မျက်လုံးမှ အရောင်ခွဲခြားမြင်နိုင်စွမ်း မရှိခြင်းဆိုသည်မှာ မျက်လုံးအတွင်းရှိ အချို့သော အာရုံခံဆဲလ်များ (Cones) ပျက်စီးခြင်း သို့မဟုတ် ကောင်းစွာအလုပ်မလုပ်ခြင်းကြောင့် အရောင်များကို သာမန်လူများ၏ အမြင်ကဲ့သို့ မမြင်နိုင်ခြင်းဖြစ်သည်။ အရောင်ခွဲခြားမမြင်နိုင်ခြင်းဟုဆိုသော်လည်း အများစုတွင် လုံးဝမမြင်နိုင်ခြင်းမဟုတ်ဘဲ အချို့အရောင်များ (သို့မဟုတ်) အရောင်များ၏ တောက်ပမှုကို မခွဲခြားနိုင်ခြင်း ဖြစ်သည်။ အရောင်လုံးဝမမြင်ရဘဲ အဖြူအမည်းနှစ်ရောင်တည်းသာ မြင်ရသောအမျိုးအစားမှာမူ ရှားပါးသည်။ Color blindness ကို ဆေးပညာအခေါ်အဝေါ်အရ အရောင်မြင်မှုအားနည်းခြင်း (Color vision deficiency) ဟုလည်းခေါ်သည်။ မျက်လုံးမှ အရောင်ခွဲခြားမြင်နိုင်စွမ်း မရှိခြင်းသည် များသောအားဖြင့် မိခင်ဘက်မှ မျိုးရိုးလိုက်၍ ဖြစ်တတ်သောရောဂါဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် အရောင်လှိုင်းအလျားများ အားလုံးပါဝင်သော အလင်းတန်းသည် မျက်လုံးအတွင်းသို့ မျက်ကြည်လွှာ (Cornea) မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်ပြီး မျက်လုံးနောက်ဘက်ရှိ မြင်လွှာ (Retina) ၏ Macular ဧရိယာတွင်ရှိသည့် လှိုင်းအလျားကို အာရုံခံနိုင်သော ဆဲလ်များ (Cones) ဆီသို့ ရောက်ရှိသွားသည်။ အဆိုပါအာရုံခံဆဲလ်များ (Cones) များသည် (အပြာ)၊ (အစိမ်း) သို့မဟုတ် (အနီ) အရောင်များ၏ လှိုင်းအလျားများကို အာရုံခံနိုင်စွမ်းရှိသည်။ Cones များရှိ ဓာတုပစ္စည်းများသည် အရောင်အချက်အလက်များကို အာရုံကြောမှတစ်ဆင့် ဦးနှောက်ဆီသို့ ပို့ဆောင်ပေးသည်။
သို့သော် Cones ဆဲလ်များ ကောင်းစွာအလုပ်မလုပ်သည့် အခြေအနေများတွင် လူတစ်ယောက်သည် အနီရောင်၊ အစိမ်းရောင် (သို့မဟုတ်) အပြာရောင်များကို ခွဲခြားနိုင်မည်မဟုတ်ပါ။
ဖြစ်နိုင်ခြေများစေသောအကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော မွေးရာပါအရောင်ခွဲခြားမမြင်နိုင်ခြင်း
- များသောအားဖြင့် မိခင်၏ မျိုးရိုးဘက်မှ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်တတ်သည်
- အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍အဖြစ်များသည်
- ရောဂါ အပျော့စား၊ အလယ်အလတ် (သို့မဟုတ်) ပြင်းထန်သော ရောဂါအခြေအနေများ တွေ့ရသည်။
- မျိုးရိုးလိုက်၍ ဖြစ်သောအမျိုးအစားတွင် မွေးဖွားချိန်မှစ၍ မျက်လုံးနှစ်ဖက်စလုံး အရောင်ခွဲခြားမမြင်နိုင်ဘဲ ရောဂါပြင်းထန်မှုသည် တစ်သမတ်တည်းဖြစ်နေပြီး အချိန်နှင့်အမျှ ပိုဆိုးလာခြင်း သို့မဟုတ် သက်သာလာခြင်းမရှိပါ
- မျိုးရိုးလိုက်ခြင်းကြောင့်မဟုတ်ဘဲ အခြားအခြေအနေများကြောင့် အရောင်ခွဲခြားမမြင်နိုင်ခြင်း
- ရောဂါအခြေအနေများ
ဥပမာ_- ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ (Sickle cell anemia)
- ဆီးချိုရောဂါ
- အသက်အရွယ်ကြောင့် မျက်စိမှုန်ဝါးလာခြင်း (Macular degeneration)
- အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease)
- အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသည့် အဆီလွှာပျက်စီးသည့်ရောဂါ (Multiple sclerosis)
- ရေတိမ်ရောဂါ (Glaucoma)
- ပါကင်ဆန်ရောဂါ (Parkinson’s disease)
- နာတာရှည် အရက်စွဲခြင်း
- သွေးကင်ဆာ (Leukemia)
- မျက်လုံးထိခိုက်မှု၊ မျက်လုံးခွဲစိတ်မှုနှင့် ဓာတ်ရောင်ခြည်ကုထုံး (သို့မဟုတ်) လေဆာဖြင့် မျက်လုံးကုသမှုတို့ကြောင့် မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
- ရောဂါအခြေအနေများ
ထိုအခြေအနေများတွင် မျက်လုံးတစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုမိုထိခိုက်နိုင်ပြီး ရောဂါအခံကို ကုသနိုင်ပါက အရောင်အားနည်းခြင်း သက်သာစေသည်။
- ဆေးဝါးနှင့်ဓာတုပစ္စည်းများ
- ငှက်ဖျားရောဂါနှင့် အရိုးအဆစ်ရောင်ရောဂါများကို ကုသရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရိုကွင်း (Hydroxychloroquine) ဆေး
- အာရုံကြောစနစ်ကို ထိခိုက်စေသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ ဂဟေမီးရောင်များနှင့် ကြာရှည်စွာထိတွေ့ခြင်းတို့ကြောင့် ဖြစ်နိုင်သည်
ရောဂါလက္ခဏာများ
ရောဂါပြင်းထန်မှုပေါ်မူတည်၍ လက္ခဏာများ ကွာခြားနိုင်သလို လူတစ်ဦးနှင့်တစ်ဦးလည်း လက္ခဏာပုံစံများ မတူညီနိုင်ပါ။
အပျော့စားလက္ခဏာများ
- အရောင်ခွဲခြားရာတွင် အခက်အခဲရှိသော်လည်း သိသာထင်ရှားမှုနည်းပါးပြီး များသောအားဖြင့် သတိမထားမိတတ်ပါ
- ကလေးငယ်များတွင် အရောင်ဖြင့်ပြုလုပ်ထားသော သင်ကြားရေးပစ္စည်းများ (ဥပမာ _ ရောင်စုံခဲတံ၊ ဇယားများ)ကို ခွဲခြားရန် ခက်ခဲနိုင်သည်
ပြင်းထန်သောလက္ခဏာများ
- အလွန်ပြင်းထန်သော အမျိုးအစားများတွင် အောက်ပါတို့ကို တွေ့ရနိုင်သည်
- အရောင်လုံးဝမမြင်နိုင်ခြင်း (Complete color blindness)
- မျက်လုံးအိမ်တုန်ခါခြင်း (Nystagmus)
- အလင်းရောင်ကို မခံနိုင်ခြင်း (Photophobia)
လက္ခဏာများ၏ကွဲပြားမှု
- လူတစ်ဦးနှင့်တစ်ဦး လက္ခဏာပုံစံများ မတူညီနိုင်ပါ
- အဓိကတွေ့ရသော ပြဿနာများမှာ_
- အရောင်များကို မခွဲခြားနိုင်ခြင်း (ဥပမာ _ အနီနှင့် အစိမ်း၊ အပြာနှင့် အဝါ)
- အရောင်၏ အလင်းအမှောင် (Brightness) ကို မခွဲခြားနိုင်ခြင်း
- အရောင်၏ အနုအရင့် (Shades) ကို မမြင်နိုင်ခြင်းစသည်တို့ဖြစ်သည်။
အရောင်မမြင်သူများသည် အောက်ပါအတိုင်း မတူညီသော ရောဂါအမျိုးအစားများရှိနိုင်သည်။
- အနီရောင်နှင့် အစိမ်းရောင်ကို ခွဲခြားရန် ခက်သော Red-Green Color Vision deficiency
- အပြာရောင်နှင့် အဝါရောင်ကို ခွဲခြားရန် ခက်သော Blue-Yellow Color Vision deficiency
- အရောင်များကို မြင်နိုင်စွမ်းလုံးဝမရှိဘဲ အရောင်အားလုံးကို မီးခိုးရောင်အနေဖြင့်သာ မြင်နိုင်သော ပြင်းထန်သည့် အမျိုးအစား (Complete Color Vision deficiency)
နောက်ဆက်တွဲပြဿနာများ
- နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော အခက်အခဲများ
- အစားအစာများ ခွဲခြားရန် ခက်ခဲခြင်း _ အသီးအနှံများ မှည့်မမှည့် ခွဲခြားရန် ခက်ခဲခြင်း (ဥပမာ _ ငှက်ပျောသီး၊ ခရမ်းချဉ်သီး)၊ အသားများ ကျက်မကျက် ခွဲခြားရန် ခက်ခဲခြင်း သို့မဟုတ် အရောင်တူ အစားအစာများကို ခွဲခြားရန် ခက်ခဲခြင်း (ဥပမာ _ ခရမ်းချဉ်သီးဆော့စ်နှင့် ချောကလက်ဆော့စ်)
- အဝတ်အစားများရွေးရန် ခက်ခဲခြင်း _ အဝတ်အစားများ လိုက်ဖက်ညီအောင် ရွေးချယ်ရန် ခက်ခဲခြင်းကြောင့် အရောင်မတူသည်များ ရွေးချယ်မိခြင်းနှင့် အဝတ်အစားဝယ်ရာတွင် အခက်အခဲများ ကြုံတွေ့ရခြင်း
- နည်းပညာဆိုင်ရာ အခက်အခဲများ _ အီလက်ထရောနစ်ပစ္စည်းများရှိ အရောင်ဖြင့် ဖော်ပြထားသော LED မီးများကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် မှားယွင်းခြင်း (ဥပမာ _ အားသွင်းနေသည့် အခြေအနေ၊ Standby မီးစသည်) နှင့် Wifi ခလုတ်များ၊ TV ရှိ ခလုတ်များ၏ အရောင်မီးများကို နားလည်ရန် ခက်ခဲခြင်း
- လမ်းကြောင်းရှာဖွေခြင်းဆိုင်ရာ အခက်အခဲများ _ အရောင်ဖြင့် ခွဲခြားထားသော မြေပုံများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးပုံများနှင့် ဆိုင်းဘုတ်များကို နားလည်ရန် ခက်ခဲခြင်း
- ဘေးကင်းလုံခြုံရေးဆိုင်ရာ အခက်အခဲများ _ ယာဉ်လမ်းကြောရှိ မီးပွိုင့်များ၊ ကားဘရိတ်မီးများနှင့် သတိပေးဆိုင်းဘုတ်များ၏ အရောင်များကို ခွဲခြားရန် ခက်ခဲခြင်းကြောင့် အန္တရာယ်ရှိသော အခြေအနေများ ဖြစ်ပေါ်နိုင်ခြင်း
- တစ်ကိုယ်ရေဆိုင်ရာ အခက်အခဲများ _ မိတ်ကပ်ရွေးချယ်ရာတွင် ခက်ခဲခြင်း သို့မဟုတ် နေလောင်ခြင်း ရှိမရှိ သိရှိရန် ခက်ခဲခြင်း
- ဝါသနာဆိုင်ရာ အခက်အခဲများ _ အရောင်ခံစားမှုအပေါ် မူတည်သော လှုပ်ရှားမှုများတွင် ကန့်သတ်ချက်များရှိခြင်း (ဥပမာ _ ဥယျာဉ်စိုက်ပျိုးခြင်း၊ ပန်းချီဆွဲခြင်း၊ အချို့သော အားကစားများနှင့် ဗီဒီယိုဂိမ်းများ စသည်)
- ပညာရေးဆိုင်ရာ သက်ရောက်မှုများ
- သင်ကြားရေးပစ္စည်းများ _ စာသင်ခန်းများတွင် အသုံးပြုလေ့ရှိသော အရောင်ဖြင့် ခွဲခြားထားသည့် ဇယားများ၊ ဂရပ်များ၊ မြေပုံများနှင့် ပုံကားချပ်များကို အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲခြင်း၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေပြီး သင်ခန်းစာကို နားလည်ရန် အဟန့်အတား ဖြစ်စေနိုင်သည်
- ကျောင်းတွင်းလှုပ်ရှားမှုများ _ အရောင်ခြယ်ခြင်း၊ အရောင်ပြောင်းလဲမှု ပါဝင်သော သိပ္ပံစမ်းသပ်မှုများနှင့် အနုပညာပရောဂျက်များတွင် ပါဝင်ရန် အခက်အခဲများရှိခြင်း
- မိမိကိုယ်ကို တန်ဖိုးထားမှု _ အရောင်ခွဲခြားမမြင်နိုင်ကြောင်း မသိရှိသေးသော ကလေးများသည် ဉာဏ်ရည်နှေးကွေးသူများဟု မှားယွင်းစွာ ထင်မြင်ခံရခြင်း သို့မဟုတ် စိတ်ညစ်စရာများ ကြုံတွေ့ရခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေနိုင်သည်။
- အသက်မွေးဝမ်းကျောင်းဆိုင်ရာ သက်ရောက်မှုများ
- ကန့်သတ်ထားခံရသော အသက်မွေးဝမ်းကျောင်းအလုပ်များ _ တိကျသော အရောင်အမြင် လိုအပ်သော အချို့သော အသက်မွေးဝမ်းကျောင်းများ (ဥပမာ _ လေယာဉ်မှူး၊ လျှပ်စစ်ပညာရှင်၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ အိမ်တွင်းအလှဆင်သူ၊ ပန်းချီပညာရှင်၊ ဖက်ရှင်နှင့် သက်ဆိုင်သော အလုပ်များနှင့် နိုင်ငံတော် လုံခြုံရေးအဖွဲ့) ကို လုပ်ကိုင်ရန် အခက်အခဲရှိနိုင်သည်
- လုပ်ငန်းခွင်မှ အခက်အခဲများ _ အရောင်ဖြင့် ခွဲခြားထားသော အချက်အလက်များ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဘေးကင်းလုံခြုံရေး သတိပေးချက်များကို နားလည်ရန် ခက်ခဲခြင်း
- လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ
- စိတ်ပျက်ခြင်းနှင့် ရှုပ်ထွေးခြင်း _ အရောင်ခွဲခြားရန် အရေးကြီးသော အခြေအနေများကို မကြာခဏ ကြုံတွေ့ရခြင်းကြောင့် စိတ်ပျက်ခြင်းနှင့် ရှုပ်ထွေးခြင်းများ ခံစားရနိုင်သည်
- လူမှုဆက်ဆံရေးတွင် ခွဲခြားဆက်ဆံခံရခြင်း _ အချို့လူမှုရေးလှုပ်ရှားမှုများ (ဥပမာ _ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရောင်တူရာ ပစ္စည်းများ စုစည်းရခြင်း စသည့် လူမှုရေးဆိုင်ရာပြိုင်ပွဲများ) တွင်ပါဝင်ဆင်နွှဲရန် အခက်အခဲရှိခြင်းကြောင့် ရှောင်ဖယ်နေရခြင်း
- မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း _ အခြားသူများကဲ့သို့ အရောင်များကို မမြင်နိုင်ခြင်းအတွက် မိမိကိုယ်ကို ရှက်ရွံ့ခြင်း ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးငယ်များ ကျောင်းစမတက်ခင် အရောင်မြင်နိုင်စွမ်း စမ်းသပ်မှုအပါအဝင် မျက်စိစမ်းသပ်မှု ပြည့်စုံတိကျစွာ ပြုလုပ်သင့်သည်။ လူကြီးများတွင်လည်း အချို့အရောင်များကို ခွဲခြားရန် အခက်အခဲရှိသည်ဟု သံသယရှိပါက သို့မဟုတ် အရောင်မြင်နိုင်စွမ်း ပြောင်းလဲလာပါက စမ်းသပ်စစ်ဆေးမှုခံယူရန် မျက်စိဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
ရောဂါရှာဖွေခြင်း
မျက်စိအထူးကုဆရာဝန်များသည် အရောင်ကွဲပြားမှုဝေဒနာကို စစ်ဆေးရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်သည်။
- အီရှီဟာရာစစ်ဆေးမှု (Ishihara Test)
အသုံးအများဆုံးနည်းလမ်းဖြစ်ပြီး အနီ-အစိမ်း အရောင်မမြင်နိုင်ခြင်းကို အဓိကစစ်ဆေးသည်။
စစ်ဆေးပုံ _- ရောင်စုံအစက်များဖြင့် ဖော်ပြထားသော ကိန်းဂဏန်း (သို့မဟုတ်) ကလေးငယ်များအတွက် ရုပ်ပုံသဏ္ဌာန် ပါဝင်သည့် ကားချပ်များကို ပြသသည်
- လူနာမှ မြင်ရသည့် ကိန်းဂဏန်း (သို့မဟုတ်) ပုံကို ဖြေဆိုရသည်
- ပုံမှန်အမြင်အာရုံရှိသူများသာ မြင်နိုင်သော ကိန်းဂဏန်းများ၊ ပုံများနှင့် အရောင်မမြင်နိုင်သူများသာ မြင်နိုင်သော ကိန်းဂဏန်းများ၊ ပုံများ ပါဝင်သည်။
အားသာချက် _ ရိုးရှင်းပြီး (၅-၁၀) မိနစ်အတွင်း အဖြေရနိုင်သည်။
အီရှီဟာရာစစ်ဆေးမှု၏ ရလဒ်များအပေါ် မူတည်၍ ဆရာဝန်မှ ရောဂါကို အတည်ပြုရန် နောက်ထပ်စစ်ဆေးမှုများ ဆက်လက်စစ်ဆေးပြုလုပ်ပေးမည်ဖြစ်သည်။
- အခြားစစ်ဆေးနည်းများ
- Farnsworth D-15 Test – အပြာ-အဝါ အရောင်မမြင်နိုင်ခြင်းကို စစ်ဆေးရန် အသုံးပြုသည်။
- Anomaloscope – အနီ-အစိမ်း အရောင်မမြင်နိုင်မှုကို တိကျစွာ တိုင်းတာပေးနိုင်သည်။
စစ်ဆေးရန် သင့်တော်သောအသက်အရွယ်
အရောင်အမြင်အာရုံ ချို့ယွင်းမှုစစ်ဆေးခြင်းသည် အသက် (၄) နှစ်နှင့်အထက် ကလေးများအတွက် ယေဘုယျအားဖြင့် သင့်လျော်သည်။ အသက် (၄) နှစ်အရွယ်တွင် ကလေးအများစုသည် ၎င်းတို့မြင်သည့်အရာနှင့်ပတ်သက်သည့် မေးခွန်းများကို ဖြေဆိုနိုင်ပြီဖြစ်သည်။ သို့သော် ကလေးများတွင် ပထမဆုံး ရိုးရိုးမျက်လုံးစစ်ဆေးမှုကို (အသက် ၁ နှစ်မတိုင်မီ) စောစီးစွာ ပြုလုပ်သင့်သည်။
ကုသခြင်း
လက်ရှိတွင် မွေးရာပါအရောင်ခွဲခြားမမြင်နိုင်သော သူများအတွက် ဆေးဖြင့်ကုသပျောက်ကင်းစေမည့် နည်းလမ်း မရှိပါ။ သို့သော် အသက်အရွယ်ကြီးသူများတွင် အရောင်ခွဲခြားမမြင်ခြင်း လက္ခဏာများရှိပါက အကြောင်းရင်းခံရောဂါကို ရှာဖွေကုသခြင်းဖြင့် အရောင်အမြင်အာရုံကို တိုးတက်စေနိုင်သည်။ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း နေ့စဥ်ပုံမှန် သွားလာလှုပ်ရှားမှုများတွင် အဆင်ပြေစေရန် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်သည်။
- အရောင်ပါသော အရာဝတ္ထုများ၏ အစီအစဉ်ကို မှတ်သားခြင်း (ဥပမာ _ လမ်းမီးပွိုင့်များ၏ အရောင်အစဉ်လိုက်ကို မှတ်သားထားခြင်း)
- တွဲဖက်ဝတ်ဆင်လိုသော အရောင်ပါအဝတ်အစားများကို တံဆိပ်ကပ်ခြင်း၊ ဗီရို သို့မဟုတ် အံဆွဲထဲ၌ အရောင်ဆင်တူအဝတ်အစားများကို နီးနီးကပ်ကပ် စီထားခြင်း
- အရောင်ခွဲခြားနိုင်သော အက်ပ်ပလီကေးရှင်းများနှင့် အထူးပြုလုပ်ထားသော မျက်မှန်၊ မျက်ကပ်မှန်များကဲ့သို့သော အထောက်အကူပြု နည်းပညာများကို အသုံးပြုခြင်း
- အရောင်ခွဲခြားမမြင်သူများစုပေါင်း၍ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အချင်းချင်းဆက်သွယ်၍ စိတ်ပိုင်းဆိုင်ရာ အားပေးမှုနှင့် လက်တွေ့ကျသော အကြံဉာဏ်များကို မျှဝေပေးခြင်း
ကာကွယ်ခြင်း
မွေးရာပါအရောင်ခွဲခြားမမြင်ခြင်းရောဂါကို ကာကွယ်၍မရနိုင်ပါ။ သို့သော် အသက်ကြီးသူများတွင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး အရောင်ခွဲခြားမမြင်ခြင်း ဖြစ်စေနိုင်သည့် အကြောင်းရင်းခံရောဂါများကို ကုသခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။
References:
- Color blindness – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved May 10, 2025 from https://www.mayoclinic.org/diseases-conditions/colour-blindness/diagnosis-treatment/drc-20354991
- Color blindness: Types, causes & treatment. (n.d.). Cleveland Clinic. Retrieved May 10, 2025 from https://my.clevelandclinic.org/health/diseases/11604-color-blindness
- What is color blindness? (2024). American Academy of Ophthalmology. Retrieved May 10, 2025 from https://www.aao.org/eye-health/diseases/what-is-colour-blindness
- Eye and Vision Conditions. (n.d.). AOA. Retrieved May 10, 2025 from https://www.aoa.org/healthy-eyes/eye-and-vision-conditions/colour-vision-deficiency
- National Eye Institute. (2024). Color blindness | National Eye Institute. Retrieved May 10, 2025 from https://www.nei.nih.gov/learn-about-eye-health/eye-conditions-and-diseases/color-blindness
- Colour Blind Awareness. (2022). Living with Colour Vision Deficiency – Colour Blind Awareness. Retrieved May 10, 2025 from https://www.colourblindawareness.org/colour-blindness/living-with-colour-vision-deficiency/
- Living with Colour Blindness | Help & Support. (n.d.). GD Site. Retrieved May 10, 2025 from https://www.guidedogs.org.uk/getting-support/information-and-advice/eye-conditions/colour-blindness/living-with-colour-blindness/#:~:text=Join%20a%20support%20group%20to,tips%20and%20ways%20of%20managing
Published: 30 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.