Contact Dermatitis (ထိတွေ့ပစ္စည်းများကြောင့် အရေပြားရောင်ရမ်းခြင်း)

Contact Dermatitis (ထိတွေ့ပစ္စည်းများကြောင့် အရေပြားရောင်ရမ်းခြင်း)

အရေပြားရောင်ရမ်းခြင်း (Contact Dermatitis) သည် လူတိုင်းနီးပါး ကြုံတွေ့နိုင်သော အဖြစ်များသည့် အရေပြားပြဿနာတစ်ခုဖြစ်သည်။ နေ့စဉ်ဘဝတွင် အသုံးပြုသော ဆပ်ပြာ၊ အလှကုန်၊ သန့်ရှင်းရေးပစ္စည်းများ၊ လက်ဝတ်ရတနာ သို့မဟုတ် အချို့သောအပင်များနှင့် ထိတွေ့မိပါက အရေပြား ယားယံခြင်း၊ နီရဲရောင်ရမ်းခြင်း၊ အဖုအပိမ့်ထွက်ခြင်းစသည့် တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်သည်။

အရေပြားရောင်ရမ်းခြင်းတွင် ဓာတ်မတည့်မှုကြောင့်ဖြစ်သော အမျိုးအစား (Allergic) နှင့် ထိတွေ့ပစ္စည်း၏ ပြင်းထန်မှုကြောင့်ဖြစ်သော အမျိုးအစား (Irritant) ဟူ၍ အဓိကနှစ်မျိုး ခွဲခြားနိုင်ပြီး ရောဂါလက္ခဏာများနှင့် ကာကွယ်ကုသနည်းများကို သိရှိထားခြင်းဖြင့် နေ့စဉ်ဘဝတွင် ပိုမိုသတိထားနိုင်မည်ဖြစ်သည်။

  1. ဓာတ်မတည့်မှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း (Allergic Contact Dermatitis)
    ဤအမျိုးအစားသည် ဓာတ်မတည့်သောပစ္စည်းများ (ဥပမာ – နီကယ်၊ အမွှေးနံ့သာပါသည့်ပစ္စည်းများ၊ အချို့သောအပင်များ) နှင့် အရေပြားထိတွေ့ပါက ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိတွေ့ပြီး နာရီအနည်းငယ်မှ ရက်အတန်ကြာအချိန်အတွင်း ယားယံခြင်း၊ အရေပြားနီရဲရောင်ရမ်းခြင်း၊ အဖုအပိမ့်ထွက်ခြင်းစသော လက္ခဏာများဖြစ်ပေါ်လာသည်။
  2. အရေပြားကိုထိခိုက်စေသော ပစ္စည်းများကြောင့်ဖြစ်သည့် အရေပြားရောင်ရမ်းခြင်း (Irritant Contact Dermatitis)
    ဤအမျိုးအစားမှာပြင်းထန်သော ဓာတုပစ္စည်းများ (ဆပ်ပြာ၊ အိမ်သန့်ရှင်းရေးဆေးရည်၊ အက်စစ်) သို့မဟုတ် မသန့်ရှင်းသောအရာများနှင့် တိုက်ရိုက်ထိတွေ့မိပါက မိနစ်ပိုင်းအတွင်း (သို့မဟုတ်) ချက်ချင်းဖြစ်ပေါ်တတ်သည်။ အဓိကလက္ခဏာများမှာ ပူစပ်ပူလောင်ခံစားရခြင်း၊ အရေပြားခြောက်သွေ့ကွဲအက်ခြင်း၊ နီရဲယားယံခြင်းတို့ဖြစ်သည်။
Contact dermatitis image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. ဓာတ်မတည့်မှုကြောင့်ဖြစ်သော အကြောင်းရင်းများ (Allergic Causes)
    (မှတ်ချက် _ ဤအမျိုးအစားတွင် နာရီ၊ ရက်အနည်းငယ်ကြာမှ လက္ခဏာများ ထွက်ပေါ်တတ်သည်)
    • နီကယ် (လက်ဝတ်ရတနာများ၊ ခါးပတ်ချိတ်များ၊ နာရီကြိုးများ)
    • အချို့သော ရေမွှေး၊ ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်ရည်များ
    • အချို့သော မိတ်ကပ်နှင့် အလှပြင်ပစ္စည်းများ၊ ဆံပင်ဆိုးဆေးများ
    • ဆေးရုံ၊ ဆေးခန်းသုံး Latex ပါဝင်သည့် ရာဘာလက်အိတ်များ
    • ဆေးဝါးများ (အထူးသဖြင့် ပိုးသတ်ဆေးပါဝင်သောလိမ်းဆေးများ)
    • မှိုတက်သည့်အပင်များ
  2. အရေပြားကိုထိခိုက်စေသော ပစ္စည်းများ (Irritant Causes)
    (မှတ်ချက် _ ဤအမျိုးအစားတွင် ချက်ချင်း မိနစ်ပိုင်းအတွင်း လက္ခဏာပြတတ်သည်)
    • ဆပ်ပြာ (အထူးသဖြင့် ဓာတုပစ္စည်းများစွာပါသော ဆပ်ပြာများ)
    • ဘိလပ်မြေ၊ အုတ်မှုန့်များ
    • ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ
    • ဓာတုဆေးများ (အက်စစ်၊ အယ်ကာလီဆေးရည်များ)
    • အစွန်းချွတ်ဆေးနှင့် အခြားအိမ်သန့်ရှင်းရေးဆေးရည်များ
    • လေထုညစ်ညမ်းမှု (ဖုန်မှုန့်များ၊ ဓာတုမှုန်များ)
  3. နေရောင်နှင့်ဓာတ်ပြုမှုကြောင့်ဖြစ်သော အကြောင်းရင်းများ (Photoallergic Causes)
    (မှတ်ချက် _ နေရောင်ခြည်နှင့်ထိတွေ့မှသာ လက္ခဏာပြတတ်သည်)
    • နေရောင်ကာခရင်မ်အချို့နှင့် အလှပြင်ပစ္စည်းများ

ဖြစ်နိုင်ခြေများသောအခြေအနေများ
အောက်ပါလုပ်ငန်းများတွင်လုပ်ကိုင်နေသူများသည် ဓာတုပစ္စည်းများ၊ လက်အိတ်များနှင့် ထိတွေ့မှုများခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်ခြေပိုများသည်။

  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ပညာရှင်များ (အထူးသဖြင့် သွားဘက်ဆိုင်ရာဆရာဝန်များ)
  • ဆံပင်ကျွမ်းကျင်ပညာရှင်များ၊ အလှအပရေးရာပညာရှင်များ
  • ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ
  • စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ
  • ပန်းအလှပြင်သူများ
  • အစားအသောက် ပြင်ဆင်ချက်ပြုတ်သူများ
  • စက်ပစ္စည်းများကို ကိုင်တွယ်ပြင်ဆင်ရသူများနှင့်
  • သန့်ရှင်းရေးလုပ်ငန်း လုပ်ကိုင်သူများ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

ခန္ဓာကိုယ်၊ အရေပြားနှင့်ထိတွေ့မိသော အရာဝတ္ထုများပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။

  • ထိတွေ့သောနေရာတွင် ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများ
    • နီရဲ၍ယားယံလာခြင်း
    • အဖုအပိမ့်များ၊ အရည်ကြည်ဖုများထွက်ခြင်း
    • ရောင်ရမ်းခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း
    • အရေပြားခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်း၊ အသားအရေမွဲခြောက်၍ အသားရောင် ပြောင်းလဲခြင်း (အသားဖြူသူများတွင် ပိုတွေ့ရသည်)
  • ပြင်းထန်သောရောဂါလက္ခဏာများ
    • ဖျားခြင်း
    • ပြည်တည်ခြင်း (ကုတ်ဖဲ့ထားခြင်းကြောင့် ပိုးဝင်သောလက္ခဏာ)
    • အသက်ရှူကျပ်ခြင်း (အထူးသဖြင့် မီးလောင်ထားသော အပင်များ၏ မီးခိုးငွေ့ကို ရှူမိခြင်း) တို့ကိုတွေ့နိုင်သည်။

ကလေး၊ လူကြီးအသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သည်။ သိပ်မပြင်းထန်ပါက (၂ – ၃) ပတ်အတွင်း သက်သာသွားနိုင်သည်။

Contact dermatitis image 2
နောက်ဆက်တွဲပြဿနာများ
  • အရေပြားပိုးဝင်ခြင်း၊ ပိုးဆိပ်တက်ခြင်း (ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားမကောင်းသော နာတာရှည်ရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်တတ်သည်)
  • အရေပြားထူခြင်း၊ အရောင်ပြောင်းလာခြင်း (ထပ်ခါထပ်ခါ ကုတ်ဖဲ့ခြင်းကြောင့် အရေပြားများထူလာပြီး အရောင်ပြောင်းလာတတ်သည်)
  • ဓာတ်မတည့်ပစ္စည်းများကို ထိတွေ့မိ၍ ကိုယ်ခံအားတုံ့ပြန်စနစ်ကြောင့် ပြင်းထန်သောဓာတ်မတည့်ခြင်း (Anaphylaxis) များဖြစ်ပေါ်လာခြင်း
  • ဓာတ်မတည့်သောအရာများကြောင့် ပန်းနာရင်ကျပ်ရောဂါများဖြစ်လာခြင်း
  • နှင်းခူပေါက်လာနိုင်ခြင်းနှင့် ရှိပြီးသားနှင်းခူလက္ခဏာများ ပိုမိုဆိုးဝါးလာနိုင်ခြင်း
  • ယားယံခြင်းကြောင့် အိပ်ရေးပျက်၍ အားအင်ချည့်နဲ့လာခြင်း
  • နေ့စဥ်ပုံမှန်သွားလာနေထိုင်မှုတွင် ခက်ခဲလာခြင်းနှင့်
  • စိတ်ကျရောဂါများ ဖြစ်ပေါ်လာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အဖုအပိန့်များ (၃) ပတ်ကျော်သည့်တိုင်အောင် မပျောက်ကင်းလျှင်၊ မျက်နှာ၊ ပါးစပ်နှင့် လိင်အင်္ဂါအနားတစ်ဝိုက်တွင် ယားယံခြင်းများဖြစ်ပေါ်ခဲ့လျှင်၊ ပြင်းထန်သော ရောဂါလက္ခဏာများ ပေါ်ပေါက်လာလျှင်နှင့် အထက်ပါနောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာသည်ဟု သံသယရှိလာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သော စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုစစ်ဆေးခြင်းများ ပြုလုပ်၍ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ ရောဂါရာဇဝင်၊ ရောဂါလက္ခဏာများနှင့် ထိတွေ့မှုရာဇဝင်ကို အခြေခံ၍ ရောဂါသတ်မှတ်နိုင်သည်။ အရေပြားပေါ်တွင် ဓာတ်မတည့်စေသောပစ္စည်းများကို ဓာတ်မတည့်စစ်ဆေးခြင်း (Allergen Patch Test) ဖြင့် လိုအပ်လျှင် စစ်ဆေးမှုများပြုလုပ်နိုင်သည်။

ကုသခြင်း

အရေပြားရောင်ရမ်းခြင်း၏ အဓိကကုသမှုနည်းလမ်းမှာ ဓာတ်မတည့်သော ပစ္စည်းများ၊ အရေပြားထိခိုက်စေသော မသန့်ရှင်းသည့်ပစ္စည်းများနှင့် ခန္ဓာကိုယ် (သို့မဟုတ်) အရေပြားကို ထိတွေ့‌ခြင်းမှ တတ်နိုင်သမျှ ရှောင်ရှားခြင်းပင်ဖြစ်သည်။ ထိုသို့ရှောင်ရှားလိုက်လျှင် အရေပြားရောင်ရမ်းခြင်းသည် မည့်သည့်ကုသမှုမှ မလိုအပ်ပဲ (၂ – ၃) ပတ်အတွင်း ပျောက်ကင်းသွားတတ်သည်။

ထိုအချိန်အတွင်း အသုံးပြုနိုင်သောဆေးများမှာ _

  1. ယားယံခြင်း သက်သာစေရန်အတွက် စတီးရွိုက်လိမ်းဆေးများ၊ ဟစ်စ်တမင်းဆန့်ကျင်ဆေး သောက်ဆေးများ
  2. ပြင်းထန်သော ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက စတီးရွိုက်သောက်ဆေးများ
  3. ကုတ်ဖဲ့ရာများတွင် ပိုးဝင်ပါက ပိုးသတ်ဆေးများ

ပြင်းထန်သော ဓာတ်မတည့်မှု (အသက်ရှူကျပ်ခြင်း၊ မျက်နှာရောင်ခြင်း) များတွင် အရေးပေါ်ကုသမှု လိုအပ်၍ အရေးပေါ်သက်ကယ်ဆေး (Adrenaline) ထိုးခြင်း၊ ဆေးရုံသို့ အရေးပေါ်ကုသခြင်းများလိုအပ်သည်။
ထို့အပြင် အိမ်တွင်းကုထုံးများဖြစ်သော ရေခဲဝတ်ကပ်ခြင်း၊ အုန်းဆီလိမ်းခြင်းနှင့် သဘာဝပစ္စည်းများ (ဥပမာ_ သခွားသီး၊ အာလူး) များကို ကပ်ပေးခြင်းဖြင့်လည်း မပြင်းထန်သော ရောဂါလက္ခဏာများ ပျောက်ကင်းတတ်သည်။ သတိပြုရန်မှာ အဆိုပါသဘာဝပစ္စည်းများ သန့်ရှင်းရန်လိုအပ်သည်။

ကာကွယ်ခြင်း

အရေပြားရောင်ရမ်းခြင်းသည် ဓာတ်မတည့်သောအရာကို သတိထားရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်သည်။ အခြားထိရောက်သောကာကွယ်နည်းများမှာ _

  1. လိုအပ်ပါက ဓာတ်မတည့်သောအရာကိုသိရှိရန် စစ်ဆေးပါ
    • ဓာတ်မတည့်မှုများစစ်ဆေးခြင်း (ဥပမာ – Allergen Patch Test) ပြုလုပ်ပါ
  2. ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို သုံးပါ
    • လက်အိတ် (Latex-free လက်အိတ်များ)၊ အကာအကွယ်လက်အိတ်သုံးပါ
    • နေရောင်ကာခရင်မ်လိမ်းပါ (Photoallergic Dermatitis ကာကွယ်ရန်)
    • အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ရန် အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းပါ
  3. ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများကို အထူးဂရုစိုက်ပါ
    • ဆပ်ပြာ၊ သန့်စင်ဆေးရည်၊ လက်ဝတ်ရတနာ၊ အင်္ကျီချိတ်များနှင့် ဓာတ်မတည့်မှုကို သတိထားပါ
  4. အလုပ်သမားများအတွက် အရေးကြီးသောအချက်များကို လိုက်နာပါ
    • ဓာတုပစ္စည်းများ၊ ဆပ်ပြာ၊ ဆိုးဆေးများကိုင်တွယ်ရာတွင် လက်အိတ်စွပ်ပါ
    • အလှကုန်နှင့် သန့်ရှင်းရေးပစ္စည်းများကို ဂရုတစိုက်သုံးပါ
  5. ယားယံပါက ကုတ်ဖဲ့ခြင်းကို ရှောင်ပါ (ပိုးဝင်နိုင်သည်)

References:

  1. Contact dermatitis – Symptoms and causes. (n.d.). Mayo Clinic. Retrieved May 8, 2025, from https://www.mayoclinic.org/diseases-conditions/contact-dermatitis/symptoms-causes/syc-20352742
  2. Website, N. (2024). Contact dermatitis. nhs.uk. Retrieved May 8, 2025, from https://www.nhs.uk/conditions/contact-dermatitis/
  3. Contact dermatitis. (2025). Cleveland Clinic. Retrieved May 8, 2025, from https://my.clevelandclinic.org/health/diseases/6173-contact-dermatitis
  4. Usatine, R. P., & Riojas, M. (2010). Diagnosis and management of contact dermatitis. AAFP. Retrieved May 8, 2025, from https://www.aafp.org/pubs/afp/issues/2010/0801/p249.html

Published: 15 May 2025

Share

15 May 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.