အပူဒဏ်အန္တရာယ်သည် ပတ်ဝန်းကျင်အပူချိန်မြင့်မားသည့် နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပူဒဏ်ကြောင့်ဖြစ်ပွါးသော ကျန်းမာရေးပြဿနာများအနက် အပူလျှပ်ခြင်း (Heat Stroke) သည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အပူချိန် ၁၀၄°F (၄၀°C) ကျော်အထိ မြင့်တက်ကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်သော အခြေအနေလည်းဖြစ်သည်။ ကာကွယ်၍ ရနိုင်သော်လည်း အချိန်မီဆေးကုသမှုမခံယူပါက အသက်ဆုံးရှုံးနိုင်သည်။
အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရနိုင်သူများ
- ကလေးသူငယ်များ
- သက်ကြီးရွယ်အိုများ
- နာတာရှည်ရောဂါသည်များ (ဥပမာ _ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါများ)
- အရက်သေစာသောက်စားသူများ
- အစားအသောက်ပျက်၍ ရေဓာတ်ခန်းခြောက်နေသူများ
- ဆီးဆေး၊ စိတ်ရောဂါဆေးသောက်သုံးနေရသူများ
- ပုံမှန်ကျန်းမာနေသော်လည်း အပူဒဏ်အန္တရာယ်ကို ခံနိုင်ရည်အားနည်းသူများ
- အပူလွန်ကဲသောပတ်ဝန်းကျင်နှင့် ကြာရှည်စွာထိတွေ့မှုများသူများ
- အလွန်ပူသောအချိန်တွင် ပြင်းထန်စွာအလုပ်လုပ်သူများ
အပူဒဏ်ကြောင့်ဖြစ်ပွါးသော ကျန်းမာရေးပြဿနာများနှင့် ရောဂါလက္ခဏာများ
- အပူကြောင့်ကြွက်တက်ခြင်း (Heat Cramps)
အပူဒဏ်အန္တရာယ်၏ အစောပိုင်းလက္ခဏာတစ်ခုဖြစ်သည်။ ကြွက်သားများတင်းပြီး နာကျင်ကိုက်ခဲလာသည်။ အဓိကအကြောင်းရင်းမှာ ရေဓာတ်နှင့် ဆားဓာတ်ဆုံးရှုံးမှုကြောင့်ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ပိုဖြစ်လေ့ရှိသည်။ - အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
ကြွက်တက်ခြင်းနောက်ပိုင်း ဆက်ဖြစ်လာနိုင်သော လက္ခဏာများဖြစ်သည်။ ပူပြင်းသောရာသီဥတုတွင် ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ရေနှင့်ဆားဓာတ်များ ပိုမိုဆုံးရှုံးလာပြီး ပင်ပန်းနွမ်းနယ်ရခြင်းဖြစ်သည်။ ထိုအချိန်တွင် ခန္ဓာကိုယ်တွင်းအပူချိန်သည် (၁၀၁° F) မှ (၁၀၄° F) အထိမြင့်တက်ပြီး အချိန်မီ မကုသပါက အပူလျှပ်ခြင်းသို့ ကူးသွားနိုင်သည်။ ပင်ပန်းနွမ်းနယ်ခြင်းအပြင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ_- ပျို့အန်ခြင်း
- ခေါင်းကိုက်၊ ခေါင်းမူး၊ ခေါင်းနောက်ခြင်း
- ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားနည်းခြင်း
- နုံးချည့်ခြင်း၊ ရေဆာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း စသည်တို့ဖြစ်သည်။
- အပူလျှပ်ခြင်း (Heatstroke)
အထက်ပါ ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများကို စောစီးစွာမကုသပါက (သို့မဟုတ်) အပူချိန်ပြင်းထန်မှုများပါက (သို့မဟုတ်) အပူဒဏ်အန္တရာယ် ပိုမိုခံစားရနိုင်သူများဖြစ်ပါက အပူလျှပ်ခြင်းအထိ ဆက်လက်ဖြစ်ပွါးနိုင်သည်။ အပူလျှပ်ခြင်းသည် အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်သည်။ ခန္ဓာကိုယ်အပူချိန် (၁၀၄°F) အထက်မြင့်တက်လာလျှင် အရေပြားပူ၍ ခြောက်သွေ့ခြင်းနှင့် ဦးနှောက်နှင့်အာရုံကြောစနစ်ကို ထိခိုက်သည့်လက္ခဏာများ ပူးတွဲဖြစ်ပေါ်လာသဖြင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းလိုအပ်သည်။
အပူလျှပ်ခြင်း၏ လက္ခဏာများမှာ_- အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့မဟုတ်) ချွေးခန်းခြောက်ခြင်း
- စိတ်ရှုပ်ထွေး ဂနာမငြိမ်ဖြစ်လာခြင်း
- တက်ခြင်း
- နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းများ မြန်ခြင်း
- သွေးပေါင်ချိန်ကျခြင်း
- ဝမ်းပျက်ခြင်း
- ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်ခြင်း
- သတိလစ်ခြင်း စသည်တို့ဖြစ်သည်။
အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်းနှင့် အပူလျှပ်ခြင်း ကွာခြားချက်တွင် အပူလျှပ်ခြင်း၌ ချွေးလုံးဝမထွက်ပဲ အရေပြားခြောက်သွေ့ခြင်းကို တွေ့နိုင်သည်။
- အပူဒဏ်ကြောင့်ဖြစ်ပွါးသော အခြားကျန်းမာရေးပြဿနာများ
- အပူဒဏ်ကြောင့်ဖောရောင်ခြင်း _ ရက်အနည်းငယ် မှ (၆)ပတ်အတွင်း အလိုအလျှောက် ပျောက်ကင်းနိုင်သည်
- အပူဒဏ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း
- အပူဒဏ်ကြောင့်မူးမေ့ခြင်း – ဦးနှောက်သို့သွေးရောက်ရှိမှု လျော့နည်းခြင်းကြောင့်ဖြစ်သည်
ကုသခြင်း
အပူလျှပ်ခြင်း ခံစားရသောလူနာအား တွေ့ရှိပါက အောက်ပါအတိုင်း ချက်ချင်းရှေးဦးပြုစုပါ။ အရေးပေါ်အခြေအနေဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် ပြုစုကုသမှုပေးပါ။
- လူနာကို အရိပ်ရသော (သို့မဟုတ်) လေအေးပေးစက်ရှိသော နေရာသို့ ရွှေ့ပါ
- တစ်ပြိုင်နက်တည်းတွင် အရေးပေါ်ကျန်းမာရေးအကူအညီ တောင်းခံထားပါ
- လူနာ၏ တင်းကျပ်နေသည့်အဝတ်အစားများ လျှော့ချပေးပါ (သို့မဟုတ်) ထူသောအဝတ်အထည်များကို ဖယ်ရှားပါ
- အအေးဓာတ်ပိုမိုရရှိစေရန် အရေပြားကိုဖော်ထားပါ [လူစိမ်းများရှေ့တွင် တဘက်စဖြင့်ဖုံးပေးခြင်း (သို့မဟုတ်) အကာအရံထားခြင်းများပြုလုပ်နိုင်သည်]
- ကိုယ်ခန္ဓာအမြန်ဆုံးအေးရန်ပြုလုပ်ပါ (၁၀၂° F အောက်အမြန်ဆုံးရောက်ရန်)
- ကိုယ်ပေါ်သို့ ရေအေးဖျန်းပါ (သို့မဟုတ်) စိုစွတ်သော အဝတ်ဖြင့် ပတ်ထားပါ
- လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် ရေခဲဝတ်ကပ်ပါ
- လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့မဟုတ်) ယပ်ခတ်ပေးပါ
- လူနာ သတိရလျှင် ရေအေး (သို့မဟုတ်) ဓာတ်ဆားရည် တိုက်ပါ
- နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ပို့ပါ
- ထိုသို့ပို့ဆောင်စဉ် လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ
အပူဒဏ်ကြောင့်ဖြစ်သော အခြားပြဿနာများအတွက် အိမ်တွင်ပြုစုနည်းများ
မိတ်ဖု (Heat Rash) နှင့် ယားယံခြင်းများ
- ရေအေးဝတ်ကပ်ပါ (သို့မဟုတ်) အေးမြသောနေရာတွင် အနားယူပါ
- ချွေးထွက်များသောနေရာများ (ဥပမာ _ ချိုင်း၊ ပေါင်ခြံ) ကို ခြောက်သွေ့အောင်ထားပါ
- မိတ်ပေါက်သောနေရာများတွင် ရေချိုးပြီးလျှင် တဘက်ဖြင့်မသုတ်ဘဲ အခြောက်ခံပါ
- သနပ်ခါး (သို့မဟုတ်) calamine lotion (ကယ်လာမင်းလိုးရှင်း) လိမ်းပေးပါ
- ကျပ်သောအဝတ်များ မဝတ်ပါနှင့်၊ ချည်သားအဝတ်ပါးပါး ဝတ်ဆင်ပါ
အပူကြောင့်ကြွက်တက်ခြင်း (Heat Cramps)
- နာကျင်သော ကြွက်သားကို ဖြည်းညင်းစွာ ဆန့်ပေးပါ (ဥပမာ _ ခြေသလုံးကြွက်တက်ပါက ခြေဖျားကို အပေါ်ဆွဲတင်ပါ)
- လတ်ဆတ်သောအသီးဖျော်ရည် (သို့မဟုတ်) ဓာတ်ဆားရည် (ORS / အားဆေးရည်) တိုက်ပါ
- ပိုတက်ဆီယမ်ဓာတ်များသော ငှက်ပျောသီး၊ အာလူး၊ သခွါးသီး စသည်တို့ စားပေးပါ
အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
- ချက်ချင်းအနားယူပါ၊ အေးသောနေရာသို့ ပြောင်းပါ
- ရေအေး (သို့မဟုတ်) ဓာတ်ဆားရည်ကို ဖြည်းဖြည်းချင်းသောက်ပါ
- ခြေထောက်မြှောက်၍ လှဲနေပါ
- အဝတ်စိုဖြင့်ကိုယ်ခန္ဓာကို သုတ်ပေးပါ (သို့မဟုတ်) ပန်ကာဖွင့်ပေးပါ
အပူဒဏ်အန္တရာယ် ကာကွယ်ရန်နည်းလမ်းများ
- အထူးဂရုပြုရမည့်သူများ
ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူများအား နေ့လည်နေ့ခင်း [မနက်(၁၀)နာရီ မှ ညနေ(၅)နာရီ] အပူပြင်းချိန်တွင် အရိပ်ရပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် နားနေစေပါ - ကာကွယ်ရေးပစ္စည်းများ အသုံးပြုပါ
အပြင်သွားပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တပ်ဆင်ပါ၊ အရိပ်ရသောနေရာများတွင် မကြာခဏ အနားယူပါ - ရာသီဥတုနှင့်သင့်တော်သော အဝတ်အစားများကို ဝတ်ဆင်ပါ
အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ပြီး ပွပွချောင်ချောင် ချည်ထည်များ ရွေးချယ်ဝတ်ပါ၊ ညှပ်ဖိနပ်စီးပါ - ရေဓာတ်ထိန်းပါ
ရေနှင့်ဓာတ်ဆားရည် (ဥပမာ – ORS) များများ သောက်ပါ
အပူဒဏ်အန္တရာယ်မှကင်းဝေးရန် ရှောင်ကြဉ်ရန်အချက်များ
- နံနက်(၁၀)နာရီ မှ ညနေ(၅)နာရီအတွင်း မလိုအပ်ဘဲ အပြင်သွားခြင်း
- နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်ကာယအားကစား ပြုလုပ်ခြင်း
- ပါကင်ထိုးရပ်နားထားသော ကားထဲတွင် လူချန်ထားခဲ့ခြင်း
- ပူပြင်းသောအချိန်များတွင် အရက်သေစာသောက်စားခြင်း
- နေပူထဲမှပြန်လာပြီး ချက်ချင်း ရေချိုးခြင်း၊ ရေခဲရေသောက်ခြင်း
- ဓာတ်ဆားရည်အစား စျေးကွက်အတွင်း အလွယ်တကူရရှိနိုင်သော အချိုရည်ကဲ့သို့ အရည်များ သောက်သုံးခြင်း
References:
- World Health Organization: WHO. (2024). Heat and health. Retrieved March 20, 2025, from https://www.who.int/news-room/fact-sheets/detail/climate-change-heat-and-health
- Heat-related illnesses. (2024). Heat Stress. Retrieved March 20, 2025, from https://www.cdc.gov/niosh/heat-stress/about/illnesses.html
- Heat-Related Illness (Hyperthermia). (2025). Cleveland Clinic. Retrieved March 20, 2025, from https://my.clevelandclinic.org/health/diseases/22111-hyperthermia
- Heat-Related illnesses (Heat cramps, heat exhaustion, heat stroke). (2024). Johns Hopkins Medicine. Retrieved March 20, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/heatrelated-illnesses-heat-cramps-heat-exhaustion-heat-stroke
- ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အပူဒဏ်အန္တရာယ်နှင့်ပါတ်သက်၍ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွန်
Published: 11 April 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.