Club foot (မွေးရာပါခြေထောက်ခွင်ခြင်း)

Club foot (မွေးရာပါခြေထောက်ခွင်ခြင်း)

မွေးရာပါခြေထောက်ခွင်ခြင်းဆိုသည်မှာ ကလေးငယ်၏ခြေထောက်သည် မွေးဖွားစဉ်ကတည်းက ပုံမှန်မဟုတ်ဘဲ အတွင်းဖက်သို့ ကွေးခွေနေသော အခြေအနေကို ဆိုလိုသည်။ စောစီးစွာ စနစ်တကျ ကုသမှုခံယူပါက ပျောက်ကင်းနိုင်သော်လည်း ကုသမှုမခံယူပါက လမ်းလျှောက်သည့်အရွယ်မှစတင်၍ အခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်။ မွေးရာပါခြေထောက်ခွင်ခြင်းသည် မွေးရာပါခြေထောက်ပုံမှန်မဟုတ်ဖြစ်ခြင်း ရောဂါများတွင် အဖြစ်များဆုံး ပြဿနာတစ်ခုဖြစ်ပြီး ကလေးအယောက် (၁၀၀၀) မွေးဖွားတိုင်း (၁) ဦးခန့်တွင် တွေ့ရတတ်သည်။
ဤအခြေအနေတွင် ကလေးငယ်၏ခြေဖဝါးသည် အတွင်းဖက်သို့လှည့်နေပြီး ခြေထောက်၏ အပြင်ဘက်အနားသည် အောက်ဖက်တွင် တည်ရှိကာ တစ်ခါတစ်ရံ အပေါ်ဖက်သို့လည်း လန်နေတတ်သည်။ ယနေ့ခေတ်တွင်မွေးရာပါ ခြေထောက်ခွင်ခြင်းအများစုကို ခွဲစိတ်ရန်မလိုသော ကုသနည်းများဖြင့် ကုသနိုင်ပြီးး လိုအပ်ပါက ခြေထောက်အရွတ်ကြော ခွဲစိတ်ကုသမှုဖြင့်လည်း ကုသနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးရာပါခြေထောက်ခွင်ခြင်း ဖြစ်ပေါ်ရခြင်းမှာ ခြေထောက်တွင်းရှိ ကြွက်သားနှင့်အရိုးကို ဆက်သွယ်ထားသော အရွတ်ကြောများသည် ရှိသင့်သည်ထက် ပို၍တိုကာ တင်းနေသောကြောင့်ဖြစ်သည်။။ မွေးရာပါ ခြေထောက်ခွင်ခြင်း အမျိုးအစားနှစ်ခုရှိသည်။

  • သီးသန့် မွေးရာပါခြေထောက်ခွင်ခြင်း
    • အဖြစ်များသောအမျိုးအစားဖြစ်ပြီး အခြားရောဂါများနှင့် တွဲ၍မတွေ့ရပါ။ သီးသန့် မွေးရာပါ ခြေထောက်ခွင်ခြင်း အများစုသည် ကြွက်သားနှင့် အကြောများ တောင့်တင်းခြင်းကြောင့်ဖြစ်တတ်သည်။
  • အခြားရောဂါများနှင့် တွဲဖြစ်သော မွေးရာပါခြေထောက်ခွင်ခြင်း
    • ဥပမာ _ အဆစ်များ တောင့်တင်းကွေးကောက်နေသောရောဂါ (Arthrogryposis)၊ မွေးရာပါ ကျောရိုးကွင်းမဆက်ခြင်း (Spina bifida) ရောဂါ၊ အခြားကြွက်သား၊ အာရုံကြောရောဂါများနှင့်တွဲဖက်၍ တွေ့နိုင်သည်။

ဖြစ်ရသည့်အကြောင်းရင်းများမှာ_

  • မျိုးဗီဇဆိုင်ရာ အကြောင်းရင်း (မိသားစုတွင် ဖြစ်ဖူးသူရှိပါက ဖြစ်နိုင်ခြေမြင့်သည်)
  • ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း
  • သန္ဓေသား၏ဖွံ့ဖြိုးမှု ချို့ယွင်းချက်ရှိခြင်း
  • သားအိမ်အတွင်း ကလေး၏ အနေအထားမမှန်ခြင်း စသည်တို့ဖြစ်သည်။

ဖြစ်ပွါးနိုင်ခြေများသူများ

  • ယောက်ျား​လေးများသည် မိန်းကလေးများထက် နှစ်ဆခန့် ပိုမိုဖြစ်ပွါးနိုင်သည်
  • မိသားစုတွင် မွေးရာပါခြေထောက်ခွင်ခြင်းဖြစ်ပွါးမှု ရာဇဝင်ရှိသူများ
  • မွေးရာပါကျောရိုးကွင်းမဆက်ခြင်းနှင့် စီပီရောဂါ (Cerebral palsy) ရှိသူများ
  • မျိုးဗီဇဆဲလ် ပုံမှန်မဟုတ်သူများ (ဥပမာ – Edward syndrome)
  • ကိုယ်ဝန်ဆောင်ချိန် ရေမြွှာရည်နည်းခြင်း
  • ကိုယ်ဝန်ဆောင်ချိန် ဇီကာအဖျားရောဂါ ခံစားရခြင်း
  • ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး သုံးစွဲခြင်းတို့တွင် ပိုမိုဖြစ်ပွါးနိုင်သည်
ရောဂါလက္ခဏာများ

မွေးရာပါခြေထောက်ခွင်ခြင်းကို ခြေထောက်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် တွေ့နိုင်သည်။ ခြေထောက်ခွင်ခြင်းသည် ပြင်းထန်မှုမရှိပါက မွေးဖွားပြီး လအနည်းငယ်ကြာသည်အထိ သတိမထားမိနိုင်ပါ။
မွေးရာပါခြေထောက်ခွင်ခြင်းတွင် အောက်ပါလက္ခဏာများ တွေ့ရနိုင်သည်။

  • ခြေဖဝါးအတွင်းဖက်သို့ လှည့်ကွေးနေခြင်း _ ခြေဖဝါးသည် အခြားခြေထောက်ဖက်သို့ လှည့်နေပြီး အတွင်းဘက်သို့ ခွေဝင်နေတတ်သည်
  • ခြေဖနောင့်အပေါ်သို့ တက်နေခြင်း _ ခြေဖနောင့်အပေါ်သို့ တက်နေခြင်းကြောင့် ခြေချင်းဝတ်သည် အောက်သို့ကွေးနေကာ ခြေဖျား အောက်စိုက်နေတတ်သည်
  • ခြေထောက်အောက်ပိုင်း ပုံမှန်မဟုတ်ခြင်း _ ခြေဖမိုးအခုံးပိုမြင့်နေခြင်း၊ ခြေထောက်သေး၍တိုနေခြင်း
  • ကြွက်သားနှင့် အရွတ်များ တိုနေခြင်း _ ခြေသလုံးကြွက်သားများ သေးသွယ်နေတတ်ပြီး အရွတ်များ တင်းမာနေတတ်သည်
  • အရေပြားတွင် အရေးအကြောင်းများ ဖြစ်နေခြင်း _ ခြေထောက်အတွင်းဘက်နှင့် ဖနောင့်နောက်ပိုင်းတွင် ထင်ရှားသော အရေးအကြောင်းများ တွေ့ရတတ်သည်

မွေးရာပါခြေထောက်ခွင်ခြင်းသည် နာကျင်မှုမရှိပါ။ သို့သော် ကုသမှုမခံယူပါက နောက်ပိုင်းတွင် နာကျင်မှုဖြစ်စေနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

မွေးရာပါခြေထောက်ခွင်ခြင်းကို စောစီးစွာမကုသပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • ပုံမှန်မဟုတ်သော လမ်းလျှောက်ခြင်း _ ခြေဖဝါး၏ အပြင်ဘက်သို့ အားပြုလျှောက်ရသဖြင့် ခြေဖဝါးဘေးတွင် အသားမာတက်ခြင်း၊ ဒူးနာခြင်းတို့ ဖြစ်နိုင်သည်
  • အဆစ်နှင့် အရိုးပြဿနာများ _ အဆစ်ရောင်ခြင်း၊ အရိုးပုံစံပျက်ယွင်းခြင်း
  • ခြေထောက်ပိုးဝင်ခြင်း _ ခြေဖဝါးပုံမှန်မဟုတ်သဖြင့် ဖိအားကြောင့်အနာဖြစ်လွယ်ပြီး ပိုးဝင်နိုင်သည်
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ _ လှုပ်ရှားမှုခက်ခဲခြင်းကြောင့် ယုံကြည်မှုကျဆင်းခြင်း၊ လူမှုရေးအခက်အခဲများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးမွေးဖွားပြီးပြီးချင်း ကလေးခြေထောက်ပုံမှန်မဟုတ်သည်ကို သတိထားမိပါက [မွေးဖွားပြီး (၂) ပတ်အတွင်း] မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန် သို့မဟုတ် အရိုးအထူးကုဆရာဝန်နှင့် ချက်ချင်း ပြသင့်သည်။ သက်ဆိုင်ရာဆရာဝန်များမှ ခြေထောင်အား လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းနှင့် အခြားမွေးရာပါရောဂါများ ရှိမရှိ စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။

ရောဂါရှာဖွေခြင်း

(က) ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးခြင်း

  • အာထရာဆောင်း (Ultrasound) ရိုက်စစ်ဆေးခြင်းဖြင့် ပြင်းထန်သော ခြေထောက်ခွင်ခြင်းကို ကိုယ်ဝန်ဆောင်ကာလ (အထူးသဖြင့် ကိုယ်ဝန် ၄-၅ လအရွယ်တွင်) မှာပင် ကြိုတင်သိရှိနိုင်သည်

(ခ) မွေးဖွားပြီးချိန်တွင် စစ်ဆေးခြင်း

  • ကလေးမွေးဖွားပြီးချိန်တွင် ဆရာဝန်မှ ခြေထောက်အနေအထားကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါကို အလွယ်တကူသိနိုင်သည်
  • အရိုးနှင့်အဆစ်များ၏ တည်နေရာကို အတိအကျသိရှိရန် ဓာတ်မှန်ကိုအသုံးပြုပြီး လိုအပ်မှသာ ရိုက်ကူးလေ့ရှိသည်
ကုသခြင်း

ကုသမှုသည် ကြမ်းပြင် (ရေပြင်ညီ)ပေါ် တွင် နာကျင်မှုမရှိဘဲ ခြေဖဝါးကို ညီညာစွာထောက်၍ ပုံမှန်လမ်းလျှောက်နိုင်စေရန် ရည်ရွယ်သည်။

ပွန်စတီနည်းလမ်း (Ponseti Method)
သီးသန့် မွေးရာပါခြေထောက်ခွင်ခြင်းကုသရာတွင် အသုံးပြုသည့် အထိရောက်ဆုံး ကုသမှုနည်းလမ်းဖြစ်သည်။ မွေးဖွားပြီး နှစ်ပတ်အတွင်း ကုသမှုစတင်ရန် အရေးကြီးသည်။
ကုသမှုလုပ်ငန်းစဉ်တွင် ခြေထောက်အတွင်းသို့ခွင်နေခြင်းအား ညင်သာစွာပြုပြင်ပေးပြီး ကျောက်ပတ်တီးကို တစ်ပတ်လျှင် တစ်ကြိမ်စည်းပေးရသည်။ ယေဘုယျအားဖြင့် ကျောက်ပတ်တီးစည်းခြင်းကို (၅)ကြိမ် မှ (၈)ကြိမ်အထိ ပြုလုပ်ရလေ့ရှိသည်။ အကယ်၍ ခြေဖနောင့်အကြောတင်းနေပါက ယင်းအကြောကို လျှော့ပေးရန် ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်သည်။
ပွန်စတီနည်းလမ်းဖြင့် ကျောက်ပတ်တီးစည်း၍ ကုသမှုပြီးဆုံးပါက ခြေထောက်ကို ပုံမှန်အနေအထားအတိုင်း ထိန်းထားနိုင်ရန် အထူးပြုလုပ်ထားသောဖိနပ်ကို (၃) လခန့်အထိ နေ့စဉ်ဝတ်ဆင်ရန် လိုအပ်သည်။ ထို့အပြင် ခြေထောက်ခွင်ခြင်း ထပ်မံမဖြစ်စေရန်အတွက် အထူးပြုလုပ်ထားသောဖိနပ်ကို အသက် (၄) နှစ်ခန့်အထိ ညအိပ်ချိန်များတွင် ဆက်လက်ဝတ်ဆင်ပေးရန် အရေးကြီးသည်။

Club foot image 1

ခွဲစိတ်ကုသသည့် နည်းလမ်း
ခွဲစိတ်ကုသမှုနည်းလမ်းကို အောက်ပါအခြေအနေများတွင် အသုံးပြုသည်။

  • ပွန်စတီနည်းလမ်းဖြင့် မခွဲစိတ်ဘဲ ကုသခြင်းဖြင့် မသက်သာခြင်း
  • ကုသပြီးနောက် ရောဂါပြန်လည်ဖြစ်ပွားခြင်း
  • မွေးရာပါ ခြေထောက်ခွင်ခြင်းရောဂါ ပြင်းထန်ခြင်း
  • ကလေးအရွယ်ကြီးသည့်အချိန်မှ စတင်ကုသခြင်း (ကုသချိန်နောက်ကျခြင်း)

အကောင်းဆုံးရလဒ်ရရှိရန် ကလေးလမ်းစတင်လျှောက်ချိန် မတိုင်မီ ခွဲစိတ်ကုသမှုပြုလုပ်သင့်သည်။ ခွဲစိတ်ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ပါဝင်သည်။

  • ဖနောင့်အရွတ်ကြောတင်းနေမှုကို ဖြေလျှော့ပေးခြင်း
  • ခြေထောက်ပုံပျက်စေသည့် တင်းမာသည့်အရွတ်ကြောများကို ဖြေလျှော့ပေးခြင်း၊ တိုသည့် အကြောများကို ခွဲစိတ်ဆွဲစန့်ခြင်း။
  • တင်းကြပ်နေသည့် အဆစ်အမြှေးဖုံးများကို ခွဲစိတ်ဖြေလျှော့ပေးခြင်း

မွေးကင်းစအချိန်တွင် ကုသမှုမခံယူထားသော ကလေး သို့မဟုတ် ခြေထောက်ခွင်မှုပြင်းထန်သည့် အသက် (၅) နှစ်အထက် ကလေးများတွင် ပုံပျက်နေသော အရိုးများကို ခွဲစိတ်ပြုပြင်ခြင်း လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

မွေးရာပါခြေထောက်ခွင်ခြင်းကို ဖြစ်စေသည့်အကြောင်းရင်း အတိအကျ မသိရှိသောကြောင့် အလုံးစုံကာကွယ်မှု မပြုနိုင်ပါ။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တလျောက်လုံး ကျန်းမာရေးစောင့်ရှောက် မှုစနစ်တကျရယူခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးခြင်း၊ ဖြစ်နိုင်ချေများသည့် မိခင်အမျိုးအစားတွင် ကိုယ်ဝန်ဆောင်စဉ်အတွင်း စောစီးစွာသိရှိနိုင်ရန် စမ်းသပ်စစ်ဆေးမှုခံယူခြင်း စသည်တို့ကို ပြုလုပ်သင့်သည်။ ထို့ပြင် ကလေးငယ်၏ ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေနိုင်သည့်

  • ကိုယ်ဝန်ဆောင်မိခင်ဆေးလိပ်သောက်ခြင်း
  • ဆေးလိပ်သောက်သူ၏ အနီးအနားတွင် နေထိုင်ခြင်း
  • အရက်သောက်ခြင်း
  • မူးယစ်ဆေးသုံးခြင်းတို့ကို မိခင်တိုင်း ရှောင်ကြဉ်သင့်သည်။

References:

  1. Clubfoot. (2025). Cleveland Clinic. Retrieved May 5, 2025, from https://my.clevelandclinic.org/health/diseases/16889-clubfoot
  2. Clubfoot – Symptoms and causes. (n.d.). Mayo Clinic. Retrieved May 5, 2025, from https://www.mayoclinic.org/diseases-conditions/clubfoot/symptoms-causes/syc-20350860

Published: 19 May 2025

Share

19 May 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.