Bed Sores (အိပ်ရာနာများ) သည် အရေပြားနှင့် အရေပြားအောက်ရှိ တစ်ရှူးများကို ကြာရှည်စွာ ဖိအားသက်ရောက်မှုကြောင့် ဖြစ်လာသော အရေပြားအနာများဖြစ်သည်။ အိပ်ရာနာများသည် ခန္ဓာကိုယ်တွင် အရိုးအဆစ်နေရာများကို ဖုံးအုပ်ထားသော အရေပြားနေရာများတွင် အဖြစ်များသည်။ ဖိအားအနာများ၊ ဖိအားဒဏ်ရာများဟုလည်း ခေါ်ကြသည်။ အိပ်ရာနာများသည် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖြစ်ပေါ်နိုင်ပြီး အများစုမှာ စနစ်တကျကုသမှုဖြင့် သက်သာပျောက်ကင်းနိုင်သည်။ အိပ်ရာနာဖြစ်ပေါ်စေသော အကြောင်းရင်းကို မဖယ်ရှားနိုင်ပါက အနာပိုမိုကြီးလာပြီး ပိုးဝင်၍ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရေပြားပေါ် သို့ ဖိအားကြာရှည်စွာသက်ရောက်ပြီး သွေးစီးဆင်းမှု ထိခိုက်ကျဆင်းလာပါက အိပ်ရာနာများဖြစ်ပေါ် လာသည်။ လှုပ်ရှားမှုမရှိလောက်အောင် နည်းပါးစေသော အကြောင်းရင်းများသည်လည်း အိပ်ရာနာများကို ပို၍ဖြစ်စေသော အကြောင်းများတွင် ပါဝင်သည်။ အိပ်ရာနာများ ဖြစ်စေသော အဓိကအကြောင်းရင်းများမှာ _
- ဖိအား
- ခန္ဓာကိုယ်၏ မည့်သည့်အစိတ်အပိုင်းကိုမဆို အမြဲတစေ ပုံသေဖိအားတစ်ခု သက်ရောက်ပါက ထိုအစိတ်အပိုင်းရှိ တစ်ရှူးများသို့သွားသော သွေးစီးဆင်းမှုကို လျော့နည်းစေသည်၊ ထိုကြောင့် တစ်ရှူးများသို့ သွေးမှသယ်ယူပို့ဆောင်ပေးသော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ရောက်ရှိမှု လျော့နည်းလာပြီး ထိုတစ်ရှူးများ ပျက်စီးသေဆုံးကာ အိပ်ရာနာများဖြစ်စေသည်၊ ဥပမာ – လှုပ်ရှားမှုနည်းသော အခြေအနေများတွင် နေရာတစ်ခုတည်းကို ဖိအားသက်ရောက်နေစေသောကြောင့် အိပ်ရာနာများကို ပို၍ဖြစ်စေသည်၊ နောက်စေ့၊ ကျောရိုး၊ မြီးညှောင့်ရိုး၊ လက်ပြင်ရိုး၊ တင်ပါးရိုး၊ ခြေဖနောင့်နှင့် တံတောင်ဆစ်ရိုး စသည့်နေရာများသည် အဆီနည်းသောကြောင့် ဖိအားဒဏ်ပိုခံရပြီး အိပ်ရာနာပို၍ အဖြစ်များသည်။
- ပွတ်တိုက်အား၊ ဆွဲဆန့်အား
- အဝတ်အစား သို့မဟုတ် အိပ်ရာခင်းစသည်တို့နှင့် အရေပြားတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် အရေပြားကို ဒဏ်ရာရစေပြီး အိပ်ရာနာများဖြစ်စေနိုင်သည်၊ စိုစွတ်သော အရေပြားဖြစ်ပါက ပိုဆိုးစေသည်။
အိပ်ရာနာ ပို၍ဖြစ်နိုင်သောအခြေအနေများမှာ _
- လှုပ်ရှားမှုမရှိခြင်း
- ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်း၊ အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသော ရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ ဝှီးချဲကို ကြာရှည်စွာအသုံးပြုနေရခြင်း စသည့်အခြေအနေများတွင် အိပ်ရာနာပို၍ ဖြစ်နိုင်သည်
- ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း
- ဖိအားသက်ရောက်သည့် အရေပြားနေရာသည် ဆီးနှင့် ဝမ်းများနှင့် ထိတွေ့မှုရှိပါက ဆီး၊ ဝမ်းများ၏ စိုစွတ်မှုကြောင့် ဆီးပူ၊ ဝမ်းပူလောင်ပြီး အိပ်ရာနာပို၍ ဖြစ်နိုင်သည်
- အာရုံခံစားမှု အားနည်းခြင်း၊ ဆုံးရှုံးခြင်း
- ကျောရိုးထိခိုက်မိခြင်းနှင့် အာရုံကြောပြဿနာများကြောင့် အရေပြားပြောင်းလဲမှု၊ နာကျင်မှုကို သတိမပြုမိခြင်းကြောင့် အိပ်ရာနာဖြစ်စေသည်
- အာဟာရချို့တဲ့ခြင်း
- ကျန်းမာသောအရေပြား ရရှိရန် ရေဓာတ်၊ ပရိုတင်းနှင့် သတ္တုဓာတ် စသည့်အာဟာရများ လိုအပ်သောကြောင့် ၎င်းတို့ချို့တဲ့ပါက အရေပြားထိခိုက်၍ အိပ်ရာနာ ဖြစ်စေသည်
- သွေးလည်ပတ်မှုမကောင်းသော ရောဂါများရှိခြင်း
- ဆိးချိုရောဂါ၊ သွေးကြောဆိုင်ရာရောဂါများနှင့် နာတာရှည်ရောဂါများ (ဥပမာ – နှလုံးလုပ်ငန်းပျက်စီးခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ခြင်း) တွင် သွေးလည်ပတ်မှု ကောင်းစွာမရရှိခြင်းကြောင့် အိပ်ရာနာကို ဖြစ်စေသည်
- အသက်အရွယ်ကြီးခြင်း
- အသက်အရွယ်ကြီးသူများ (အထူးသဖြင့် အသက် ၇၀ကျော်အရွယ်) သည် အရေပြားပါးခြင်းအပြင် အထက်တွင်ဖော်ပြခဲ့သော အကြောင်းရင်းများကြောင့် အိပ်ရာနာပို၍ ဖြစ်စေသည်
ခြုံ၍ပြောရလျှင် အိပ်ရာနာများ ဖြစ်ပေါ်ချိန်သည် ဖိအားပမာဏနှင့် ကြာချိန်၊ အရေပြားကျန်းမာရေးနှင့် လူနာ၏နောက်ခံရောဂါအခြေအနေများ အပေါ်မူတည်သည်။
အထူးသဖြင့် အရိုးငေါထွက်နေသောနေရာများ (ဥပမာ – တင်ပါးဆုံရိုး၊ ခြေဖနောင့်) တွင် (၁-၂) နာရီခန့် ဖိအားကြာပါက အစောပိုင်းအဆင့် အိပ်ရာနာစဖြစ်နိုင်သည်။ အလွန်နာမကျန်းသူ၊ လှုပ်ရှားမှုလုံးဝမရှိသူ၊ အာဟာရချို့တဲ့သူများတွင် တစ်ရှူးပျက်စီးမှု ပိုမိုလျင်မြန်စွာ စတင်နိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
- အရေပြားအရောင်ပြောင်းလာခြင်း သို့မဟုတ် ပုံစံပြောင်းလာခြင်း
- အရေပြားရောင်ရမ်းခြင်း
- အရေပြားဖောင်းလာခြင်း
- ပြည်ကဲ့သို့အရည်များထွက်လာခြင်း
- အပူချိန်ပြောင်းလာခြင်း (အနာဖြစ်သော အရေပြားသည် ပတ်ဝန်းကျင်ရှိ အခြားသော နေရာများထက် ပို၍ အေးစက်နေခြင်း သို့မဟုတ် ပူနွေးခြင်း)
- နာကျင်ခြင်း
- အနံ့နံခြင်း
အိပ်ရာနာများသည် အနာ၏ အနက်၊ ပြင်းထန်မှုနှင့် အနီးရှိတစ်ရှူးများထိခိုက်မှုပေါ်မူတည်၍ အရေပြားရောင်ရမ်းခြင်းအဆင့်မှ ကြွက်သားနှင့် အရိုးများအတွင်းထိ ရောက်ရှိသောအနာများထိ အဆင့်အမျိုးမျိုးရှိသည်။ ပြင်းထန်မှုပေါ်မူတည်၍ အိပ်ရာနာ အဆင့် (၄) ဆင့်ရှိသည်။ ၎င်းတို့မှာ –
အဆင့် (၁)
- အရေပြားသည် ပေါက်ပြဲခြင်းမရှိသေးဘဲ နီမြန်းရုံ၊ ပန်းရောင်သန်းရုံ၊ အေးစက်ရုံ၊ ပူနွေးရုံ အဆင့်သာဖြစ်သည်။ အသားရောင်ရင့်သောသူများတွင်မူ သတိထားမိရန် ခက်ခဲသည်။ ထိုအဆင့်ကို ဖိအားဒဏ်ရာအဖြစ် သတ်မှတ်သည်။
အဆင့် (၂)
- အရည်ကြည်ဖု သို့မဟုတ် အရေပြားပွန်းပဲ့ပြီး အနီရောင်၊ ပန်းရောင်သန်းသော အနာဖြစ်လာသည့် အဆင့်ဖြစ်သည်။
အဆင့် (၃)
- အရေပြား၏ အဆီအလွှာအထိ ရောက်ရှိလာသော အဆင့်ဖြစ်သည်။
အဆင့် (၄)
- အရေပြားအလွှာအားလုံးကို ရောက်ရှိကာ ကြွက်သား၊ အရွတ်နှင့် အရိုးများထိ ပါဝင်သော အနာအဆင့်ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
အိပ်ရာနာများကြောင့်ဖြစ်သော နောက်ဆက်တွဲပြဿနာများသည် အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားနိုင်သဖြင့် ဂရုတစိုက် ကြည့်ရှုစစ်ဆေးရန်လိုသည်။ အိပ်ရာနာများမှတစ်ဆင့် အရေပြားရောင်ရမ်းခြင်း (Cellulitis)၊ အရိုးပိုးဝင်ခြင်း (Osteomyelitis)၊ အဆစ်တွင်းပိုးဝင်ခြင်း (Septic arthritis) နှင့် သွေးဆိပ်တက်ခြင်း (Septicaemia) အထိ ဖြစ်နိုင်ပြီး အသက်သေဆုံးနိုင်သည်။ နာတာရှည် နာကျင်မှုခံစားရခြင်းနှင့် လှုပ်ရှားသွားလာမှုခက်ခဲခြင်းတို့ကြောင့် စိတ်ကျရောဂါနှင့် လူမှုဘဝအထီးကျန်မှုကို ခံစားရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အိပ်ရာနာစတင်ဖြစ်သည်ဟု သတိထားမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် လျင်မြန်စွာ ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ အရေပြားအား လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ပိုးမွေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ အနာစတင်ဖြစ်ပေါ် သည့်အချိန်၊ အရင်ဖြစ်ဖူးခြင်း ရှိမရှိ စသည်တို့ အပါအဝင် ရောဂါရာဇဝင်မေးမြန်းခြင်း၊ အရေပြားအား အသေးစိတ်စမ်းသပ်စစ်ဆေးခြင်းနှင့် အာရုံခံစားမှုကို စမ်းသပ်ခြင်းများ ပြုလုပ်၍ ရောဂါရှာဖွေမည်။ လိုအပ်ပါက ယှဥ်တွဲတွေ့ရသော ရောဂါများကိုရှာဖွေရန် ဓာတ်ခွဲစစ်ဆေးခြင်း၊ အရိုး၊ အဆစ်များ ထိခိုက်မှု ရှိမရှိ သိရှိစေရန် ဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်မည်။
ကုသခြင်း
အိပ်ရာနာ စတင်ဖြစ်ပေါ် သည်နှင့် တစ်ပြိုင်နက် ကုသမှုပေးရန် လိုအပ်သည်။ ကုသမှုတွင် အောက်ပါအဆင့်များ ပါဝင်သည်။
- ဖိအားလျှော့ချပေးခြင်း
အိပ်ရာနာရှိပါက အနေအထားကို မကြာခဏ လှည့်၍ ပြောင်းပေးခြင်းဖြင့် ဖိအားကို လျှော့ချနိုင်သည်။ ထို့ပြင် ဖိအားကြောင့် အနာပို၍ဆိုးမသွားစေရန် အထူးပြုလုပ်ထားသော ကူရှင်မွေ့ယာ၊ ခုတင်နှင့် အခင်းများကို အသုံးပြုနိုင်သည်။ - နာကျင်မှုသက်သာစေရန် ကုသခြင်း
နာကျင်မှုကို သက်သာစေရန် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျအကိုက်အခဲပျောက်ဆေးများ (ဥပမာ _ အိုင်ဗျူပရိုဖဲင်) ပေးနိုင်သည်။ - အနာပိုးဝင်ခြင်းမှ ကာကွယ်ကုသခြင်း
အိပ်ရာနာသည် ပိုးဝင်ရောင်ရမ်းသည့် လက္ခဏာရှိပါက ပဋိဇီဝပိုးသတ်ဆေးများကို သောက်ဆေး သို့မဟုတ် လိမ်းဆေး အနေဖြင့်ပေးခြင်း၊ အနာအခြေအနေ ပြင်းထန်ပါက သွေးကြောထဲသွင်းရသော ထိုးဆေးများအနေဖြင့် ပေးနိုင်သည်။ - အာဟာရကောင်းစွာ စားသောက်ခြင်း
အစာအာဟာရကို ကောင်းမွန်မျှတစွာ စားသောက်ခြင်းဖြင့် အနာကျက်နှုန်းကို ပို၍မြန်ဆန်စေသည်။ ကယ်လိုရီအလုံအလောက် စားသုံးခြင်း၊ ပရိုတင်းဓာတ်၊ ဗီတာမင် စီနှင့် ဇင့်ဓာတ်များ ပါသောအစာများသည် အနာကျက်ခြင်းကို ကူညီပေးသည်။ ရေများများသောက်ရန်လည်း လိုအပ်သည်။ - အနာကို ဂရုတစိုက် စောင့်ကြည့်ကုသခြင်း
အိပ်ရာနာကို ကုသရာတွင် အနာ၏အနက်နှင့် ပြင်းထန်မှုပေါ်မူတည်သည်။ အနာ၏ အရေပြားသည် ပေါက်ပြဲခြင်းမရှိပါက သန့်ရှင်းသောရေ၊ ဆပ်ပြာကို သုံး၍ ပိုးသတ်ပြီး ခြောက်သွေ့အောင်သုတ်၍ ပတ်တီးဖြင့် အုပ်ထားပါ။ ပို၍ပြင်းထန်သော အိပ်ရာနာဖြစ်ပါက ပြည်များရှိပါက ဖယ်ထုတ်ခြင်း၊ မကောင်းသော တစ်ရှူးများကို ခွဲစိတ်ဖယ်ရှားခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ ထို့ပြင် အိပ်ရာနာများ၏ မကောင်းသော တစ်ရှူးများကို မကြာခဏဖယ်ရှားခြင်း၊ အနာဆေးခြင်းနှင့် ဆေးထည့်ခြင်းများကို အနာကျက်မြန်စေရန် ပြုလုပ်ရနိုင်သည်။ အနာကျက်နှုန်း မြန်လာပါက အရေပြားအစားထိုး၍ ကုသနိုင်သည်။
ကာကွယ်ခြင်း
အိပ်ရာနာသည် နောက်ဆက်တွဲပြဿနာများသောကြောင့် အနာမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းသည် ပို၍ အရေးကြီးသည်။
ဖိအားနည်းစေခြင်း
- တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ၊ ခြေလက်များကို အကွေးအဆန့် ပြုလုပ်ပါ
- လှုပ်ရှားမှုမရှိသော အခြေအနေများတွင် လူနာကို မကြာခဏ အနေအထားပြောင်းပေး၊ လှည့်ပေးပါ (အိပ်ရာထဲလှဲနေရသော သူများတွင် နှစ်နာရီ တစ်ကြိမ်၊ ဘီးတပ်ကုလားထိုင်သုံးသူများတွင် နာရီဝက်တစ်ကြိမ်)
- ကူရှင်ပါသော မွေ့ယာ၊ အိပ်ရာခင်း (ဥပမာ_လေမွေ့ရာ၊ ရေမွေ့ရာ) များကို အသုံးပြုပါ
အရေပြားကျန်းမာရေး
- အရေပြားကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ
- အရေပြား အသားရောင်ကို နေ့စဥ် ဂရုတစိုက် ကြည့်ရှုစစ်ဆေးပါ
- ဆီး၊ ဝမ်းသွားပြီးတိုင်း သန့်ရှင်းရေးသေချာစွာလုပ်ပါ၊ ခြောက်သွေ့အောင်ထားပါ
ရေနှင့် အာဟာရ
- အာဟာရပြည့်ဝစွာစားသောက်ပါ
- ရေများများသောက်ပါ
အထွေထွေ
- အိပ်ရာနာ စတင်ဖြစ်သည်နှင့် လျင်မြန်စွာကုသမှု ခံယူပါ
- ဆေးလိပ်ဖြတ်ပါ (ဆေးလိပ်တွင်ပါဝင်သည့် နီကိုတင်းသည် အနာကျက်နှေးစေသောကြောင့်ဖြစ်သည်)
References:
- Bedsores (pressure ulcers) – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved April 5, 2025, from https://www.mayoclinic.org/diseases-conditions/bed-sores/diagnosis-treatment/drc-20355899
- Bedsores. (2024, March 19). Johns Hopkins Medicine. Retrieved April 5, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/bedsores
- Altomara, D. (2024, February 12). Pressure sores: Treatment, stages, and symptoms. WebMD. Retrieved April 5, 2025, from https://www.webmd.com/skin-problems-and-treatments/pressure-sores-4-stages
- Bedsores (Pressure injuries). (2025, April 22). Cleveland Clinic. Retrieved April 5, 2025, from https://my.clevelandclinic.org/health/diseases/17823-bedsores-pressure-injuries
Published: 26 April 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.