Sunburn (နေလောင်ခြင်း)

Sunburn (နေလောင်ခြင်း)

နေလောင်ခြင်းဆိုသည်မှာ နေရောင်ခြည်အောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းကြောင့် အရေပြားနီမြန်းနာကျင်ပြီး ပျက်စီးသွားသော အခြေအနေတစ်ခုဖြစ်သည်။ နေလောင်ခြင်းဖြစ်သည့်အခါ နေရောင်ခြည် (သို့မဟုတ်) နေလောင်ခံအိပ်ရာ (အနောက်နိုင်ငံများတွင် အသားညိုစေရန် အသုံးပြုသည့် စက်ပစ္စည်း) မှ ထွက်ရှိသော ခရမ်းလွန်ရောင်ခြည် (UV) သည် အရေပြားအတွင်းရှိ ကလပ်စည်းဆဲလ်များကို ထိခိုက်ပျက်စီးစေကာ အသားအရေကို လောင်ကျွမ်းစေသည်။ နေလောင်ခြင်းသည် နေ့စဉ် ရေကူးကန်သွားခြင်း၊ ပင်လယ်ကမ်းခြေသို့ သွားရောက်လည်ပတ်ခြင်းများကြောင့် အမြဲဖြစ်ပွါးခြင်း မဟုတ်ပါ။ အချို့သူများတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို နေရောင်ခြည်အောက်၌ နေလောင်ကာခရင်မ် မသုံးဘဲ ဆောင်ရွက်မိခြင်းကြောင့်လည်း နေလောင်ဒဏ်ခံရနိုင်သည်။

အကယ်၍ မကြာခဏ နေလောင်ခံရပါက အရွယ်မတိုင်မီ အရေပြား၌ အရေးအကြောင်းဖြစ်ခြင်း၊ အသားအရေ ရင့်ရော်လာခြင်းနှင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေများ မြင့်တက်လာနိုင်သည်။ ထို့ကြောင့် အသားအရေကို နေ့စဉ် ဂရုစိုက်ကာကွယ်ပေးခြင်းဖြင့် နေလောင်ခြင်း၏ အန္တရာယ်များကို လျှော့ချနိုင်သည်။

Sunburn image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နေလောင်ခြင်းဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းမှာ ခရမ်းလွန်ရောင်ခြည်များနှင့် အချိန်အတော်ကြာ လွန်ကဲစွာ ထိတွေ့ခြင်းကြောင့်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် (UV) သည် UVA နှင့် UVB ဟူ၍ အမျိုးအစား (၂) မျိုးရှိပြီး အဆိုပါ အမျိုးအစား (၂) မျိုးလုံးသည် အရေပြားဆဲလ်များ၏ မျိုးဗီဇ – ဒီအင်န်အေ (DNA) ကို ထိခိုက်ပျက်စီးစေသည်။ ကိုယ်ခံအားစနစ်သည် ခရမ်းလွန်‌ရောင်ခြည်ကြောင့် ထိခိုက်ထားသော အရေပြားနေရာများသို့ သွေးစီးဆင်းမှုကို တိုးမြှင့်ခြင်းဖြင့် တုံ့ပြန်မှုပေးသောကြောင့် အရေပြားနီရဲရောင်ရမ်းခြင်း ဖြစ်ပေါ်လာသည်။ ထို့ပြင် အေးသော သို့မဟုတ် တိမ်ထူသောနေ့များတွင်လည်း ခရမ်းလွန်ရောင်ခြည်ထွက်သောကြောင့် နေလောင်ခြင်း ဖြစ်ပေါ်နိုင်သည်။ နှင်း၊ သဲနှင့် ရေပြင်ကဲ့သို့ မျက်နှာပြင်များမှ အလင်းပြန်လာသော ခရမ်းလွန်ရောင်ခြည်များကြောင့် အရေပြားကို လောင်ကျွမ်းစေသည်။

မည်သူမဆို နေလောင်ခံရနိုင်သော်လည်း အောက်ပါအခြေအနေရှိသူများတွင် ပိုမိုဖြစ်ပွါးနိုင်ခြေ မြင့်မားသည်။

  • အသားဖြူခြင်း
  • ယခင်က နေလောင်ဖူးခြင်း
  • နေပူပြင်းသောဒေသ (သို့မဟုတ်) အမြင့်ပိုင်းတောင်တန်းဒေသများတွင် နေပူချိန်၌ နေထိုင်ခြင်း၊ ခရီးသွားခြင်း
  • နေပူထဲတွင် အလုပ်လုပ်ရခြင်း
  • ရေဖျန်း၍ သို့မဟုတ် အဆီများလိမ်း၍ ရေကူးခြင်း (စိုစွတ်နေသောအရေပြားသည် ခြောက်သွေ့သော အရေပြားထက် နေလောင်ဒဏ်ပိုခံရနိုင်သည်)
  • နေ‌လောင်ကာခရင်မ် မသုံးစွဲဘဲ နေရောင်ခြည် (သို့မဟုတ်) နေ‌လောင်ခံအိပ်ရာများနှင့် ပုံမှန်ထိတွေ့ခြင်း
  • အရေပြားကို နေလောင်လွယ်စေသည့် ဆေးဝါးများ သောက်သုံးနေရခြင်း (ဥပမာ_ ပဋိဇီဝပိုးသတ်ဆေးအချို့၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ၊ Retinoids ဆေးများ)

နေလောင်ဒဏ်ခံရခြင်းကြောင့် အရေပြားပျက်စီးမှု အပေါ်မူတည်၍ အဆင့် (၃) ဆင့် ခွဲခြားသတ်မှတ်နိုင်သည်။

  1. ပထမအဆင့် နေလောင်ခြင်း
    • အရေပြား၏ အပြင်ဘက်ဆုံးသောအလွှာကို ထိခိုက်ပျက်စီးခြင်း ဖြစ်သည်၊ အဆိုပါ နေလောင်ခြင်း အဆင့်သည် ရက်အနည်းငယ်မှ တစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသက်သာသွားသည်
  2. ဒုတိယအဆင့် နေလောင်ခြင်း
    • အ‌ရေပြား၏ အလယ်အလွှာ (Dermis) ကို ထိခိုက်ပျက်စီးခြင်း ဖြစ်သည်၊ နေလောင်သော အရေပြားတွင် အရည်ကြည်ဖု ဖြစ်ပေါ်လာနိုင်သည်၊ ထိုအဆင့်တွင် အရေပြားသည် သက်သာပျောက်ကင်းရန် ရက်သတ္တပတ်များစွာ ကြာနိုင်ပြီး ဆေးကုသမှု ခံယူရန်လည်း လိုအပ်နိုင်သည်
  3. တတိယအဆင့် နေလောင်ခြင်း
    • တတိယအဆင့် နေလောင်ခြင်းသည် အလွန်ရှားပါးပြီး အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သည်၊ ၎င်းအဆင့်တွင် အရေပြားအောက်ရှိ အဆီအလွှာအပါအဝင် အရေပြား၏အလွှာအားလုံးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးသည်၊ ထို့ပြင် အရေပြားအောက်ရှိ အာရုံကြောများကိုပါ ဖျက်ဆီးသည်၊ အဆိုပါအဆင့်တွင် နေလောင်ခြင်းအများစုသည် နေရောင်ကြောင့် မဟုတ်ဘဲ ဓာတုပစ္စည်းများလောင်ကျွမ်းခြင်း (သို့မဟုတ်) မီးလောင်ကျွမ်းခြင်းများကြောင့်လည်း ဖြစ်ပေါ် တတ်သည်
Sunburn image2
ရောဂါလက္ခဏာများ

အရေပြားတွင် နေလောင်ခြင်း ဖြစ်ပေါ် ပါက အသားရေမညီမညာဖြစ်ခြင်း၊ မီးလောင်သကဲ့သို့ ပူလောင်ခြင်း၊ စပ်ဖျဥ်းဖျဥ်းဖြစ်ခြင်း တို့ခံစားရသည့်အပြင် အဝတ်အစားနှင့် ထိတွေ့သည့်အခါတွင် ဆိုးဆိုးရွားရွား ပို၍ခံစားရနိုင်သည်။ နေလောင်ခြင်းကြောင့် ဖြစ်ပေါ် သော ရောဂါလက္ခဏာများသည် အ‌ရေပြားပျက်စီးမှုအဆင့်ပေါ် မူတည်သည်။

ပထမအဆင့် နေလောင်ခြင်းကြောင့်

  • အရေပြားများ နီရဲရောင်ရမ်းခြင်း (အသားရောင်ဖြူသောသူများတွင် အနီရောင်၊ ပန်းရောင်အဖြစ်တွေ့ရပြီး အသားညိုရင့်သူများတွင် သိသာစွာ မတွေ့ရှိရပေ)
  • အရေပြားသည် ကိုင်ကြည့်ပါက ပူနွေးခြင်း၊ ပူလောင်ခြင်းကို ခံစားရခြင်း
  • အရေပြား နာကျင်ခြင်း၊ ယားယံခြင်း
  • အရေပြားများကွာကျခြင်း
  • ကိုယ်ပူခြင်း
  • နုံးနယ်ခြင်း
  • ခေါင်းကိုက်ခြင်း စသည့် လက္ခဏာများ ခံစားရနိုင်သည်။

ဒုတိယအဆင့် နေလောင်ခြင်းကြောင့်

  • အရေပြား အလွန်အမင်း နီမြန်းခြင်း
  • အရည်ကြည်ဖုများ ဖြစ်ပေါ်ခြင်းနှင့် ပေါက်ပြဲခြင်း
  • အရေပြားရောင်ရမ်းမှု နေရာပိုကျယ်လာခြင်း
  • အရေပြား စိုစွတ်သကဲ့သို့ ဖြစ်ခြင်း
  • အရေပြား ပို၍ နာကျင်ခြင်း စသည်တို့ ခံစားရသည်။

ထို့အပြင် အပူဒဏ်ကြောင့်ဖြစ်သော အခြားသော လက္ခဏာများဖြစ်သည့်

  • စိတ်အာရုံထွေပြားခြင်း
  • ခေါင်းမူးခြင်း
  • မောပန်းလွယ်ခြင်း
  • အသက်ရှူမြန်ခြင်း
  • ကိုယ်ပူခြင်း
  • ကြွက်တက်ခြင်း
  • ပျို့ခြင်း
  • ချမ်းတုန်ခြင်း စသည့်လက္ခဏာများကိုလည်း တွဲ၍တွေ့ရနိုင်သည်။

တတိယအဆင့် နေလောင်ခြင်းကြောင့်

  • အရေပြားသည် သားရေကဲ့သို့ ဖြစ်ခြင်း
  • အရေပြားသည် ထုံနေခြင်း
  • အရေပြားသည် အဖြူရောင် သို့မဟုတ် မွဲခြောက်သကဲ့သို့ ဖြစ်ခြင်း
  • အပူဒဏ်ကြောင့် ဖြစ်သော လက္ခဏာများ (ဒုတိယအဆင့် နေလောင်ခြင်းတွင် ဖော်ပြခဲ့ပြီး)
  • အပူလျှပ်ခြင်း နှင့်
  • ရှော့ခ်ဖြစ်ခြင်း စသည့်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ထပ်တလဲလဲ ပြင်းထန်သော နေလောင်ခြင်းကြောင့် အရေပြားပျက်စီးမှုများနှင့် အရေပြားရောဂါများ ပို၍ ဖြစ်နိုင်သည်။ ၎င်းတို့မှာ_

  1. အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း
    နေရောင်နှင့် မကြာခဏ ထိတွေ့မှုသည် အရေပြားကလပ်စည်းဆဲလ်များကို ပျက်စီးစေသည်။ ထို့ကြောင့်
    • အသားအရေ လျော့တွဲကျလာခြင်း
    • အရေးအကြောင်းများပေါ်လာခြင်း
    • ခြောက်သွေ့ကြမ်းတမ်းသော အသားအရေဖြစ်လာခြင်း
    • ပါး၊ နှာခေါင်းနှင့် နားတို့တွင် သွေးကြောမျှင်များ ပေါ်လာခြင်း
    • တင်းတိတ်များ ဖြစ်ပေါ်လာခြင်း (အထူးသဖြင့် မျက်နှာနှင့် လက်မောင်းနေရာများတွင်)
    • နေလောင်သော နေရာတွင် အမဲစက်များ ထွက်လာခြင်း စသည့် လက္ခဏာများကို တွေ့ရနိုင်သည်။
  2. အရေပြားကင်ဆာ အကြိုအဆင့်သို့ ပြောင်းလဲခြင်း
    နေလောင်ခြင်းကြောင့် အရေပြားကွာကျခြင်း၊ အကြေးခွံကဲ့သို့ ကြမ်း၍မာကြောသော အကွက်များ ဖြစ်ခြင်းတို့မှတစ်ဆင့် အရေပြားကင်ဆာ အဆင့်သို့ပြောင်းလဲစေသည်။ အရေပြားကင်ဆာသည် နေရောင်ထိတွေ့မှုရှိသော ခန္ဓာကိုယ်နေရာများဖြစ်သည့် ဦးခေါင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ နား၊ လည်ပင်း၊ ရင်ဘတ်၊ ကျော၊ ခြေထောက်နှင့် လက် စသည့်တို့တွင် အဓိကဖြစ်ပေါ်သည်။ အချို့သော အရေပြားကင်ဆာများသည် သေးငယ်သော အလုံးအကျိတ်၊ အနာအနေဖြင့် ရှိပြီး သွေးထွက်လွယ်ခြင်း၊ အရှင်းမပျောက်ကင်းဘဲ ဖြစ်လိုက် ပျောက်လိုက်ဖြစ်ခြင်းဖြင့် တွေ့ရတတ်သည်။

    နေလောင်ခြင်းကြောင့် မဟုတ်ဘဲ နေရောင်နှင့် မကြာခဏ ထိတွေ့မှုအလွန်များပါကလည်း မှဲ့ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေသည်။ ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ်တွင် နေလောင်ခြင်း ဖြစ်ထားဖူးပါက အသက်ကြီးလာလျှင် မှဲ့ကင်ဆာဖြစ်လာနိုင်ခြေများသည်။ အရေပြားတွင် မူလကရှိနေသောမှဲ့သည် ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ် လာပါက မှဲ့ကင်ဆာဖြစ်နိုင်သည်ကို သတိထားရမည်။ ထို့ကြောင့်
    • အရေပြားတွင် အလုံးအကျိတ်များ ထွက်လာခြင်း
    • အရေပြားတွင် မူမမှန်သောပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း
    • မှဲ့အရောင်ပြောင်းခြင်း၊ အရွယ်ကြီးလာခြင်း
    • အချိန်အတော်ကြာအထိ အရေပြားအနာ မသက်သာခြင်း၊ အနာမကျက်ခြင်း စသည်တို့တွေ့ရှိပါက အရေပြားကင်ဆာဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသသင့်သည်။
  3. မျက်လုံးထိခိုက်ခြင်း
    ခရမ်းလွန်ရောင်ခြည်သည် မျက်ကြည်လွှာကို ထိခိုက်ပျက်စီးစေသည်။ နေရောင်ခြည်၏ ဖျက်ဆီးမှုကြောင့် မျက်လုံးအတွင်းရှိ မှန်ဘီလူးပျက်စီးပြီး အတွင်းတိမ်ဖြစ်နိုင်သည်။ နေလောင်ဒဏ်ခံရသော မျက်လုံးသည် နာကျင်ခြင်းနှင့် ခိုးလိုးခုလုဖြစ်ခြင်း စသည်တို့ကို ခံစားရနိုင်သည်။
  4. အရည်ကြည်ဖုများပေါက်၍ ပိုးဝင်ခြင်းနှင့် ပိုးဆိပ်ပျံ့ခြင်း
  5. ခန္ဓာကိုယ်ရှိ ဆားဓာတ်များ ကမောက်ကမဖြစ်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်‌ဖော်ပြခဲ့သော နေလောင်ခြင်းကြောင့် ဖြစ်သည့် ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ သို့သော် အပူဒဏ်ကြောင့် ဖြစ်သောရောဂါ လက္ခဏာများပါ တွဲ၍ဖြစ်ပေါ်ပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွား‌ရောက် ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ အရေပြားကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ နေလောင်ခြင်းကြောင့် ဖြစ်ပေါ်သော အရေပြားပြင်းထန်မှုကို အဆင့်သတ်မှတ်သည်။

ကုသခြင်း

နေလောင်ခြင်းကြောင့် အရေပြားပြင်းထန်မှုပေါ် မူတည်၍ အိမ်တွင်ကုသနိုင်သကဲ့သို့ အရေပြားဆရာဝန်နှင့် ကုသရန် လိုအပ်နိုင်သည်။

အိမ်တွင်းကုသမှု နည်းလမ်းများမှာ_

  • အနာသက်သာစေရန် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်
  • အရေပြားကို အေးမြစေရန် ရေအေးတဘက်ဖြင့် နေလောင်နေသောအရေပြားကို အုပ်ထားပေးခြင်းဖြင့် ပူလောင်မှုကို သက်သာစေနိုင်သည်၊ တစ်ခါလျှင် (၁၀) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် အကြိမ်ရေများစွာ ပြုလုပ်နိုင်သည်
  • ရှားစောင်းလက်ပပ် (သို့မဟုတ်) ကယ်လမင်းပါသော ခရင်မ်များ၊ လိုရှင်းများ၊ ဂျယ်လ်များကို လိမ်းပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေသည့်အပြင် အသား‌အရေကို အေးမြစေသည် (Alcohol ပါသော ခရင်မ်များလိမ်းခြင်းမှ ရှောင်ကြဉ်ပါ)
  • ရေဓာတ်ဆုံးရှုံးမှုမှ ကာကွယ်ရန် ရေများများသောက်ရန် လိုအပ်သည်
  • အရည်ကြည်ဖုများကို ဖောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ ပေါက်သွားသော အရည်ကြည်ဖုသည် ပိုးဝင်နိုင်သောကြောင့် ဖြစ်သည်၊ သဘာဝအတိုင်း ပေါက်သွားပါက ဆပ်ပြာပျော့ပျော့၊ ရေ ဖြင့် ဖြေးညင်းစွာ သန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ၊ ပိုးသတ်ဆေးလိမ်းဆေးများ လိမ်းပေးနိုင်သည်
  • အရေပြားအဖတ်များ ကွာကျပါက အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ
  • မပြင်းထန်သော စတီးရွိုက်ခရင်မ် (1% Hydrocortisone cream) ကို လိမ်းပေးနိုင်သည် (အသုံးမပြုမီ ရေခဲသေတ္တာထဲတွင် ထား၍ သုံးပါက အာနိသင်ပိုကောင်းစေသည်)
  • နေလောင်ဒဏ်ခံထားရသော မျက်လုံးကို ရေအေးတဘက်ဖြင့် အုပ်ထားပေးနိုင်သည်၊ မျက်ကပ်မှန် ဝတ်ခြင်းနှင့် မျက်လုံးများကို ပွတ်ခြင်းများ မပြုလုပ်ရပါ

ပြင်းထန်သော နေလောင်ခြင်းများတွင် အိမ်တွင်းကုသနည်းများဖြင့် မသက်သာပါက ဆေးကုသမှုခံယူရန် လိုသည်။ ၎င်းတို့မှာ_

  • နေလောင်သောအရေပြားတွင် ပိုးဝင်ခြင်း လက္ခဏာများ (ဥပမာ_ကိုယ်ပူကြီးခြင်း၊ ပြည်တည်ခြင်း) ရှိပါက ပဋိဇီဝပိုးသတ်ဆေး သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသနိုင်သည်
  • ပြင်းထန်သော ရေဓာတ်ဆုံးရှုံးခြင်းနှင့် ဆားဓာတ်များ ကမောက်ကမဖြစ်ခြင်း လက္ခဏာများ (ဥပမာ_ရေဆာခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးသွားနည်းခြင်း၊ မောပန်းလွယ်ခြင်း) ရှိပါက သွေးကြောမှတစ်ဆင့် ‌ဓာတ်ဆားရည်သွင်းခြင်းဖြင့် ကုသနိုင်သည်
  • နေလောင်သော အရေပြားသည် အလွန်ပြင်းထန်ပါက အရေပြားအနာကို ခွဲစိတ်ကုသခြင်း၊ အရေပြားအစားထိုးကုသခြင်းများ ပြုလုပ်နိုင်သည်
  • အပူလျှပ်ခြင်း ရောဂါလက္ခဏာများ ရှိပါက အရေးပေါ်ကုသခြင်းဖြင့် ကုသမည်
Sunburn image3
ကာကွယ်ခြင်း

နေလောင်ခြင်း ဖြစ်ပေါ်မှ ကုသမှုခံယူခြင်းထက် ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းသည် ပို၍ အကျိုးရှိသည်။ ကာကွယ်ရန် နည်းလမ်းများမှာ_

  • နေ့စဥ် နေပူထဲမသွားခင် နာရီဝက်ခန့် ကြိုတင်၍ နေလောင်ကာခရင်မ်လိမ်းပါ၊ (၂) နာရီခြားတစ်ခါ လိမ်းပေးနိုင်သည် (ကလေးငယ်များတွင် အသက် (၆) လမှစ၍ နေရောင်ကာခရင်မ်လိမ်းပေး နိုင်သည်)
  • တိမ်ထူသောနေ့များတွင်လည်း အပြင်ထွက်ပါက နေလောင်ကာခရင်မ်လိမ်းရန်လိုသည်
  • နေ‌လောင်ကာခရင်မ်ကို အနည်းဆုံး နေ‌ရောင်ကာကွယ်နိုင်မှုနှုန်း (SPF) ၃၀ နှင့် အထက်ရှိသော ခရင်မ်ကို ရွေးချယ်သုံးစွဲပါ
  • ခရမ်းလွန်‌ရောင်ခြည်ထွက်မှု အမြင့်ဆုံးဖြစ်သော မနက် (၁၀) နာရီ နှင့် နေ့လည် (၄) နာရီကြား အပြင်ထွက်ခြင်းကို ရှောင်ကြဥ်ပါ
  • အသားညိုစေရန် ပြုလုပ်သော နေလောင်ခံအိပ်ရာ အသုံးပြုခြင်း၊ နေပူစာလှုံခြင်းများ ပြုလုပ်ခြင်းကို ရှောင်ကြဥ်ပါ
  • အပြင်ထွက်ပါက နေလောင်ဒဏ်မှ ကာကွယ်နိုင်သော အနားကျယ်သည့် ဦးထုပ်ဝတ်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အရောင်ဖျော့သော၊ ပွ၍ ချောင်ချိသော အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း များပြုလုပ်ခြင်းဖြင့် နေလောင်ခြင်းကိုကာကွယ်နိုင်သည်။

References:

  1. The Skin Cancer Foundation. (2025). Sunburn – the Skin Cancer Foundation. Retrieved February 3, 2025, from https://www.skincancer.org/risk-factors/sunburn/
  2. Sunburn. (n.d.). HSE.ie. Retrieved February 3, 2025, from https://www2.hse.ie/conditions/sunburn/
  3. Website, N. (2024). Sunburn. nhs.uk. Retrieved February 3, 2025, from https://www.nhs.uk/conditions/sunburn/
  4. Watson, S. (2023). Sunburn. WebMD. Retrieved February 3, 2025, from https://www.webmd.com/skin-problems-and-treatments/sunburn
  5. Sunburn – Symptoms and causes. (n.d.). Mayo Clinic. https://www.mayoclinic.org/diseases-conditions/sunburn/symptoms-causes/syc-20355922
  6. Sunburn. (2025). Cleveland Clinic. Retrieved February 3, 2025, from https://my.clevelandclinic.org/health/diseases/21858-sunburn
  7. DermNet. (2023). Sunburn. DermNet®. Retrieved February 3, 2025, from https://dermnetnz.org/topics/sunburn

Published: 28 April 2025

Share

28 April 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.