အမျိုးသားများရှိ ဝှေးစေ့တည်ရှိနေသော အရေပြားအိတ်ကို ကပ္ပါယ်အိတ် (Scrotum) ဟုခေါ်သည်။ အဆိုပါအရေပြားအိတ်အတွင်း အရည်များစုသည့်ရောဂါကို မုတ်ရောဂါ (Hydrocoele) ဟု ခေါ်သည်။
မုတ်ရောဂါသည် မွေးကင်းစကလေးငယ်များတွင် အဖြစ်များပြီး ကလေး အသက် (၁) နှစ်ဝန်းကျင်တွင် အလိုလိုပျောက်သွားလေ့ရှိသော်လည်း အချို့တွင်မူ ကလေးကြီးလာသည်အထိ ရှိနေတတ်သည်။
အခြားရောဂါအခြေအနေများကြောင့်လည်း ကပ္ပါယ်အိတ်အတွင်း အရည်စုတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးငယ်များတွင်
မွေးကင်းစကလေးငယ်များ၏ (၅ – ၁၀) ရာခိုင်နှုန်းခန့်တွင် မုတ်ရောဂါရှိတတ်ပြီး၊ ယင်းအခြေအနေသည် အများအားဖြင့် ကုသရန် မလိုဘဲ ကလေးအသက် (၁) နှစ်အကြာတွင် သက်သာပျောက်ကင်းသွားတတ်သည်။
ပုံမှန်အားဖြင့် သန္ဓေသားဘဝတွင် ဝှေးစေ့များသည် ကလေးဝမ်းဗိုက်အတွင်းမှ ကပ္ပါယ်အိတ်အတွင်းသို့ ဆင်းလာသည်။ အဆိုပါ ဆင်းလာသည့် လမ်းကြောင်းတွင် ဝှေးစေ့ကို အရည်များက ဝန်းရံထားကာ အိတ်ငယ်ကဲ့သို့ ဖြစ်ပေါ်သည်။ အများအားဖြင့် အဆိုပါလမ်းကြောင်းသည် မွေးဖွားပြီး တစ်နှစ်ခန့်အကြာတွင် ပိတ်သွားပြီး အရည်များကိုလည်း ခန္ဓာကိုယ်မှ ပြန်လည်စုပ်ယူသွားလေ့ရှိသည်။
အဆိုပါဖြစ်စဉ် ပုံမမှန်ခြင်းအပေါ် မူတည်ပြီး မုတ်ရောဂါနှစ်မျိုး ခွဲခြားနိုင်သည်။
- ဝမ်းခေါင်းနှင့် ဆက်နေသော မုတ်ရောဂါ (Communicating hydrocoele)
တစ်ခါတစ်ရံတွင် ဝမ်းဗိုက်အတွင်းမှ ဝှေးစေ့ဆင်းလာသော လမ်းကြောင်း ပြန်မပိတ်သွားပါက ဝမ်းခေါင်းနှင့် ဆက်နေသော မုတ်ရောဂါ (Communicating hydrocoele) အမျိုးအစား ဖြစ်ပေါ်စေသည်။ အဆိုပါ မုတ်ရောဂါသည် အူကျွံခြင်း (Hernia) နှင့် အတူတွဲ၍ တွေ့ရတတ်သည်။ - ဝမ်းခေါင်းနှင့် မဆက်သော မုတ်ရောဂါ (Non-communicating hydrocoele)
တစ်ခါတစ်ရံတွင်မူ လမ်းကြောင်းပိတ်သွားသော်လည်း အိတ်ငယ်အတွင်း အရည်များ ကျန်နေလျှင် သို့မဟုတ် အရည်များကို ကပ္ပယ်အိတ်အတွင်း ပိုမိုစစ်ထုတ်နေလျှင် ဝမ်းခေါင်းနှင့် မဆက်သော မုတ်ရောဂါ (Non-communicating hydrocoele) အမျိုးအစား ဖြစ်ပေါ်လာသည်။
အရွယ်ရောက်ပြီးသူများတွင်
- ကပ္ပါယ်အိတ်အား ထိခိုက်ဒဏ်ရာရခြင်း
- ဝှေးစေ့ သို့မဟုတ် သုက်ပို့ပြွန် ပိုးဝင်ရောင်ရမ်းခြင်း
- ကပ္ပါယ်အိတ်ရောင်ရမ်းခြင်း
- ဝှေးစေ့ကင်ဆာ စသည်တို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
အကြောင်းရင်းရှာမရသောမုတ်ရောဂါများလည်းတွေ့ရသည်။
ရောဂါလက္ခဏာများ
- ဝှေးစေ့၊ ကပ္ပါယ်အိတ် တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် နာကျင်မှုမရှိဘဲ ကြီးနေခြင်း၊ ဖောင်းနေခြင်း
- ဝှေးစေ့၊ ကပ္ပါယ်အိတ် လေးလံပြီး ဆွဲချထားသကဲ့သို့ ခံစားရခြင်း
- ကပ္ပါယ်အိတ် အရွယ်အစား ပိုမိုကြီးလာသည်နှင့်အမျှ အောင့်ခြင်း၊ နာခြင်း
- တစ်ခါတစ်ရံတွင် ဖောင်းနေသောနေရာသည် နံနက်ပိုင်းတွင် သေးငယ်ပြီး ညနေပိုင်းတွင် အရွယ်အစား ပိုကြီးလာခြင်း
နောက်ဆက်တွဲပြဿနာများ
များသောအားဖြင့် အန္တရာယ်မရှိဘဲ ကလေးရနိုင်စွမ်းကိုလည်း ထိခိုက်လေ့မရှိပါ။ သို့သော် မုတ်ရောဂါသည် အောက်ဖော်ပြပါ အရေးကြီးရောဂါအခြေအနေများဖြင့် အတူဖြစ်ပွါးနိုင်သောကြောင့် အဆိုပါရောဂါများ၏ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။
- ပိုးဝင်ခြင်း သို့မဟုတ် ဝှေးစေ့ အကျိတ်တည်ခြင်း
- ဝှေးစေ့များမှ သုက်ပိုးထုတ်လုပ်မှုကို လျော့နည်းစေခြင်း သို့မဟုတ် ပုံမှန်အတိုင်း ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း
- ပေါင်ခြံ၌ အူကျွံခြင်း
- အူကျွံရာမှ ပြန်မဝင်ခြင်း
- အူပိတ်ခြင်း
- အူပုပ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
မုတ်ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။ ကလေးငယ်များတွင်မူ ပေါင်ခြံ၌ အူကျွံခြင်းနှင့် တွဲဖြစ်တတ်သောကြောင့် ဆောလျင်စွာ ကုသမှု ခံယူရန် လိုအပ်သည်။
ထို့အပြင် အောက်ဖော်ပြပါ အခြေအနေများတွင် ချက်ချင်းကုသမှု ခံယူရန် အရေးကြီးသည်။
- ကပ္ပါယ်အိတ် အချိန်တိုအတွင်း ပိုမိုဖောင်းလာခြင်း
- ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း
- ဝှေးစေ့၊ ကပ္ပါယ်အိတ်အား ထိခိုက်မိပြီး နာရီအနည်းငယ်အတွင်း နာကျင်ခြင်း၊ အရွယ်ပိုကြီးလာခြင်း သို့မဟုတ်
- ကလေး အသက် (၁) နှစ်ကျော်သည်အထိ မုတ်ရောဂါ ရှိနေခြင်း
ရောဂါရှာဖွေခြင်း
ခံစားရသော ရောဂါလက္ခဏာများအကြောင်းနှင့် ရောဂါရာဇဝင်အား သေချာမေးမြန်းပြီး စမ်းသပ်စစ်ဆေးခြင်းများကို ဦးစွာပြုလုပ်သည်။ စမ်းသပ်စစ်ဆေးရာတွင် ဆရာဝန်သည်
- ပေါင်ခြံနေရာကို ဖိစမ်းခြင်း
- ကြီးနေသော ကပ္ပါယ်အိတ် သို့မဟုတ် အရည်အိတ် ပြောင်းလဲမှုကို ကြည့်ရှုရန် ချောင်းဆိုးခိုင်းခြင်း
- ကပ္ပါယ်အိတ်အား အလင်းရောင်ဖြင့် ထိုးကြည့်ခြင်း စသည်တို့ ပြုလုပ်မည်ဖြစ်သည်။
ထို့နောက် ဖြစ်ပေါ်စေသော အကြောင်းရင်းများနှင့် ရောဂါကို တိကျစွာ ရှာဖွေနိုင်ရန် အောက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
- သွေးနှင့် ဆီးစစ်ဆေးခြင်း
ပိုးဝင်ခြင်း ရှိမရှိ ရှာဖွေနိုင်သည် - အာထရာဆောင်းရိုက်ခြင်း (USG)
အသုံးအများဆုံး စစ်ဆေးမှုဖြစ်သည်၊ ပေါင်ခြံ၌ အူကျခြင်း၊ အကျိတ်တည်ခြင်း စသည့် မုတ်ရောဂါဖြစ်ပွါးရသည့် အကြောင်းရင်းများကို စစ်ဆေးနိုင်သည် - ရောဂါအခြေအနေအပေါ် မူတည်၍ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းစသည်တို့ ပြုလုပ်ရန် လိုအပ်နိုင်သည်
ကုသခြင်း
မည်သည့်အသက်အရွယ်တွင်မဆို မုတ်ရောဂါသည် အခြားရောဂါအခြေအနေများနှင့် တွဲလျက် ဖြစ်ပွါးနိုင်သောကြောင့် စနစ်တကျ ကုသမှု ခံယူရသည်။
ခွဲစိတ်ကုသခြင်းသည် မုတ်ရောဂါ၏ အဓိကကုသမှုဖြစ်သည်။
- ဝှေးစေ့အိတ် သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်း အရေပြားတွင် သေးငယ်သော ခွဲကြောင်းတစ်ခု ပြုလုပ်ကာ စုနေသော အရည်များ သို့မဟုတ် အရည်အိတ်ကို ဖယ်ရှားပြီး နောက်ထပ် အရည်မစုစေရန် ခွဲစိတ်ပြုပြင်ပေးမည်ဖြစ်သည်
- တစ်ခါတစ်ရံ ပေါင်ခြံ၌ အူကျွံခြင်းကိုပါ တစ်ပြိုင်တည်း ခွဲစိတ်ရန်လိုသည်
- ခွဲစိတ်ပြီးနောက် ကပ္ပါယ်အိတ်ကို ပတ်တီးဖြင့် စည်းထုပ်ထားမည်ဖြစ်ပြီး တစ်ခါတစ်ရံ အရည်ထုတ်ပြွန်တစ်ခုကို ရက်အနည်းငယ်ကြာအောင် ထည့်ထားရန် လိုအပ်သည်
ခွဲစိတ်ကုသမှုသည် ယေဘုယျအားဖြင့် အလွန်ဘေးကင်းသော ကုသမှုဖြစ်သော်လည်း အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- မေ့ဆေး၊ ထုံဆေးများ၏ နောက်ဆက်တွဲပြဿနာများ
- ခွဲစိတ်ဒဏ်ရာမှ ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း
- အရည်ထုတ်လိုက်သောနေရာ၌ သွေးစုခြင်း
- အရည်ထုတ်လိုက်သောနေရာ၌ ပြည်တည်နာဖြစ်ခြင်း၊ ပြည်စုခြင်း
- အမာရွတ်ကျန်ခြင်းနှင့်
- အရည်အိတ်ပြန်တည်ခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
ကလေးငယ်များတွင် မွေးရာပါမုတ်ရောဂါ မဖြစ်ပွါးအောင် မကာကွယ်နိုင်သော်လည်း အရွယ်ရောက်ပြီးသူများတွင်
- အားကစားလုပ်သည့်အခါ ဝှေးစေ့နှင့် ကပ္ပါယ်အိတ် အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်း
- မိမိ၏ကပ္ပါယ်အိတ်ကို သန့်ရှင်းစွာထားခြင်းဖြင့် မုတ်ရောဂါဖြစ်ပွါးမှုကို လျှော့ချနိုင်သည်။
References:
- Mayo Clinic. (n.d.). hydrocoele: Diagnosis and treatment. Retrieved May 2, 2026 from https://www.mayoclinic.org/diseases-conditions/hydrocoele/diagnosis-treatment/drc-20363971
- Cleveland Clinic. (n.d.). hydrocoele. Retrieved May 2, 2026 from https://my.clevelandclinic.org/health/diseases/16294-hydrocoele
Published: 5 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.