နေလောင်ခြင်း (Sunburn) ဆိုသည်မှာ ခရမ်းလွန်ရောင်ခြည် (UV light) နှင့် အလွန်အကျွံ ထိတွေ့မိပြီးနောက် ဖြစ်ပေါ်လာသည့်ရောင်ခြည်သင့် လောင်ကျွမ်းမှု” (Radiation burn) တစ်မျိုး ဖြစ်သည်။ UV ရောင်ခြည်သည် နေရောင်ခြည်တွင် ပါဝင်သော ရောင်ခြည်တစ်မျိုးဖြစ်သည်။ နေလောင်ခြင်း၏ လက္ခဏာများဖြစ်သည့် နီမြန်းပြီး နာကျင်သော အရေပြားဓာတ်ပြုမှုသည် နေရောင်နှင့်ထိတွေ့ပြီး နာရီအနည်းငယ်အကြာတွင် ပေါ်လာလေ့ရှိသည် (ထိတွေ့ပြီး ၆နာရီ မှ ၃၆နာရီအတွင်း အဆိုးဆုံး ဖြစ်တတ်သည်)။ လက္ခဏာများသည် ရေတို (ယာယီ) သဘောမျိုးသာဖြစ်ပြီး၊ ၃ရက် မှ ၅ရက်အတွင်း ပျောက်ကွယ်သွားတတ်သော်လည်း နေလောင်ခြင်းသည် အရေပြား၏ DNA ကို ရေရှည် (အမြဲတမ်း) ပျက်စီးစေနိုင်သည်။
အကယ်၍ မကြာခဏ နေလောင်ခံရပါက အရွယ်မတိုင်မီ အရေပြား၌ အရေးအကြောင်းဖြစ်ခြင်း၊ အသားအရေ ရင့်ရော်လာခြင်းနှင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေများ မြင့်တက်လာနိုင်သည်။ ထို့ကြောင့် အသားအရေကို နေ့စဉ် ဂရုစိုက်ကာကွယ်ပေးခြင်းဖြင့် နေလောင်ခြင်း၏ အန္တရာယ်များကို လျှော့ချနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခရမ်းလွန်ရောင်ခြည် UVB သည် အရေပြားနီမြန်းခြင်းနှင့် DNA ပျက်စီးခြင်းအတွက် အဓိကတရားခံဖြစ်သည်။ ၎င်း UVB သည် ဆဲလ်များကို တိုက်ရိုက်ပျက်စီးစေကာ “နေလောင်ဆဲလ်” များကို ဖြစ်ပေါ်စေပြီး၊ UVA ရောင်ခြည်သည် DNA ပျက်စီးစေကာ UVB ၏ ဆိုးကျိုးများကို ပိုမိုပြင်းထန်စေသည်။ ဤရောင်ခြည်သည် အရေပြားဆဲလ်များရှိ DNA ကို ပျက်စီးစေပြီး ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးကာ ဆဲလ်များသေဆုံးခြင်း (apoptosis) ကို ဖြစ်စေသည်။ ထိုအခါ ကိုယ်ခံအားစနစ်သည် ကုသခြင်းလုပ်ငန်းစဉ် စတင်နိုင်ရန် အဆိုပါနေရာသို့ သွေးများပို့လွှတ်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း၊ ပူခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပေါ်လာရသည်။ သိသာထင်ရှားသော အရေပြားကွာခြင်း (Peeling) ဖြစ်ရခြင်းမှာ ပျက်စီးနေသော အရေပြားဆဲလ်များကို မျိုးဗီဇ ဖောက်ပြန်မှု (mutation) မဖြစ်စေရန်အတွက် ခန္ဓာကိုယ်မှ ဖယ်ရှားလိုက်ခြင်းကြောင့်ဖြစ်သည်။
မည်သူမဆို နေလောင်ခံရနိုင်သော်လည်း အောက်ပါအခြေအနေရှိသူများတွင် ဖြစ်ပွါးနိုင်ခြေ ပိုမိုမြင့်မားသည်။
- အသားဖြူခြင်း
- ယခင်က နေလောင်ဖူးခြင်း
- နေပူပြင်းသောဒေသ သို့မဟုတ် အမြင့်ပိုင်းတောင်တန်းဒေသများတွင် နေပူချိန်၌ နေထိုင်ခြင်း၊ ခရီးသွားခြင်း
- နေပူထဲတွင် အလုပ်လုပ်ရခြင်း
- ရေဖျန်း၍ သို့မဟုတ် အဆီများလိမ်း၍ ရေကူးခြင်း (စိုစွတ်နေသောအရေပြားသည် ခြောက်သွေ့သောအရေပြားထက် နေလောင်ဒဏ် ပိုခံရနိုင်သည်)
- နေလောင်ကာခရင်မ် မသုံးစွဲဘဲ နေရောင်ခြည် သို့မဟုတ် နေလောင်ခံအိပ်ရာများနှင့် ပုံမှန်ထိတွေ့ခြင်း
- အရေပြားကို နေလောင်လွယ်စေသည့် ဆေးဝါးများ သောက်သုံးနေရခြင်း (ဥပမာ_ ပဋိဇီဝပိုးသတ်ဆေးအချို့၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ၊ Retinoids ဆေးများ)
နေလောင်ဒဏ်ခံရခြင်းကြောင့် အရေပြားပျက်စီးမှု အပေါ်မူတည်၍ အဆင့် (၃) ဆင့် ခွဲခြားသတ်မှတ်နိုင်သည်။
- ပထမအဆင့် နေလောင်ခြင်း
- အရေပြား၏ အပြင်ဘက်ဆုံးသောအလွှာကို ထိခိုက်ပျက်စီးခြင်းဖြစ်သည်
- အဆိုပါ နေလောင်ခြင်းအဆင့်သည် ရက်အနည်းငယ် မှ တစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသက်သာသွားသည်
- ဒုတိယအဆင့် နေလောင်ခြင်း
- အရေပြား၏ အလယ်အလွှာ (Dermis) ကို ထိခိုက်ပျက်စီးခြင်းဖြစ်သည်၊ နေလောင်သော အရေပြားတွင် အရည်ကြည်ဖု ဖြစ်ပေါ်လာနိုင်သည်
- ထိုအဆင့်တွင် အရေပြားသည် သက်သာပျောက်ကင်းရန် ရက်သတ္တပတ်များစွာ ကြာနိုင်ပြီး ဆေးကုသမှု ခံယူရန်လည်း လိုအပ်နိုင်သည်
- တတိယအဆင့် နေလောင်ခြင်း
- တတိယအဆင့် နေလောင်ခြင်းသည် အလွန်ရှားပါးပြီး အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သည်
- ၎င်းအဆင့်တွင် အရေပြားအောက်ရှိ အဆီအလွှာအပါအဝင် အရေပြား၏အလွှာအားလုံးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးသည်၊ ထို့အပြင် အရေပြားအောက်ရှိ အာရုံကြောများကိုပါ ဖျက်ဆီးသည်
- အဆိုပါအဆင့်တွင် နေလောင်ခြင်းအများစုသည် နေရောင်ကြောင့် မဟုတ်ဘဲ ဓာတုပစ္စည်းများလောင်ကျွမ်းခြင်း သို့မဟုတ် မီးလောင်ကျွမ်းခြင်းများကြောင့်လည်း ဖြစ်ပေါ်တတ်သည်

ရောဂါလက္ခဏာများ
အရေပြားတွင် နေလောင်ခြင်း ဖြစ်ပေါ် ပါက အသားရေမညီမညာဖြစ်ခြင်း၊ မီးလောင်သကဲ့သို့ ပူလောင်ခြင်း၊ စပ်ဖျဥ်းဖျဥ်းဖြစ်ခြင်းတို့ ခံစားရသည့်အပြင် အဝတ်အစားနှင့် ထိတွေ့သည့်အခါတွင် ဆိုးဆိုးရွားရွား ပို၍ခံစားရနိုင်သည်။ နေလောင်ခြင်းကြောင့်ဖြစ်ပေါ်သော ရောဂါလက္ခဏာများသည် အရေပြားပျက်စီးမှုအဆင့်ပေါ် မူတည်သည်။
ပထမအဆင့် နေလောင်ခြင်းကြောင့်
- အရေပြားများ နီရဲရောင်ရမ်းခြင်း (အသားရောင်ဖြူသောသူများတွင် အနီရောင်၊ ပန်းရောင်အဖြစ်တွေ့ရပြီး၊ အသားညိုရင့်သူများတွင် သိသာစွာ မတွေ့ရှိရပေ)
- အရေပြားသည် ကိုင်ကြည့်ပါက ပူနွေးခြင်း၊ ပူလောင်ခြင်းကို ခံစားရခြင်း
- အရေပြား နာကျင်ခြင်း၊ ယားယံခြင်း
- အရေပြားများကွာကျခြင်း
- ကိုယ်ပူခြင်း
- နုံးနယ်ခြင်း
- ခေါင်းကိုက်ခြင်း စသည့် လက္ခဏာများ ခံစားရနိုင်သည်။
ဒုတိယအဆင့် နေလောင်ခြင်းကြောင့်
- အရေပြား အလွန်အမင်း နီမြန်းခြင်း
- အရည်ကြည်ဖုများ ဖြစ်ပေါ်ခြင်းနှင့် ပေါက်ပြဲခြင်း
- အရေပြားရောင်ရမ်းမှု နေရာပိုကျယ်လာခြင်း
- အရေပြား စိုစွတ်သကဲ့သို့ ဖြစ်ခြင်း
- အရေပြား ပို၍နာကျင်ခြင်း စသည်တို့ခံစားရသည်။
ထို့အပြင် အပူဒဏ်ကြောင့်ဖြစ်သော အခြားသော လက္ခဏာများဖြစ်သည့်
- စိတ်အာရုံထွေပြားခြင်း
- ခေါင်းမူးခြင်း
- မောပန်းလွယ်ခြင်း
- အသက်ရှူမြန်ခြင်း
- ကိုယ်ပူခြင်း
- ကြွက်တက်ခြင်း
- ပျို့ခြင်း
- ချမ်းတုန်ခြင်း စသည့်လက္ခဏာများကိုလည်း တွဲ၍တွေ့ရနိုင်သည်။
တတိယအဆင့် နေလောင်ခြင်းကြောင့်
- အရေပြားသည် သားရေကဲ့သို့ ဖြစ်ခြင်း
- အရေပြားသည် ထုံနေခြင်း
- အရေပြားသည် အဖြူရောင် သို့မဟုတ် မွဲခြောက်သကဲ့သို့ ဖြစ်ခြင်း
- အပူဒဏ်ကြောင့် ဖြစ်သော လက္ခဏာများ (ဒုတိယအဆင့် နေလောင်ခြင်းတွင် ဖော်ပြခဲ့ပြီး)
- အပူလျှပ်ခြင်းနှင့်
- ရှော့ခ်ဖြစ်ခြင်း စသည့်တို့ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ထပ်တလဲလဲ ပြင်းထန်သော နေလောင်ခြင်းကြောင့် အရေပြားပျက်စီးမှုများနှင့် အရေပြားရောဂါများ ပို၍ဖြစ်နိုင်သည်။ ၎င်းတို့မှာ_
- အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း
နေရောင်နှင့် မကြာခဏ ထိတွေ့မှုသည် အရေပြားကလပ်စည်းဆဲလ်များကို ပျက်စီးစေသည်။ ထို့ကြောင့်- အသားအရေ လျော့တွဲကျလာခြင်း
- အရေးအကြောင်းများပေါ်လာခြင်း
- ခြောက်သွေ့ကြမ်းတမ်းသော အသားအရေဖြစ်လာခြင်း
- ပါး၊ နှာခေါင်းနှင့် နားတို့တွင် သွေးကြောမျှင်များ ပေါ်လာခြင်း
- တင်းတိတ်များ ဖြစ်ပေါ်လာခြင်း (အထူးသဖြင့် မျက်နှာနှင့် လက်မောင်းနေရာများတွင်)
- နေလောင်သော နေရာတွင် အမဲစက်များ ထွက်လာခြင်း စသည့်လက္ခဏာများ တွေ့ရနိုင်သည်။
- အရေပြားကင်ဆာ အကြိုအဆင့်သို့ ပြောင်းလဲခြင်း
နေလောင်ခြင်းကြောင့် အရေပြားကွာကျခြင်း၊ အကြေးခွံကဲ့သို့ ကြမ်း၍မာကြောသော အကွက်များ ဖြစ်ခြင်းတို့မှတစ်ဆင့် အရေပြားကင်ဆာအဆင့်သို့ ပြောင်းလဲစေသည်။ အရေပြားကင်ဆာသည် နေရောင်ထိတွေ့မှုရှိသော ခန္ဓာကိုယ်နေရာများဖြစ်သည့် ဦးခေါင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ နား၊ လည်ပင်း၊ ရင်ဘတ်၊ ကျော၊ ခြေထောက်နှင့် လက် စသည့်တို့တွင် အဓိကဖြစ်ပေါ်သည်။ အချို့သော အရေပြားကင်ဆာများသည် သေးငယ်သော အလုံးအကျိတ်၊ အနာအနေဖြင့်ရှိပြီး သွေးထွက်လွယ်ခြင်း၊ အရှင်းမပျောက်ကင်းဘဲ ဖြစ်လိုက်ပျောက်လိုက်ဖြစ်ခြင်းဖြင့် တွေ့ရတတ်သည်။
နေလောင်ခြင်းကြောင့် မဟုတ်ဘဲ နေရောင်နှင့် မကြာခဏ ထိတွေ့မှု အလွန်များပါကလည်း မှဲ့ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေသည်။ ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ်တွင် နေလောင်ခြင်း ဖြစ်ထားဖူးပါက အသက်ကြီးလာလျှင် မှဲ့ကင်ဆာဖြစ်လာနိုင်ခြေများသည်။ အရေပြားတွင် မူလကရှိနေသောမှဲ့သည် ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ် လာပါက မှဲ့ကင်ဆာဖြစ်နိုင်သည်ကို သတိထားရမည်။ ထို့ကြောင့်- အရေပြားတွင် အလုံးအကျိတ်များ ထွက်လာခြင်း
- အရေပြားတွင် မူမမှန်သောပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း
- မှဲ့အရောင်ပြောင်းခြင်း၊ အရွယ်ကြီးလာခြင်း
- အချိန်အတော်ကြာအထိ အရေပြားအနာ မသက်သာခြင်း၊ အနာမကျက်ခြင်း စသည်တို့တွေ့ရှိပါက အရေပြားကင်ဆာဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသသင့်သည်။
- မျက်လုံးထိခိုက်ခြင်း
ခရမ်းလွန်ရောင်ခြည်သည် မျက်ကြည်လွှာကို ထိခိုက်ပျက်စီးစေသည်။ နေရောင်ခြည်၏ ဖျက်ဆီးမှုကြောင့် မျက်လုံးအတွင်းရှိ မှန်ဘီလူးပျက်စီးပြီး အတွင်းတိမ်ဖြစ်နိုင်သည်။ နေလောင်ဒဏ်ခံရသော မျက်လုံးသည် နာကျင်ခြင်းနှင့် ခိုးလိုးခုလုဖြစ်ခြင်း စသည်တို့ကို ခံစားရနိုင်သည်။ - အရည်ကြည်ဖုများပေါက်၍ ပိုးဝင်ခြင်းနှင့် ပိုးဆိပ်ပျံ့ခြင်း
- ခန္ဓာကိုယ်ရှိ ဆားဓာတ်များ ကမောက်ကမဖြစ်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြခဲ့သော နေလောင်ခြင်းကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ သို့သော် အပူဒဏ်ကြောင့်ဖြစ်သော ရောဂါလက္ခဏာများပါ တွဲ၍ဖြစ်ပေါ်ပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ အရေပြားကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ နေလောင်ခြင်းကြောင့် ဖြစ်ပေါ်သော အရေပြားပြင်းထန်မှုကို အဆင့်သတ်မှတ်သည်။
ကုသခြင်း
နေလောင်ခြင်းကြောင့် အရေပြားပြင်းထန်မှုပေါ် မူတည်၍ အိမ်တွင်ကုသနိုင်သကဲ့သို့ အရေပြားဆရာဝန်နှင့် ကုသရန် လိုအပ်နိုင်သည်။
အိမ်တွင်းကုသမှု နည်းလမ်းများမှာ_
- အနာသက်သာစေရန် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်
- အရေပြားကို အေးမြစေရန် ရေအေးတဘက်ဖြင့် နေလောင်နေသောအရေပြားကို အုပ်ထားပေးခြင်းဖြင့် ပူလောင်မှုကို သက်သာစေနိုင်သည်၊ တစ်ခါလျှင် (၁၀) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် အကြိမ်ရေများစွာ ပြုလုပ်နိုင်သည်
- ရှားစောင်းလက်ပပ် သို့မဟုတ် ကယ်လမင်းပါသော ခရင်မ်များ၊ လိုရှင်းများ၊ ဂျယ်လ်များကို လိမ်းပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေသည့်အပြင် အသားအရေကို အေးမြစေသည် (Alcohol ပါသော ခရင်မ်များလိမ်းခြင်းမှ ရှောင်ကြဉ်ပါ)
- ရေဓာတ်ဆုံးရှုံးမှုမှ ကာကွယ်ရန် ရေများများသောက်ရန် လိုအပ်သည်
- အရည်ကြည်ဖုများကို ဖောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ ပေါက်သွားသော အရည်ကြည်ဖုသည် ပိုးဝင်နိုင်သောကြောင့်ဖြစ်သည်၊ သဘာဝအတိုင်း ပေါက်သွားပါက ဆပ်ပြာပျော့ပျော့၊ ရေ ဖြင့် ဖြေးညင်းစွာ သန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ၊ ပိုးသတ်ဆေးလိမ်းဆေးများ လိမ်းပေးနိုင်သည်
- အရေပြားအဖတ်များ ကွာကျပါက အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ
- မပြင်းထန်သော စတီးရွိုက်ခရင်မ် (1% Hydrocortisone cream) ကို လိမ်းပေးနိုင်သည် (အသုံးမပြုမီ ရေခဲသေတ္တာထဲတွင် ထား၍ သုံးပါက အာနိသင်ပိုကောင်းစေသည်)
- နေလောင်ဒဏ်ခံထားရသော မျက်လုံးကို ရေအေးတဘက်ဖြင့် အုပ်ထားပေးနိုင်သည်၊ မျက်ကပ်မှန်အသုံးပြုခြင်းနှင့် မျက်လုံးများကို ပွတ်ခြင်းများ မပြုလုပ်ရပါ
ပြင်းထန်သော နေလောင်ခြင်းများတွင် အိမ်တွင်းကုသနည်းများဖြင့် မသက်သာပါက ဆေးကုသမှုခံယူရန် လိုသည်။ ၎င်းတို့မှာ_
- နေလောင်သောအရေပြားတွင် ပိုးဝင်ခြင်း လက္ခဏာများ (ဥပမာ_ကိုယ်ပူကြီးခြင်း၊ ပြည်တည်ခြင်း) ရှိပါက ပဋိဇီဝပိုးသတ်ဆေး သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသနိုင်သည်
- ပြင်းထန်သော ရေဓာတ်ဆုံးရှုံးခြင်းနှင့် ဆားဓာတ်များ ကမောက်ကမဖြစ်ခြင်း လက္ခဏာများ (ဥပမာ_ရေဆာခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးသွားနည်းခြင်း၊ မောပန်းလွယ်ခြင်း) ရှိပါက သွေးကြောမှတစ်ဆင့် ဓာတ်ဆားရည်သွင်းခြင်းဖြင့် ကုသနိုင်သည်
- နေလောင်သော အရေပြားသည် အလွန်ပြင်းထန်ပါက အရေပြားအနာကို ခွဲစိတ်ကုသခြင်း၊ အရေပြားအစားထိုးကုသခြင်းများ ပြုလုပ်နိုင်သည်
- အပူလျှပ်ခြင်း ရောဂါလက္ခဏာများ ရှိပါက အရေးပေါ်ကုသခြင်းဖြင့် ကုသမည်

ကာကွယ်ခြင်း
နေလောင်ခြင်း ဖြစ်ပေါ်မှ ကုသမှုခံယူခြင်းထက် ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းသည် ပို၍ အကျိုးရှိသည်။ ကာကွယ်ရန် နည်းလမ်းများမှာ_
- နေ့စဥ် နေပူထဲမသွားခင် နာရီဝက်ခန့် ကြိုတင်၍ နေလောင်ကာခရင်မ်လိမ်းပါ၊ (၂) နာရီခြားတစ်ခါ လိမ်းပေးနိုင်သည် (ကလေးငယ်များတွင် အသက် (၆) လမှစ၍ နေရောင်ကာခရင်မ်လိမ်းပေး နိုင်သည်)
- နေ့စဥ် နေပူထဲမသွားခင် နာရီဝက်ခန့် ကြိုတင်၍ နေလောင်ကာခရင်မ်လိမ်းပါ၊ (၂) နာရီခြားတစ်ခါ လိမ်းပေးနိုင်သည် [ကလေးငယ်များတွင် အသက် (၆) လမှစ၍ နေရောင်ကာခရင်မ်လိမ်းပေး နိုင်သည်]
- တိမ်ထူသောနေ့များတွင်လည်း အပြင်ထွက်ပါက နေလောင်ကာခရင်မ်လိမ်းရန် လိုသည်
- နေလောင်ကာခရင်မ်ကို အနည်းဆုံး နေရောင်ကာကွယ်နိုင်မှုနှုန်း (SPF) ၃၀ နှင့်အထက်ရှိသော ခရင်မ်ကို ရွေးချယ်သုံးစွဲပါ
- ခရမ်းလွန်ရောင်ခြည်ထွက်မှု အမြင့်ဆုံးဖြစ်သော မနက် (၁၀) နာရီနှင့် နေ့လည် (၄) နာရီကြား အပြင်ထွက်ခြင်းကို ရှောင်ကြဥ်ပါ
- အသားညိုစေရန် ပြုလုပ်သော နေလောင်ခံအိပ်ရာ အသုံးပြုခြင်း၊ နေပူစာလှုံခြင်းများ ပြုလုပ်ခြင်းကို ရှောင်ကြဥ်ပါ
- အပြင်ထွက်ပါက နေလောင်ဒဏ်မှ ကာကွယ်နိုင်သော အနားကျယ်သည့် ဦးထုပ်ဝတ်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အရောင်ဖျော့သော၊ ပွ၍ချောင်ချိသော အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်းများပြုလုပ်ခြင်းဖြင့် နေလောင်ခြင်းကို ကာကွယ်နိုင်သည်
References:
- Cleveland Clinic. (2023). Sunburn. Retrieved April 24, 2026, from https://my.clevelandclinic.org/health/diseases/21858-sunburn
- DermNet NZ. (n.d.). Sunburn. Retrieved April 24, 2026, from https://dermnetnz.org/topics/sunburn
- Health Service Executive. (n.d.). Sunburn. Retrieved April 24, 2026, from https://www2.hse.ie/conditions/sunburn/
- Mayo Clinic. (2024). Sunburn: Symptoms and causes. Retrieved April 24, 2026, from https://www.mayoclinic.org/diseases-conditions/sunburn/symptoms-causes/syc-20355922
- National Health Service. (n.d.). Sunburn. Retrieved April 24, 2026, from https://www.nhs.uk/conditions/sunburn/
- Skin Cancer Foundation. (n.d.). Sunburn. Retrieved April 24, 2026, from https://www.skincancer.org/risk-factors/sunburn/
- WebMD. (2025). Sunburn. Retrieved April 24, 2026, from https://www.webmd.com/skin-problems-and-treatments/sunburn
Published: 28 April 2025
Last updated: 1 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.