာရေးပြဿနာများရှိပါက ကောင်းစွာထိန်းသိမ်းကုသပါ
  • သောက်သုံးသော အရက်ပမာဏကို နည်းနိုင်သမျှနည်းရန် ကန့်သတ်ပါ (မသောက်လျှင် အကောင်းဆုံးဖြစ်သည်)
  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံး၊ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ

References:

  1. Erectile dysfunction – Symptoms and causes. (n.d.). Mayo Clinic. Retrieved May 6, 2025, from https://www.mayoclinic.org/diseases-conditions/erectile-dysfunction/symptoms-causes/syc-20355776
  2. Erectile dysfunction – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved May 6, 2025, from https://www.mayoclinic.org/diseases-conditions/erectile-dysfunction/diagnosis-treatment/drc-20355782
  3. Erectile dysfunction. (2025). Cleveland Clinic. Retrieved May 6, 2025, from https://my.clevelandclinic.org/health/diseases/10035-erectile-dysfunction
  4. Dorey, G., Speakman, M., Feneley, R., Swinkels, A., Dunn, C., & Ewings, P. (2004). Retrieved May 6, 2025, from Randomised controlled trial of pelvic floor muscle exercises and manometric biofeedback for erectile dysfunction. https://pmc.ncbi.nlm.nih.gov/articles/PMC1324914/

Published: 24 June 2025

Share

24 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.