လျှာခင်တွဲဆက်ခြင်းဆိုသည်မှာ လျှာ၏အောက်ဘက်မှ ပါးစပ်အောက်ခြေသို့ ဆက်ထားသော တစ်ရှူးအမြှေးပါး (လျှာခင် သို့မဟုတ် frenulum) ပုံမှန်ထက်တို၍ ထူပြီးတင်းမာနေသော မွေးရာပါ အခြေအနေတစ်ခုဖြစ်သည်။ ဤအခြေအနေကြောင့် လျှာ၏လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေသည်။
လျှာသည် ၄င်း၏လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် ခံတွင်း၏ နေရာအနှံ့သို့ လှုပ်ရှားရောက်ရှိနိုင်ရန် လိုအပ်သည်။ ထိုသို့ လှုပ်ရှားနိုင်မှု အပြည့်အဝရှိမှသာ စကားပြောသည့်အခါ မတူညီသောအသံများကို ထွက်ရှိစေနိုင်သည်။ ထို့အပြင် အစာမျိုချရာတွင်လည်းကောင်း၊ ပါးစပ်ကိုသန့်ရှင်းစေရန် အစာအကြွင်းအကျန်များကို ဖယ်ရှားရာတွင်လည်းကောင်း အထောက်အကူပြုနိုင်သည်။
ကလေးငယ်များတွင် လျှာခင်တွဲဆက်နေခြင်းကြောင့် မိခင်နို့တိုက်ကျွေးခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်၊၊ ထို့အပြင် ကလေးစကားပြောမပီခြင်း၊ သွားများမညီညာခြင်းနှင့် သွားဖုံးများကျုံ့ခြင်းစသော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်စေနိုင်သည်၊၊ သို့သော် စကားပြောနောက်ကျခြင်းသည် လျှာခင်တွဲဆက်ခြင်းကြောင့် မဟုတ်ပါ။
မပြင်းထန်သောအနေအထားတွင် လျှာဖျားထိပ်တွင်သာ သေးငယ်သည့် တစ်ရှူးအမြှေးပါးဖြင့် တွဲဆက်နေနိုင်သည်။ ပို၍တွဲဆက်နေသောအနေအထားတွင်မူ လျှာ၏အောက်ခြေတစ်ခုလုံးသည် ပါးစပ်အောက်ခြေနှင့် ကပ်နေနိုင်သည်။ မွေးကင်းစကလေးငယ်များ၏ (၁၀%) ခန့်တွင် လျှာခင်တွဲဆက်ခြင်း ဖြစ်ပွါးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လျှာခင်တွဲဆက်ခြင်းသည် မွေးရာပါအခြေအနေတစ်ခုဖြစ်ပြီး လျှာခင်သည် သန္ဓေသားဘဝတွင် လျှာနှင့်ကွာသွားခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့သို့ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို အတိအကျမသိနိုင်သော်လည်း မျိုးဗီဇနှင့်သက်ဆိုင်သည်ဟု ယူဆရသည်။ လျှာခင်တွဲဆက်ခြင်းသည် ယေဘုယျအားဖြင့် အခြားသောရောဂါများနှင့် ဆက်စပ်မှုမရှိဘဲ သီးခြားအခြေအနေတစ်ခုအဖြစ် တွေ့ရသော်လည်း တစ်ခါတစ်ရံတွင် အချို့သောရောဂါစု (Syndrome) များ၏ လက္ခဏာတစ်ခုအနေဖြင့် တွေ့ရတတ်သည်။
လျှာခင်တွဲဆက်ခြင်းသည် လူတိုင်းဖြစ်နိုင်သော်လည်း ယောက်ျားလေးများသည် မိန်းကလေးများထက် ပိုဖြစ်ကြောင်းတွေ့ရသည်။ မိသားစုမျိုးရိုးရှိသူများတွင်လည်း ပိုဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
မွေးကင်းစကလေးငယ်များတွင် လျှာခင်တွဲဆက်နေခြင်းကြောင့် မိခင်နို့စို့ရာတွင်လည်းကောင်း နို့ဘူးစို့ရာတွင်လည်းကောင်း အခက်အခဲများရှိနိုင်သည်။ တွေ့နိုင်သော လက္ခဏာများမှာ_
- နို့သီးခေါင်း သို့မဟုတ် နို့ဘူးထိပ်ကို ကောင်းစွာမငုံနိုင်ခြင်း
- ပုံမှန်ထက်ကြာရှည်စွာ နို့တိုက်ရန်လိုခြင်း၊ မကြာခဏတိုက်ရခြင်း
- နို့စို့ရာတွင် ပါးစပ်ဘေးမှ နို့ပြန်စီးကျခြင်း
- နို့စို့ချိန်တွင် ချောင်းဆိုးခြင်း၊ သီးခြင်း၊ ဆူညံသံများကြားရခြင်း
- တစ်ကြိမ်လျှင် ပမာဏအနည်းငယ်သာ စို့နိုင်ခြင်း
- နို့တိုက်ကျွေးချိန်တွင် စိတ်အလိုမကျဖြစ်ခြင်း
- အချိန်ပြည့် ဗိုက်ဆာနေသကဲ့သို့ ဖြစ်နေခြင်း
- ကိုယ်အလေးချိန်ကျလာခြင်း၊ ကိုယ်အလေးချိန်တက်ရန် ခက်ခဲခြင်း စသည်တို့ဖြစ်သည်။
ကလေးကြီးများတွင်
- “တ”၊ “သ”၊ “ဒ”၊ “ရ”၊ “လ” နှင့် “စ” ကဲ့သို့သော အချို့အသံများကို ပီသစွာမထွက်နိုင်ခြင်း
- အစာမျိုရခက်ခဲခြင်း
- လျှာကို ကောင်းစွာမလှုပ်ရှားနိုင်ခြင်း (လျှာထုတ်ရန်ခက်ခဲခြင်း၊ ဘေးတိုက်ရွှေ့ရန် အခက်အခဲရှိခြင်း)
- လေမှုတ်တူရိယာပစ္စည်းများကို ကောင်းမွန်စွာမတီးမှုတ်နိုင်ခြင်း စသည့်လက္ခဏာများကို တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
လျှာခင်တွဲဆက်ခြင်းသည် ယေဘုယျအားဖြင့် ပြင်းထန်သောနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် အချို့အခြေအနေများတွင် အချိန်မီကုသမှုမပြုပါက ကလေးငယ်၏ လျှာဖွံ့ဖြိုးမှု၊ စားသောက်ပုံ၊ စကားပြောပုံနှင့် မျိုချပုံတို့ကို ထိခိုက်စေနိုင်သည်။ ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ကြီးထွားမှုနှောင့်နှေးခြင်း _ နို့တိုက်ရာတွင် ကလေး၏လျှာသည် အောက်သွားဖုံးပေါ်တွင် ရှိနေမှသာ နို့သီးခေါင်းကို ကောင်းမွန်စွာ စုပ်နိုင်မည်ဖြစ်သည်။ အကယ်၍ လျှာကို ကောင်းမွန်စွာလှုပ်ရှားနိုင်ခြင်း မရှိပါက သို့မဟုတ် မှန်ကန်သောအနေအထားတွင် ထိန်းထားနိုင်ခြင်း မရှိပါက နို့သီးခေါင်းကို မစုပ်နိုင်ဘဲ ဝါးနေမည်ဖြစ်သည်။ ထိုသို့ဖြစ်ပါက နို့သီးခေါင်းနာကျင်မှုကို ဖြစ်စေပြီး နို့ရည်ရရှိမှု အခက်အခဲ ဖြစ်နိုင်သည်။ နို့ကောင်းစွာမရရှိခြင်းကြောင့် အာဟာရမလုံလောက်ခြင်းနှင့် ကြီးထွားမှု နှောင့်နှေးခြင်းတို့ကို ဖြစ်စေနိုင်သည်။
- စကားပြောရာတွင် အခက်အခဲဖြစ်ခြင်း _ အချို့သော စကားလုံးများ၏ အသံထွက်ကို ပီသစွာ မပြောနိုင်ခြင်းများ ဖြစ်စေနိုင်သည်။
- ခံတွင်းသန့်ရှင်းရေး ပြဿနာများဖြစ်နိုင်ခြင်း _ ကလေးကြီးများ သို့မဟုတ် လူကြီးများတွင် လျှာခင်တွဲနေခြင်းကြောင့် သွားများမှ အစာအကြွင်းအကျန်များကို ဖယ်ရှားရန် အခက်အခဲဖြစ်စေနိုင်ပြီး သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ခြင်းများကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးငယ်များတွင် နို့တိုက်ရာတွင် အခက်အခဲဖြစ်ခြင်း၊ ကလေးကြီးများတွင် စကားပြောရာတွင် အခက်အခဲဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာအထူးကုဆရာဝန်မှ စားသောက်မှုပုံစံအကြောင်းမေးမြန်းခြင်း၊ လျှာ၊ ပါးစပ်နှင့် သွားကို စမ်းသပ်စစ်ဆေးခြင်း၊ ကလေးငယ်များတွင် နို့စို့သည့်အနေအထားကို ကြည့်ရှုခြင်းဖြင့်ပင် ရောဂါကိုသိရှိနိုင်သည်။ ဓာတ်ခွဲစစ်ဆေးမှုများ အထူးတလည်ပြုလုပ်ရန် မလိုအပ်ပါ။
ကုသခြင်း
လျှာခင်တွဲဆက်ခြင်းကို ကုသရာတွင် ကလေးတစ်ယောက်နှင့်တစ်ယောက် ထပ်တူညီမှုမရှိပါ။ အချို့တွင် ခွဲစိတ်ပြုပြင်ရန်လိုအပ်သော်လည်း အချို့တွင် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန်သာ လိုအပ်သည်။ လျှာခင်သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းလျော့လာပြီး လျှာခင်တွဲဆက်ခြင်း အလိုအလျောက် သက်သာသွားသည်များလည်းရှိသည်။ အချို့အခြေအနေများတွင် လျှာခင်တွဲဆက်ခြင်း မလျော့သွားသော်လည်း နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာခြင်းမရှိသည်လည်း ဖြစ်နိုင်သည်။ ထိုအခြေအနေများတွင် ခွဲစိတ်ရန်မလိုဘဲ စကားပြောကုထုံးပညာရှင်ဖြင့် အသံထွက်များ တိုးတက်ကောင်းမွန်လာစေရန် လေ့ကျင့်ပေးခြင်း သို့မဟုတ် နို့စို့ကလေးများတွင် ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်၍ နို့စို့သည့် ပုံစံပြောင်းကျင့်ပေးခြင်း၊ နို့တိုက်သည့်နည်းလမ်း ပြောင်းပေးခြင်းဖြင့်ပင် အဆင်ပြေနိုင်သည်။
သို့ရာတွင် နို့စို့ကလေးငယ်များတွင် နို့စို့ရာတွင် အခက်အခဲများရှိခြင်း သို့မဟုတ် ကလေးကြီးများတွင် စကားပြောရာတွင် အခက်အခဲဖြစ်ခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်ခြင်းများ ရှိပါက ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်နိုင်သည်။
ခွဲစိတ်မှုပြုလုပ်ရာတွင် ကလေး၏အသက်အရွယ်နှင့် လျှာခင်တွဲဆက်ခြင်း အနေအထားပေါ်မူတည်၍ ဆရာဝန်၏ဆေးခန်းတွင်ဖြစ်စေ၊ ခွဲစိတ်ခန်းတွင်ဖြစ်စေ ပြုလုပ်နိုင်သည်။ လျှာခင်တွဲဆက်ခြင်းကို အောက်ပါနည်းလမ်းနှစ်မျိုးဖြင့် ခွဲစိတ်ပြုပြင်နိုင်သည်။
- Frenotomy (လျှာခင်ဖြတ်ခြင်း) _ ရိုးရှင်းသောခွဲစိတ်ပြုပြင်မှုတစ်ခုဖြစ်ပြီး မွေးကင်းစကလေးငယ်များတွင် ဆေးခန်း သို့မဟုတ် ဆေးရုံရှိ ကလေးလူနာခန်းတွင်ပင် ပြုလုပ်နိုင်သည်။ ဆရာဝန်မှ လျှာခင်ကိုစစ်ဆေးပြီး ပိုးသတ်ထားသော ကတ်ကြေးကိုအသုံးပြု၍ လျှာခင်ကို ဖြတ်လိုက်မည် ဖြစ်သည်။ ထိုပြုပြင်မှုသည် မြန်ဆန်ပြီး သွေးထွက်လေ့မရှိပါ။ ထုံဆေးအသုံးပြုရန်လည်း မလိုအပ်ပါ။ လျှာခင်တွင် အာရုံကြောများနှင့် သွေးကြောများ အနည်းငယ်သာရှိသောကြောင့် နာကျင်မှုအနည်းငယ်သာ ခံစားရနိုင်သည်။ ခွဲစိတ်မှုပြီးပါက စောင့်ဆိုင်းနေစဥ်အတွင်း မိခင်နို့တိုက်ကျွေးနိုင်သည်။ မိခင်နို့သည် နာကျင်မှုကိုသက်သာစေပြီး ပိုးသတ်ဆေးအဖြစ်လည်း လုပ်ဆောင်ပေးသည်။
- Frenuloplasty (လျှာခင်ခွဲစိတ်ပြုပြင်ခြင်း) _ လျှာခင်သည် လျှာခင်ဖြတ်ခြင်းပြုလုပ်ရန်အတွက် အလွန်ထူနေပါက Frenuloplasty ဟုခေါ်သော ခွဲစိတ်ပြုပြင်ခြင်းကို ပြုလုပ်နိုင်သည်။ ထိုခွဲစိတ်မှုကို မေ့ဆေးပေး၍ပြုလုပ်ရန်လိုပြီး လျှာခင်ကိုဖြတ်ရန်အတွက် ခွဲစိတ်ကိရိယာများကို အသုံးပြုရမည် ဖြစ်သည်။ လျှာခင်ဖြတ်ပြီးပါက ဒဏ်ရာကို ရက်သတ္တပတ်အနည်းငယ်အတွင်း အလိုအလျောက် ပျော်ဝင်နိုင်သော ချုပ်ကြိုးကိုအသုံးပြု၍ ပြန်ပိတ်မည်ဖြစ်သည်။ ခွဲစိတ်သည့်နေ့တွင်ပင် အိမ်ပြန်နိုင်မည်ဖြစ်ပြီး ဆေးရုံတက် စောင့်ကြည့်ရန် မလိုအပ်ပါ။ ထို့နောက်တွင် ချုပ်ရိုးအနာကို ကြည့်ရန်အတွက် ရက်ချိန်းပြန်လည်ပြသရန်လိုအပ်သည်။
ခွဲစိတ်မှုနှစ်ခုလုံးသည် သမားရိုးကျခွဲစိတ်မှုများဖြစ်ပြီး ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် တစ်ခါတစ်ရံတွင် သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ အမာရွတ်ဖြစ်ခြင်း သို့မဟုတ် လျှာ သို့မဟုတ် တံတွေးဂလင်းကို ထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်။
လျှာခင်ခွဲစိတ်ပြုပြင်ခြင်းပြီးပါက လျှာ၏လှုပ်ရှားမှုများကို တိုးတက်စေရန်၊ အမာရွတ်ဖြစ်ခြင်းကို လျော့ကျစေရန် လျှာလှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ရနိုင်သည်။ အချို့ကလေးများတွင် အသံထွက်မပီသခြင်းများကို ပြုပြင်ရန်အတွက် စကားပြောကုထုံးပညာရှင်နှင့် ပြသရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
မွေးရာပါရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်၍မရပါ။ အရေးကြီးဆုံးမှာ ရောဂါလက္ခဏာများကို စောစီးစွာသတိထားမိ၍ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ရန် မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် အချိန်မီပြသ ကုသမှုခံယူခြင်းပင်ဖြစ်သည်။
References:
- Tongue-Tie (Ankyloglossia). (2025). Cleveland Clinic. Retrieved May 14, 2025, from https://my.clevelandclinic.org/health/diseases/17931-tongue-tie-ankyloglossia
- Tongue-tie (ankyloglossia) – Symptoms and causes. (n.d.). Mayo Clinic. Retrieved May 14, 2025, from https://www.mayoclinic.org/diseases-conditions/tongue-tie/symptoms-causes/syc-20378452
- Moore, W. (2023). Tongue-Tie in babies. WebMD. Retrieved May 14, 2025, from https://www.webmd.com/children/tongue-tie-babies
- Philadelphia, C. H. O. (n.d.). Ankyloglossia (Tongue tie). Children’s Hospital of Philadelphia. Retrieved May 14, 2025, from https://www.chop.edu/conditions-diseases/ankyloglossia-tongue-tie
Published: 30 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.