Dysentery (ဝမ်းကိုက်ခြင်း)

Dysentery (ဝမ်းကိုက်ခြင်း)

ဝမ်းကိုက်ခြင်းဆိုသည်မှာ အူလမ်းကြောင်းတွင် ဘက်တီးရီးယားပိုး (သို့မဟုတ်) ကပ်ပါးပိုးများဝင်ခြင်းကြောင့် သွေးနှင့်အချွဲများပါသော ဝမ်းသွားသည့်ရောဂါတစ်မျိုးဖြစ်သည်။ မသန့်ရှင်းသော အစားအသောက်နှင့် ရေများ စားသောက်ခြင်းမှတစ်ဆင့် ဘက်တီးရီးယားပိုး (သို့မဟုတ်) ကပ်ပါးပိုးများ ဝင်‌ရောက်၍ ဝမ်းကိုက်ရောဂါဖြစ်စေသည်။ ဝမ်းကိုက်ခြင်းသည် သန့်ရှင်းမှုအားနည်းသော ဖွံဖြိုးဆဲနိုင်ငံများတွင် အဓိကဖြစ်လေ့ရှိပြီး ကလေးများနှင့် ခုခံအားနည်းသူများတွင် ရောဂါပြင်းထန်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အူလမ်းကြောင်းအတွင်း ဝင်ရောက်လာသော ရောဂါပိုးအမျိုးအစားပေါ်မူတည်၍ အဓိကအားဖြင့် ဝမ်းကိုက်ခြင်းနှစ်မျိုးရှိသည်။

  1. ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပေါ်သော ဝမ်းကိုက်ခြင်း (Bacillary dysentery)
    • ဘက်တီးရီးယားပိုးများ [ဥပမာ – Shigella, Salmonella, Campylobacter and Escherichia coli (E-coli)]သည် အူလမ်းကြောင်းအတွင်းသို့ ဝင်‌ရောက်ပြီး ဝမ်းကိုက်ခြင်းကိုဖြစ်ပေါ်စေသည်။ အဖြစ်အများဆုံးသော ဝမ်းကိုက်ခြင်းအမျိုးအစားဖြစ်သည်။
  2. ကပ်ပါးပိုးကြောင့် ဖြစ်ပေါ်သော ဝမ်းကိုက်ခြင်း (Amoebic dysentery or amoebiasis)
    • ဝမ်းကိုက်ခြင်းကို အဓိကဖြစ်ပေါ်စေသော ကပ်ပါးပိုးမှာ Entamoeba histolytica ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အပူပိုင်းဇုံတွင် အဓိကအားဖြင့် တွေ့ရလေ့ရှိသည်။

ဝမ်းကိုက်ခြင်း အမျိုးအစားနှစ်မျိုးလုံးသည် မသန့်ရှင်းသော အစားအစာနှင့်ရေ၊ ရောဂါပိုးရှိသည့် လူနာ၏မစင်နှင့် ထိတွေ့ပြီးနောက် လက်ကိုစင်ကြယ်စွာ မဆေးကြောခြင်း၊ ညစ်ပတ်သောရေကန်များတွင် ရေကူးခြင်း စသည့်နည်းလမ်းများမှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ဗိုက်အောင့်ဗိုက်နာခြင်းနှင့် ဝမ်းလျှောခြင်းကို ဖြစ်ပေါ်စေသည်။ ထူးခြားချက်မှာ အချို့လူများတွင် ဤရောဂါပိုးများသည် မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ ခန္ဓာကိုယ်အတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်နိုင်ပြီး အခြားသူများထံသို့ ရောဂါကူးစက်နိုင်စွမ်းရှိခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

အများစုတွင် ‌ရောဂါပိုးဝင်ရောက်ပြီး တစ်ရက် မှ သုံးရက်အတွင်း အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ အချို့သူများမှာ ရောဂါပိုးဝင်‌ရောက်ပြီး အချိန်များစွာကြာသောအခါမှ ရောဂါလက္ခဏာပြသူများရှိသကဲ့သို့ အချို့သူများတွင် ရောဂါလက္ခဏာ မပြသူများလည်း ရှိတတ်သည်။ ဝင်‌ရောက်သည့် ပိုးအမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာ အနည်းငယ်ကွဲပြားမှု ရှိသည်။

ဘက်တီးရီးယားပိုးများကြောင့် ဝမ်းကိုက်ခြင်းတွင် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ

  • ဝမ်းလျှောခြင်း (ကပ်ပါးပိုးကြောင့် ဝမ်းပျက်ခြင်းထက်အကြိမ်ရေများစွာပိုသည်)
  • ဗိုက်နာခြင်း
  • ဝမ်းထဲတွင် သွေးများ (သို့မဟုတ်) အချွဲများ ပါခြင်း
  • ပျို့အန်ခြင်း
  • အဖျားကြီးခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။

ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော ပြင်းထန်ဝမ်းကိုက်ရောဂါတွင် အောက်ပါဆိုးရွားသော လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

  • အူမကြီး ပြင်းထန်ရောင်ရမ်းခြင်း (Severe colitis)
  • အူမကြီး ဖောင်း၍ကျယ်လာခြင်း (Toxic megacolon)
  • ကျောက်ကပ်လုပ်ငန်း ရုတ်တရက်ရပ်ဆိုင်းခြင်း (Acute kidney injury)

ဤအခြေအနေများသည် အသက်အန္တရာယ်ရှိသော ဆိုးရွားသည့် နောက်ဆက်တွဲပြဿနာများဖြစ်ပြီး အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သည်။

ကပ်ပါးပိုးများကြောင့် ဝမ်းကိုက်ခြင်းတွင် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ

ကပ်ပါးပိုးကြောင့်ဖြစ်သော ဝမ်းကိုက်ရောဂါတွင် ရောဂါပိုးဝင်ပြီးနောက် (၂)ပတ် မှ (၄)ပတ်အတွင်း လက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။ သို့ရာတွင် အချို့လူနာများတွင် မည်သည့်လက္ခဏာမျှ မပြဘဲလည်း ရှိနိုင်သည်။

  • ဝမ်းလျှောခြင်း (အချိန်ကြာမြင့်စွာ ဆက်တိုက်ဖြစ်နိုင်သော်လည်း နေ့စဉ်သွားသောအကြိမ်ရေသည် ဘက်တီးရီးယားကြောင့် ဝမ်းကိုက်ခြင်းထက်လျော့နည်းသည်)
  • ဝမ်းထဲတွင် သွေးများ (သို့မဟုတ်) အချွဲများ ပါခြင်း
  • ပျို့အန်ခြင်း
  • ဗိုက်အောင့်ဗိုက်နာခြင်း
  • အဖျားတက်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်းစသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ဝမ်းပျက်ခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်းကြောင့် သတိလစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း
  • ‌ရောဂါပိုးဝင်ပြီးနောက် အဆစ်များရောင်ခြင်း (Post-infectious arthritis)
  • ပိုးဆိပ်ပျံ့ခြင်း (Sepsis) (အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ခံအားနည်းသူများတွင် အဖြစ်များသည်)
  • ဘက်တီးရီးယားပိုးမှ ထုတ်သော အဆိပ်များကြောင့် သွေးနီဥနှင့် သွေးဥမွှားများကို ထိခိုက်ပြီး သွေးအားနည်းခြင်းနှင့် သွေးခဲခြင်းများ ဖြစ်ပေါ်ကာ ရုတ်တရက်ကျောက်ကပ်လုပ်ငန်း ထိခိုက်ခြင်း (Haemolytic uraemic syndrome)
  • ကပ်ပါးပိုးများကြောင့် ဝမ်းပျက်ခြင်းမှတစ်ဆင့် ရောဂါပိုးများသည် အသည်း၊ အဆုတ်နှင့် ဦးနှောက်သို့ ပျံ့နှံ့၍ ပြည်တည်ခြင်းတို့ ရှားပါးစွာ ဖြစ်ပေါ်တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပေါ်သော ဝမ်းကိုက်ခြင်းအချို့သည် အလိုအလျောက် သက်သာသွားနိုင်သော်လည်း မခံမရပ်နိုင်အောင် ဗိုက်နာခြင်း၊ အဖျားကြီးခြင်း (၁၀၂ ဒီဂရီနှင့် အထက်)၊ ဝမ်းရက်ရှည်သွားခြင်း၊ ရေဓာတ်ခန်းခြောက်သော လက္ခဏာများဖြစ်သည့် အာခြောက်ခြင်း၊ ရေငတ်ခြင်း၊ ဆီးနည်းသွားခြင်းတို့ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ဆွေးနွေး၍ ထိရောက်သောကုသမှုများ ခံယူရန်လိုအပ်သည်။ ထိရောက်သောကုသမှုကို မခံယူခဲ့လျှင် ဝမ်းပျက်ခြင်းကြောင့် အထူးသဖြင့် ကလေးငယ်များ၊ အသက် (၅၀) နှင့်အထက် သက်ကြီးရွယ်အိုများနှင့် အာဟာရချို့တဲ့သူများ၊ ကိုယ်ခံအားနည်းသူများတွင် အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်သည်။

ရောဂါရှာဖွေခြင်း

ဝမ်းကိုက်ခြင်းတွင် အောက်ပါနည်းလမ်းများဖြင့် စနစ်တကျ စစ်ဆေးနိုင်သည်။

  1. ရောဂါရာဇဝင်နှင့် လက္ခဏာမေးမြန်းခြင်း (လူနာ၏ ဝမ်းသွားသည့် အကြိမ်ရေ၊ ဝမ်းတွင် သွေးနှင့် အချွဲများ ပါမပါ၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း စသည့် လက္ခဏာများ၊ မသန့်ရှင်းသော အစားအသောက် စားမိခြင်း ရှိမရှိ)
  2. ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးခြင်း (ဗိုက်နာခြင်း၊ ရေဓာတ်ခန်းခြောက်မှု လက္ခဏာများ ရှာဖွေခြင်း)
  3. ဝမ်းစစ်ဆေးခြင်း [ဝမ်းပိုးမွေးခြင်း (Stool Culture) ၊ သွေးနှင့်အချွဲများ ရှိမရှိ စစ်ဆေးခြင်း၊ မိုက်ခရိုစကုပ်ဖြင့် ကပ်ပါးပိုး (Entamoeba histolytica) ရှာဖွေခြင်း]
  4. သွေးစစ်ဆေးမှုများ [ရောဂါပိုးကြောင့် သွေးဖြူဥများ တက်ခြင်း (WBC count)၊ ရေဓာတ်ခန်းခြောက်မှုကို ဆန်းစစ်ရန် ဓာတ်ဆားဓာတ်များကို ဓာတ်ခွဲစမ်းသပ်ခြင်း]

ရောဂါအမျိုးအစား (ဘက်တီးရီးယား၊ ကပ်ပါး) ပေါ်မူတည်၍ ကုသမှုနည်းလမ်းများ ကွဲပြားသောကြောင့် တိကျသောရောဂါရှာဖွေမှုသည် အရေးကြီးသည်။

ကုသခြင်း

ရောဂါလက္ခဏာများ သက်သာစေရန် ကုသမှုများ
ဝမ်းကိုက်ခြင်း (အထူးသဖြင့် ဘက်တီးရီးယားဝမ်းကိုက်ခြင်း) သည် အများအားဖြင့် (၃-၅) ရက်အတွင်း သက်သာတတ်ပြီး ပဋိဇီဝပိုးသတ်ဆေး မလိုအပ်ဘဲ ပြန်ကောင်းနိုင်သော်လည်း အောက်ပါကုသမှုများ လိုအပ်သည်။

  • ကုန်ဆုံးသွားသော ရေနှင့်ဓာတ်ဆားများကို ပြန်လည်ဖြည့်ဆည်းရန် ရေများများသောက်ပါ၊ ဓာတ်ဆားရည် (ORS) ကို လုံလောက်စွာ သောက်သုံးပါ
  • အဖျားရှိပါက ပါရာစီတမောသောက်သုံးနိုင်သည်
  • ဝမ်းပိတ်ဆေးများ (ဥပမာ loperamide) သောက်ခြင်းကို ရှောင်ကြဉ်ပါ၊ ရောဂါပိုးများ အူအတွင်း ပိုမိုပွားများစေနိုင်သောကြောင့် ဖြစ်သည်

ကူးစက်မှုကို ကာကွယ်ခြင်း

  • ရောဂါလက္ခဏာစတင်သည့်အချိန်မှ နောက်ဆုံးဝမ်းသွားပြီး (၄၈) နာရီအထိ နေအိမ်တွင်သာ နေထိုင်ပါ
  • အခြားသူများအား ရောဂါမကူးစက်စေရန် ထိုကာလအတွင်း အစားအသောက်များ ကိုင်တွယ်ပြင်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

ဆေးဝါးများဖြင့် ကုသမှု
အဖျားကြီးခြင်း၊ ဝမ်းသွားများခြင်း စသည့် ပြင်းထန်သော လက္ခဏာများရှိပါက ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်နိုင်သည်။

(က) ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
ဝမ်းကိုက်ခြင်းကို ဖြစ်ပေါ်စေသော ဘက်တီးရီးယားပိုး (သို့မဟုတ်) ကပ်ပါးပိုးများကို နှိမ်နင်းရန် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသနိုင်သည်။

ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပေါ်သော ဝမ်းပျက်ခြင်းတွင် အသုံးပြုသော ပဋိဇီဝပိုးသတ်ဆေးများမှာ_

  • Azithromycin
  • Ciprofloxacin (or) Levofloxacin
  • Ceftriaxone တို့ဖြစ်ကြသည်။

ကပ်ပါးပိုးများကြောင့် ဖြစ်ပေါ်သော ဝမ်းပျက်ခြင်းတွင် အသုံးပြုသော ပဋိဇီဝပိုးသတ်ဆေးများမှာ_

  • Metronidazole
  • Tinidazole
  • Nitazoxanide
  • Chloroquine တို့ဖြစ်ကြသည်။

(ခ) ရေဓာတ်ပြန်လည် ဖြည့်တင်းခြင်း
ဝမ်းလျှောခြင်းနှင့် ပျို့အန်ခြင်းတို့ကြောင့် ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးသွားသော ပမာဏပေါ်မူတည်၍ ဓာတ်ဆားရည်သောက်ခြင်းနှင့် လိုအပ်လျှင် သွေးကြောထဲသို့ အရည်များထည့်ပေးခြင်းတို့ဖြင့် ရေဓာတ်ပြန်လည် ဖြည့်တင်းပေးရန် လိုအပ်သည်။

ကာကွယ်ခြင်း

ဝမ်းကိုက်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးသော နည်းလမ်းမှာ တစ်ကိုယ်‌ရေ သန့်ရှင်းမှုရှိအောင် နေထိုင်ခြင်းဖြစ်သည်။ အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ဝမ်းကိုက်ခြင်း ဖြစ်နိုင်ခြေများကို လျှော့ချပေးနိုင်သည်။

  • လက်ကို မကြာခဏ ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်စွာ ‌ဆေးကြောခြင်း (အိမ်သာတက်ပြီးနောက်၊ အစားအသောက်များမကိုင်မီနှင့် က‌လေး ဒိုင်ပါလဲပြီးနောက်)
  • ရေကို ကြိုချက်၍သောက်သုံးခြင်း
  • အသားငါး၊ အသီးအရွက်များကို စင်ကြယ်စွာဆေးကြောပြီး ကျက်အောင်ချက်စားခြင်း
  • အသုံးအဆောင်ပစ္စည်းများကို မျှဝေ၍ သုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်း
  • မသန့်ရှင်းသော လမ်းဘေးတွင် ရောင်းချသော အစားအသောက်များစားသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

ရောဂါပိုးရှိသူထံမှ အခြားသူများသို့ ရောဂါပိုး မကူးစက်စေရန်အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်။

  • လက်ကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း
  • ရောဂါလက္ခဏာစတင်ချိန်မှ သက်သာပြီးနောက် (၄၈) နာရီအထိ အလုပ်၊ ကျောင်း မသွားဘဲ နေအိမ်တွင် သီးသန့်နေထိုင်ခြင်း၊ ‌ရေမကူးခြင်း၊ အခြားသူများအတွက် အစားအသောက်များ ပြင်ဆင်မှု မပြုလုပ်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

References:

  1. Dysentery. (2022). Cleveland Clinic. Retrieved July 29, 2024, from https://my.clevelandclinic.org/health/diseases/23567-dysentery
  2. Watson, S. (2024). Dysentery. WebMD. Retrieved July 29, 2024, from https://www.webmd.com/digestive-disorders/what-is-dysentery
  3. Website, N. (2024). Dysentery. nhs.uk. Retrieved July 29, 2024, from https://www.nhs.uk/conditions/dysentery/
  4. Curtis, L. (2023). How dysentery affects your body: what to expect and how to manage it. Health. Retrieved July 29, 2024, from https://www.health.com/dysentery-7970836

Published: 15 May 2025

Share

15 May 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.