အမျိုးသမီးတစ်ဦး၏ ပုံမှန်ကိုယ်ဝန်ဆောင်ကာလ (ကိုယ်ဝန်သက်) သည် (၃၇) ပတ်နှင့် (၄၂) ပတ်ကြားဖြစ်ပြီး၊ ထိုကာလတွင် သဘာဝအတိုင်းမွေးဖွားပါက ကိုယ်ဝန်သက်စေ့သည် (Term Pregnancy) ဟု သတ်မှတ်သည်။ သို့သော် ကိုယ်ဝန်ဆောင်မိခင် (၅-၁၀) ရာခိုင်နှုန်းသည် ကိုယ်ဝန်သက် (၄၂) ပတ်ကျော်သည်အထိ ကလေးမီးဖွားရန် သဘာဝအတိုင်း ဗိုက်မနာဘဲရှိတတ်ကြသည်။ ထိုသို့ ကိုယ်ဝန်သက်ဆက်လက်ရှိနေခြင်းကို ကိုယ်ဝန်သက်ပုံမှန်ထက်ရှည်ကြာခြင်း (Post Term) ဟုခေါ်သည်။
ကလေးမွေးဖွားရန် သတ်မှတ်ထားသောရက် (Estimated Date of Delivery – EDD) နှင့်တွက်ပါက ထိုရက်ကျော်လွန်သည်အထိ ကလေးမီးဖွားရန် ဗိုက်မနာဘဲ ကိုယ်ဝန်ဆက်ရှိနေခြင်းကိုမူ ကလေးမွေးဖွားရန် သတ်မှတ်ထားသောရက် ကျော်လွန်သောကိုယ်ဝန် (Post-dates pregnancy) ဟုခေါ် သည်။ မွေးဖွားရန် သတ်မှတ်ထားသောရက် (Estimated Date of Delivery – EDD) ကို တွက်ချက်ရာတွင် Naegele’s Rule ကို အသုံးပြုသည်။ ဤနည်းလမ်းတွင် နောက်ဆုံးဓမ္မတာစက်ဝန်း၏ ပထမနေ့ (First day of Last Menstrual Period – LMP) မှစ၍ (၉) လနှင့် (၇) ရက်ပေါင်းထည့်ခြင်း သို့မဟုတ် ရက်ပေါင်း (၂၈၀) ရက် သို့မဟုတ် ရက်သတ္တပတ်ပေါင်း (၄၀) ပတ်ပေါင်းခြင်းဖြင့် မွေးဖွားမည့်ရက် (EDD) သို့မဟုတ် Due Date ကို ခန့်မှန်းသတ်မှတ်သည်။
EDD/Due Date = LMP + (၉) လ + (၇) ရက်
သို့မဟုတ်
EDD/Due Date = LMP + (၂၈၀) ရက်
သို့မဟုတ်
EDD/Due Date = LMP + (၄၀) ပတ်
ဤနည်းသည် သက်တမ်း (၂၈) ရက်ရှိ သာမန်စက်ဝန်းအတွက်အသုံးပြုနိုင်ပြီး စက်ဝန်းမမှန်သူများတွင် တိကျမှု နည်းနိုင်သည်။ အကယ်၍ နောက်ဆုံးပေါ်ခဲ့သော ဓမ္မတာစက်ဝန်းကို မမှတ်မိပါက ကိုယ်ဝန်သက် ပထမ (၃) လတွင် ရိုက်ထားသော သန္ဓေသားအာထရာဆောင်း (First trimester ultrasound dating scan) မှတွက်ထားသော မွေးဖွားရက်ကို ယူနိုင်သည်။
ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာရသော အကြောင်းရင်းများ
ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာခြင်းကို ဖြစ်စေသောအကြောင်းရင်း တိတိကျကျ မရှိပါ။
- သားဦးကိုယ်ဝန်ဖြစ်ခြင်း
- လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း
- ကိုယ်အလေးချိန် ပုံမှန်ထက်များနေသော မိခင်များ
- ယောက်ျားလေးကိုယ်ဝန် လွယ်ထားခြင်း
- မိခင်အသက် (၄၀) နှစ်ထက်ကျော်လွန်ခြင်း
- ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာသော ရာဇဝင်ရှိခဲ့ဖူးခြင်း စသည်တို့တွင် အဖြစ်များသည်။
ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာခြင်း လက္ခဏာများ
တချို့သော ကိုယ်ဝန်များတွင် မွေးဖွားရန်သတ်မှတ်ထားသော ရက်ကျော်နေခြင်းမှအပ တခြားသိသာထင်ရှားသော လက္ခဏာမရှိပါ။
- သန္ဓေသားကြီးထွားမှု တန့်သွားခြင်း သို့မဟုတ် ပုံမှန်ထက်ပိုကြီးထွားလာခြင်း (Static growth or potentially macrosomia)
- ရေမြွှာရည် ပုံမှန်ထက် လျော့ခြင်း (Oligohydramnios)
- သန္ဓေသားလှုပ်ရှားမှု ပုံမှန်ထက်နည်းလာခြင်း (Reduced fetal movements)
- ရေမြွှာရည်တွင် ငယ်ချေးများပါဝင်မှု များလာခြင်း (Presence of meconium)
- သန္ဓေသားကလေး၏ အရေပြားသည် ခြောက်သွေ့ပြီး အရေပြားပေါ်တွင် ဖယောင်းဖြူကဲ့သို့သော အဖတ်များ (vernix) အနည်းငယ်သာတွေ့ရခြင်း စသည့်လက္ခဏာများ တွေ့ရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ပုံမှန်အားဖြင့် မွေးဖွားရန်သတ်မှတ်ထားသောရက် နီးကပ်နေသည့်ကိုယ်ဝန်များတွင် အချင်း၏လုပ်ဆောင်မှုများ လျော့နည်းသွားတတ်သော်လည်း တချို့သောကိုယ်ဝန်များတွင် မွေးဖွားရန် သတ်မှတ်ရက် ကျော်လွန်သွားသည့်တိုင် အချင်း၏လုပ်ဆောင်မှုများ လျော့နည်းမသွားသည့်အတွက်ကြောင့် သန္ဓေသားသည် ပုံမှန်ထက်ကြီးထွားလာသည်။ ထိုသို့သန္ဓေသားကြီးထွားမှုကြောင့်
- မိခင်၏မွေးလမ်းကြောင်းနှင့် သန္ဓေသား အချိုးမမျှမတဖြစ်၍ သဘာဝအတိုင်းမွေးရန် ခက်ခဲခြင်း
- မွေးဖွားချိန်ကြာခြင်း
- လေစုပ်မွေးဖွားခြင်း၊ ညှပ်ဆွဲ၍မွေးဖွားခြင်းစသော ကိရိယာအကူအညီဖြင့် မွေးဖွားရနိုင်ခြင်း
- မွေးလမ်းကြောင်း ကြီးမားစွာ ချဲ့ရနိုင်ခြင်း
- ချဲ့ထားသော ပမာဏထက်ပို၍ မွေးလမ်းကြောင်းသာမက စအိုကြွက်သားများ စုတ်ပြဲနိုင်ခြင်း၊ စအိုအဝကို ထိခိုက်မိနိုင်ခြင်း
- လိုအပ်ပါက အရေးပေါ်ခွဲစိတ်မွေးဖွားရနိုင်ပြီး အရေးပေါ် ခွဲစိတ်မွေးဖွားခြင်း၏ နောက်ဆက်တွဲ ပြဿနာများကို ကြုံတွေ့ရနိုင်ခြင်း
- မွေးဖွားပြီး သားအိမ်ကောင်းစွာ ပြန်မကျုံ့ခြင်းကြောင့် သွေးသွန်တတ်ခြင်း
- မွေးလမ်းကြောင်းချဲ့ထားသော အနာမှ သွေးထွက်များခြင်း၊ အနာကောင်းစွာမကျက်ခြင်း
- ကလေးများ သဘာဝအတိုင်း မွေးဖွားပါက ကလေးဦးခေါင်းမွေးပြီးနောက် ပခုံးတစ်နေခြင်း၊ ကလေး၏ညှပ်ရိုးကျိုးခြင်း၊ ကလေး၏ လက်မောင်းအောက်ဘက်ချိုင်းအတွင်းရှိ အာရုံကြောအစုကို ထိခိုက်မိခြင်း (Birth injury)
- ကလေးသွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycemia) စသည့်နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
ပုံမှန်အတိုင်း မွေးဖွားရန်သတ်မှတ်ထားသောရက် ကျော်လွန်သွားသည့်အတွက် အချင်း၏လုပ်ဆောင်မှု ကျဆင်းသွားသော ကိုယ်ဝန်များတွင်
- ရေမြွှာရည်ပမာဏ တဖြည်းဖြည်းနည်းလာခြင်း
- ရေမြွှာရည်နည်းလာခြင်းကြောင့် ချက်ကြိုးကိုသန္ဓေသား၏ ခန္ဓာကိုယ်အစိတ်အပိုင်းဖြင့် ပိမိခြင်းဖြစ်၍ သန္ဓေသား၏ နှလုံးခုန်သံ ပုံမှန်မဖြစ်တော့ခြင်း
- သန္ဓေသားကြီးထွားမှု နှေးသွားခြင်း၊ ရပ်တန့်သွားခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း
- သန္ဓေသား အသက်သေဆုံးနိုင်ခြင်း
- ရေမြွှာရည်နည်းလာပြီး ရေမြွှာရည်ထဲတွင် သန္ဓေသား၏ ဝမ်း(ငယ်ချေး) ပါဝင်မှု ပမာဏများလာခြင်း
- မွေးဖွားလာသည့်အခါ သန္ဓေသားမှ ငယ်ချေးပါသောရေမြွှာရည် ရှူမိခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများဖြစ်သော ပိုးဝင်ခြင်း၊ အသက်ရှူရခက်ခဲခြင်း (Meconium aspiration) စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ဝန်သက် (၃၇) ပတ်မှစတင်၍ ကိုယ်ဝန်စောင့်ရှောက်ပေးသော မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် တစ်ပတ် တစ်ကြိမ် ပုံမှန်ပြသသင့်သည်။ အကယ်၍ ကိုယ်ဝန်သက် (၄၁) ပတ်ကျော်လာလျှင် မွေးဖွားမည့်နည်းလမ်းများကို မိမိ၏ ကိုယ်ဝန်စောင့်ရှောက်ပေးသူနှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ရမည်။ ရေမြွှာအိတ်ပေါက်ပြီး ရေမြွှာရည်စိမ့်ထွက်ခြင်း၊ အချွဲဆင်းခြင်း၊ သွေးဆင်းခြင်း၊ သန္ဓေသား၏ လှုပ်ရှားမှုနည်းသွားခြင်းများရှိပါက မိမိ၏ကိုယ်ဝန်စောင့်ရှောက်သူထံ ဆက်သွယ်၍ ချက်ချင်းပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်များတွင် မွေးဖွားရက်ကို တွက်ချက်၍ သတ်မှတ်ရန် အလွန်အရေးကြီးသည်။ ကိုယ်ဝန်သက် (၁၁)ပတ် မှ (၁၃)ပတ်အတွင်းရိုက်သော အာထရာဆောင်း (Dating scan) သည် အခြားအချိန်တွင်ရိုက်သော အာထရာဆောင်းထက် သန္ဓေသား၏ အသက်အပိုင်းအခြားကို တိုင်းတာတွက်ချက်ရာတွင် အမှားအနည်းနိုင်ဆုံးဖြစ်သောကြောင့် ထိုအချိန်အတွင်း၌ အာထရာဆောင်းရိုက်သင့်ကြောင်း အကြုံပြုသည်။
ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာသော မိခင်များတွင် သန္ဓေသားကြီးထွားမှု၊ ရေမြွှာရည်ပမာဏနှင့် သားအိမ်နှင့် ချက်ကြိုးအတွင်း သွေးစီးဆင်းမှုကို တိုင်းတာခြင်း (Dopplers) ကို အာထရာဆောင်းရိုက်၍ မကြာခဏစောင့်ကြည့်သည်။ သို့မှသာ အချင်း၏လုပ်ဆောင်မှုနှင့် သန္ဓေသားကျန်းမာရေးအခြေအနေကို အချိန်မီသိနိုင်မည်ဖြစ်သည်။
ကုသခြင်း
ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာခြင်းကြောင့် သန္ဓေသားထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင် ကိုယ်ဝန်သက် (၄၂) ပတ်အထိ မစောင့်ဆိုင်းဘဲ ထိုရက်မတိုင်မီ ကလေးမီးဖွားရန် လိုအပ်သည်။ မီးဖွားရန် သဘာဝအတိုင်း ဗိုက်နာစေရန် အောက်ပါနည်းလမ်းများ ပြုလုပ်နိုင်သည်။
- ရေမြွှာအိတ်ကို ကွာစေခြင်း (Membrane sweeps)
သားဖွားမီးယပ် အထူးကုဆရာဝန်မှ ပိုးသတ်ထားသော လက်အိတ်ဝတ်၍ သားအိမ်နံရံနှင့် ရေမြွှာအိတ်ကြားထဲသို့ လက်ချောင်းထည့်ပြီး ရေမြွှာအိတ်ကို ကွာစေခြင်းကို ကိုယ်ဝန်သက် အပတ် (၄၀) တွင် လုပ်ဆောင်နိုင်သည်၊ ထိုသို့ပြုလုပ်ခြင်းကြောင့် ပရိုစတယ်ဂလမ်ဒင် (Prostaglandins) ဓာတုပစ္စည်းထွက်စေပြီး မီးဖွားမှုဖြစ်စဉ်ကို စတင်စေနိုင်သည်။ - သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်း (Induction of labour)
ပရိုစတယ်ဂလမ်ဒင် (Prostaglandins) ဆေး၊ အောက်ဆီတိုစင် (Oxytocin) ဆေးကို သုံးပြီး သားအိမ်ပွင့်အောင် လှုံ့ဆော်၍ ကလေးမီးဖွားမှု စတင်စေခြင်းကို ကိုယ်ဝန်သက် (၄၁) ပတ်နှင့် (၄၂) ပတ်ကြားတွင် ပြုလုပ်လေ့ရှိသည်။
သားအိမ်ပွင့်အောင်လှုံ့ဆော်ခြင်းကို လုပ်ဆောင်ရန် သဘောမတူ ခွင့်မပြုသော ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာသော မိခင်များတွင် ကလေး၏လှုပ်ရှားမှု၊ ကန်ချက်ကို မှတ်သားခြင်း (Fetal Kick Count)၊ တစ်ပတ်လျှင် နှစ်ကြိမ် သန္ဓေသားနှလုံးခုန်နှုန်းကို စက်ဖြင့်တိုင်းတာခြင်း (CTG monitoring)၊ အာထရာဆောင်းဖြင့် ရေမြွှာရည်ပမာဏ တိုင်းတာခြင်းနှင့် သန္ဓေသားကလေးငယ်၏ ဇီဝရူပဖြစ်ပေါ်ပုံအဆင့်ဆင့် (Biophysical profile) ဖြင့် သန္ဓေသားကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုပြီး သန္ဓေသား မကျန်းမာလျှင်သော်လည်းကောင်း၊ မိခင်နှင့်သန္ဓေသားကျန်းမာရေး ထိခိုက်စေနိုင်သော အခြေအနေများ ဖြစ်ပေါ်လာလျှင်သော်လည်းကောင်း အရေးပေါ်ခွဲစိတ်မွေးဖွားရန်လိုသည်။
ကာကွယ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်များတွင် မွေးဖွားရက်ကို သေချာစွာသတ်မှတ်နိုင်ရန် အလွန်အရေးကြီးသည်။ ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာသောမိခင်များသည် မွေးဖွားရက် သတ်မှတ်တွက်ချက်ရာတွင် မှားယွင်းခြင်းကြောင့် ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာခြင်းလည်း ဖြစ်နိုင်သည်။ ထိုကြောင့် ကိုယ်ဝန်သက် (၁၁)ပတ် မှ (၁၃)ပတ်အတွင်း အာထရာဆောင်း (Dating scan) ရိုက်ခြင်းသည် မွေးဖွားရက် သတ်မှတ်တွက်ချက်ရာတွင် မှားယွင်းနိုင်မှုကို လျှော့ချပေးနိုင်သည်။
ကိုယ်ဝန်သက် ပုံမှန်ထက်ရှည်ကြာခြင်းနှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်
- ကိုယ်ဝန်စောင့်ရှောက်မှု စောစီးစွာခံယူပါ
- ကိုယ်ဝန်စောင့်ရှောက်မှု ပုံမှန်ခံယူပါ
- ကိုယ်ဝန်သက်ရှည်မိခင်များသည် မိမိကျန်းမာရေးစောင့်ရှောက်ပေးသူ၏ ညွှန်ကြားအကြံပေးချက်များကို လိုက်နာဆောင်ရွက်ပါ
References:
- TeachMeObGyn. (n.d.). Prolonged pregnancy. Retrieved May 23, 2026, from https://teachmeobgyn.com/pregnancy/antenatal/prolonged-pregnancy/
- Weiss, E., Abele, H., Bartz, C., Franz, M., Fischer, T., Gembruch, U., Gonser, M., Heim, K., Kainer, F., Kiefer, A., König, K., Ramsauer, B., Reister, F., Schneider, K. T., Surbek, D., Vetter, K., & Wolff, F. (2014). S1-guideline: Management of late-term and post-term pregnancy: Short version—AWMF Registry Number: 015/065. Geburtshilfe und Frauenheilkunde, 74(12), 1099–1103. https://doi.org/10.1055/s-0034-1383314
- Stanford Medicine Children’s Health. (n.d.). Post-term pregnancy. Retrieved May 23, 2026, from https://www.stanfordchildrens.org/en/topic/default?id=post-term-pregnancy-90-P02487
Published: 10 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.