ကလေးမွေးဖွားစဉ်ကတည်းက ခြေ၊ လက် အင်္ဂါများတွင် ပုံမှန်နှင့်မတူဘဲ ကွဲပြားခြားနားမှုများ၊ ချို့ယွင်းမှုများ တွေ့ရှိရနိုင်သည်။ ဖြစ်ပွါးမှုမများသော်လည်း ကလေးမွေးဖွားမှုအကြိမ် (၁၀၀၀) တွင် တစ်ယောက်ခန့် တွေ့ရလေ့ရှိသည်။ အချို့မွေးရာပါ ခြေ၊ လက်ချို့ယွင်းချက်များမှာ သာမန်မျှသာဖြစ်ကာ မသိသာသော်လည်း အချို့မှာ သိသာထင်ရှား၍ ကုသမှုခံယူရန်လိုအပ်သည်။ ကိုယ်ဝန်ဆောင်ချိန် ပထမ (၄) ပတ် မှ (၈) ပတ်သည် ခြေ၊ လက် အင်္ဂါဖွံ့ဖြိုးရန် အရေးကြီးသောကာလဖြစ်သဖြင့် ထိုအချိန်အတွင်း ခြေ၊ လက် အင်္ဂါများ ပုံမှန်ဖြစ်ပေါ်မှုကို အနှောင့်အယှက်ပေးသည့် အခြေအနေများရှိပါက မွေးရာပါချို့ယွင်းမှုများကို ဖြစ်ပေါ်စေနိုင်သည်။ မွေးရာပါချို့ယွင်းမှုကို ပြင်ပသွင်ပြင်လက္ခဏာ (Structural) ချို့ယွင်းမှုများအနေဖြင့် တွေ့ရှိနိုင်သကဲ့သို့ လုပ်ငန်းဆောင်တာလုပ်ဆောင်မှု (Functional) ချို့ယွင်းမှုများအနေဖြင့်လည်း တွေ့နိုင်သည်။ ခြေ၊ လက် အင်္ဂါတို့တွင် တစ်နေရာတည်းသီးသန့် ချို့ယွင်းမှု တွေ့နိုင်သကဲ့သို့ နေရာများစွာတွင်လည်း ချို့ယွင်းမှုများ တွေ့နိုင်သည်။
မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းချက်အမျိုးအစားများ
- ခြေ၊ လက် အင်္ဂါမပါခြင်း သို့မဟုတ် မပြည့်စုံခြင်း
ခြေ သို့မဟုတ် လက်လုံးဝမပါခြင်း (Amelia) နှင့် တစ်စိတ်တစ်ပိုင်းမပါခြင်း (Phocomelia) တို့ရှိနိုင်သည်။ အချို့တွင် တံတောင်ဆစ်အောက်ပိုင်း သို့မဟုတ် ဒူးဆစ်အောက်ပိုင်းတွင် ခြေ၊ လက်အင်္ဂါများ လုံးဝ ပါမလာခြင်းကိုတွေ့နိုင်သည်။ အချို့အခြေအနေများတွင် လက်မောင်းနေရာ၊ ပေါင်နေရာများမပါရှိဘဲ လက်ဖျား၊ ခြေဖျားပိုင်းသည် ခန္ဓာကိုယ်အရင်းပိုင်းနှင့် တိုက်ရိုက်တွယ်ဆက်နေတတ်သည်။ မွေးကင်းစကလေးငယ် (၁၀၀၀၀) တွင် (၅) ယောက်ခန့်၌ အထက်ပါအခြေအနေကို တွေ့နိုင်သည်။ - ခြေချောင်း၊ လက်ချောင်း အပိုပါခြင်း (Polydactyly)
မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းချက်များတွင် ခြေချောင်း၊ လက်ချောင်းများ အပိုပါခြင်းများလည်း မကြာခဏတွေ့ရလေ့ရှိသည်။ (ဥပမာ – လက်တစ်ဖက်တွင် လက်ချောင်း (၆) ချောင်းပါဝင်ခြင်း) - ခြေချောင်း၊ လက်ချောင်းများ ပူးနေခြင်း (Syndactyly)
ခြေချောင်း၊ လက်ချောင်းများ ပူးကပ်နေခြင်းတွင် အရေပြားသာဆက်ပြီး ပူးကပ်နေခြင်းမျိုးရှိသကဲ့သို့ အာရုံကြောများ၊ သွေးကြောများသည် ခြေချောင်း၊ လက်ချောင်းများကို မျှဝေထောက်ပံ့ပြီး အရိုးချင်းထိကာ ပူးကပ်နေသည်များလည်းရှိသည်။ - မွေးရာပါခြေထောက်ခွင်ခြင်း (Club foot)
ခြေထောက်သည် ပုံမှန်မဟုတ်ဘဲ ခြေချင်းဝတ်မှ အတွင်းဖက်သို့ ကွေးခွေနေသည့် အခြေအနေကို ဆိုလိုသည်။ ခြေထောက်တစ်ဖက်တည်းတွင် ဖြစ်နိုင်သကဲ့သို့ နှစ်ဖက်လုံးလည်းဖြစ်နိုင်သည်။ မွေးရာပါခြေထောက်ခွင်ခြင်းကို ကလေးအယောက် (၁၀၀၀) မွေးဖွားတိုင်း (၁) ဦးခန့်တွင် တွေ့ရတတ်သည်။ - အရိုးဖွံ့ဖြိုးမှုချို့တဲ့ခြင်း
လက်ဖျံရိုးများ မဖွံ့ဖြိုးခြင်း၊ လုံးဝမပါခြင်း (Radial ray deficiency, Ulnar deficiency) စသည်တို့ကြောင့် လက်ကောက်ဝတ်နှင့် လက်တွင် ပုံပျက်ခြင်းများဖြစ်စေသည်။ ခြေသလုံး အပြင်ဖက်အရိုးတွင် ဖွံ့ဖြိုးမှုမပြည့်စုံခြင်း (Fibular Hemimelia) ကြောင့် ခြေချောင်းများမပါခြင်း၊ ခြေထောက်တိုနေခြင်း၊ ဒူးဆစ်ပုံမှန်မဟုတ်ခြင်းတို့တွေ့နိုင်သည်။ - ခြေ၊ လက် အင်္ဂါများ ဖွံ့ဖြိုးမှုလွန်ကဲခြင်း သို့မဟုတ် ဖွံ့ဖြိုးမှုအားနည်းခြင်း
အချို့ ကလေးငယ်များတွင် ခြေ သို့မဟုတ် လက်တစ်ချောင်းလုံးအပါအဝင် ကိုယ်ခန္ဓာတစ်ခြမ်း ပုံမှန်ထက်ကြီးထွားခြင်း (Hemihypertrophy)၊ ခြေချောင်း၊ လက်ချောင်းများ ပုံမှန်ထက်လွန်ကဲစွာကြီးမားခြင်း (Macrodactyly) နှင့် ခြေချောင်း၊ လက်ချောင်းများ သေးငယ်ခြင်း သို့မဟုတ် တိုခြင်း (Brachydactyly) စသည့် ချို့ယွင်းချက်များကိုလည်းတွေ့နိုင်သည်။ - ရေမြွှာအိတ်မှ တစ်ရှူးအပိုင်းအစများကြောင့် ခြေ၊ လက် အင်္ဂါများ ပုံမှန်ဖွံ့ဖြိုးရန် လိုအပ်သော သွေးစီးဆင်းမှုကို ဖြတ်တောက်ပိတ်ဆို့စေခြင်း (Amniotic Band Syndrome)
ဤအခြေအနေတွင် အရေပြားပေါ် ၌ အစင်းကြောင်းများ ထင်ကျန်ခြင်း၊ အရေပြားအောက်မှ ကြွက်သား၊ အရွတ်၊ အရိုးတို့ကို ဖိမိထားသကဲ့ဖြစ်ကာ ခြေ၊ လက် အင်္ဂါများ မွေးရာပါချို့ယွင်းမှုကို ဖြစ်စေသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းရခြင်း အကြောင်းရင်းများကို တိကျစွာ မသိရှိသော်လည်း အောက်ပါအချက်များသည် မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းချက်များနှင့် ဆက်နွယ်မှုရှိကြောင်း တွေ့ရသည်။
- မျိုးရိုးဗီဇပြောင်းလဲမှုများနှင့် ရောဂါစုများ
- ကိုယ်ဝန်ဆောင်ချိန် ရောဂါပိုးကူးစက်ခံရခြင်း
- ကိုယ်ဝန်ဆောင်ချိန်တွင် အချို့ဆေးဝါးများသောက်သုံးခြင်း၊ ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း
- သန္ဓေသားဖွံ့ဖြိုးချိန်အတွင်း ခြေ၊ လက်များသို့ သွေးစီးဆင်းမှုပြဿနာရှိခြင်း
- ခြေ၊ လက် ဖွံ့ဖြိုးမည့်နေရာအား ရေမြွှာအိတ်မှ တစ်ရှူးအပိုင်းအစများဖြင့် ဖိမိခြင်းတို့ဖြစ်သည်။
ဖြစ်ပွါးနိုင်ခြေများသူများ
အောက်ပါမိခင်များမှ မွေးဖွားသော ကလေးများတွင် မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းချက်များ ပိုမိုဖြစ်နိုင်သည်ကို တွေ့ရှိရသည်။
- ဆီးချိုရောဂါသည် ကိုယ်ဝန်ဆောင်များ
- ကိုယ်ခံအား မူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့် ဖြစ်ပေါ်သောရောဂါရှိခြင်း (Autoimmune disease)
- အချို့ဆေးဝါးများနှင့် မူးယစ်ဆေးသုံးစွဲသူမိခင်များ
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုရှိခဲ့သူများ
- ဓာတုပစ္စည်းနှင့်ထိတွေ့မှုများသူများ
- မိခင်၏ မိသားစုရာဇဝင်တွင် မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းမှုရှိသူများ
- အသက်ကြီးသော ကိုယ်ဝန်ဆောင်မိခင်များ
နောက်ဆက်တွဲပြဿနာများ
မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းမှုများတွင် အမျိုးအစား၊ ပြင်းထန်မှုနှင့် တည်နေရာပေါ်တွင် မူတည်၍ နောက်ဆက်တွဲ ပြဿနာအချို့ရှိသည်။ အချို့အခြေအနေများသည် ကလေးငယ်စဉ်ကာလတွင် စနစ်တကျ ကုသမှုခံယူနိုင်ပါက သက်သာပျောက်ကင်းနိုင်သည်။
- ခြေလက်အတိုအရှည် မညီခြင်းကြောင့် လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့တွင် အခက်အခဲ ရှိနိုင်သည်
- လက်ချောင်းများ ပုံပျက်ခြင်းရှိလျှင် ပစ္စည်းများကိုင်တွယ်ခြင်းနှင့် စာရေးခြင်းတွင် အခက်အခဲရှိနိုင်သည်
- ခြေ၊ လက် လုံးဝ မပါရှိခြင်း၊ တစ်စိတ်တစ်ပိုင်း မပါရှိခြင်းတို့တွင် ခြေ၊ လက် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ခြင်း မရှိနိုင်ပေ
- ကြွက်သားနှင့် အဆစ်များ ပုံပျက်ခြင်းအချို့သည် ကလေး လမ်းလျှောက်သည့် အရွယ်ရောက်ရှိသည့် အချိန်မှ ပုံမှန်လမ်းမလျှောက်နိုင်ခြင်း၊ မကြာခဏအဆစ်လွဲခြင်းများ ဖြစ်နိုင်သည်
- မွေးရာပါခြေခွင်ခြင်းကဲ့သို့ ချို့ယွင်းချက်သည် ငယ်ရွယ်စဉ် စနစ်တကျ ကုသမှုမခံယူလျှင် ပို၍ဆိုးရွားလာနိုင်သည်
- ကာလကြာရှည်သည်နှင့် မွေးရာပါချို့ယွင်းချက် မပါရှိသည့် ခြေ၊ လက်တွင် ဝန်ပိခြင်းကြောင့် အဆစ်များရောင်ခြင်း၊ ပုံပျက်ခြင်း စသည့် အခြေအနေများဖြစ်နိုင်သည်။ ခြေထောက်တစ်ဖက်တိုခြင်း ကြောင့် ကျောရိုးစောင်းလာခြင်း၊ ခါးနာလာခြင်း၊ ပွတ်တိုက်ခြင်းနှင့် ဖိအားကြောင့် အနာများဖြစ်လာခြင်း စသည်တို့လည်း ဖြစ်နိုင်သည်
- ခြေ၊ လက် အင်္ဂါချို့ယွင်းသည့် ကလေးငယ်များတွင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ စိတ်အားငယ်မှုများ ရှိနိင်သည်၊ ပြုပြင်ကုသနိုင်သည့် အခြေအနေများကို ကလေးငယ် သိတတ်သည့် အရွယ်မတိုင်မီ ကုသပေးနိုင်ခြင်းဖြင့် ကူညီရန်လိုသည်
- နှလုံးတည်ဆောက်ပုံ ချို့ယွင်းခြင်း၊ ခုခံအားဆိုင်ရာပျက်ယွင်းခြင်း၊ ဦးနှောက်အာရုံကြောချို့ယွင်းခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း စသည့် အခြားမွေးရာပါရောဂါ သို့မဟုတ် ရောဂါစုများ ယှဉ်တွဲနေခြင်းများလည်း ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အများစုသော မွေးရာပါ ခြေ လက် အင်္ဂါချို့ယွင်းမှု ရောဂါလက္ခဏာများကို မွေးဖွားသည့်အချိန်တွင် ချက်ချင်း သတိပြုမိနိုင်သည်။ သားဖွားမီးယပ်ဆရာဝန်မှ ကလေးအထူးကုများသို့ ချက်ချင်းလွှဲပြောင်းကုသရန် ညွှန်ကြားပါက လိုက်နာရန်လိုသည်။ မိဘများမှ သတိပြုမိလျှင်လည်း မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ အခြားမွေးရာပါရောဂါများရှိမရှိကို စမ်းသပ်စစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
ခြေ၊ လက် ရောင်ရမ်းနာကျင်ခြင်း၊ ခြေလက်လှုပ်ရှားနိုင်မှုမရှိခြင်း၊ အနာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ရှိပါက အရေးပေါ်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းမှုများကို အများအားဖြင့် ကလေးမွေးဖွားစဉ်ကတည်းက သတိပြုမိနိုင်သည်။ မိခင်၏ ကိုယ်ဝန်ဆောင်ချိန် ရာဇဝင်နှင့် ကလေးမွေးဖွားခြင်း ရာဇဝင်မေးမြန်းခြင်းတို့ကို ပြုလုပ်မည်။ ကလေး၏ ချို့ယွင်းမှုဖြစ်သော ခြေ၊ လက်တို့၏ လှုပ်ရှားမှုကိုဆန်းစစ်ကာ ကုသမှုအစီအစဉ်များကို ချမှတ်ပေးမည်။ အခြားမွေးရာပါချို့ယွင်းမှုများလည်း ယှဉ်တွဲပါဝင်နိုင်သဖြင့် နှလုံး၊ ကျောက်ကပ်၊ ကျောရိုးတို့ကို သေချာစွာစမ်းသပ်စစ်ဆေးမည်။ လိုအပ်ပါက ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်၍ စစ်ဆေးခြင်းများ ပြုလုပ်မည်။
ကုသခြင်း
မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းသည့်ရောဂါကို ဖြစ်စေသည့် ရောဂါအမျိုးအစားနှင့် ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး ကုသမှုများကွဲပြားနိုင်သည်။ ကလေးတစ်ဦးချင်း၏ ရောဂါအခြေအနေနှင့် လိုအပ်ချက်အရ သင့်လျော်သော ကုသမှုများပေးရသည်။ ကလေးအထူးကုဆရာဝန်များ၊ အရိုးအဆစ်ခွဲစိတ်ဆရာဝန်များ၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးဆရာဝန်နှင့် ပညာရှင်များ စသည်တို့၏ အကူအညီဖြင့် အချိန်ယူ ကုသရမည်ဖြစ်သောကြောင့် မိဘများအနေဖြင့် စိတ်ရှည်ရန်လိုသည်။
မခွဲစိတ်ဘဲကုသသည့် နည်းလမ်း
- ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများလုပ်ခြင်း
- နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှု အဆင်ပြေစေရန် ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများလုပ်ခြင်း
- အဆစ်တောင့်တင်းမှု ပြေလျော့စေရန် အဆစ်လေ့ကျင့်ခန်းများလုပ်ခြင်း
- အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်း
- ခြေတု လက်တုများ တပ်ဆင်အသုံးပြုခြင်းတို့ပြုလုပ်နိုင်သည်။
ခွဲစိတ်ကုသသည့် နည်းလမ်း
ခြေ၊ လက် ပုံသဏ္ဌာန်မမှန်ခြင်း၊ ခြေချောင်း လက်ချောင်းများ ပူးကပ်နေခြင်းတို့ကို ခွဲစိတ်ကုသမှုဖြင့် သက်သာပျောက်ကင်းစေသည်။ ခွဲစိတ်မှုပြုလုပ်သင့်သည့်အချိန်သည် ကလေး၏ကြီးထွားမှုနှင့် လိုအပ်ချက်ပေါ် မူတည်သဖြင့် သက်ဆိုင်ရာခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
စိတ်ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးမှု
ခြေ၊ လက် ချို့ယွင်းမှုခံစားနေရသည့် ကျောင်းနေအရွယ်ကလေးများ နှင့် ဆယ်ကျော်သက်များအတွက် သာမက မိဘများအတွက်ပါ အထောက်အကူပြုသဖြင့် ပြုလုပ်သင့်သည်။
ကာကွယ်ခြင်း
မွေးရာပါ ခြေ၊ လက် အင်္ဂါချို့ယွင်းမှု ဖြစ်ပွါးမှုအားလုံးကို ကာကွယ်မှုမပြုနိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွါးနှုန်းကို လျှော့ချနိုင်သည်။
- ကိုယ်ဝန်ဆောင်ချိန်အတွင်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးသုံးစွဲမှုကို ရှောင်ကြဉ်ခြင်း
- ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အာဟာရစားသုံးခြင်း
- သန္ဓေသားလောင်းကို ထိခိုက်စေနိုင်သော ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုကိုရှောင်ကြဥ်ခြင်း
- ကိုယ်ဝန်ဆောင်ချိန် ရောဂါပိုးမကူးစက်စေရန် ဂရုပြုနေထိုင်ခြင်းနှင့် ကူးစက်ပါက စနစ်တကျကုသခြင်း
- ဆီးချိုရောဂါကို စနစ်တကျကုသခြင်း
- မိသားစုအတွင်း ခြေ လက် အင်္ဂါချို့ယွင်းသူရှိပါက မျိုးဗီဇဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း
ကြိုတင်ကာကွယ်မှုများ ရှိသော်လည်း ရှောင်လွှဲမရနိုင်သည့် မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကြောင့် အချို့သော မွေးရာပါ ခြေလက်အင်္ဂါချို့ယွင်းမှု ဖြစ်ပွါးနိုင်သေးသည်။
References:
- Congenital hand differences. (2025). Cleveland Clinic. Retrieved May 16, 2025 from https://my.clevelandclinic.org/health/diseases/16890-congenital-hand-differences
- Pellegrino, J. (2024). Congenital limb anomalies. MSD Manual Professional Edition. Retrieved May 16, 2025 from https://www.msdmanuals.com/professional/pediatrics/congenital-musculoskeletal-anomalies/congenital-limb-anomalies
- Congenital limb differences | Boston Children’s Hospital. (n.d.). Retrieved May 16, 2025 from https://www.childrenshospital.org/conditions/congenital-limb-differences
Published: 30 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.