မွေးရာပါ အူလမ်းကြောင်း လှုပ်ရှားမှုအားနည်းသောရောဂါ (Hirschsprung’s disease) သည် ပြင်းထန်စွာဝမ်းချုပ်စေနိုင်သည့် အခြေအနေတစ်ခုဖြစ်သည်။ ကလေးငယ်၏ အူမကြီးကြွက်သားများတွင် အာရုံကြောဆဲလ်များ ကောင်းစွာဖြစ်ပေါ်မှုမရှိခြင်းကြောင့် အူမကြီးလှုပ်ရှားမှုကိုထိခိုက်ကာ ဝမ်းသွားခြင်းနှင့် ပတ်သက်သည့်ပြဿနာများကို ဖြစ်ပေါ်စေသည်။ ပုံမှန်အခြေအနေတွင် ထိုအာရုံကြောဆဲလ်များ၏ အာရုံခံထိန်းချုပ်မှုမှတစ်ဆင့် အူမကြီးကြွက်သားများက အစာများကို အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားစေပြီး အစာခြေရန်နှင့် ခန္ဓာကိုယ်မှ ဝမ်းအဖြစ်စွန့်ထုတ်ရန် အဓိကတာဝန်ယူ လုပ်ဆောင်ပေးသည်။ အကယ်၍ ထိုအာရုံကြောဆဲလ်များ မရှိပါက အူလမ်းကြောင်းအောက်ပိုင်းတွင် တစ်စိတ်တစ်ပိုင်းပိတ်ခြင်း သို့မဟုတ် အလုံးစုံပိတ်ခြင်းများ ဖြစ်စေသည်။ ယေဘုယျအားဖြင့် မွေးကင်းစကလေးများတွင် ရက်အနည်းငယ်အတွင်းသိနိုင်ပြီး ရောဂါပြင်းထန်မှုမရှိပါက ကလေးကြီးလာချိန် သို့မဟုတ် လူကြီးအရွယ်ရောက်မှ သိနိုင်သည်။ စောစီးစွာကုသမှုမခံယူပါက ကာလရှည်ကြာ ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ရှိနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သောကြောင့် လက္ခဏာများကို သတိထားမိပါက သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံးပြသ ကုသမှုခံယူရမည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မွေးရာပါရောဂါဖြစ်ပြီး ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို သေချာစွာမသိရှိပါ။ သန္ဓေသားပုံမှန်ဖွံဖြိုးမှုဖြစ်စဥ်တွင် အာရုံကြောဆဲလ်များသည် အစာရေမျိုပြွန်မှစ၍ အစာဟောင်းအိမ်အထိ အစာခြေလမ်းကြောင်းတစ်လျှောက်ရှိ နံရံများတွင် ဖြစ်ပေါ်ဖွံ့ဖြိုးလာသည်။ ထိုအာရုံကြောဆဲလ်များသည် အူလမ်းကြောင်းကြွက်သားများကို ညှစ်ခြင်း၊ လျှော့ခြင်းပြုလုပ်စေခြင်းအားဖြင့် အစာများကို အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားစေပြီး နောက်ဆုံးတွင် ဝမ်းသွားခြင်းကို ဖြစ်စေသည်။
ဤရောဂါအခြေအနေတွင် အချို့ကလေးများ၌ အာရုံကြောဆဲလ်များသည် အစာဟောင်းအိမ်နှင့် စအိုမရောက်မီ အူမကြီး၏အဆုံးပိုင်းတွင်ပင် ဖြစ်ပေါ်မှုရပ်တန့်သွားသည်။ အချို့ကလေးများတွင်မူ အစာခြေလမ်းကြောင်းရှိ အခြားနေရာများတွင်ပါ အာရုံကြောဆဲလ်များ မပါရှိဘဲဖြစ်နေတတ်သည်။ ထိုအာရုံကြောဆဲလ်များမရှိပါက အူလမ်းကြောင်း ကောင်းစွာလှုပ်ရှားမှု မရှိတော့သောကြောင့် ဝမ်းများသည် အူလမ်းကြောင်းအတွင်း ပိတ်ဆို့နေခြင်းများ ဖြစ်လာသည်။ ထိုရောဂါအခြေအနေသည် အရှင်မွေးဖွားသူ ကလေးအယောက် (၅၀၀၀) တွင် (၁) ယောက်ဖြစ်ပေါ်နိုင်သည်။ ယောက်ျားလေးများတွင် ပို၍အဖြစ်များပြီး မျိုးဗီဇဆိုင်ရာ ရောဂါများ (ဥပမာ _ ဒေါင်းရောဂါစု) နှင့်လည်း တွဲ၍တွေ့နိုင်သည်။
အာရုံကြောဆဲလ်များမပါရှိသည့် အူလမ်းကြောင်းပမာဏပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။
- Short segment – အစာဟောင်းအိမ်နှင့် အူမကြီးနှောင်းပိုင်း (Sigmoid colon) တွင် အာရုံကြောဆဲလ်များ မပါရှိခြင်းဖြစ်သည်၊ အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်
- Long segment – အူမကြီးနှောင်းပိုင်း၏ အပေါ်တွင်ရှိသော အူမကြီးအစိတ်အပိုင်းတွင် အာရုံကြောဆဲလ်များ မပါရှိခြင်းဖြစ်သည်
- Total colonic – အူမကြီးတစ်ခုလုံးတွင် အာရုံကြောဆဲလ်များ မပါရှိခြင်းဖြစ်သည်
- Small bowel aganglionosis – အူမကြီးတစ်ခုလုံးသာမက အူသိမ်၏တစ်စိတ်တစ်ပိုင်းတွင် အာရုံကြောဆဲလ်များ မပါရှိခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
- မွေးချင်းမောင်နှမများတွင် ရောဂါရှိသူ
- ယောက်ျားလေး
- အခြားသော မွေးရာပါအခြေအနေများပါရှိသူ (ဥပမာ _ ဒေါင်းဆင်ဒရုန်း၊ မွေးရာပါနှလုံးရောဂါရှိသူများ)
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ရောဂါ၏ပြင်းထန်မှုနှင့် အသက်အရွယ်အလိုက် ကွာခြားမှုရှိသည်။
ကလေးများ၏ (၈၀) ရာခိုင်နှုန်းခန့်သည် မွေးပြီးပထမ ခြောက်ပတ်အတွင်း ရောဂါလက္ခဏာများ ပေါ်လေ့ရှိသည်။ သို့ရာတွင် အာရုံကြောဆဲလ်များမပါဝင်သော အူအစိတ်အပိုင်းသည် တိုပါက (Short segment) လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာမှသာ ရောဂါလက္ခဏာများပြသည်။ အဓိကလက္ခဏာမှာ ဝမ်းချုပ်ခြင်းဖြစ်သည်။ ကလေးတစ်ဦးချင်းစီတွင် ခံစားရသောလက္ခဏာများ တူညီလေ့မရှိပါ။ မွေးကင်းစကလေးငယ်များတွင် အတွေ့ရများသော လက္ခဏာများမှာ_
- မွေးပြီး (၄၈) နာရီအတွင်း ငယ်ချေးမသွားခြင်း
- ဗိုက်ဖောင်းခြင်း
- အန်ခြင်း (တစ်ခါတစ်ရံတွင် အစိမ်းရောင် သို့မဟုတ် အညိုရောင်အရည်များ အန်တတ်သည်)
- ဖျားခြင်း
- ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းပုံမှန်မသွားခြင်း
ရောဂါလက္ခဏာများ စောစီးစွာဖြစ်ပေါ်မှုမရှိသော ကလေးကြီးများတွင်
- ဝမ်းချုပ်ခြင်း (အချိန်ကြာလာသည်နှင့်အမျှ ပို၍ဆိုးလာသည်)
- အစာစားချင်စိတ်မရှိခြင်း
- ကြီးထွားမှုနှောင့်နှေးခြင်း
- ဝမ်းချုပ်နေသော်လည်း ဝမ်းအရည်များ နည်းနည်းနှင့် မကြာခဏထွက်ကျခြင်း
- ဗိုက်ဖောင်းလာခြင်း စသည်တို့တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
စောစီးစွာကုသမှု မရရှိပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။
- ဝမ်းအလွန်ချုပ်ခြင်း
- ဗိုက်ဖောင်းခြင်း
- ပိုးဝင်၍အူရောင်ရမ်းခြင်း
- အူမကြီး ဖောင်း၍ကျယ်လာခြင်း (Toxic megacolon)
- ဝမ်းမထိန်းနိုင်ခြင်း
- ကလေး၏ အောက်ခံဘောင်းဘီတွင် ဝမ်းအရည်များကပ်ခြင်း၊ အနံ့ထွက်ခြင်း
- အာဟာရချို့တဲ့ခြင်း
- အူပေါက်ခြင်း စသည်တို့ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာအထူးကုဆရာဝန်မှ အူလမ်းကြောင်းဆိုင်ရာလက္ခဏာများ၊ ဝမ်းသွားသည့်အလေ့အထများ အပါအဝင် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စအိုအတွင်း လက်ချောင်းဖြင့် စစ်ဆေးခြင်း (Digital rectal examination) အပါအဝင် ရောဂါကိုသေချာစွာသိရှိစေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
- အသားစယူစစ်ဆေးခြင်း (Rectal biopsy)
- ကလေး၏အစာဟောင်းအိမ်မှ သေးငယ်သော တစ်ရှူးအစိတ်အပိုင်းတစ်ခုကို အသားစစုပ်ယူသည့်ကိရိယာဖြင့်ယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးခြင်းဖြစ်သည်၊ ထိုစစ်ဆေးမှုကို လူနာစမ်းသပ်ခုတင်တွင်ပင် ပြုလုပ်နိုင်သည်၊ နမူနာအသားစတွင်ပါဝင်သော အာရုံကြောဆဲလ်များကို စစ်ဆေးခြင်းအားဖြင့် ရောဂါအမည်သတ်မှတ်နိုင်သည်
- သို့သော် တစ်ခါတစ်ရံတွင် အသားစအဖြေမှ တိကျသေချာသည့် အဖြေမပေးနိုင်သော အခြေအနေများ သို့မဟုတ် (၃) လအထက် ကလေးများတွင် ခွဲစိတ်ခန်းထဲတွင် အစာဟောင်းအိမ်၏ အစိတ်အပိုင်း အနည်းငယ်ကို ဖြတ်၍ အသားစပြန်ယူရသည်များလည်း ရှိနိုင်သည်
- ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း (Abdominal X-ray)
- ဓာတ်မှန်ရိုက်ခြင်းအားဖြင့် အူလမ်းကြောင်းပိတ်ဆို့မှုအခြေအနေကို သိနိုင်သည်
- ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (Contrast enema)
- စအိုမှတစ်ဆင့် အစာဟောင်းအိမ်အတွင်းသို့ ပိုက်ထည့်၍ ဘေရီယမ် (Barium) ပါဝင်သော ဆေးရည်ကို ထည့်သွင်းကာ ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ အူလမ်းကြောင်းကျဥ်းခြင်း စသည့်အခြေအနေများကို ပို၍ရှင်းလင်းစွာသိနိုင်သည်
- အူလမ်းကြောင်းကြွက်သားထိန်းချုပ်မှုတိုင်းတာခြင်း (Manometry)
- ကျုံ့နိုင်၊ ဆန့်နိုင်သော ဘောလုံးကို အသုံးပြု၍ အစာဟောင်းအိမ်အတွင်းရှိ ဖိအားပြောင်းလဲမှုများကို တိုင်းတာခြင်းဖြစ်သည်၊ ကလေးကြီးများနှင့် လူကြီးများတွင် အဓိကပြုလုပ်နိုင်သည်
ကုသခြင်း
ကလေးတစ်ဦးနှင့် တစ်ဦးကုသမှု မတူညီနိုင်ပါ။ အာရုံကြောမရှိသည့် ရောဂါဖြစ်နေသော အူလမ်းကြောင်းအတိုင်းအတာနှင့် ကလေး၏အခြေအနေပေါ် မူတည်၍ ကုသနည်းများကို ဆုံးဖြတ်ရမည်။ အဓိကကုသမှုသည် ခွဲစိတ်ပြုပြင်ခြင်းပင်ဖြစ်သည်။
ဝမ်းချူခြင်း
ပိတ်နေသောဝမ်းများနှင့် လေများကိုဖယ်ရှားရန် ပထမဆုံးအဆင့်မှာ ဝမ်းချူခြင်းပင်ဖြစ်သည်။ ဝမ်းချူခြင်းဆိုသည်မှာ ကလေး၏စအိုမှတစ်ဆင့် ပိုက်တစ်ချောင်းထည့်၍ ဆားရည်များကို ထည့်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် အစာဟောင်းအိမ်အတွင်းရှိ ဝမ်းများနှင့် လေများကို ရှင်းလင်းပြီး သက်သောင့်သက်သာဖြစ်စေသည်။ ထိုသို့ဝမ်းချူခြင်းကို တစ်နေ့လျှင် နှစ်ကြိမ် သို့မဟုတ် ခွဲစိတ်အထူးကုဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ရမည်။ ဝမ်းချူခြင်းကို စနစ်တကျသင်ကြားပေးပြီးနောက် အိမ်တွင်လည်း ပြုလုပ်နိုင်သည်။
ဝမ်းဗိုက်အပြင်သို့ အူလမ်းကြောင်းလွှဲခြင်း (Formation of stoma)
ကလေး၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အူလမ်းကြောင်းလွှဲခြင်းကို ဦးစွာပြုလုပ်ရသည်လည်းရှိသည်။ ထိုခွဲစိတ်မှုတွင် ဝမ်းဗိုက်တွင်သေးငယ်သော အပေါက်ဖောက်ပြီး ကောင်းမွန်သောအူ၏ အစိတ်အပိုင်းကိုဖြတ်ကာ အပြင်သို့ထုတ်ထားခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဝမ်းများကို ထိုအပေါက်မှ ထွက်စေရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ရောင်ရမ်းနေသော အူအစိတ်အပိုင်းများကို သက်သာစေသည့်အပြင် အူများကို ဖြတ်၍ပြန်ဆက်သော ခွဲစိတ်မှု (Pull-through-procedure) မပြုလုပ်မီ ကလေးကို ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှု ရရှိစေသည်။ ကလေးအများစုတွင် အူလမ်းကြောင်းလွှဲခြင်းသည် ယာယီသာဖြစ်သည်။
အူများကို ဖြတ်၍ပြန်ဆက်ခြင်း (Pull through procedure)
ထိုခွဲစိတ်မှုကို မှန်ပြောင်းကိုအသုံးပြု၍ ခွဲစိတ်ခြင်း (Keyhole surgery) ပြုလုပ်နိုင်သကဲ့သို့ သမားရိုးကျ ဝမ်းဗိုက်တွင် ခွဲကြောင်းပေး၍လည်း ခွဲစိတ်နိုင်သည်။ ခွဲစိတ်ရန် အသင့်တော်ဆုံးနည်းလမ်းကို ကလေးအခြေအနေပေါ် မူတည်၍ ခွဲစိတ်အထူးကုဆရာဝန်မှ ဆုံးဖြတ်မည်ဖြစ်သည်။ ခွဲစိတ်ရာတွင် အာရုံကြောဆဲလ်များမပါဝင်သော အူအစိတ်အပိုင်းများကို ဖြတ်ထုတ်၍ အာရုံကြောဆဲလ်များပါဝင်သော အူအစိတ်အပိုင်းများကို အူမကြီးမှတစ်ဆင့် စအိုနှင့်သွားဆက်ပေးခြင်းဖြစ်သည်။
ခွဲစိတ်မှုပြီးသည့်နောက်တွင် ကလေး၏အခြေအနေပေါ်မူတည်၍ တစ်ပတ်ခန့်အထိ ဆေးရုံတက်ရောက်ရနိုင်သည်။ ဆေးရုံတက်ရောက်နေစဥ်အတွင်း အနာသက်သာစေရန် ဆေးများပေးခြင်း၊ ခွဲစိတ်ဒဏ်ရာအခြေအနေများကို စစ်ဆေးခြင်း၊ အူလမ်းကြောင်းအခြေအနေများကို စောင့်ကြည့်ခြင်း၊ စားသောက်ပုံနည်းလမ်းများကို စီမံခန့်ခွဲခြင်းများပြုလုပ်ရမည်။
အစာဟောင်းအိမ်ချဲ့ခြင်း (Rectal dilatation)
ခွဲစိတ်မှုပြီးသည့်နောက်တွင် အနာကျက်ခြင်းဖြစ်စဥ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အူလမ်းကြောင်းဆက်ထားသည့်နေရာ ကျဥ်းသွားနိုင်သည့်အတွက် မပိတ်စေရန် ကုသမှုများပြုလုပ်ရမည်။ သင့်တော်သည့် အူလမ်းကြောင်းအနေအထားတွင် ရှိနေစေရန်အတွက် အစာဟောင်းအိမ်ချဲ့ခြင်းကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ရန်လိုသည်။
အူလမ်းကြောင်းလွှဲသည့်နေရာကို ပြန်ပိတ်ခြင်း (Closure of stoma)
အူများကို ဖြတ်၍ ပြန်ဆက်ပြီးနောက် သုံးလ မှ လေးလအကြာတွင် အူလမ်းကြောင်းလွှဲထားသည့်အပေါက်ကို ပြန်ပိတ်နိုင်သည်။ ထိုခွဲစိတ်မှုတွင် အပြင်သို့ထုတ်ထားသော အူအစိတ်အပိုင်းနှစ်ခုကို ပြန်ဆက်၍ ဝမ်းဗိုက်ထဲသို့ ပြန်ထည့်ပြီး အပေါက်ကိုပြန်ပိတ်ပေးခြင်းဖြစ်သည်။ ထိုခွဲစိတ်မှုပြီးသည့်နောက်တွင် ဝမ်းကောင်းစွာသွားသည်အထိ ဆေးရုံတွင်စောင့်ကြည့်ရမည်။
ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_
- ခွဲစိတ်ပြုပြင်ထားသည့်နေရာတွင် ရောင်ရမ်းခြင်း
- ခွဲစိတ်ထားသည့်နေရာတွင်ရောဂါပိုးဝင်ခြင်း
- ခွဲစိတ်နေချိန်နှင့် ခွဲစိတ်ပြီးချိန်တွင် သွေးထွက်များခြင်း
- အူလမ်းကြောင်းဆက်ထားသည့်နေရာမှ ပြန်ပွင့်ခြင်း (Anastomotic leak)
- ပုံမှန်မဟုတ်သောပြွန်လမ်းကြောင်းဖြစ်ပေါ်ခြင်း (Fistula) (ဥပမာ_အူလမ်းကြောင်းနှင့် ဆီးအိမ်ကြား ပြွန်လမ်းကြောင်းဖြစ်ပေါ်ခြင်း) စသည်တို့ဖြစ်နိုင်သည်။
ခွဲစိတ်ပြီးနောက်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ဝမ်းလျှောခြင်း
- ဝမ်းပြန်ချုပ်ခြင်း
- ဝမ်းမထိန်းနိုင်ဘဲ ထွက်ကျခြင်း
- အိမ်သာအိုးထိုင်ကျင့်ရာတွင် နှောင့်နှေးခြင်းများ ရှိနိုင်သည်။
ခွဲစိတ်ပြီးနောက်တွင်လည်း အထူးသဖြင့် ပထမတစ်နှစ်အတွင်းတွင် ပိုးဝင်၍အူရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်သည်။ ထို့အတွက်ကြောင့်
- အစာဟောင်းအိမ်မှ သွေးထွက်ခြင်း
- ဝမ်းလျှောခြင်း
- ဖျားခြင်း
- ဗိုက်ဖောင်းခြင်း
- အန်ခြင်း စသည့်အခြေအနေများရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသရမည်။
ခွဲစိတ်မှုပြီးသည့်နောက် အိမ်တွင်ပြုစုစောင့်ရှောက်မှုများ
- ဆီးပူ၊ ဝမ်းပူလောင်သော အနာများကို သက်သာစေရန်ပြုလုပ်ခြင်း
- ဆီးပူ၊ ဝမ်းပူလောင်သော အနာများကို မဖြစ်စေရန်နှင့် ဖြစ်လာလျှင် ပို၍ဆိုးမလာစေရန် ကြိုတင်ကာကွယ်ရန် အရေးကြီးသည်
- အူလမ်းကြောင်းအခြေအနေများအတွက် ပြုစုကုသခြင်း
- မွေးရာပါအူလမ်းကြောင်းလှုပ်ရှားမှုအားနည်းသည့်ရောဂါရှိသော ကလေးများသည် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းမထိန်းနိုင်ဘဲဖြစ်ခြင်း စသည့်အခြေအနေမျိုးစုံ ရှိသည့်အတွက် ဝမ်းပုံမှန်ဖြစ်စေရန် ပြုစုကုသပေးရမည်၊ ထိုသို့ပြုလုပ်မှုများတွင် အစားအစာအပြင် ဝမ်းပျော့ဆေးကဲ့သို့ ဆေးဝါးများပေးခြင်း၊ လိုအပ်ပါက ဝမ်းချုပေးခြင်းစသည်တို့ပါဝင်သည်
- အမျှင်ဓာတ်ပါသောအစားအစာများစားခြင်း ဝမ်းချုပ်သည့်ကလေးများတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်များကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများကို ကျွေးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေသည်
- အရည်ကိုပို၍သောက်ခြင်း _ အူမကြီးတစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးကို ဖယ်ရှားထားခြင်းကြောင့် အရည်များကို လုံလောက်စွာစုပ်ယူနိုင်မှုတွင် ပြဿနာရှိနိုင်သည်၊ ထို့ကြောင့် အရည်ပိုသောက်ပေးခြင်းအားဖြင့် ရေဓာတ်လုံလောက်စွာရရှိစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည်
- နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- ဝမ်းပျော့ဆေးများပေးခြင်း _ ကလေးသည် အထက်ပါလူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ဝမ်းချုပ်ခြင်းမသက်သာပါက ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်ပါက ဝမ်းပျော့ဆေးများ ပေးနိုင်သည်
- တစ်ခါတစ်ရံတွင် စအိုထဲသို့ ဆေးတောင့်ထည့်ခြင်း၊ ဝမ်းချူဘောလုံးဖြင့် ဝမ်းချူပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံတက်၍ ဝမ်းချူရခြင်းများလည်း ရှိနိုင်သည်။
ကာကွယ်ခြင်း
မွေးရာပါရောဂါဖြစ်သည့်အတွက် အတိအကျကာကွယ်ရန် နည်းလမ်းမရှိပါ။ အရေးကြီးဆုံးမှာ အထက်ပါရောဂါလက္ခဏာများကို စောစီးစွာသတိထားမိပါက မိသားစုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာအထူးကုဆရာဝန်နှင့် ပြသ၍ ညွှန်ကြားချက်များအတိုင်း ကုသမှုခံယူခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။
References:
- Philadelphia, C. H. O. (n.d.). Hirschsprung’s Disease. Children’s Hospital of Philadelphia. Retrieved May 21, 2025, from https://www.chop.edu/conditions-diseases/hirschsprung-s-disease
- Hirschsprung’s Disease. (2025). Cleveland Clinic. Retrieved May 21, 2025, from https://my.clevelandclinic.org/health/diseases/9844-hirschsprung-disease#overview
- Hirschsprung’s disease – Symptoms & causes – Mayo Clinic. (2021). Mayo Clinic. Retrieved May 21, 2025, from https://www.mayoclinic.org/diseases-conditions/hirschsprungs-disease/symptoms-causes/syc-20351556
- King, S., Jackson-Fleurus, S., & Taranto, J. (2020). Hirschsprung Disease Information for families. In The Royal Children’s Hospital Colorectal and Pelvic Reconstruction Service. Retrieved May 21, 2025, from https://www.rch.org.au/uploadedFiles/Main/Content/cprs/CPRS%20Booklet%20-%20Hirschsprung%20Disease.pdf
- Watson, S. (2025). What is Hirschsprung’s Disease? WebMD. Retrieved May 21, 2025, from https://www.webmd.com/children/what-is-hirschsprungs-disease
- American Pediatric Surgical Association. (n.d.). Hirschsprung disease (aganglionosis). APSA Pediatric Surgery Library. Retrieved May 21, 2025, from https://www.pedsurglibrary.com/apsa/repview?type=682-116&name=68_1884007_PDF
Published: 19 June 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.